← Chapters

အခန်း (၁၁၈၆)

Vol. 85 Ch. 1186

အခန်း (၁၁၈၆)

Vol. 85 Ch. 1186

လူတိုင်းက ထိုမေးခွန်းကြောင့် အံ့အားသင့်သွားသည်။

‘ဘယ်လိုပြောရမလဲ’

‘ဒါက ရွှေတောင်ထွတ်လေ’

မရေမတွက်နိုင်သော ကျွမ်းကျင်သူများ စုဝေးနေသည်။

ဟွမ်ကျန်းရှုံးက နတ်ဘုရားရင်းမြစ်နန်းတော်နှင့် ရင်ဆိုင်ပြီး နန်းတော်သခင်၏နာမည်ကို တိုက်ရိုက် ခေါ်ခဲ့သည်။

ထိုသို့ တင်းမာသောအခြေအနေတွင် မည်သူမှ စကားမပြောနိုင်ပေ။

“ထားလိုက်ပါတော့”

ဟွမ်ကျန်းရှုံးက လက်ကို ဝှေ့ယမ်းလိုက်ပြီး လွမ်းဆွတ်နေသော မျက်နှာထားဖြင့် ပြောသည်။

“ငါက ညီအစ်ကိုတွေကို ဘယ်တော့မှ ထိခိုက်အောင်လုပ်မှာမဟုတ်ဘူး။ ငါ့သမီးဖြစ်နေရင် ပြောနေစရာတောင်မလိုဘူး”

သူက စကားပြောလိုက်ပြီး လက်ထဲတွင်ရှိသော လှံရှည်ကို ထုတ်ယူသည်။

“ကျစ်ဟူက ဒီလှံက ထိပ်တန်းအဆင့် ရတနာပဲ။ မူလကမ္ဘာခေတ်က ကျွမ်းကျင်သူတစ်ယောက်ရဲ့ စွမ်းအားတွေကို စုစည်းထားတယ်”

“ဒီရတနာနဲ့ဆိုရင် အင်မော်တယ်ဘုရင်တွေကို ကြောက်စရာမလိုတော့ဘူး”

သူက လှံရှည်ကို ဟွမ်ကျစ်ဟူဆီသို့ ပေးလိုက်ပြီး ပြုံးသည်။

“ဒါက ကောင်းမွန်တဲ့ ကြိုဆိုလက်ဆောင်ပဲ”

လက်ဆောင် ....

လူတိုင်းက အလင်းလွှာကို ကြည့်လိုက်ပြီး ကြောင်အနေသည်။

ဟန်မူယဲ့ခေါ်ထုတ်လိုက်သော မွေးစားသမီးကြောင့် ဟွမ်ကျန်းရှုံးက ပြိုင်ပွဲကို အရှုံးပေးခဲ့သည်။

ထို့အပြင် သူက အင်မော်တယ်ဘုရင်နှင့် ယှဉ်နိုင်သော လှံရှည်ကို လက်ဆောင်အဖြစ် ပေးလိုက်သည်။

‘ရက်ရောလိုက်တာ’

ဟွမ်ကျန်းရှုံး၏ ညီအစ်ကိုဖြစ်လာသော လူတိုင်းက အသက်နှင့်ရင်း၍ ယုံကြည်နိုင်လိမ့်မည်။

ဟွမ်ကျန်းရှုံး၏နောက်သို့ လိုက်လာသော အင်မော်တယ်သခင်များက စိတ်လှုပ်ရှားနေကြသည်။

ဟွမ်ကျစ်ဟူက လှံရှည်ကို တိတ်ဆိတ်စွာ ကိုင်ထားသည်။

ဟွမ်ကျန်းရှုံးက ကျယ်လောင်စွာ ရယ်လိုက်ပြီး လက်ကိုဝှေ့ယမ်းလျက် ပြောသည်။

“ငါသွားတော့မယ်။ ထပ်ပြီး မတိုက်ခိုက်တော့ဘူး”

“ဟွမ်ကျန်းရှုံး၊ မင်းက သေချင်နေတာလား”

နန်းတော်သခင်၏ ဒေါသထွက်နေသော အော်ဟစ်သံကို ကြားနိုင်သည်။

ဟွမ်ကျန်းရှုံးက အရှိန်အဝါကို ထုတ်လွှတ်၍ ခေါင်းမော့ကြည့်သည်။

လက်လေးဖက်မိစ္ဆာပုံရိပ်သည် သူ့နောက်တွင် ပေါ်လာသည်။

“ကျန်းထိုက်ယွမ်၊ ငါက မင်းကို မျက်နှာသာပေးပြီးပြီ”

“အခု ငါက အရှုံးပေးလိုက်တော့မယ်”

“မင်းက နတ်ဘုရားရင်းမြစ်နန်းတော်ရဲ့ နာမည်အောက်မှာ မရေမတွက်နိုင်တဲ့ နတ်စွမ်းအားသလင်းကျောက်တွေကို ပေးလျော်ရတော့မယ်။ မင်းက ဘယ်လိုလုပ်မလဲ ငါသိချင်မိတယ်”

သူက လက်မြှောက်ပြီး အော်ဟစ်သည်။

“ညီအစ်ကိုတို့၊ ငါက ဟန်မူယဲ့ကို ရွှေတောင်ထွတ်ရဲ့ နံပတ်တစ်ဖြစ်လာအောင် ကူညီချင်တယ်။ ဘယ်သူက ထောက်ခံမလဲ”

‘သူက လုပ်ရဲတယ်လား’

‘နန်းတော်သခင်က ဒေါသကြောင့် ပေါက်ကွဲသွားလောက်ပြီ’

ယခုအချိန်တွင် ထောက်ခံရဲသောလူက သေလမ်းရှာနေခြင်း ဖြစ်သည်။

‘ဆန့်ကျင့်ရမှာလား’

‘အဲဒီလိုလုပ်ရဲလား’

ဟွမ်ကျန်းရှုံးက ဟန်မူယဲ့ကို ပွင့်လင်းစွာထောက်ခံနေသည်။ ယခုအချိန်တွင် ဆန့်ကျင်ရဲသော အင်မော်တယ်သခင်များက အခြေအနေဆိုးသွားလိမ့်မည်။

“ချူးကျန်းထျန်”

“ရှန်းလျူယွင်”

“ဟယ်ကျီယု”

“စစ်ထူဝူကျင်း”

“မင်းတို့က သူတို့နှစ်ယောက်ကို သတ်ပစ်ရမယ်”

“မင်းတို့ရဲ့ အားထုတ်မှုတိုင်းအတွက် အဆတစ်ရာပြန်ပေးမယ်”

နန်းတော်သခင်က ဟိန်းဟောက်လိုက်သည်။

အလင်းလွှာတွင် နာမည်အခေါ်ခံလိုက်ရသော အင်မော်တယ်ဘုရင်နှင့် အင်မော်တယ်သခင်များ၏ မျက်နှာထားက လေးနက်နေသည်။

ပတ်ဝန်းကျင်တွင်ရှိသော လူများက နောက်ဆုတ်သွားကြသည်။

“ငါက ချူးကျန်းထျန်က ကျင့်ကြံခဲ့တဲ့အချိန်မှာ နတ်ဘုရားရင်းမြစ်နန်းတော်ကို အကြွေးတင်နေတယ်”

အဝါရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် တာအိုတန်ခိုးရှင်က ရှေ့တက်လာသည်။ သူ့မျက်လုံးများက ပြတ်သားနေသည်။

အားကောင်းသော အလင်းစက်ကွင်းသည် သူ့ခန္ဓာကိုယ်တွင် လည်ပတ်နေပြီး သူ၏ ဝိညာဉ်နှင့် နားလည်ထားသော စည်းမျဉ်းစွမ်းအားက ပေါက်ကွဲထွက်လာတော့မည်ဟု ထင်ရသည်။

သူက ဝိညာဉ်နှင့် ကျင့်ကြံခြင်းကို ဖောက်ခွဲပစ်တော့မည်။ သူ၏ ပြတ်သားသောမျက်နှာထားကို ကြည့်လိုက်ပြီး တခြားလူများ၏ မျက်နှာက ရှုပ်ထွေးနေသည်။

နှစ်ယောက်က အသက်ရှူသွင်းပြီး လှုပ်ရှားရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် အသံတစ်သံ ပေါ်ထွက်လာသည်။

“ချူးကျန်းထျန်၊ မင်းရဲ့ ဝိညာဉ်အမှတ်အသားက နတ်ဘုရားရင်းမြစ်နန်းတော်မှာ ရှိနေတယ်မဟုတ်လား။ မင်းသေသွားရင်တောင် ပြန်ပြီး အသက်ရှင်လာလိမ့်မယ်”

“ဒီလိုမျိုး ဟန်ဆောင်နေဖို့ မလိုပါဘူး”

စကားပြောလိုက်သောလူက ရှေ့သို့ တစ်လှမ်းတိုးပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။ သူက ကြည်လင်သောအသံဖြင့် ပြောလိုက်သည်။

“ချူးကျန်းထျန်က နန်ဘုရားရင်းမြစ်နန်းတော်က အကြီးအကဲချူးနန်ယွမ်ရဲ့ မြေးပဲ။ သူက မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေကို ပိုင်ဆိုင်ထားတယ်”

“မင်းတို့က သူနဲ့အတူ လိုက်လုပ်မလို့လား”

ထိုစကားကြောင့် ကျန်ရှိနေသော အင်မော်တယ်ဘုရင်များက ကြောင်အသွားကြသည်။

“ရှန်းလျူယွင်”

ချူးကျန်းထျန်က အံကြိတ်ထားပြီး သူ့ကို လက်ညှိုးညွှန်သည်။

“မင်းက သစ္စာဖောက်၊ ငကြောက်ပဲ”

“မင်းက နတ်ဘုရားရင်းမြစ်နန်းတော်ရဲ့ အင်မော်တယ်ဘုရင်ပဲ။ အဲဒါကို အရမ်းကြောက်တတ်ပြီး အင်မော်တယ်သခင်တစ်ယောက်ရဲ့ လက်အောက်မှာ အညံ့ခံလိုက်တယ်ပေါ့လေ”

ရှန်းလျူယွင်က နတ်ဘုရားရင်းမြစ်နန်းတော်၏ အင်မော်တယ်ဘုရင် ဖြစ်သည်။

ပတ်ဝန်းကျင်တွင်ရှိနေသော လူများက နောက်သို့ ထပ်ဆုတ်လိုက်ကြသည်။

လှုပ်ရှားရန်ကြံစည်နေသော လူများက ရပ်တန့်သွားသည်။

နတ်ဘုရားရင်းမြစ်နန်းတော်၏ အင်မော်တယ်ဘုရင်ကပင် သစ္စာဖောက်သွားခဲ့သည်။ သူတို့က အဘယ်ကြောင့် အသက်စွန့်ပေးရမည်နည်း။

သူတို့က အရူးမဟုတ်ပေ။

“ချူးကျန်းထျန်၊ နတ်ဘုရားရင်းမြစ်နန်းတော်က အင်မော်တယ်ဘုရင်တွေကို ဘယ်လို မွေးထုတ်ပေးလိုက်တာလဲ မင်းသိသင့်တယ်”

ရှန်းလျူယွင်က နှာမှုတ်လိုက်ပြီး တောက်ပနေသော မျက်လုံးများဖြင့် ပြောသည်။

“အခု ငါ့နာမည်က ရှန်းအာရှန့် ဖြစ်နေပြီ။ ငါက အရင်ဘဝမှာ နတ်ဘုရားရင်းမြစ်နန်းတော်အတွက် အသက်စွန့်ပေးခဲ့တယ်”

သူက အဝေးတစ်နေရာသို့ လှမ်းကြည့်သည်။ နတ်ဘုရားသားရဲ ရွှေကျီးကန်း၏ အငွေ့အသက်သည် သူ့ပတ်ဝန်းကျင်တွင် ရစ်ဝဲနေသည်။

“မင်းက သေဆုံးပြီး ပြန်လည်မွေးဖွားလာတဲ့ ခံစားချက်ကို နားလည်မှာမဟုတ်ဘူး”

လူတိုင်းက သူ့အကြောင်းကို ဂရုမစိုက်ကြပေ။

သူတို့က ဖြည်းဖြည်းချင်း မှေးမှိန်သွားသော တိုက်ပွဲအနေအထားကြောင့် စိတ်ပျက်နေကြသည်။

တိုက်ခိုက်လိုစိတ်ကို ဖော်ပြနေ‌သော အင်မော်တယ်ဘုရင်တချို့ကလည်း နောက်ဆုတ်သွားသည်။

ချူးကျန်းထျန်၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအားသည် စတင်တုန်ခါနေသည်။

“မင်းက လှုပ်ရှားချင်တာလား”

ဟွမ်ကျန်းရှုံးက အေးစက်စွာ နှာမှုတ်လိုက်ပြီး ဂရုမစိုက်စွာ ပြောသည်။

“ကြိုးစားကြည့်လိုက်လေ”

သူက လက်သီးဆုပ်ထားသည်။ မိစ္ဆာပုံရိပ်သည် သူ့နောက်တွင် စုစည်းလာသည်။ ကောင်းကင်ကို ဖိနှိပ်နိုင်သော စွမ်းအားသည် ပတ်ဝန်းကျင်ကို လွှမ်းမိုးထားသည်။

“ဟွမ်ကျန်းရှုံး၊ မင်းက ဂိုဏ်းအတွက် ပြဿနာရှာနေတာပဲ။ နတ်ဘုရားကမ္ဘာကို ပြန်သွားနိုင်မလား ကြည့်ကြသေးတာပေါ့”

နန်းတော်သခင်ထိုက်ယွမ်က အံကြိတ်ထားပြီး အော်ဟစ်လိုက်သည်။

သို့သော် ယခုအချိန်တွင် သူ၏ ခြိမ်းခြောက်မှုက အားနည်းနေပုံရသည်။

“ကျန်းထိုက်ယွမ်၊ မေ့မသွားနဲ့အုံး။ ငါ့ညီလေးက ရွှေတောင်ထွတ်မှာ နံပတ်တစ်ဖြစ်လာရင် မင်းတို့ နတ်ဘုရားရင်းမြစ်နန်းတော်ရဲ့ အခြေခံအုတ်မြစ်က ပြောင်သလင်းခါသွားလိမ့်မယ်”

“အဲဒီအချိန်မှာ မင်းတို့က ထိပ်တန်းဂိုဏ်း ဖြစ်နေတော့မှာမဟုတ်ဘူး”

ဟွမ်ခြောက်က ရယ်လိုက်သည်။

“နတ်ဘုရားလောကရဲ့ အဓိကဂိုဏ်း သုံးရာက နှစ်ပေါင်းနှစ်သန်း အကြံအစည်ချပြီး မင်းရဲ့ နတ်ဘုရားရင်းမြစ်နန်းတော်ကို ဆွဲမချနိုင်ရင် အလကားဖြစ်သွားလိမ့်မယ်”

ဂိုဏ်းပေါင်းသုံးရာသည် နှစ်ပေါင်းနှစ်သန်းကြာအောင် စီစဉ်ထားခဲ့သည်။

‘အဲဒီတော့ ရွှေတောင်ထွတ်က အကြံအစည်တစ်ခုပဲပေါ့’

‘ဟန်မူယဲ့က အများကြီး လောင်းကြေးထပ်ခဲ့တာ မထူးဆန်းတော့ပါဘူး။ ဂိုဏ်းပေါင်းသုံးရာက နောက်ကွယ်မှာ ရှိနေတာပဲ’

ဟွမ်ခြောက်က စကားအဆုံးတွင် ပြုံးလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က ပေါ့ပါးနေပြီး ထိုကိစ္စက အမှန်ဟု ထင်ရသည်။

အလင်းလွှာကို စောင့်ကြည့်နေသောလူများက ထိတ်လန့်သွားကြသည်။

ဟွမ်ကျန်းရှုံး၏စကားက အလွန်ကြောက်စရာကောင်းသည်။

သို့သော် အမှန်တရားကို မည်သူမှ သံသယမဝင်ကြပေ။

ထိုအရာသည် အကောင်းဆုံးဖြေရှင်းချက် ဖြစ်သည်။

ဟန်မူယဲ့၏ များပြားသောလောင်းကြေးနှင့် ရွှေတောင်ထွတ်တွင် အစွမ်းပြခဲ့သော ဖြစ်ရပ်များအတွက် အကြောင်းပြချက် ဖြစ်သည်။ ဂိုဏ်းသုံးရာကသာ ထိုသို့ လုပ်နိုင်လိမ့်မည်။

ဟွမ်ကျန်းရှုံး၏နောက်ကွယ်တွင် လမ်းညွှန်ပြီး အစီအစဉ်ချနေသောလူများ ရှိကြသည်။

အလင်းလွှာကို ‌‌စောင့်ကြည့်နေသော မရေမတွက်နိုင်သည့် လူများက မျက်မှောင်ကြုတ်လိုက်သည်။

‘ဟွမ်ကျန်းရှုံးပြောတဲ့ ဂိုဏ်းသုံးရာက ဘယ်သူတွေလဲ’

‘ငါတို့ကိုရော ကစားဖို့ မခေါ်ဘူးလား’

“ဘန်း”

နတ်ဘုရားရင်းမြစ်နန်းတော်တွင် နန်းတော်သခင်က လက်သီးချက်ဖြင့် အလင်းလွှာကို ဖျက်ဆီးပစ်လိုက်သည်။

အဝေးတစ်နေရာတွင်ရှိသော ကောင်းကင်စုပေါင်းကုန်းမြေတွင် ဧရာမလက်သီးပုံရိပ်တစ်ခု ဆင်းသက်လာသည်။

ဟွမ်ခြောက်က ရယ်လိုက်ပြီး ပျံတက်သွားသည်။

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းသည်။ သူ့လက်ထဲတွင်ရှိသော ဓားအလင်းသည် မြစ်တစ်စင်းအဖြစ် စုစည်းလာသည်။

ထိုမြစ်သည် ဟွမ်ခြောက်ထက် ပိုမိုလျင်မြန်ပြီး လက်သီးပုံရိပ်နှင့် ရင်ဆိုင်သည်။

နန်းတော်သခင်ထိုက်ယွမ်သည် နတ်ဘုရားကမ္ဘာမှ ထိပ်တန်းအဆင့်ဂိုဏ်း၏ ကျွမ်းကျင်သူဖြစ်ပြီး အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်တွင် ရှိနေသည်။

မ‌ရေမတွက်နိုင်သော လူများ၏ အကြည့်အောက်တွင် ဟန်မူယဲ့၏ ဓားမြစ်က ပျက်စီးသွားသည်။

သို့သော် ပျက်စီးသွားသော ဓားမြစ်က ပိုမိုတောက်ပလာသည်။

ဓားအလင်းနှင့် လက်သီးပုံရိပ်သည် ထူးဆန်းစွာ ဘက်ညီနေသည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းက မျက်လုံးပြူးသွားသည်။

‘ဟန်မူယဲ့က အရမ်းသန်မာတာပဲ’

သို့သော် နန်းတော်သခင်ထိုက်ယွမ်က မရေမတွက်နိုင်သော ကမ္ဘာများနှင့် ကောင်းကင်စုပေါင်းကုန်းမြေ၏ ဝင်္ကပါကို ဖြတ်သန်းပြီး လက်သီးထိုးချလိုက်ခြင်း ဖြစ်သည်။

သို့သော် သူတို့က ထိုအချက်ကို ဂရုမစိုက်ကြပေ။

နတ်ဘုရားကမ္ဘာ၏ နံပတ်တစ်ဂိုဏ်းမှ ခေါင်းဆောင်သည် အင်မော်တယ်ကမ္ဘာမှ အင်မော်တယ်သခင်တစ်ယောက်ကို မဖိနှိပ်နိုင်ခဲ့ပေ။ လူတိုင်းက ထိုအချက်ကိုသာ ကြည့်ကြသည်။

‘နတ်ဘုရားကမ္ဘာက ဒီလောက်ပဲလား’

ဟွမ်ကျန်းရှုံးက ကျယ်လောင်စွာ ရယ်လိုက်ပြီး လက်သီးထိုးသည်။

ထိုလက်သီးချက်သည် ကောင်းကင်တွင်ရှိနေသော လက်သီးပုံရိပ်နှင့် ထိတွေ့ပြီး ကမ္ဘာတစ်ခုလုံး တုန်ခါလာသည်။

“ကျန်းထိုက်ယွမ်၊ မင်းက စည်းကမ်းဖောက်လိုက်ပြီ”

ဟွမ်ကျန်းရှုံးက အပြုံးတစ်ခုနှင့်အတူ ပြောသည်။

ပတ်ဝန်းကျင်က တုန်ခါနေပြီး လူတိုင်းက ကမ္ဘာနှင့်အတူ ပျက်စီးသွားတော့မည်ဟု ထင်ရသည်။

All Chapters