အခန်း (၁၁၈၉)
Vol. 85 Ch. 1189
ဟန်မူယဲ့က အင်မော်တယ်ဘုရင်ထုံထျန်း၏ ကောင်းကင်စက်ဝန်းဝင်္ကပါတွင် များပြားသော ဓားနည်းစနစ်များကို ပေါင်းထည့်ခဲ့သည်။ ယခုအချိန်တွင် ဓားဝင်္ကပါက ကြယ်တစ်စင်းသဖွယ် တောက်ပနေသည်။
ထိုဝင်္ကပါသည် ကောင်းကင်စုပေါင်းကုန်းမြေ၏ ဝင်္ကပါထက်ပင် ခမ်းနားသည်။
မရေမတွက်နိုင်သော နှစ်များတွင် ဟန်မူယဲ့က ကောင်းကင်စက်ဝန်းဓားဝင်္ကပါကို ကိုယ်ပိုင်စွမ်းအားဖြင့် ထိန်းချုပ်ခဲ့သော ပထမဆုံးလူ ဖြစ်သည်။
“ဘုန်း”
အလင်းတန်းများအားလုံး ပျက်စီးသွားပြီး တစ်ခုသာ ကျန်ရစ်ခဲ့သည်။
ထိုအလင်းတန်းထဲတွင် လူတစ်ယောက်သာ ရှိနေသည်။
ဟန်မူယဲ့ဖြစ်သည်။
သူက ရွှေတောင်ထွတ်၏ နံပတ်တစ်နေရာကို ယူထားလိုက်သည်။
နတ်ဘုရားရင်းမြစ်နန်းတော်သည် မရေမတွက်နိုင်သော တန်ဖိုးကို လျော်ကြေးပေးရတော့မည်။
မရေမတွက်နိုင်သော အလင်းလွှာများ၏ရှေ့တွင် လူတိုင်းက အံ့အားသင့်နေသည်။
သူတို့က နတ်ဘုရားရင်းမြစ်နန်းတော်၏ ကံဆိုးမှုကို စောင့်ကြည့်ပြီး စိတ်ကျေနပ်နေကြသည်။
“မင်းရဲ့ ဓားနည်းစနစ်က မဆိုးဘူးပဲ”
အသံတစ်သံ ပေါ်ထွက်လာသည်။
ဓားရှည်တစ်လက်လွယ်ထားသော အစိမ်းရောင်ပုံရိပ်က ဆင်းသက်လာသည်။
“အဲဒါက ဘယ်သူလဲ”
အလင်းလွှာကို စောင့်ကြည့်နေသော မရေမတွက်နိုင်သည့် လူများက စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်ကြသည်။
နတ်ဘုရားရင်းမြစ်နန်းတော်တွင် နန်းတော်သခင်က မျက်လုံးပြူးသွားသည်။ သူက ထိုလူကို မယုံကြည်နိုင်စွာ ကြည့်သည်။
“အင်မော်တယ်ဘုရင်ကျူးယွမ်၊ မဟုတ်သေးဘူး အစစ်အမှန်နတ်ဘုရားကျူးယွမ်ပဲ”
အစစ်အမှန်နတ်ဘုရား ....
အင်မော်တယ်ဖြစ်သော်လည်း ခွန်အားသာလွန်သော ကျွမ်းကျင်သူများ၏ အမည်နာမ ဖြစ်သည်။
ထိုကျွမ်းကျင်သူများသည် ကောင်းကင်စက်ဝန်းစစ်မြေပြင်တွင် ရှိနေကြသည်။
“မင်းရဲ့ ဓားနည်းစနစ်ကို ကြည့်ပါရစေ”
အစိမ်းရောင်ဝတ်စုံနှင့်လူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး လက်မြှောက်သည်။ အစိမ်းရောင်တံဆိပ်ပြားသည် သူ့လက်ထဲတွင် ပေါ်လာသည်။
“ငါနဲ့ ဆယ်ကြိမ်တိုက်နိုင်ရင် ဒီတံဆိပ်ပြားကို ပေးလိုက်မယ်”
ဟန်မူယဲ့က ထိုတံဆိပ်ပြားကို မသိကြောင်း မြင်လိုက်ရသောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့်လူက ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။
“ဒါက ပျက်စီးခြင်းကောင်းကင်နယ်မြေကို ဝင်ရောက်နိုင်တဲ့ တံဆိပ်ပြားပဲ”
‘ပျက်စီးခြင်းကောင်းကင်နယ်မြေလား’
အလင်းလွှာကို စောင့်ကြည့်နေသော လူများက ထိတ်လန့်စွာ အသံပြုလိုက်ပြီး တံဆိပ်ပြားကို အားကျစွာ စိုက်ကြည့်နေကြသည်။
“ပျက်စီးခြင်းကောင်းကင်နယ်မြေမှာ မင်းလိုမျိုး လူငယ်လက်ရွေးစင်တွေက လျင်လျင်မြန်မြန် တိုးတက်လာနိုင်တယ်”
“အဲဒီနေရာမှာ ကောင်းကင်စက်ဝန်းစစ်မြေပြင်ရဲ့ မျိုးဆက်သစ်တွေကို လေ့ကျင့်ပေးတယ်”
“အချိန်မြစ်ရဲ့ ကျွမ်းကျင်သူတွေကလည်း အဲဒီမှာ စုစည်းနေတယ်”
ထိုလူ၏ စကားကြောင့် အလင်းလွှာကို ကြည့်နေသော ကျွမ်းကျင်သူများ၏ အားကျစိတ်က ပိုမိုပြင်းထန်လာသည်။
“ဒီတံဆိပ်ပြားကို ရလိုက်ရင် မင်းနဲ့ မင်းရဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေက မသေမျိုးဖြစ်လာဖို့ လွယ်ကူသွားလိမ့်မယ်။ အဲဒီထက်တောင် ကျော်လွန်သွားနိုင်တယ်”
ထိုလူက ဆက်ပြောချင်သော်လည်း ရုတ်တရက် ရပ်တန့်လိုက်သည်။
ဓားအလင်းသည် သူ့ပုံရိပ်ကို ထိုးဖောက်သွားသည်။
သို့သော် ချက်ချင်းဆိုသလိုပင် သူက တခြားဘက်တွင် ပေါ်လာသည်။
“ကောင်းပြီ ....”
သူက စကားမဆုံးခင် ဓားအလင်း၏ ထိုးဖောက်မှုကို ခံလိုက်ရပြန်သည်။
ဟန်မူယဲ့၏ ဓားက အလွန်လျင်မြန်သည်။
ယခုအချိန်တွင် သူ့စိတ်က လက်ထဲတွင်ရှိသော ဓားနှင့် တစ်သားတည်းဖြစ်နေသည်။
သူက တစ်ဖက်လူ၏ လှုပ်ရှားမှုကို ဂရုမစိုက်တော့ပေ။
သူ့လက်ထဲတွင် ဓားတစ်လက်သာရှိသည်။ ဓားများသည် တစ်လက်ပြီးတစ်လက် ပေါ်ထွက်လာသည်။
ဓားချက်များသည် အဆုံးမရှိပေ။
ဓားအလင်း၏ ခွန်အားက ဓားချက်တိုင်းတွင် ပိုမိုပြင်းထန်လာသည်။
ယခင်ဓားချက်၏ ခွန်အားသည် နောက်မှလိုက်လာသော ဓားချက်တွင် ပေါင်းစပ်သွားသည်။
“ခလွမ်”
ဓားချက်ဆယ်ချက်အပြီးတွင် အစိမ်းရောင်ဝတ်စုံနှင့်လူက တိုက်ခိုက်ပြီး ဟန်မူယဲ့၏ဓားကို တားဆီးသည်။
ဓားနှစ်လက် ထိတွေ့သွားသည်။ သို့သော် အစိမ်းရောင်ဝတ်စုံနှင့်လူက မလှုပ်ရှားပေ။ ဟန်မူယဲ့ကတော့ တစ်ကိုယ်လုံးတုန်ခါနေသည်။ သူ၏ ဓားနည်းစနစ်စွမ်းအားက လွင့်ပြယ်သွားသည်။
ဟန်မူယဲ့၏ ဓားတာအိုသည် ပထမဆုံးအကြိမ်အဖြစ် ချိုးဖျက်ခံလိုက်ရသည်။
“မင်းက ငါထင်ထားတာထက် ပိုသန်မာတယ်”
အစိမ်းရောင်ဝတ်စုံနှင့်လူက လက်မြှောက်ပြီး လက်ထဲတွင်ရှိသော တံဆိပ်ပြားကို ဟန်မူယဲ့ဆီသို့ ပေးသည်။
“မင်းရဲ့ ဓားတာအိုပါရမီက ကောင်းမွန်တယ်။ မြန်မြန်ကြီးပြင်းလာမယ်လို့ မျှော်လင့်တယ်”
ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်သောအခါ ထိုလူ၏ပုံရိပ်က ပျောက်ကွယ်သွားသည်။
ထိုပုံရိပ် ပျောက်ကွယ်သွားသောအခါ ကောင်းကင်စုပေါင်းကုန်းမြေ၏ အဆုံးမရှိသော အလင်းလွှာများသည် ပြိုကွဲသွားသည်။
အလင်းတန်းသည် ဆင်းသက်လာပြီး ဟန်မူယဲ့ကို လွှမ်းခြုံလိုက်သည်။
ထို့နောက် မတူညီသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးအချိန်အထိ တောင့်ခံထားနိုင်သော ပုံရိပ်ယောင်အများအပြားရှိသည့် လူများကို လွှမ်းခြုံသည်။
အလင်းတန်းတစ်ရာသည် တောက်ပနေခဲ့သည်။
ဟန်မူယဲ့၏ကိုယ်ပေါ်တွင်ရှိသော အလင်းတန်းသည် တခြားလူများထက် ထူထဲပြီး သိပ်သည်းနေသည်။
သူက ယခုနှစ် ရွှေတောင်ထွတ်ပြိုင်ပွဲ၏ နံပတ်တစ် ဖြစ်သည်။
အလင်းတန်း ဆင်းသက်လာသောအခါ စောင့်ကြည့်နေသော ကျွမ်းကျင်သူများက မတ်တပ်ရပ်လိုက်ကြသည်။
နတ်ဘုရားကမ္ဘာတွင်ရှိသော လူအများ၏မျက်နှာထားက ထူးဆန်းနေသည်။
“သူက ပြိုင်ပွဲကို တကယ်နိုင်သွားတာပဲ ....”
အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က မျက်လုံးများတောက်ပနေပြီး အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။ သူက ရေရွတ်သည်။
“အဲဒါဆိုရင် နတ်ဘုရားရင်းမြစ်နန်းတော်က ဘယ်လိုဖြစ်သွားမှာလဲ။ သူတို့က ဘာလုပ်ကြမှာလဲ”
ထိုအရာသည် လူတိုင်း၏အတွေး ဖြစ်သည်။
ရွှေတောင်ထွတ်၏ ပြိုင်ပွဲက ပြီးဆုံးသွားသည်။ သို့သော် စောင့်ကြည့်နေသောကျွမ်းကျင်သူများက အနားယူရန် စိတ်ကူးမရှိကြပေ။
သူတို့က နတ်ဘုရားရင်းမြစ်နန်းတော်၏ တုံ့ပြန်မှုကို စောင့်ကြည့်ချင်ကြသည်။
‘နတ်ဘုရားရင်းမြစ်နန်းတော်က လျော်ကြေးပေးမှာလား’
အကယ်၍ နတ်ဘုရားရင်းမြစ်နန်းတော်က လျော်ကြေးပေးလိုက်လျှင် နတ်ဘုရားလောက၏ နံပတ်တစ်ဂိုဏ်းဟူသော ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။
“ငါတော့ ချမ်းသာပြီ”
ကောင်းကင်စုပေါင်းကုန်းမြေတွင် တိတ်ဆိတ်စွာ လျော်ကြေးယူလာသော တာအိုတန်ခိုးရှင်စုယွီက စိတ်လှုပ်ရှားစွာ ရေရွတ်သည်။ သူက ခေါင်းငုံ့ထားပြီး လျင်မြန်စွာ ထွက်သွားသည်။
ထိုကြွယ်ဝမှုနှင့်ဆိုလျှင် သူက နတ်ဘုရားရင်းမြစ်နန်းတော်အတွက် အလုပ်ကြိုးစားပေးနေရန် မလိုတော့ပေ။
သူက နတ်စွမ်းအားသလင်းကျောက် ၂,၁၀၀ကို ဟန်မူယဲ့ဘက်တွင် လောင်းကြေးထပ်ခဲ့သည်။ ထိုအချိန်တွင် လျော်ကြေးအချိုးက တစ်ဆ တစ်သောင်းဆ ဖြစ်သွားသော်လည်း သူက နတ်စွမ်းအားသလင်းကျောက် ၂၁သန်းကို ရခဲ့သည်။
ထိုပမာဏသည် သူ့အတွက် တစ်သက်လုံးသုံးစွဲသွားရန် လုံလောက်သည်။
သူက နတ်ဘုရားရင်းမြစ်နန်းတော်တွင် နေထိုင်ပြီး တခြားလူများ၏အမိန့်ကို နာခံနေရန် မလိုတော့ပေ။
သူက ခန်းဆောင်ထဲမှ ထွက်သွားသောအချိန်တွင် ကောင်းကင်စုပေါင်းကုန်းမြေကို လွှမ်းခြုံထားသော အလင်းလွှာက အက်ကွဲသွားသည်။
ရွှေတောင်ထွတ်ပြိုင်ပွဲတွင် ပါဝင်ခဲ့သော လက်ရွေးစင်များက တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်လာကြသည်။
သို့သော် ၇၀%ကသာ အသက်ရှင်လျက် ပြန်လာနိုင်သည်။
ကျန်ရှိနေသော ၃၀%က သေဆုံးသွားခဲ့သည်။
“ကြည့်လိုက် ဒီတစ်ခေါက်ပြိုင်ပွဲရဲ့ နံပတ်တစ် ယွင်လန်ဓားအင်မော်တယ် ဟန်မူယဲ့ပဲ”
လူတစ်ယောက်က ကျယ်လောင်စွာအော်လိုက်ပြီး လျင်မြန်စွာပြေးလာသော ဟန်မူယဲ့ကို ညွှန်ပြသည်။
ဟန်မူယဲ့က တုံ့ဆိုင်းမနေဘဲ လောင်းကစားခန်းဆောင်သို့ ရောက်လာသည်။
“ကောင်လေး၊ မင်းတော့ ချမ်းသာပြီ”
“ပွပေါက်တိုးတာပဲ”
ရွှေရောင်ငှက်က စိတ်လှုပ်ရှားစွာပြောသည်။
“မင်းက အရမ်းရက်စက်မယ်လို့ ထင်မထားခဲ့ဘူး”
ခေးအော့ကလည်း ခန်းဆောင်၏ အလင်းလွှာတွင် ပေါ်လာသည်။
“နတ်ဘုရားရင်းမြစ်နန်းတော်ရဲ့ လူတွေက မင်းကိုလာသတ်မှာ မစိုးရိမ်ဘူးလား”
ဟန်မူယဲ့က စကားမပြောဘဲ နာမည်တံဆိပ်ပြားကို အလင်းလွှာတွင် တင်လိုက်သည်။
လျော်ကြေးလာထုတ်သည်။
သိန်းသန်းချီသော နတ်စွမ်းအားသလင်းကျောက်များ ရှိနေသည်။
ထိုပမာဏကို နတ်ဘုရားလောက၏ အကြီးမားဆုံးဂိုဏ်းနှင့် တခြားဂိုဏ်းကြီးသုံးဂိုဏ်းက ထုတ်ပေးခဲ့သည်။
ထိုကြွယ်ဝမှုကို ပေးအပ်လိုက်ရသောကြောင့် နတ်ဘုရားလောကသည် ခက်ခဲသွားလိမ့်မည်။
သို့သော် ဟန်မူယဲ့က တုံ့ဆိုင်းမနေပေ။ သူက အလင်းလွှာတွင်ရှိသော တောင်လိုပုံနေသည့် နတ်စွမ်းအားသလင်းကျောက်နှင့် ရတနာပစ္စည်းများကို သိမ်းယူလိုက်သည်။
ကမ္ဘာဦးချပ်ဝတ်၏ နေရာလွတ်ကသာ နတ်စွမ်းအားသလင်းကျောက် သန်းသုံးသိန်း၊ အင်မော်တယ်ရတနာတစ်သိန်းနှင့် ထိပ်တန်းအဆင့်ရတနာ တစ်သောင်းကို သိမ်းဆည်းထားနိုင်သည်။
ထိုအရာသည် နတ်ဘုရားရင်းမြစ်နန်းတော်၏ အခြေခံအုတ်မြစ် ဖြစ်သည်။
နတ်ဘုရားလောက၏ ကြွယ်ဝမှု ၈၀%လည်း ဖြစ်သည်။
ထို့အပြင် ရွှေမျက်လုံးနှင့်တူသော ရွှေရောင်အလုံးတစ်လုံးလည်း ရှိနေသည်။
ကောင်းကင်စုပေါင်းကုန်းမြေ၏ ထိန်းချုပ်ပိုင်ခွင့် ဖြစ်သည်။ ဝင်္ကပါကိုလည်း ထိန်းချုပ်နိုင်သည်။
ဗလာဖြစ်သွားသော အလင်းလွှာ၏ရှေ့တွင် ဟန်မူယဲ့က အသက်ရှူသွင်းလိုက်ပြီး လောင်းကစားခန်းဆောင်ထဲမှ ထွက်လာသည်။
နတ်ဘုရားရင်းမြစ်နန်းတော်သည် ထိုပစ္စည်းများအား ယူသွားရန် ခွင့်ပြုမည်မဟုတ်ပေ။
မည်သူမှ ထိုကြွယ်ဝမှုများကို ယူမသွားနိုင်ပေ။
သူကလည်း မလုပ်နိုင်ပေ။
ထိုကြွယ်ဝမှုကြောင့် ဤစကြဝဠာထဲမှ ထွက်မသွားသ၍ နေရာတိုင်းတွင်ရှိနေသော ကျွမ်းကျင်သူများက သူ့ကို ပစ်မှတ်ထားကြလိမ့်မည်။
သူက ခန်းဆောင်ထဲမှ ထွက်လာသောအခါ အပြင်ဘက်တွင် လက်ရွေးစင်များနှင့် ပြည့်နေသည်။
ဟွမ်ခြောက်က ပြုံးလိုက်ပြီး ရှေ့တက်လာသည်။
“မင်းက အမြဲတမ်း ကံကောင်းနေတာပဲ”
ကံကောင်းသည်။
ဟန်မူယဲ့က ဓားစံအိမ်ထဲသို့ ဝင်လာသောအချိန်မှစ၍ နေရာတိုင်းတွင် ကံကောင်းခဲ့သည်ဟု ပြောနိုင်သည်။
သူက ဓားစံအိမ်တွင် ပထမဆုံးကြွယ်ဝမှုအဖြစ် ကျန်းဟန်၏လက်ထဲမှ ဝိညာဉ်ကျောက်တုံးတစ်သောင်းကို ရခဲ့သည်။
ထိုအချိန်မှစ၍ ဟန်မူယဲ့သည် ဝိညာဉ်ကျောက်တုံးများ ပြတ်လပ်သွားခြင်း မရှိခဲ့ပေ။
“အစ်ကိုခြောက်၊ အခု နတ်ဘုရားရင်းမြစ်နန်းတော်ကို ရန်စပြီးသွားပြီဆိုတော့ ဘာဆက်လုပ်မှာလဲ”
ဟန်မူယဲ့က ဟွမ်ခြောက်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“နတ်ဘုရားလောကကို ပြန်မသွားဘဲနေကြမလား”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟွမ်ခြောက်က ရယ်သည်။
“ဒီမှာကြည့်လိုက် ....”
ဟွမ်ခြောက်က ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပြသည်။ အင်းကွက်နှစ်ခုသည် ကျောက်စိမ်းပြားပေါ်တွင် ရှိနေသည်။
ပျက်စီးခြင်းကောင်းကင်နယ်မြေသို့ သွားနိုင်မည့် တံဆိပ်ပြား ဖြစ်သည်။
ဟွမ်ခြောက်က ထိုတံဆိပ်ပြားကို ရထားသည်။
“အစ်ကိုခြောက်က ပျက်စီးခြင်းကောင်းကင်နယ်မြေကို သွားတော့မှာလား”
ဟန်မူယဲ့က မေးသည်။
“ငါမသွားဘူး”
ဟွမ်ခြောက်က ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။
“ဒါပေမဲ့ မင်းသွားရမယ်”
“နတ်ဘုရားရင်းမြစ်နန်းတော်က မင်းကို လွှတ်ပေးမှာမဟုတ်ဘူး”
“ငါက မင်းရဲ့ ကိစ္စတွေကို ဂရုစိုက်ထားလိုက်မယ်။ မင်းက ပြန်မလာနိုင်ဘူးဆိုရင် ပျက်စီးခြင်းကောင်းကင်နယ်မြေကို သွားလိုက်တော့”
ဟွမ်ခြောက်၏ မျက်နှာထားက လေးနက်နေသည်။
သူက ဟန်မူယဲ့ကို တာဝန်အများအပြားနှင့် ထားခဲ့ပြီး ထွက်သွားလေ့ရှိသည်။
ယခုအချိန်တွင် ဟန်မူယဲ့ ထွက်သွားရမည့်အလှည့် ဖြစ်သည်။