ရူးသွပ်သွားသော မိုရွဲ့
Vol. 64 Ch. 886
ထိပ်တန်းကြယ်သခင်နှစ်ယောက် ထွက်ပြေးသွားသည်ကို အာရုံခံမိသောအခါ မျက်ကန်းကြီးက တည်ငြိမ်စွာဖြင့် ညာလက်ကို ယမ်းလိုက်သည်။ လေထဲတွင် လက်ဟန်တစ်ခု ဖြစ်တည်လာ၍ ထွက်ပြေးနေသူနှစ်ယောက်ကို ဆွဲထားလိုက်သည်။ သူတို့က ခြေထောက်များ ပျော့ခွေသွားကာ တစ်ဖက်လူ၏ လှောင်ပြုံးကြောင့် နဖူးမှ ချွေးများ စီးကျလာသည်။ ဤမျက်ကန်းကြီးက သံသယဝင်စရာမရှိလောက်အောင် အစွမ်းထက်နေသောကြောင့် ပုံရိပ်ယောင်ပုလဲသည် လုံခြုံစွာဖြင့် ထွက်ခွာသွားနိုင်ခဲ့သည်။ ကြယ်သခင်အဆင့် ရောက်ပြီးနောက် နင်အာသည် စကြဝဠာအတွင်း လွတ်လပ်စွာ သွားလာနိုင်ပြီး အဝေးတစ်နေရာသို့ ရောက်သောအခါ ကောင်းကင်လှေကို ဆင့်ခေါ်၍ စီးနင်းသွားသည်။
တော်ဝင်သင်္ချိုင်းအတွင်း၌ ယဲ့ချန်ကို ပန်လိက ဦးဆောင်၍ သွေးမြူခိုးများအတွင်း ခေါ်ဆောင်သွားကာ လေဟာနယ်တံခါးတစ်ခုထံ ရောက်ရှိလာကြသည်။ ၎င်းအတွင်း ဝင်ရောက်လိုက်သောအခါ အလင်းတန်းများ ဖြတ်ခနဲ လက်သွားပြီး ယဲ့ချန် မျက်လုံးဖွင့်လိုက်ချိန်တွင် ခမ်းနားသော ခန်းမကြီးတစ်ခုအတွင်း ရောက်သွားခဲ့သည်။ ၎င်းက ရှေးဆန်၍ ဟောင်းနွမ်းနေသော်လည်း အပျက်အစီးတစ်စုံတရာမရှိဘဲ အလယ်၌ အစီအရင်တစ်ခု ရှိနေသည်။ အစီအရင်အတွင်း၌ တစ်ကိုယ်လုံးကို ဝတ်ရုံနက်ဖြင့် ခြုံလွှမ်းထားသူတစ်ယောက် တင်ပျဥ်ခွေထိုင်နေပြီး အနက်ရောင် မျက်လုံးတစ်စုံသာ ထွက်ပေါ်နေသည်။ ဝတ်ရုံနက်က ယဲ့ချန်ကို နားလည်ရခက်သော အကြည့်မျိုးဖြင့် စိုက်ကြည့်နေခဲ့သည်။
ယဲ့ချန်က ပတ်ဝန်းကျင်ကို စူးစမ်းပြီးနောက် ဝတ်ရုံနက်နှင့် အကြည့်ချင်း ရင်ဆိုင်လိုက်၏။ တစ်ဖက်လူက ကောင်းသခင်၏ ဝိညာဥ်အဆီအနှစ်ကို အလွန်တရာ လိုချင်နေသောကြောင့် မည်မျှအစွမ်းထက်ပါစေ ၎င်းကို မရှာနိုင်လျှင် သူ့ကို သတ်ရဲမည် မဟုတ်ချေ။ ဝတ်ရုံနက်က ယဲ့ချန်ကို အချိန်ကြာမြင့်စွာ တိတ်တဆိတ် စိုက်ကြည့်နေသဖြင့် သူက ပဟေဠိဖြစ်လာချိန်တွင် ခပ်အက်အက် ရယ်သံတစ်ခုနှင့်အတူ စကားပြောလာခဲ့သည်။
"ဟား ဟား သူတော်စင်ဘုရင်က နောက်ဆုံးတော့ ငါ့ကို လာတွေ့ရပြီ။ မင်း ပြန်လည်ဝင်စားဖို့အတွက် နှစ်တစ်ရာလောက် အနည်းဆုံးလိုမယ်လို့ ထင်ထားပေမယ့် သိပ်မကြာလိုက်ပါလား"
"ဘာသူတော်စင်ဘုရင်လဲ"
ယဲ့ချန်က ကြောင်အမ်းအမ်းဖြစ်သွားကာ အနီးအနားကို ကြည့်လိုက်သော်လည်း ပန်လိပင် ထွက်ခွာသွားသောကြောင့် အခြားသူမရှိချေ။ ပြန်လည်ဝင်စားခြင်းဆိုသော စကားအရ ဤလျှို့ဝှက်ချက်သည်လည်း ဓားပျံနှင့် ပတ်သက်နေရမည်ဟု သူက နားလည်လိုက်သည်။
"မင်းက ကောင်းကင်မူလကြယ်ရဲ့ သုညပိုင်ရှင်တစ်ယောက်လား"
ယဲ့ချန်က ဝတ်ရုံနက်ကို မေးလိုက်ခြင်း ဖြစ်သည်။
"မှန်တယ်။ ကောင်းကင်မူလကြယ်မှာ သုညပိုင်ရှင်သုံးယောက်ရှိပြီး ငါက တစ်ယောက်ဖြစ်တယ်"
ဝတ်ရုံနက်က မချွင်းမချန် ဖြေကြားလိုက်သည်။ ဤသုညပိုင်ရှင်သုံးယောက်သည် ကောင်းကင်မူလကြယ်မှ ထွက်ခွာသွားသည်မှာ အလွန်ကြာမြင့်ပြီဖြစ်သောကြောင့် ရောင်ယွမ်နှင့် ယဲ့ချန် မပါဝင်ပေ။
"သူတော်စင်ဘုရင် ရောက်အလာကို စောင့်ဖို့ ကျိုးလီက ငါ့ကို ခိုင်းစေခဲ့တယ်။ ငါစောင့်နေခဲ့တာ နှစ်တစ်သောင်း ကျော်သွားပြီ။ ကျိုးလီရဲ့ သက်တမ်းဆွဲဆန့် နည်းစနစ်ကြောင့်သာမဟုတ်ရင် အသက်ဆက်ရှင်မယ် မထင်ဘူး။ ငါ့တာဝန်က မင်းကို တစ်ခုခုပေးဖို့ ဖြစ်တယ်"
ဝတ်ရုံနက်က မှတ်ဉာဏ်များကို အစဖော်နေဟန်ဖြင့် တစ်လုံးချင်းပြောနေရာမှ ရုတ်တရက် ထရယ်လိုက်ပြန်သည်။
"မင်းက ဘာလုပ်ချင်နေတာလဲ"
တစ်ဖက်လူက မူမမှန်သောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်၏။
"ငါ နောင်တရနေခဲ့တာ နှစ်တစ်ထောင်ကျော်ပြီ။ သူတို့က ဘယ်ကရောက်လာမယ်မှန်း မသိရတဲ့ လူတစ်ယောက်ကို စောင့်နေကြတယ်။ တော်တော်အဓိပ္ပါယ်မရှိတဲ့ အလုပ်ကွာ။ ဒါပေမယ့် မင်းဆီကနေ ငါ ယူစရာရှိတယ်"
ဝတ်ရုံနက်၏အကြည့်က ချက်ချင်းအေးစက်သွားကာ ယဲ့ချန်ထံ အဆိပ်ပြင်းမြွေတစ်ကောင်ပမာ ကျရောက်လာသည်။
"ဒါပေမယ့် မင်း စိုးရိမ်စရာ မလိုပါဘူး။ လောလောဆယ်တော့ မင်းကို ဘာမှမလုပ်ဘူး။ အရင်ဆုံး ငါ လုပ်စရာတွေ ရှိနေသေးတယ်"
ယဲ့ချန်က စိုးရိမ်နေစဥ် ဝတ်ရုံနက်၏အကြည့်က ခန်းမအပြင်သို့ ရောက်ရှိသွားကာ ပန်လိက မိုရွဲ့ကို ဖမ်းချုပ်ခေါ်ဆောင်လာခဲ့သည်။ သူမ၏တစ်ကိုယ်လုံးကို အချိန်လေဟာနယ်ချီများဖြင့် တင်းကြပ်စွာ ဖမ်းချုပ်ထားသဖြင့် မလှုပ်ရှားနိုင်ပေ။
"ငါ့ကိုလွှတ်စမ်း။ အစ်ကိုယဲ့ ရှင်လည်း အဖမ်းခံလိုက်ရပြီလား"
ရွဲ့အာက ဆက်တိုက်ရုန်းကန်နေပြီး ယဲ့ချန်ကို မြင်သောအခါ စိုးရိမ်တကြီး မေးလာခဲ့သည်။
"ရွဲ့အာ အဆင်ပြေရဲ့လား"
ယဲ့ချန်က ရှေ့တိုးချင်သော်လည်း အချိန်လေဟာနယ်ချီများဖြင့် ချက်ချင်းတုပ်နှောင်ခံလိုက်ရသောကြောင့် ခြေတစ်လှမ်းရွေ့ရန်ပင် ခက်ခဲနေသည်။
"ညီမ အဆင်ပြေပါတယ်"
ရွဲ့အာက သက်ပြင်းတစ်ချက်ချ၍ ဖြေလိုက်သည်။
"ကောင်းကင်သခင်ရဲ့ နတ်အရိုး၊ နတ်သွေးစက်နဲ့ သွေးမျိုးဆက်က ငါ့ရုပ်ခန္ဓာ ပြန်လည်တည်ဆောက်ဖို့ သေချာပေါက် စွမ်းဆောင်ပေးနိုင်တယ်။ ငါက သူတော်စင်ဘုရင်ရဲ့ အသွေးအသားကို စုပ်ယူလိုက်ရင် လောကရဲ့ ကံကြမ္မာကို ရှောင်ရှားခိုးယူနိုင်လိမ့်မယ်။ အချိန်ကျလာရင် လူသားမျိုးနွယ်တစ်ခုလုံးမှာ ငါက မတစ်ထောင်တစ်ကောင်ဘွား ဖြစ်လာမှာပဲ"
ဝတ်ရုံနက်က ယဲ့ချန်နှင့် ရွဲ့အာကို တစ်လှည့်စီ စိုက်ကြည့်နေပြီး ယဲ့ချန်သည်လည်း အကြည့်ချင်း ရင်ဆိုင်လိုက်၏။
"သူတော်စင်ဘုရင်။ သူ့နောက်ခံက ဒီလောက်ကြီးမားနေတာလား။ ကျောက်စိမ်းနန်းတော်ထဲက ရတနာတွေကို စဥ်းစားကြည့်လိုက်ရင် သူက ပေါ့သေးသေး မဖြစ်နိုင်ဘူး။ ငါက ဒီဝတ်ရုံနက်အရူး ပြောနေတဲ့ သူတော်စင်ဘုရင် ဖြစ်နေတာလား"
ယဲ့ချန်၏ စိတ်အတွင်း၌ မေးခွန်းတစ်ခု ဖြစ်ပေါ်လာ၏။
"ကောင်းကင်သခင်ရဲ့ ဝိညာဥ်အဆီအနှစ်က မင်းလက်ထဲမှာလား"
ဝတ်ရုံနက်သည် အေးစက်စက် မေးလာသောကြောင့် သူထင်ထားသည့်အတိုင်း ထိုရတနာကို အလွန်လိုချင်နေပုံရသည်။
"ငါက ဒါကို တော်ဝင်သင်္ချိုင်း အပြင်ဘက် ပို့လိုက်ပြီ"
ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။
"နတ်မြေခွေးက ငါ့လက်ထဲကနေ ထွက်ပြေးနိုင်မယ် ထင်နေတာလား"
ဝတ်ရုံနက်က မောက်မာစွာ ရေရွတ်လိုက်သော်လည်း နောက်လိုက်နှစ်ဦး၏ အရှိန်အဝါကို အာရုံမခံနိုင်တော့သဖြင့် ချက်ချင်းမျက်နှာပျက်သွားသည်။ တစ်ဖက်လူ၏ အမူအရာကို ယဲ့ချန်က အကဲခတ်နေပြီး မူလတွင် နင်အာ၏ လုံခြုံရေးကို စိတ်ပူသွားခဲ့၏။ သို့သော် ဝတ်ရုံနက်က ချက်ချင်းတိတ်ဆိတ်သွားသောကြောင့် နင်အာကို ဖမ်းဆီးရန် အကြံအထမမြောက်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ သူမကို တားဆီးရန် ထွက်ခွာသွားသူများမှာ ထိပ်တန်းကြယ်သခင်များ ဖြစ်နိုင်သောကြောင့် အကူအညီတစ်ခုကြောင့် ထွက်ပြေးသွားနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ကူညီသူအကြောင်း စဥ်းစားမိလိုက်သောအခါ သူ၏ခေါင်းအတွင်း မျက်ကန်းကြီး ချက်ချင်းထွက်ပေါ်လာသည်။ မျက်ကန်းကြီးက ဝတ်ရုံနက်၏ ရန်သူဖြစ်သောကြောင့် ကောင်းကင်သခင်၏ ဝိညာဥ်အဆီအနှစ်ကို ယဲ့ချန်အတွက် စီစဥ်ပေးထားခြင်း ဖြစ်သည်။ ဤရတနာက ဝတ်ရုံနက်အတွက် အလွန်အရေးကြီးဟန်တူသည်။
"ငါက ဝိညာဥ်အဆီအနှစ်မရှိရင်တောင် ကောင်းကင်သခင်ရဲ့ ရုပ်ခန္ဓာကို အရယူနိုင်တယ်။ မင်းက ဒါကို ထုတ်မပေးဘူးဆိုရင်တော့ အရင်ဆုံး သေရမယ်"
ဝတ်ရုံနက်၏ ခြိမ်းခြောက်စကားက တစ်လုံးချင်း ထွက်ပေါ်လာသည်။
"မင်းက ငါ့ကို အရူးထင်နေတာလား။ ဒါက မင်းအတွက် အရမ်းအရေးကြီးတယ်ဆိုတာ သိသာတယ်။ ဒါကြောင့် ရွဲ့အာကို လွှတ်ပေးဖို့အတွက် ဝိညာဥ်အဆီအနှစ်နဲ့ ကမ်းလှမ်းမယ်"
ယဲ့ချန်က ရွဲ့အာကို တစ်ချက်စိုက်ကြည့်၍ ဝတ်ရုံနက်ကို ညှိနှိုင်းလိုက်သည်။
"သူတော်စင်ဘုရင်က ဒီလိုကြင်နာတတ်မယ်လို့ မထင်ထားဘူး။ သေရေးရှင်ရေးဖြစ်နေတာတောင် ကိုယ့်ကိုကိုယ်အစား ဒီကလေးမကို ကယ်ချင်နေတယ်။ သူမရဲ့အသွေးအသား အနည်းငယ်ကိုသာ ငါက လိုအပ်တဲ့အတွက် လွှတ်ပေးနိုင်တယ်"
ယဲ့ချန်၏စကားကြောင့် ဝတ်ရုံနက်က အံ့သြသွားပုံရသည့်အပြင် ရွဲ့အာကလည်း တုန်ရီသွားကာ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ ယဲ့ချန်က ကိုယ်တိုင်လုံခြုံရေးထက် သူမ၏လုံခြုံရေးကို စိုးရိမ်နေမည်ဟု သူမက လုံးဝမျှော်လင့်မထားချေ။
"အစ်ကိုယဲ့ ငါ့ကို ဂရုစိုက်စရာ မလိုပါဘူး"
သူမက စတင်ငိုကြွေးလိုက်သည်။
"ရွဲ့အာကိုလွှတ်ပေးရင် မင်းအတွက် ဝိညာဥ်အဆီအနှစ်ကို ငါ သွားယူပေးမယ်"
"ဟား ဟား တော်ဝင်သင်္ချိုင်းအပြင်ဘက်ကို ငါ မထွက်သွားနိုင်ဘူးဆိုတာ မင်း သိထားတယ်မလား"
ဝတ်ရုံနက်က နောက်တစ်ကြိမ် ရယ်မောလိုက်ပြီးနောက် အေးစက်တင်းမာစွာ မေးလိုက်သည်။
"ဘာကြောင့်လဲ"
ယဲ့ချန်က ရိုးသားအပြစ်ကင်းသော မျက်နှာထားဖြင့် ပြန်မေးလိုက်သည်။
"ငါသာ သင်္ချိုင်းအပြင်ဘက်ကို ရောက်သွားရင် မျက်ကန်းကြီးက ချက်ချင်းရောက်လာပြီး သတ်ပစ်လိမ့်မယ်။ ဒီလိုမဟုတ်ရင် ငါက ဘာကြောင့် ဒီနေရာမှာ နှစ်ပေါင်းများစွာ ပုန်းအောင်းနေရမှာလဲ"
"မင်းပြောတဲ့ မျက်ကန်းကြီးကို ငါ မသိဘူး။ မင်းတို့ရဲ့ရန်ကြွေးကိုလည်း ငါ မသိဘူး"
နောက်ဆုံးတွင် ဝတ်ရုံနက်နှင့် မျက်ကန်းကြီးက ရန်သူများဖြစ်ပြီး ဝတ်ရုံနက်သည် မျက်ကန်းကြီးကို အလွန်ကြောက်ရွံ့ကြောင်း ယဲ့ချန်က သိလိုက်ရ၏။ ဝတ်ရုံနက်က နှာခေါင်းတစ်ချက်ရှုံ့ကာ မကျေမနပ်ဖြင့် တိတ်ဆိတ်သွားသောကြောင့် ခန်းမအတွင်း တည်ငြိမ်နေသည်။
"ငါ့ကို လွှတ်စမ်း"
ပန်လိ ချုပ်နှောင်ထားသည့်ကြားမှပင် ရွဲ့အာက ဆက်တိုက်ရုန်းကန်နေသည်။
"နောက်တစ်ခါ ထပ်ရုန်းရင် ချက်ချင်းသတ်ပစ်မယ်"
ပန်လိက စိတ်မရှည်နိုင်ဟန်ဖြင့် သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာသည်။ ယဲ့ချန်၏လက်ချက်ကြောင့် ဖြစ်ပေါ်လာသော နတ်ဆိုးသဘာဝက ယခုအထိ ပျောက်ကွယ်သွားခြင်း မရှိပေ။ အကယ်၍ ဝတ်ရုံနက်သာ အမိန့်ပေးလိုက်လျှင် သူ၏ သွေးဆာရက်စက်သော အခြမ်းက ချက်ချင်းထွက်ပေါ်လာပေလိမ့်မည်။
"ကောင်းကင်သခင်ရဲ့ ဝိညာဥ်အဆီအနှစ်ကို ထုတ်မပေးရင် ဒီကလေးမ သေရမယ်"
ဝတ်ရုံနက်က ခြိမ်းခြောက်လာသောကြောင့် မိုရွဲ့ကို မသေစေချင်သော ယဲ့ချန်က မတည်ငြိမ်နိုင်တော့ပေ။ သူ၏အမူအရာကြောင့် ရွဲ့အာက စိတ်ခံစားချက်များ ပြင်းထန်လာ၍ နှလုံးသားအတွင်း စိုးရိမ်စိတ်များ ဖြစ်တည်လာသည်။ ထိုအချိန်၌ လေပြင်းများ တိုက်ခတ်မနေသော်လည်း သူမ၏ဝတ်ရုံရှည်က တဖြတ်ဖြတ် လွင့်ပျံနေသည်။ သူမ၏ချစ်စရာကောင်းသော မျက်နှာထက်တွင် မြင့်မြတ်သော အလင်းရောင်များ ထွက်ပေါ်လာသဖြင့် ကလေးဆန်သော်လည်း အလှအပတွင် လင်လုံအောက် မနိမ့်ကျပေ။ သူမကို ဗဟိုပြု၍ အစွမ်းထက်အရှိန်အဝါတစ်ခု ဘက်ပေါင်းစုံသို့ ပြန့်ထွက်လာကာ ကောင်းကင်သို့ မြင့်တက်နေသည်။
"ဘာတွေဖြစ်နေတာလဲ"
ဝတ်ရုံနက်က ကြောက်လန့်သွားပြီး မျက်နှာတစ်ခုလုံး ဖြူရော်သွားသည်။ ရွဲ့အာ၏အရှိန်အဝါက ထိပ်တန်းကြယ်သခင်အဆင့်ထက် ကျော်လွန်နေပြီး ဖိအားကြီးမားစွာ ပေးနေသဖြင့် ယဲ့ချန်ပင် အံ့သြသွားရသည်။ ရှောင်လင်း၏စကားအရ ရွဲ့အာသာ ရူးသွပ်သွားလျှင် ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာပိုင်ဆိုင်သော ခြင်္သေ့ကြီးကို ဆယ်ခါပြန်သတ်နိုင်ကြောင်း သူက ချက်ချင်းအမှတ်ရလိုက်သည်။
"ဘန်း"
အရှိန်အဝါဖြင့် အနီးကပ်ထိမှန်ခံလိုက်ရသော ပန်လိမှာ ချက်ချင်းသွေးအန်၍ မီတာတစ်ထောင်ကျော် လွင့်ထွက်သွားကာ ခန်းမ၏နံရံကို ဝင်ဆောင့်သွားခဲ့သည်။ သူက မြေပြင်သို့ ပြုတ်ကျလာပြီး တစ်ကိုယ်လုံးရှိ အရိုးများ၊ သွေးကြောများ ပျက်စီးသွားသဖြင့် အသံတစ်ချက်ပင် မထွက်နိုင်ခဲ့ပေ။ ထိပ်တန်းကြယ်သခင်တစ်ယောက်က အရှိန်အဝါသက်သက်ဖြင့် လွင့်ထွက်သွားသည့်အပြင် သွေးအိုင်တစ်ခုပင် ဖြစ်တည်လာ၏။မို ရွဲ့၏ခွန်အားက ကြောက်စရာကောင်းလောက်အောင် မြင့်မားနေသည်။
"အစ်ကိုယဲ့ ငါ ကြောက်တယ်"
လေထဲတွင် လွင့်မျောနေသော ရွဲ့အာက ဖြည်းညှင်းစွာ ဆင်းသက်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါ ပျောက်ကွယ်သွားကာ မူလအခြေအနေသို့ ပြန်ရောက်နေသည်။ သူမက ယဲ့ချန်အနားသို့ ချက်ချင်းပြေးကပ်လာကာ ချစ်စရာ မျက်နှာလေးထက်တွင် တုန်လှုပ်သော မျက်နှာထားတစ်ခု ဖြစ်ပေါ်နေသည်။ အကယ်၍ ကိုယ်တိုင်ကိုယ်ကျသာ မြင်တွေ့ခဲ့ခြင်းမရှိလျှင် ဤမျှချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်က အရှိန်အဝါသက်သက်ဖြင့် ထိပ်တန်းကြယ်သခင်တစ်ယောက်အား ချေမွပစ်လိုက်သည်ကို ယုံနိုင်စရာ မရှိချေ။