အခန်း (၁၁၈၇)
Vol. 85 Ch. 1187
ဟွမ်ကျန်းရှုံး၏ လက်သီးချက်ကြောင့် ဘက်ညီနေသော လက်သီးပုံရိပ်က ပျက်စီးသွားသည်။
အလွန်သန့်စင်သော ရင်းမြစ်စွမ်းအားသည် ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသည်။
ဧရာမပုံရိပ်တစ်ခုသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပေါ်လာသည်။
ခေးအော့ ဖြစ်သည်။
ခေးအော့၏ မျက်လုံးများက တစ်ခုပြီးတစ်ခု ပွင့်လာပြီး အလင်းတန်းများကို ထုတ်လွှတ်၍ ရွှေတောင်ထွတ်တွင်ရှိသော လူတိုင်းကို လွှမ်းခြုံလိုက်သည်။
အမျိုမျိုးသော ပုံရိပ်များသည် အလင်းတန်းထဲတွင် ပေါ်လာသည်။
“ဒါက .... ပဥ္စမအဆင့်လား”
“ပဥ္စမအဆင့် မရှိတော့ဘူးလို့ မပြောခဲ့ဘူးလား။ ဒါက ဘာလဲ”
အလင်းလွှာ၏ရှေ့တွင် လူတိုင်းက စိတ်ရှုပ်ထွေးနေသည်။
‘ဘယ်လိုဖြစ်သွားတာလဲ’
“ရွှေတောင်ထွတ်ရဲ့ စည်းကမ်းတွေက ပြောင်းလဲသွားပြီ။ ပဥ္စမအဆင့်ကို နှလုံးသားသန့်စင်ခြင်းလို့ ခေါ်တယ်”
ခေးအော့၏အသံသည် တိမ်တိုက်များကြားတွင် ပဲ့တင်ထပ်သွားသည်။
နတ်ဘုရားရင်းမြစ်နန်းတော်တွင် ဒေါသထွက်နေသော နန်းတော်သခင်ထိုက်ယွမ်က ရုတ်တရက် ရပ်တန့်လိုက်ပြီး ကျယ်လောင်စွာရယ်သည်။
“ကျင့်ကြံသူက သန်မာလေ ပြိုင်ဘက်က သန်မာလေ ဖြစ်နေလိမ့်မယ်”
“ဒီအဆင့်မှာ ဟန်မူယဲ့က ဘယ်လိုရှင်သန်နိုင်မလဲ ကြည့်ရအောင်”
“ခေးအော့က တကယ် ကျေးဇူးသိတတ်တာပဲ။ ငါတို့ နတ်ဘုရားရင်းမြစ်နန်းတော်က သူ့ကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျွေးမွေးလာခဲ့တာ အလကားမဖြစ်ဘူး”
“ပြိုင်ပွဲပြီးရင် နတ်ဘုရားရင်းမြစ်နန်းတော်ကို အကွက်ချနေတာ ဘယ်ဂိုဏ်းတွေလဲ ကြည့်ရမယ်”
ဟန်မူယဲ့ရှိနေသော အလင်းလွှာထဲတွင် ပုံရိပ်များပေါ်လာသည်။
သူတို့၏ လှုပ်ရှားမှုတိုင်းသည် အဆုံးမရှိသော စွမ်းအားကို ထုတ်လွှတ်နေသည်။
ဟန်မူယဲ့က ထိုတိုက်ကွက်များနှင့် ရင်းနှီးသည်။
သူက ထိုနည်းစနစ်များကို လေ့ကျင့်ပြီး နောက်ပိုင်းတွင် လျစ်လျူရှုထားခဲ့သည်။
ထိုနည်းစနစ်များကို ကျွမ်းကျင်စွာ လေ့ကျင့်ပြီး နောက်ကွယ်တွင်ရှိသော အဓိပ္ပာယ်ကို ဆုပ်ကိုင်နိုင်သည်ဟု သူထင်ခဲ့သည်။ သို့သော် အပေါ်ယံသာ ဖြစ်နေသည်။
သူက အရိုးရှင်းဆုံး လှုပ်ရှားမှုများဖြင့် ပြိုင်ဘက်ကင်းသောခွန်အားကို ထုတ်လွှတ်ရမည်။
“သဘာဝစွမ်းအား၊ အမြန်နှုန်းနဲ့ တိကျမှုတွေက အပေါ်ယံပဲ”
“သန်မာတဲ့ခွန်အားက ဒုတိယအဆင့်မှာပဲ ရှိသေးတယ်”
“ကျင့်ကြံဆင့်နဲ့ စည်းမျဉ်းတွေက အဆုံးသတ်မဟုတ်ဘူး”
ဟန်မူယဲ့က လက်သီးချက်ဖြင့် ရှေ့တွင်ရှိသော ပုံရိပ်ကို ဖျက်ဆီးလိုက်ပြီး ညင်သာစွာပြောသည်။
“ကောင်လေး၊ ဒါက မင်းကိုကူညီနိုင်တာ အကုန်ပဲ”
ဟန်မူယဲ့က ခေးအော့၏အသံကို ကြားလိုက်ရသည်။
“ကောင်းကင်စက်ဝန်းစစ်မြေပြင်ရဲ့ အစစ်အမှန်ကျွမ်းကျင်သူတွေက မင်းကို အာရုံစိုက်နေတယ်။ ရှေ့ဆက်သွားနိုင်ဖို့ မင်းအပေါ်မှာပဲ မူတည်တယ်”
ခေးအော့က စကားအဆုံးတွင် ပျောက်ကွယ်သွားသည်။
ပိုမိုများပြားသော ပုံရိပ်များသည် မရေမတွက်နိုင်သော အလင်းတန်းထဲတွင် ပေါ်လာကြသည်။
ဤအဆင့်တွင် အသုံးပြုထားသော နည်းလမ်းသည် ဓမ္မစင်မြင့်၏ နည်းလမ်းနှင့် အတူတူပင်ဖြစ်သည်။
ကိုယ့်ကိုယ်ကိုယ် ရင်ဆိုင်ရမည်။
ထို့နောက် ကျော်လွှားရမည်။
ကောင်းကင်စက်ဝန်းစစ်မြေပြင်၏ ကျွမ်းကျင်သူများသည် အမျိုးမျိုးသော ပါရမီရှင်များကို မြင်ဖူးကြသည်။
ထို့ကြောင့် သူတို့ထက် သာလွန်သွားမည့် ပါရမီရှင်မျိုးကို လိုချင်သည်။
ဟန်မူယဲ့က ကောင်းကင်စက်ဝန်းစစ်မြေပြင်၏ ကျွမ်းကျင်သူများကို မှီခိုရန် မလိုအပ်သော်လည်း လောကတွင်ရှိသော ကပ်ဘေးများအားလုံးကို သူတို့က ထိန်းချုပ်ထားသည်။
သူက မဟာတောရိုင်းကမ္ဘာ၏ ကပ်ဘေးကို စတင်ခဲ့သော်လည်း ကပ်ဘေး၏ နောက်ဆုံးရလဒ်ကို လက်တစ်စုံက ထိန်းချုပ်ထားသည်။
မဟာတောရိုင်းကပ်ဘေးက အနိုင်ရသူဖြစ်လာရန်အတွက် သူက ကောင်းကင်စက်ဝန်းစစ်မြေပြင်ကို ကောင်းမွန်စွာ နားလည်ထားရမည်။
ထိုမှသာ သူကာကွယ်ချင်သော လူများက ကပ်ဘေးတွင် ရှင်သန်နိုင်လိမ့်မည်။
“ဘုန်း”
ဒုတိယမြောက်ပုံရိပ်သည် သူ့ရှေ့တွင် ပေါ်လာပြီး ဓားရှည်တစ်လက်ဖြင့် ခုတ်ချသည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ နည်းစနစ် ဖြစ်သည်။
ထိုဓားနည်းစနစ်သည် အဆင့်နိမ့်သော်လည်း ယခုအချိန်တွင် ဟန်မူယဲ့ကို အံ့အားသင့်သွားစေသည်။
ထိုဓားချက်က ကိုယ်ပိုင်နယ်မြေကို ပိုင်ဆိုင်ထားသည်။
ဓားသမားတစ်ယောက်က ခြေဆယ်လှမ်းအတွင်း လူသတ်ပြီး မိုင်တစ်ထောင်အကွာအဝေးကို ချက်ချင်း ခရီးသွားနိုင်သကဲ့သို့ ဓားတစ်လက်ရှိနေလျှင် မည်သည့်အရာကိုမှ စိုးရိမ်နေရန် မလိုအပ်ပေ။
ဟန်မူယဲ့က ဓားချက်ကို တားဆီးလိုက်သည်။ ပြိုင်ဘက်က ပျောက်ကွယ်သွားသည်။
သူက လှုပ်ရှားလိုက်ပြီး ဘယ်ဘက်လက်တွင်ရှိသော ဓားဖြင့် ရုတ်တရက် ထိုးချသည်။
“ခလွမ်”
သူ၏ ဓားသည် ပထမဆုံးအကြိမ်အဖြစ် တားဆီးခံလိုက်ရသည်။
သို့သော် ဟန်မူယဲ့က အံ့အားသင့်မသွားပေ။
သူက ကိုယ့်ကိုယ်ကိုယ် တိုက်ခိုက်နေရသောကြောင့် နတ်ဘုရားအလင်းကို ထုတ်လွှတ်ပြီး ညာဘက်လက်တွင်ရှိသော ဓားရှည်ဖြင့် ခုတ်ချသည်။
ဘယ်ဘက်ဓားက ထိုးသွင်းလိုက်ပြီး ညာဘက်ဓားက ခုတ်ချသည်။
ဓားနှစ်လက်က ပေါင်းစပ်သွားပြီး ဓားအလင်းသည် တစ်ဖက်လူကို လွှမ်းခြုံသည်။
ထိုအချိန်တွင် ဟန်မူယဲ့က ဓားဝိညာဉ်အဖြစ် ပြောင်းလဲသွားပုံပေါ်သည်။ ဓားချက်တိုင်းသည် မယုံကြည်နိုင်စရာကောင်းအောင် သွက်လက်နေသည်။
ဓားအလင်းများသည် သွယ်ယှက်နေပြီး ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲနိုင်သည်။
“လောကမှာ အဲဒီလိုဓားနည်းစနစ်မျိုး ရှိနေတာလား”
“ဒီလူငယ်လေးရဲ့ ဓားနည်းစနစ်က အရမ်းနက်နဲတဲ့အဆင့်ကို ရောက်နေပြီ”
“အဲဒီဓားနည်းစနစ်နဲ့ဆိုရင် ကောင်းကင်စက်ဝန်းစစ်မြေပြင်ကို သွားလို့ရပြီ”
အလင်းလွှာကို စောင့်ကြည့်နေသော မရေမတွက်နိုင်သည့် လူများက ပြောလိုက်ကြသည်။
ထိုအချိန်တွင် ဟန်မူယဲ့က ရွှေတောင်ထွတ်တွင်ရှိနေကြောင်း မေ့လျော့သွားသည်။
သူက အံ့ဖွယ်ကိုးပါးတောင်သို့ ပြန်ရောက်သွားသည်။
သူက ဓားချက်တိုင်းကို ကြိုးစားလေ့ကျင့်နေသည်။
သူက မော့ယွမ်နှင့် ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်အား လေ့လာနေသောအချိန်ကို မှတ်မိလိုက်သည်။
ခြောက်သွေ့သစ်ပင် ....
ဓားကို ထုတ်လိုက်သည်။ သူ့ရှေ့တွင်ရှိသော အရာအားလုံးသည် တိုးတက်နေပြီး ဆုတ်ယုတ်သွားသည်။
သို့သော် ခြောက်သွေ့နေသော သစ်ပင်က ပုံမှန်အတိုင်း ရှိနေခဲ့သည်။
ဓားတစ်ချက်ဖြင့် ကောင်းကင်နှင့်မြေကြီးက ရှင်းလင်းသွားသည်။ ခြောက်သွေ့နေသော သစ်ပင်က တောအုပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ခြောက်သွေ့နေသော်လည်း ယိုယွင်းမသွားပေ။
“ဘုန်း”
ချက်ချင်းဆိုသလိုပင် အဆုံးမရှိသော မီးတောက်များ ပေါ်ထွက်လာသည်။
သစ်သား၊ အသက်၊ မီိးတောက် ....
ထိုအချိန်တွင် ဟန်မူယဲ့ရှိနေသော အလင်းတန်းက မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“အဲဒီလူငယ်လေးက အလားအလာကောင်းတယ်”
လေဟာနယ်ထဲတွင် နတ်အာရုံများက လှုပ်ရှားသွားသည်။
ကောင်းကင်စက်ဝန်းစစ်မြေပြင်၏ ကျွမ်းကျင်သူများက ဆက်သွယ်နေကြသည်။
“မီးစည်းမျဉ်းတင်မကဘူး တိုးတက်ခြင်းနဲ့ ဆုတ်ယုတ်ခြင်းစည်းမျဉ်းကိုလည်း ပိုင်ဆိုင်ထားတယ်။ အရမ်းရှားပါးတယ်။ အနည်းဆုံး လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသိန်းမှာ သူနဲ့ယှဉ်နိုင်တဲ့ ပါရမီရှင် မရှိဘူး”
နတ်အာရုံများ၏ ဆက်သွယ်မှုကြောင့် ပိုမိုများပြားသော ပုံရိပ်များ ပေါ်လာသည်။
ရွှေတောင်ထွတ်တွင်ရှိသော မီးတောက်က ပိုမိုတောက်ပလာသည်။
“ဘုန်း”
ချက်ချင်းဆိုသလိုပင် မီးတောက်များက ဆင့်ကဲထပ်သွားပြီး တောက်ပလာပြန်သည်။
အလင်းစက်ကွင်းများက သွယ်ယှက်နေပြီး မီးပြတိုက်အဖြစ် ပြောင်းလဲသွားသည်။
အံ့ဖွယ်ငါးပါးဓားနည်းစနစ်၏ မီးပြတိုက် ....
ဓားနည်းစနစ် ပေါ်လာသောအချိန်တွင် ပုံရိပ်တိုင်းက သတ်ဖြတ်ခံလိုက်ရသည်။
ဟန်မူယဲ့၏ ဓားက ပိုမိုလျင်မြန်လာသည်။
“ဝီ”
သိပ်မဝေးသောနေရာတွင် အလင်းတန်းတစ်ခုက ပျက်စီးသွားသည်။ ထို့နောက် ဟန်မူယဲ့၏ အလင်းတန်းနှင့် ပေါင်းစပ်ပြီး ပုံရိပ်နှစ်ခုကို ထုတ်ပေးသည်။
သို့သော် ထိုပုံရိပ်များ ပေါ်လာသောအချိန်တွင် သူ၏ ဓားချက်ကြောင့် ပျက်စီးသွားသည်။
ဓားအလင်းသည် ပျံသန်းနေသော နဂါးတစ်ကောင်ကဲ့သို့ တောင်တန်းနှင့် မြစ်များကို ကျော်ဖြတ်သွားသည်။
“ပြတ်သားတယ်”
“သူက ဓားတာအိုအတွက် မွေးဖွားလာတာပဲ”
“ဓားတာအိုရဲ့ အစစ်အမှန်အဓိပ္ပာယ်ကို သူ့ဓားချက်တိုင်းမှာ မြင်နိုင်တယ်”
အလင်းလွှာကို စောင့်ကြည့်နေသော ကျွမ်းကျင်သူများက ဟန်မူယဲ့ကို အာရုံစိုက်ထားလိုက်ကြသည်။
နတ်ဘုရားကမ္ဘာတွင် ဂိုဏ်းတချို့က စိတ်ဝင်စားနေကြသည်။
“တကယ်လို့ သူက ပြိုင်ပွဲရဲ့ နံပတ်တစ် ဖြစ်လာရင် ဂိုဏ်းသားအဖြစ် သိမ်းသွင်းရမယ်”
“နတ်ဘုရားရင်းမြစ်နန်းတော်ကို ဆန့်ကျင်ဖို့ ထိုက်တန်ရဲ့လား”
“နတ်ဘုရားရင်းမြစ်နန်းတော်လား။ တကယ်လို့ ဟန်မူယဲ့က နံပတ်တစ် ဖြစ်လာရင် သူတို့က အလုပ်ရှုပ်နေလိမ့်မယ်”
ထိုသို့ဖြင့် ဟန်မူယဲ့က ပုံရိပ်ငါးခုနှင့် ရင်ဆိုင်နေရသည်။
ထိုပုံရိပ်များသည် မတူညီသော ဓားနည်းစနစ်ကို အသုံးပြုနေသည်။
ယခုအချိန်တွင် လူအနည်းငယ်ကသာ ပုံရိပ်နှစ်ခုနှင့် ရင်ဆိုင်နေရသည်။ ဟွမ်ခြောက်ကသာ ပုံရိပ်သုံးခုနှင့် တိုက်ခိုက်နေသည်။
ပုံရိပ်ငါးခုသည် စိတ်ကူးမယဉ်နိုင်လောက်ပေ။
ဟန်မူယဲ့၏ ဓားနှစ်လက်သည် ပုံရိပ်ငါးခု၏ တိုက်ခိုက်မှုကို ခုခံပြီး ပြန်လည်တိုက်ခိုက်နေသည်။
သူက ဓားနည်းစနစ်ကို လေ့ကျင့်နေခြင်းသာ ဖြစ်သည်။ ထိုပုံရိပ်များကို သတ်ပစ်နိုင်သည်။
သူ၏ ဓားရေးကျွမ်းကျင်မှုသည် အလွန်ရှားပါးသည်။
လေဟာနယ်တွင်ရှိသော ပုံရိပ်များနှင့် အလင်းလွှာကို ကြည့်နေသောလူများက ဟန်မူယဲ့ကို အာရုံစိုက်ထားကြသည်။
ဟန်မူယဲ့က သူတို့ကို နားလည်နေသည့်အလား ဓားနည်းစနစ်ကို နှေးလိုက်သည်။
လူတိုင်းက ရှင်းလင်းစွာ ခံစားနိုင်သည်။
သူ၏ ဘယ်ဘက်လက်တွင်ရှိသော ဓားတိုက ပုံရိပ်၏ ဓားချက်ကို တားဆီးထားသည်။ ထိုဓားတိုက ဓားသွားတစ်လျှောက်တွင် လျောဆင်းသွားပြီး ပြိုင်ဘက်၏ဓားကို လွင့်ထွက်သွားစေသည်။ ထို့နောက် ဓားအလင်းက ရေပြင်ညီအတိုင်း ပေါ်ထွက်လာပြီး တခြားပုံရိပ်၏ ရင်ဘတ်ကို ခုတ်ပိုင်းလိုက်သည်။
သူက လှုပ်ရှားပြီး နောက်ကျောဘက်မှ တိုးဝင်လာသော ဓားချက်ကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် တစ်ဖက်သို့ လှည့်မကြည့်ဘဲ နောက်ကျောတွင်ရှိသော ပုံရိပ်ကို ညာဘက်လက်တွင်ရှိသော ဓားရှည်ဖြင့် ထိုးချသည်။
သူက ဓားချက်သုံးချက်ဖြင့် ပုံရိပ်သုံးခုကို အဆုံးသတ်ပေးခဲ့သည်။
ထိုအချိန်တွင် သူ၏ ဓားချက်က လေဟာနယ်အတားအဆီးကိုပင် ကျော်ဖြတ်သွားသည်။
“အရမ်းသန်မာတယ်”
နတ်ဘုရားရင်းမြစ်နန်းတော်တွင် လူတစ်ယောက်က မနေနိုင်တော့ဘဲ ရေရွတ်သည်။
သူက စကားအဆုံးတွင် မျက်နှာထားပြောင်းလဲသွားသည်။
ဟန်မူယဲ့၏ စွမ်းရည်နှင့် ပြိုင်ပွဲတွင် သေချာပေါက် နံပတ်တစ်ရလိမ့်မည်။
‘ငါတို့ ဘာလုပ်ကြမလဲ’
လူတိုင်းက နန်းတော်သခင်ထိုက်ယွမ်ကို ကြည့်လိုက်ကြသည်။ နန်းတော်သခင်၏ မျက်လုံးများက မှောင်မည်းနေသည်။
“သူ့ကို လွှတ်ပေးလို့မဖြစ်ဘူး”
သူက ကောင်းကင်စက်ဝန်းစစ်မြေပြင်မှ ကျွမ်းကျင်သူများ၏ပုံရိပ်ကို ကြည့်လိုက်ပြီး အံကြိတ်ထားသည်။
“ကောင်းကင်ကျောက်တိုင်ကို ယူလာခဲ့”
‘ကောင်းကင်ကျောက်တိုင်’
လူတိုင်းက ကြောင်အနေပြီး မျက်လုံးပြူးသွားသည်။
“ကောင်းကင်ကျောက်တိုင်က နောက်တစ်ကြိမ်ကပ်ဘေးနဲ့ ပတ်သတ်နေတယ်။ အဲဒီပစ္စည်းက နတ်ဘုရားရင်းမြစ်နန်းတော်ရဲ့ ကံကောင်းခြင်းကို ဖိနှိပ်ပေးထားတယ် ....”
စကားပြောလိုက်သော အကြီးအကဲက ခေါင်းငုံ့ထားသည်။
နတ်ဘုရားပစ္စည်းဖြစ်သော ကောင်းကင်ကျောက်တိုင်ကို နတ်ဘုရားသားရဲ ပါ့ရှားက သယ်ဆောင်ထားခဲ့သည်။
နတ်ဘုရားရင်းမြစ်နန်းတော်၏ အတွင်းပိုင်းတွင် ချုပ်နှောင်ထားသော နတ်ဘုရားဘုရင်က ကောင်းကင်ကျောက်တိုင်အတွက် အစီအစဉ်ချခဲ့သည်။
နောက်ထပ် အကြီးအကဲတစ်ယောက်က တီးတိုးပြောသည်။
“ကောင်းကင်ကျောက်တိုင်က ကပ်ဘေးအပြင် ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်နဲ့လည်း ပတ်သတ်နေပါတယ်။ ကောင်းကင်စက်ဝန်းစစ်မြေပြင်ရဲ့ ကျွမ်းကျင်သူတွေက ပါ့ရှားသွေးမျိုးဆက်မှာ ကောင်းကင်ကျောက်တိုင်နဲ့ ပတ်သတန်နေတဲ့လူတွေကို သတ်ဖြတ်ပစ်ရမယ်လို့ သတိပေးထားတယ်”