အခန်း (၁၁၇၈)
Vol. 85 Ch. 1178
သို့သော် သူတို့၏ရယ်သံက ချက်ချင်း ရပ်တန့်သွားသည်။
အလင်းလွှာတွင် မြင်နေရသော ကောင်းကင်က ဖြည်းဖြည်းချင်း မှောင်မည်းလာသည်။
ကောင်းကင်က မှောင်မည်းသွားခြင်းမဟုတ်ပေ။ တားဆီးခံလိုက်ရခြင်း ဖြစ်သည်။
ဧရာမသားရဲကြီးသည် ကောင်းကင်ကို ဖုံးအုပ်ထားပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
“ကောင်းကင်ခြုံလွှာသားရဲ”
“ဒီလိုသားရဲမျိုး ဘယ်လိုလုပ်ပြီး ရှိနေတာလဲ”
“ဘန်း”
လောင်ကျွမ်းမီးတောက်သားရဲ၏ ခန္ဓာကိုယ်က ထိုလက်ဝါးချက်အောက်တွင် တစ်ပိုင်းတစ်စစီ ဖြစ်သွားသည်။
သွေးမြူခိုးက ရစ်ဝဲနေသည်။ လောကကြီးက တုန်ခါသွားပြီး အဆုံးမရှိသော ဖုန်မှုန့်များကို မြင်နေရသည်။
“မကောင်းတော့ဘူး။ ဝိညာဉ်က ပြန်ထွက်မလာဘူး။ သူသေသွားပြီလား”
လူတစ်ယောက်က မျက်လုံးပြူးသွားသည်။
“ဟမ့်၊ ကောင်းကင်ရင်းမြစ်နန်းတော်က ဒီလိုလုပ်နေကျပဲ”
လူတစ်ယောက်က အေးစက်စွာ နှာမှုတ်သည်။
ကောင်းကင်ခြုံလွှာသားရဲက အလွန်ကြီးမားသော လောင်ကျွမ်းမီးတောက်သားရဲကို လက်တစ်ဖက်ဖြင့် ကောက်ယူပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
ထိုသားရဲက အနိုင်ပွဲကို ကြွေးကြော်သည့်အနေဖြင့် ဟိန်းဟောက်လိုက်သည်။
လူတိုင်း၏ရှေ့တွင် အားကောင်းသော ရှေးခေတ်သားရဲက သေဆုံးသွားသည်။
ထိုသို့ဖြင့် ရွှေတောင်ထွတ်၏ ပြိုင်ဘက်ကင်းပါရမီရှင်က ပျောက်ကွယ်သွားသည်။
ကောင်းကင်ခြုံလွှာသားရဲက လောင်ကျွမ်းမီးသားရဲ၏ အကြွင်းအကျန်ဖြင့် တခြားသားရဲများကို မျှားခေါ်ပြီး လေးငါးကောင်ခန့် သတ်ဖြတ်ခဲ့သည်။
သန့်စင်သော ရုပ်ခန္ဓာများ၏ တိုက်ပွဲသည် လူတိုင်းကို စိတ်လှုပ်ရှားစေသည်။
ဆယ်ရက်အကြာတွင် ကောင်းကင်ခြုံလွှာသားရဲက တိတ်ဆိတ်စွာ ထွက်သွားသည်။
သုံးရက်အကြာတွင် ထူးခြားသော သားရဲအများအပြား ရောက်လာသည်။ သူတို့က လောင်ကျွမ်းမီးသားရဲ၏ အကြွင်းအကျန်တချို့အတွက် တိုက်ခိုက်နေကြသည်။ ထိုသို့မဟုတ်လျှင်လည်း အချင်းချင်း ပြန်တိုက်နေကြသည်။ မူလကမ္ဘာသည် ဖရိုဖရဲဖြစ်နေပြီး ကြမ်းတမ်းသည်။
အတိုချုံးပြောရလျှင် စည်းကမ်းမရှိပေ။
မရေမတွက်နိုင်သော ငှက်များသည် တောင်တန်းတစ်ခုတွင် ဆင်းသက်လိုက်ပြီး ရွှံ့မြေနှင့်ရောနေသော အသားစများကို ကောက်ယူလိုက်ကြသည်။
အဖြူရောင်ငှက်တစ်ကောင်သည် ဆင်းသက်လာပြီး သွေးစွန်းနေသော မြေပြင်ကို ထိုးဆိတ်သည်။
ထိုသွေးစွန်းမြေသည် ဤနေရာတွင် ကျန်ခဲ့သော လောင်ကျွမ်းမီးသားရဲ၏ နောက်ဆုံးအငွေ့အသက် ဖြစ်သည်။
ရွှေထောင်ထွတ်၏ ပြိုင်ဘက်ကင်းပါရမီရှင် ဟန်မူယဲ့၏ နောက်ဆုံးအမှတ်အသားလည်း ဖြစ်သည်။
“အဲဒီတော့ ဒါက မူလကမ္ဘာပေါ့ ....”
အလင်းလွှာကို စောင့်ကြည့်နေသော လူတစ်ယောက်က ညင်သာစွာ ရေရွတ်လိုက်သည်။
“ဒါက ကျင့်ကြံခြင်းပဲ”
အလင်းလွှာ၏ရှေ့တွင် ရပ်နေသော အကြီးအကဲတစ်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
ဟန်မူယဲ့က မည်သို့ပင် တောက်ပခဲ့ပါစေ ယခုအချိန်တွင် ကြွေကျသွားခဲ့သည်။
ကျင့်ကြံခြင်းလောကတွင် အဆုံးအထိ မရောက်နိုင်သော လူများသည် အရှုံးသမားများပင် ဖြစ်ကြသည်။
“အဲဒီကောင်စုတ်လေးက တကယ်သေသွားတာလား”
နတ်ဘုရားကမ္ဘာ၏ အလင်းလွှာတစ်ခုရှေ့တွင် လူတစ်ယောက်က ရေရွတ်လိုက်သည်။
မရေမတွက်နိုင်သော အင်မော်တယ်ကမ္ဘာများတွင် လူအများက နောင်တများဖြင့် ညည်းညူလိုက်ကြသည်။
“ဟူး ....”
အလင်းလွှာတွင် သွေးနီရောင်မီးတောက်များသည် အဖြူရောင်ငှက်ကို လွှမ်းခြုံသွားသည်။
မီးတောက်များ ပျောက်ကွယ်သွားသောအခါ အမွေးမရှိသောငှက်က အပူငွေ့ကို ထုတ်ပေးနေသည်။
“ဒါက ....”
လူတိုင်းက မျက်လုံးပြူးသွားပြီး ငှက်၏ခန္ဓာကိုယ်ထဲမှ ထွက်လာသော လက်ချောင်းအရွယ်အစားရှိသည့် တီကောင်တစ်ကောင်ကို ကြည့်နေကြသည်။
ထိုတီကောင်က ငှက်ကို မြေပြင်သို့ ပြန်ခေါ်သွားသည်။
“ဟန်မူယဲ့ ....”
“အဲဒါက ဟန်မူယဲ့ပဲ ဖြစ်ရမယ်”
အလင်းလွှာ၏ရှေ့တွင် လူတစ်ယောက်က ဟိန်းဟောက်လိုက်သည်။
မရေမတွက်နိုင်သော လူများက မျက်လုံးပြူးနေပြီး ငှက်ကို မြေကြီးထဲသို့ သယ်သွားသော တီကောင်ကို ကြည့်နေကြသည်။ ထို့နောက် တီကောင်က ငှက်ကို ပျော်ရွှင်စွာ စားသုံးလိုက်သည်။
“ဒီအလင်းလွှာက ပျောက်မသွားတာ မထူးဆန်းတော့ပါဘူး။ ဟန်မူယဲ့က မသေသေးဘူးလေ”
“ဟားဟား၊ ဒီလိုလူမျိုးက လွယ်လွယ်မသေနိုင်ဘူးဆိုတာကို ငါသိနေတယ်”
အလင်းလွှာ၏ရှေ့တွင် မရေမတွက်နိုင်သော လူများက လက်သီးဆုပ်ထားလိုက်ကြသည်။
ဟန်မူယဲ့က လောက၏ အနိမ့်ကျဆုံးတီကောင် ဖြစ်နေလျှင်ပင် အသက်ရှင်နေသည်။
အလွန်အားကောင်းသော လောင်ကျွမ်းမီးသားရဲ သေဆုံးသွားသောအခါတွင် လူအများက ဟန်မူယဲ့ကို မျှော်လင့်ချက်သိပ်မထားတော့ပေ။
သူအသက်ရှင်နေလျှင် အဆင်ပြေသည်။
“ဟားဟား၊ နတ်ဘုရားရင်းမြစ်နန်းတော်ရဲ့ နည်းလမ်းတွေက ညစ်ပတ်ပေမဲ့ ဟန်မူယဲ့က လူထူးဆန်းတစ်ယောက်ပဲလေ”
လူတစ်ယောက်က ရယ်လိုက်သည်။
မရေမတွက်နိုင်သော အင်မော်တယ်ကမ္ဘာမှ လူများ၏အမြင်တွင် နတ်ဘုရားရင်းမြစ်နန်းတော်က ဟန်မူယဲ့၏ဝိညာဉ်ကို တီကောင်ဖြစ်အောင် လုပ်ပစ်လိုက်ပြီး အရှက်ရစေသည်။
သို့သော် အရေးမပါပေ။
ဟန်မူယဲ့က အသက်ရှင်နေသည်။
သူက မရေမတွက်နိုင်သော သားရဲများပြည့်နှက်နေသည့် မူလကမ္ဘာတွင် ရှင်သန်နေသည်။
အလွန်အားကောင်းသော လောင်ကျွမ်းမီးသားရဲကပင် သေဆုံးသွားသော်လည်း ဟန်မူယဲ့က ရှင်သန်နေဆဲ ဖြစ်သည်။
ထိုအချိန်တွင် ဟန်မူယဲ့က တခြားလူများ၏အတွေးကို ဂရုမစိုက်ပေ။
သူက ရှေ့တွင်ရှိသော အရသာရှိသည့် အဖြူရောင်ငှက်ကို အာရုံစိုက်ထားသည်။
သူက ဤသို့ ဆာလောင်မှုမျိုးကို တစ်ခါမှ မခံစားဖူးပေ။
ငှက်ကို စားလိုက်သောအခါ အလွန်ကျေနပ်သွားသည်။
ပူနွေးနေသော ငှက်သားက ဝမ်းဗိုက်ထဲသို့ ရောက်သွားပြီး သူ့ခန္ဓာကိုယ်သည် စွမ်းအားဖြင့် ပြည့်နှက်လာသည်။
သူက တီကောင်ဖြစ်နေလျှင်လည်း အရေးမကြီးပေ။
သူ့မှာ စွမ်းအင်ရှိလျှင် လုံလောက်သည်။
ဟန်မူယဲ့က ငှက်ကို အကုန်မစားခဲ့ပေ။ သူက မြေကြီးတူးပြီး ငှက်ကိုဆွဲလျက် အထဲသို့ ဆက်ဝင်သွားသည်။
အလင်းလွှာ၏ရှေ့တွင် မြေသားများကိုသာ မြင်နိုင်သည်။
လူတိုင်းက တိတ်ဆိတ်နေသည်။
သူတို့က မြေကြီးကို စောင့်ကြည့်နေကြသည်။
သုံးလအကြာတွင် အစိမ်းရောင်အပင်ပေါက်လေးတစ်ခုက မြေကြီးထဲမှ ထွက်လာသည်။
ထိုသစ်ပင်က ပေဝက်ခန့် မြင့်လာသောအခါတွင် လူတိုင်းက မနေနိုင်ဘဲ ရယ်လိုက်ကြသည်။
သစ်ပင်ပေါက်က အနည်းငယ် ဝဖြိုးနေသည်။
အစိမ်းရောင်တီကောင်တစ်ကောင် ဖြစ်သည်။
သုံးရက်အကြာတွင် ပန်းကန်လုံးအရွယ်အစားရှိသော အနက်ရောင်ငှက်တစ်ကောင်က ပျံသန်းလာပြီး သစ်ပင်ပေါက်ကို လက်သည်းများဖြင့် ကုတ်ဆွဲသည်။
သစ်ပင်ပေါက်က ခန္ဓာကိုယ်ကို ကြာပွတ်တစ်ချောင်းသဖွယ် တွန့်လိမ်လိုက်ပြီး ငှက်ကို ရိုက်ချသည်။
ထို့နောက် ငှက်ကို မြေကြီးထဲသို့ ဆွဲသွင်းသွားသည်။
သစ်ပင်ပေါက်သည် လဝက်အကြာတွင် ပြန်ပေါ်လာခဲ့သည်။
လူတိုင်းက သားရဲအဖြစ် ပြောင်းလဲသွားသော တခြားလက်ရွေးစင်များကို ဂရုမစိုက်ကြပေ။
သူတို့က သစ်ပင်ပေါက်ကိုသာ စောင့်ကြည့်နေသည်။ ထိုသစ်ပင်က ပေဝက်မှ သုံးပေ၊ သုံးပေမှ ပေသုံးဆယ် ထို့နောက် ပေသုံးရာအထိ ရောက်သွားသည်။
ပေသုံးရာရှည်လျားသော သစ်ပင်သည် လူသုံးဖက်စာခန့် ကြီးမားပြီး ဖြောင့်တန်းနေသည်။ ထို့အပြင် သစ်ကိုင်းများလည်း မရှိပေ။
ထိုမြင်ကွင်းသည် ရယ်စရာကောင်းသည်။
‘လောကမှာ ဒီလိုသစ်ပင်မျိုးလည်း ရှိနေသေးတာလား’
‘မူလကမ္ဘာရဲ့ သက်ရှိတွေက အရူးတွေလို့ ဟန်မူယဲ့က ထင်နေတာလား’
သို့သော် ထိုရက်များတွင် သစ်ပင်ကြီးဆီသို့ ရောက်လာသော လက်ရွေးစင်များက အံ့အားသင့်စရာကောင်းစွာ ရပ်တန့်သွားခြင်းမရှိပေ။
ပေဆယ်ချီမြင့်မားသော မျောက်တစ်ကောင်က ချောမွေ့နေသော သစ်ပင်ပေါ်သို့တက်ရန် ကြိုးစားခဲ့သည်။
နှုတ်သီးရှည်သော သားရဲတစ်ကောင်က သစ်ပင်နှင့် ပွတ်တိုက်၍ အယားဖြေနေသည်။
ငှက်တစ်ကောင်က သစ်ပင်ထိပ်တွင် အသိုက်ဆောက်ရန် ကြိုးစားနေသည်။
သို့သော် ထိုသားရဲများအားလုံးကို သစ်ပင်က မြေအောက်တွင် မြှုပ်နှံပစ်လိုက်သည်။
အချိန်များ ကုန်ဆုံးသွားသည်။
ချက်ချင်းဆိုသလိုပင် တစ်နှစ်ကုန်သွားသည်။
အင်မော်တယ်လောကတွင်ရှိသော အလင်းလွှာအများအပြားက နေ့စဉ်ကုန်ကျစရိတ်ကို မခံနိုင်သောကြောင့် တိတ်ဆိတ်စွာ ပိတ်သွားကြသည်။
သူတို့က သစ်ပင်တစ်ပင်၏ ကြီးထွားမှုကိုကြည့်ရန် နေ့စဉ် နတ်စွမ်းအားသလင်းကျောက်သုံးထောင်ကို မသုံးနိုင်ပေ။
နတ်ဘုရားရင်းမြစ်နန်းတော်၏ အလင်းလွှာရှေ့တွင် နန်းတော်သခင် မရှိတော့ပေ။
မူလကမ္ဘာတွင် ကြီးထွားလာသော သစ်ပင်တစ်ပင်ကို စောင့်ကြည့်နေရသောကြောင့် အလွန်စိတ်ဖိစီးသည်။
နန်းတော်သခင်က ဝင်္ကပါအား ထိန်းချုပ်နေသော တန်ခိုးရှင်များကို ဆူပူလိုက်ပြီး ကျင့်ကြံရန် ထွက်သွားခဲ့သည်။
နန်းတော်သခင်၏စကားအရ ဟန်မူယဲ့သည် တတိယအဆင့်သို့ ဝင်မလာဘဲ ဒုတိယအဆင့်တွင် ရပ်တန့်သွားသင့်သည်။
ဒုတိယအဆင့်တွင် သူ့ကို တစ်ခါတည်း သတ်ဖြတ်ခဲ့သင့်သည်။
သူတို့က နတ်ဘုရားရင်းမြစ်နန်းတော်၏ ခွန်အားကို ထုတ်ပြချင်သော်လည်း ဒေါသဖြစ်နေရသည်။
အလင်းလွှာ၏ရှေ့တွင် ဟန်မူယဲ့ကို စိတ်ဝင်စားပြီး စောင့်ကြည့်ရန် တာဝန်ယူထားသော တန်ခိုးရှင် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သာ ရှိနေသည်။
“သူက မူလကမ္ဘာမှာ တစ်သက်လုံးနေသွားတော့မှာလား”
အလင်းလွှာကို စောင့်ကြည့်နေသော နတ်ဘုရားရင်းမြစ်နန်းတော်၏ တန်ခိုးရှင်က တီးတိုးပြောလိုက်ပြီး ခေါင်းခါသည်။
လွန်ခဲ့သောတစ်နှစ်တွင် မူလကမ္ဘာအတွင်းသို့ ဝင်ရောက်သွားသော လက်ရွေးစင်အများစုက ပြန်ထွက်လာခဲ့သည်။
သို့မဟုတ် သူတို့က ကျရှုံးသွားသည်ဟု ပြောနိုင်သည်။
သူတို့၏ ဝိညာဉ်အမျှင်တန်းက ကျဆုံးသွားပြီး အသိစိတ်က မူလခန္ဓာသို့ ပြန်ရောက်လာသည်။
သူတို့က မူလကမ္ဘာခရီးစဉ်မှတစ်ဆင့် အကျိုးအမြတ်များကို ရခဲ့သည်။ ကိုယ်ပိုင်အားနည်းချက်များကို နားလည်လာခဲ့သည်။
မူလကမ္ဘာတွင် ကျန်ရှိနေသော လူများက တိုးတက်နေသော လူ့အဖွဲ့အစည်း၏ အစစ်အမှန်ကျွမ်းကျင်သူများ ဖြစ်ကြသည်။
ထိုလူများက နတ်ဘုရားသားရဲ သို့မဟုတ် ထူးခြားသားရဲများ၏ နတ်ဘုရားစွမ်းရည်ကို နားလည်ပြီး သွေးမျိုးဆက်စွမ်းအားကိုပင် ဆက်ခံနိုင်လိမ့်မည်။
သူတို့၏ ဝိညာဉ်အမျှင်တန်းက နတ်ဘုရားစွမ်းရည်ကို သယ်ဆောင်ပြီး ပြန်ရောက်လာလိမ့်မည်။
သူတို့၏ သွေးမျိုးဆက်စွမ်းအားက အလွန်မှိန်ဖျော့ပြီး နားလည်နိုင်အောင် အချိန်ယူရမည်ဆိုလျှင်ပင် မူလကမ္ဘာ၏ စွမ်းအား ဖြစ်သည်။ ထိုစွမ်းအားသည် လောကတွင် အသန့်စင်ဆုံး ဖြစ်သည်။
“ဘုန်း”
အလင်းလွှာတွင် အစိမ်းရောင်အကွက်များနှင့် ပေတစ်ရာမြင့်မားသော ချိုတစ်ချောင်းကြံ့က မြင့်မားသော သစ်ပင်ကို ဝင်တိုက်သည်။
သစ်ပင်က တုန်ခါသွားပြီး ရှည်လျားသော ကြာပွတ်တစ်ခုအဖြစ် အသွင်ပြောင်း၍ ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။
ကြံ့၏ခန္ဓာကိုယ်က ပျက်စီးသွားပြီး သွေးများ ပန်းထွက်လာသည်။
ဤတစ်ကြိမ်တွင် သစ်ပင်က ထိုသားရဲကို ပုံမှန်အတိုင်း မြေကြီးထဲသို့ ဆွဲမသွင်းတော့ပေ။ သစ်ပင်က လှုပ်ရှားလာသည်။
တီကောင်ဖြစ်နေသော ဟန်မူယဲ့သည် အလွန်အားကောင်းသော အဆင့်အထိ ခွန်အားကို ဆက်တိုက် စုဆောင်းထားခဲ့သည်။
ထိုအချိန်တွင် သူက ကြံ့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး သွေးချပ်ဝတ်အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသည်။
“ဂါး”
တီကောင်က ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။ ရွှေအလင်းသည်များသည် တီကောင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။
“သူက ဘာလုပ်နေတာလဲ”
“နည်းစနစ်တစ်ခုကို ကျင့်ကြံနေသလိုပဲ”
“အဲဒါက မူလကမ္ဘာခေတ်ရဲ့ နည်းစနစ်လား”
အလင်းလွှာကိုကြည့်နေသော လူတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
နတ်ဘုရားလောက၏ အလင်းလွှာတစ်ခုတွင် ပေါ့ပါးစွာရှိနေသော တာအိုတန်ခိုးရှင်က လေးနက်သောမျက်နှာထားဖြင့် မတ်တပ်ရပ်သည်။
သူက အလင်းလွှာထဲတွင်ရှိသော ဟန်မူယဲ့၏ ဧရာမခန္ဓာကိုယ်ကို သေချာစိုက်ကြည့်လိုက်ပြီး မျက်လုံးများက တောက်ပလာသည်။
“မဟာတောရိုင်းခေတ်ကနေ ဆင်းသက်လာတဲ့ အစစ်အမှန်ဝိညာဉ် ကျင့်ကြံခြင်းနည်းစနစ်ပဲ”
“သူက အဆီအနှစ်ဝိညာဉ်ကို အစစ်အမှန်ဝိညာဉ်အဖြစ် ပြောင်းလဲနေတယ်”
ဟန်မူယဲ့က အဆီအနှစ်ဝိညာဉ် နဝမအဆင့်အထိ ကျင့်ကြံနိုင်မည်ဟု မည်သူက ထင်ထားမည်နည်း။
ယခုအချိန်တွင် သူက အဆင့်တက်ရန် ကြိုးစားနေသည်။
“ဘုန်း”
မိုးခြိမ်းသံကို ကြားရသည်။
လျှပ်စီးကြောင်းများသည် ကောင်းကင်တွင် ဝင်းလက်နေသည်။
‘မိုးကြိုးကပ်ဘေးလား’
အလင်းလွှာကို စောင့်ကြည့်နေသော ကျွမ်းကျင်သူများက ကြောင်အသွားကြသည်။
‘မူလကမ္ဘာမှာ ကပ်ဘေးရှိလို့လား’