လူသားမျိုးနွယ် ဖိနှိပ်ခံရခြင်း
Vol. 64 Ch. 888
ယဲ့ချန်သည် သူ၏တစ်ကိုယ်လုံးရှိ သွေးများက ကောင်းကင်ထောက်တိုင်ရှိ ဓားပျံအပိုင်းအစ၏ ပဲ့တင်မှုအတိုင်း လှည့်ပတ်လာသည်အား ခံစားနေရသည်။ သူက ဒန်တန်အတွင်း သိမ်းဆည်းထားသော ဓားပျံအစိတ်အပိုင်းကို ထုတ်ယူလိုက်သောအခါ ၎င်းတို့က အချင်းချင်းဆက်သွယ်သွားကာ အလင်းရောင် တဖြတ်ဖြတ် ထွက်ပေါ်လာသည်။ ရွဲ့အာက ဤမြင်ကွင်းကို တအံ့တသြကြည့်နေစဥ် ဘန်းခနဲ မြည်သံနှင့်အတူ တိုင်လုံးကြီးအတွင်း စိုက်ဝင်နေသော ဓားပျံအပိုင်းအစက ကျွတ်ထွက်လာကာ ယဲ့ချန်ထံ လျင်မြန်စွာ ပျံသန်းလာသည်။
"ထန်"
ဓားပျံအစိတ်အပိုင်းနှစ်ခုက အသိစိတ်ရှိနေသည့်အလား အချင်းချင်းဆက်သွယ်၍ အလိုလို ပေါင်းစည်းသွားသောအခါ နောက်ဆုံးတွင် ထက်ရှသော ဓားပျံ၏ထိပ်ပိုင်း ဖြစ်တည်လာသည်။ ၎င်းတွင် တာအိုစွမ်းအားများစွာ ပါဝင်နေပြီး ယဲ့ချန်၏ ကောင်းကင်ဖန်တီးရုန်းထက်ပင် ပို၍အစွမ်းထက်နေခဲ့သည်။ ၎င်းက မပြည့်စုံသေးသော်လည်း ပြိုင်ဘက်ကင်း အစွမ်းထက်နေသောကြောင့် ထက်ရှမှုကို သူကိုယ်တိုင်ပင် သတိထားနေရ၏။ အကယ်၍ ဓားပျံတစ်ခုလုံးသာ ဖြစ်တည်လာလျှင် အလွန်အမင်း အစွမ်းထက်ပေလိမ့်မည်။ အစိတ်အပိုင်းနှစ်ခုသာ ဖြစ်သော်လည်း ပေါင်းစည်းသွားသောအခါ ဓားပျံ၏ထိပ်ဖျားပိုင်း ဖြစ်ပေါ်လာသောကြောင့် တစ်လက်လုံး ပြည့်စုံရန်အတွက် နောက်ထပ်လေးငါးခုသာ လိုအပ်မည်ဟု သူက မျှော်လင့်ထားသည်။
ဓားပျံ၏ထိပ်ပိုင်းက ထက်ရှသော်လည်း တစ်ခုခု လိုအပ်နေပုံရပြီး လက်နက်ဝိညာဥ် ကင်းမဲ့နေခြင်း ဖြစ်သည်။ ၎င်း၏ဝိညာဥ်က ယဲ့ချန်၏စိတ်အတွင်း ရှိနေပြီး ဓားပျံအစိတ်အပိုင်းအားလုံးကို စုစည်း၍ ပြန်လည်ပြည့်စုံစေသောအခါမှသာလျှင် ထွက်ပေါ်လာပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။ သူက ခေါင်းမော့၍ ကောင်းကင်ထောက်တိုင်ကို မော့ကြည့်လိုက်ပြီး ဓားပျံအောက် နိမ့်ကျကြောင်း ခန့်မှန်းလိုက်သည်။ ဓားပျံအစိတ်အပိုင်းက ၎င်းအတွင်းရှိနေရသော အကြောင်းအရင်းကို သူက သိချင်နေစဥ် မျက်ကန်းကြီး၏ ဆေးမင်များ ထပ်မံပြောင်းလဲသွားပြန်သည်။
ယဲ့ချန်၏ မြင်ကွင်းအတွင်း မြေပုံတစ်ခု ထွက်ပေါ်လာပြီး အလင်းရောင် အစက်အပြောက်များစွာ ရှိနေကာ နေရာအသီးသီးရှိ ကြယ်များကို ကိုယ်စားပြုနေသည်။ အချို့သော ကြယ်များ၏ တည်နေရာက ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း၏ အပြင်ဘက်သို့ပင် ရောက်ရှိနေသည်။ သူက တစ်ချက်သာ ကြည့်လိုက်သော်လည်း စိတ်အတွင်း၌ မြေပုံကို ထင်ထင်ရှားရှား မှတ်မိနေသည်။
"လွန်ခဲ့တဲ့ နှစ်သောင်းချီအတွင်းမှာ ငါက စကြဝဠာတစ်ခုလုံး လှည့်လည်သွားလာခဲ့တယ်။ ဒီကြယ်တွေက နောက်ထပ်ဓားပျံအစိတ်အပိုင်းတွေ ရှိတဲ့ နေရာတွေ ဖြစ်နိုင်တယ်"
မျက်ကန်းကြီး၏ အဖြူရောင် မျက်ဆံများ ပြောင်းလဲသွားကာ စကားသံ ထွက်ပေါ်လာသည်။
"ငါက ဒီနေရာတွေ အားလုံးကို သွားကြည့်ရမှာလား"
ယဲ့ချန်က ရေတွက်လိုက်သောအခါ ကြယ်ပေါင်းရာချီသောကြောင့် အကုန်လုံးသို့ သွားရောက်ရန် နှစ်ပေါင်းတစ်ရာ နှစ်ရာခန့် လိုအပ်ပေလိမ့်မည်။ သို့သော်လည်း ဓားပျံသည် သူ၏အတိတ်နှင့် ပတ်သက်နေသောကြောင့် မည်မျှခက်ခဲပါစေ၊ အားလုံးကို စုစည်းရပေလိမ့်မည်။
"ကျေးဇူးတင်ပါတယ် စီနီယာ"
ယဲ့ချန်သည် သူ့ကို လိုက်လံကူညီပေးနေသော မျက်ကန်းကြီးအား လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်သည်။ မျက်ကန်းကြီးက ကောင်းကင်ထောက်တိုင်ကို ပွတ်သပ်နေရင်း မျက်လုံးများက ဆုံးဖြတ်ချက်တစ်ခုကြောင့် ဖြတ်ခနဲ လက်သွားသည်။
"တော်ဝင်သင်္ချိုင်းထဲမှာ နောက်ထပ်လျှို့ဝှက်ချက်တွေ ရှိနေပေမယ့် မင်းရဲ့ကျင့်ကြံဆင့် တိုးတက်လာမှ သိရလိမ့်မယ်။ အခုတော့ ပြန်ချိန်တန်ပြီ"
သူက လေပေါ်သို့ ခုန်တက်လိုက်သောအခါ ယဲ့ချန်နှင့် ရွဲ့အာကလည်း လိုက်ပါလာကြသည်။ သွေးရောင်သက်ရှိများက သူ့ကို မြင်သောအခါ ကြောက်လန့်တကြားဖြင့် ဘက်ပေါင်းစုံသို့ ပြေးထွက်သွားကြ၏။ တော်ဝင်သင်္ချိုင်းအပြင်ဘက်သို့ ရောက်သောအခါ အဝေးရှိ ကြယ်တစ်လုံးထံမှ အဖြူရောင်ပုံရိပ်တစ်ခု ရောက်ရှိလာပြီး နင်အာ ဖြစ်နေခဲ့သည်။
"နင်အာ ဘာကြောင့် ထွက်မသွားရတာလဲ"
သူမ လုံခြုံသည်ကို မြင်သောအခါ ယဲ့ချန်၏ စိုးရိမ်စိတ်များ ပျောက်ကွယ်ကုန်သည်။
"ဒီမျက်ကန်းကြီးက ညီမလေးကို နေခိုင်းခဲ့တယ်။ အစ်ကိုကြီးက သိပ်မကြာခင် ထွက်လာမယ်လို့ ပြောတယ်"
နင်အာက မျက်ကန်းကြီးကို တစ်ချက်ကြည့်၍ ရှင်းပြလိုက်သည်။
"ငါ သိပြီ"
မျက်ကန်းကြီး၏ အစွမ်းအရ နင်အာကို လိုက်ဖမ်းရန် စေလွှတ်လိုက်သော ချီတောက်၏ နောက်လိုက်များကို သတ်ဖြတ်ရန် မခက်ခဲပေ။ ထို့နောက် ယဲ့ချန်က ကောင်းကင်လှေတစ်စီး ထုတ်ယူလိုက်သောအခါ နင်အာနှင့် ရွဲ့အာက ချက်ချင်းဝင်ရောက်လိုက်ကြသည်။
"အစ်ကိုစီတုနဲ့ အခြားလူတွေရော အဆင်ပြေပါ့မလား"
"မစိုးရိမ်နဲ့။ သူတို့အားလုံး ထိပ်တန်းမဟာမိတ်ကို ပြန်ရောက်နေကြပြီ"
"တကယ်လားဟင်"
မျက်ကန်းကြီး၏ စကားကြောင့် ရွဲ့အာ၏ မျက်နှာလေးက ဝင်းလက်တောက်ပသွားခဲ့သည်။
"ဦးလေးက ရွဲ့အာကို ဘာကြောင့်လိမ်ရမှာလဲကွယ်"
မျက်ကန်းကြီးက တစ်ချက်ပြုံးလိုက်ပြီး လေသံက အလွန်ညှင်သာနေသောကြောင့် ရွဲ့အာကို အလွန်ချစ်ပုံရသည်။
"စီနီယာရော ထိပ်တန်းမဟာမိတ်ကို မလိုက်ဘူးလား"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။
"ငါ့မှာ လုပ်စရာနည်းနည်း ရှိနေတယ်"
မျက်ကန်းကြီးက ခေါင်းယမ်း၍ စကြဝဠာအတွင်း ခြေတစ်လှမ်း တက်လိုက်သောအခါ ခဏအကြာတွင် မီးခိုးများအလား သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားသည်။ ထွက်ခွာသွားသော မျက်ကန်းကြီးကို ကြည့်နေရင်း ယဲ့ချန်က အတွေးပေါင်းစုံ ဖြစ်ပေါ်လာသည်။ တစ်ဖက်လူ၏ ကျင့်ကြံဆင့်ကို သူ မသိသော်လည်း လင်လုံထက် ပို၍သန်မာကြောင်း သေချာသည်။ ရွဲ့အာကမူ မျက်ကန်းကြီး၏လုပ်ရပ်ကို အသားကျနေဟန်ဖြင့် အံ့သြမနေခဲ့ပေ။ မျက်ကန်းကြီး၏ ဆေးမင်များမှ ဖော်ပြခဲ့သော မြေပုံအရ လုပ်စရာကိစ္စများစွာ ရှိနေသောကြောင့် သူက လှေအတွင်း ဝင်ရောက်ကာ လှစ်ခနဲ ထွက်ခွာလိုက်သည်။
တော်ဝင်သင်္ချိုင်းမှ အလွန်ဝေးကွာသော ကြယ်တစ်လုံးထက်တွင် ချီတောက်ရှိနေပြီး မျက်ကန်းကြီးကို ကြောက်သောကြောင့် မတိုက်ခိုက်ခဲ့ပေ။ သူက ဘေးတွင်ရပ်နေသော ချန်းယွမ်နှင့် ဝတ်စုံနက်များကို တစ်ချက်ကြည့်လိုက်သောအခါ သူတို့က ကြောက်လန့်တုန်လှုပ်နေကြသည်။ သူတို့က ချီတောက်အကြောင်း မသိသော်လည်း ကြောက်မက်ဖွယ်အရှိန်အဝါကို ယှဥ်ပြိုင်နိုင်စွမ်း မရှိပေ။
"ငါ့ကို မင်းတို့ဆရာဆီ ခေါ်သွားစမ်း"
ချီတောက်၏အသံက ငရဲဘုံမှ တက်လာသကဲ့သို့ ပြင်းထန်နေသည်။
"ဟုတ်ကဲ့ပါ စီနီယာ"
ထို့နောက် သူတို့အားလုံးက မိုးတိမ်နတ်လှေတစ်စီးအတွင်း ဝင်ရောက်ကာ စကြဝဠာအတွင်း လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
ရက်အနည်းငယ်အကြာတွင် ယဲ့ချန်တို့သည် ထိပ်တန်းမဟာမိတ်၏ မြင့်မြတ်နယ်မြေသို့ ပြန်ရောက်လာခဲ့သည်။
"ညီလေးယဲ့ ရွဲ့အာ နောက်ဆုံးတော့ မင်းတို့ ပြန်လာကြပြီ"
သူတို့ကို မြင်သောအခါ ဂိုဏ်းတူအစ်ကိုအစ်မများ ချက်ချင်းရောက်ရှိလာကာ ပျော်ရွှင်စွာ ကြိုဆိုလိုက်ကြ၏။ လွန်ခဲ့သော ရက်များအတွင်း ယဲ့ချန်နှင့် ရွဲ့အာ အန္တရာယ်ရောက်နေပြီဟု ထင်သောကြောင့် သူတို့၏စိတ်များ လေးလံနေသည်။ သားရဲထောင်ချီကြယ်ဒေသမှ ပြန်ရောက်လာသော ရှန်မူသာ ယဲ့ချန်နှင့် ရွဲ့အာတို့ လုံခြုံကြောင်း တွက်ချက်မပေးခဲ့လျှင် သူတို့က တော်ဝင်သင်္ချိုင်းထံ လိုက်လာကြပေလိမ့်မည်။
"အစ်ကိုစီတု ညီမလေးတို့ အဆင်ပြေပါတယ်"
ရွဲ့အာက ပြုံးလိုက်သောအခါ ပါးချိုင့်လေးနှစ်ခု ထွက်ပေါ်လာသောကြောင့် ရိုးသားဖြူစင်စွာ လှပနေသည်။
"ယဲ့ချန် မင်း ပြန်ရောက်လာပြီ။ ငါ ကောင်းကင်မူလကြယ်ကနေ ပြန်ရောက်လာချိန်မှာ မင်းက ပျောက်နေတယ်လို့ ကြားတယ်။ တော်ဝင်သင်္ချိုင်းကနေ တစ်ခုခု ရလာသေးလား"
ခြင်္သေ့ကြီးက မေးလိုက်ခြင်းဖြစ်သည်။
"ပြောရရင် အရှည်ကြီးပါ"
ယဲ့ချန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ တော်ဝင်သင်္ချိုင်းအတွင်းမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အိပ်မက်ဖြစ်သော ကောင်းကင်သခင်၏ ဝိညာဥ်အဆီအနှစ်နှင့် ဓားပျံ၏အ စိတ်အပိုင်းတစ်ခုကို ရခဲ့သော်လည်း သူ၏သံသယများ ပျောက်ကွယ်သွားရမည့်အစား ပို၍တိုးပွားလာခဲ့သည်။ ပျောက်ဆုံးနေသော သမိုင်းကြောင်းအတွင်း ဖြစ်ပျက်ခဲ့သည့် လျှို့ဝှက်ချက်များက မေးခွန်းထုတ်စရာ ဖြစ်နေ၏။
"အမွေးပွလေးလည်း ရှိနေတာလား။ မင်းက အရင်ကထက်တောင် ပိုပြီးလှလာသေးတယ်"
ခြင်္သေ့ကြီးက နင်အာကို မြင်သောအခါ ချီးကျူးလိုက်မိ၏။
"ခြင်္သေ့ကြီး ငါ့ကို နောက်ကျရင် နင်အာလို့ ခေါ်ပါနော်"
နင်အာက ရှက်ရွံ့စွာ ပြောလိုက်သည်။
"မဆိုးဘူး၊ ဒီနာမည်လေးကို ငါ ကြိုက်တယ်။ ရော့ မင်းလိုချင်တာတွေ ယူလာတယ်"
ခြင်္သေ့ကြီးက ခေါင်းညိတ်၍ ယဲ့ချန်ဘက်လှည့်ကာ နတ်ဆိုးတိုက်လှေတစ်စီးစီ သိမ်းဆည်းထားသည့် မိုးကြိုးလက်စွပ်နှစ်ဆယ်ကို ပစ်ပေးလိုက်သည်။
"ကောင်းပြီ"
ယဲ့ချန်က ၎င်းတို့ကို သေချာစွာသိမ်းဆည်းနေစဥ် စီတုနန်နှင့် အခြားလူများက လင်လုံနှင့် မိုရွဲ့အောက် မနိမ့်သော အလှပိုင်ရှင် နင်အာကြောင့် မင်သက်နေကြသည်။
"ဒါက ဘယ်သူလဲ"
သူမကို မမြင်ဖူးသူများက စပ်စုလိုက်ကြသည်။
"သူမက ကျုပ်ရဲ့ဇနီးပါ ဂိုဏ်းတူမောင်နှမတို့။ အနာဂတ်မှာ သူမကို နင်အာလို့ ခေါ်နိုင်ပါတယ်"
ယဲ့ချန်က မိတ်ဆက်ပေးလိုက်သောအခါ နင်အာက ရှက်ရွံ့သွားသော်လည်း လူတိုင်းအား ခေါင်းညိတ်ပြလိုက်သည်။ အကယ်၍ သူမကို တစ်ကြိမ်မှမတွေ့ဖူးသူများဆိုလျှင် မြင့်မြတ်သော မျိုးနွယ်တစ်ခု၏ သခင်မလေးအဖြစ် အထင်မှားနိုင်သော်လည်း အမှန်တကယ်၌ ပုံရိပ်ယောင်ပညာနှင့် လှည့်ကွက်များစွာ ကျွမ်းကျင်သူ ဖြစ်သည်။ ယဲ့ချန်နှင့် မိုရွဲ့က လုံခြုံစွာ ပြန်ရောက်လာသောအခါ မြင့်မြတ်နန်းတော်အတွင်း စားသောက်ပွဲတစ်ခု ကျင်းပခဲ့သည်။
"ကျုပ်ဆရာက သားရဲထောင်ချီကြယ်ဒေသကို သွားတယ်လို့ ကြားထားတယ်။ အခြေအနေ ဘယ်လိုလဲ"
"ပိုင်နက်သားရဲ ဘုရင်မသုံးကောင်က လူသားမျိုးနွယ်ရဲ့ အရေးကိစ္စမှာ ဝင်မပါဘူးလို့ ပြောတယ်။ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းရဲ့ ရှင်းဟွမ်ဘုရားကျောင်းက ထိပ်တန်းမဟာမိတ်ကို ထောက်ခံမှာ မဟုတ်ဘူး"
ဂိုဏ်းတူအစ်ကိုတစ်ယောက်က သက်ပြင်းချ၍ ယဲ့ချန်ကို အဖြေပေးလိုက်သည်။
"ခေါင်းဆောင်က ဘယ်သူတွေကို တိုက်ခိုက်ချင်နေတာလဲ။ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းရဲ့ ရှင်းဟွမ်တွေ မဟုတ်ဘူးလား"
ယဲ့ချန်၏စိတ်ထဲတွင် မေးခွန်းများရှိနေသဖြင့် စီတုနန်ထံ စုံစမ်းလိုက်သည်။
"အစ်ကိုစီတု သေချာရှင်းပြပေးပါဦး"
"ရှင်းဟွမ်တွေကြားမှာလည်း ဂိုဏ်းဂဏတွေ ကွဲပြားနေတယ်။ အချို့က လူသားမျိုးနွယ်ရဲ့ လွတ်လပ်ရေးကို ထောက်ခံပေမယ့် အချို့ကတော့ ရက်စက်ကြမ်းကြုတ်ပြီး ကြယ်ဒေသအချို့ရဲ့ လူသားအားလုံးကို သတ်ဖြတ်ခဲ့တယ်။ သူတို့က ထာဝရပြည်ထောင်မှာ အဆင့်အတန်း မြင့်မားကြတယ်"
"ရှေးခေတ်ဟောင်းမှာ မဟာလမ်းစဥ် ကောင်းကင်သခင်နဲ့ အစွမ်းထက်လူသားတွေက လူသားမျိုးနွယ်ရဲ့ ကံတရားအတွက် တိုက်ခိုက်မယ်လို့ ကျိန်ဆိုခဲ့ကြတယ်။ ဒါပေမယ့် သူတို့ထဲမှာ အချို့က သေပြီး အချို့က ပျောက်ဆုံးသွားကြတယ်။ လူသားမျိုးနွယ် ပြန်အစွမ်းထက်လာမှာကို မလိုလားတဲ့ ရှင်းဟွမ်တွေက ငါတို့ကို မျိုးဖြုတ်ချင်နေကြတယ်။ လောလောဆယ်မှာ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းအတွက် အန္တရာယ်မရှိပေမယ့် နှစ်ပေါင်းတစ်ရာအတွင်း ဘာတွေဖြစ်လာမယ်ဆိုတာကို ပြောဖို့ ခက်တယ်"
စီတုနန်က အခွင့်အရေးရှိလျှင် လူသားမျိုးနွယ်အတွက် တိုက်ပွဲဝင်ချင်သော်လည်း ကျင့်ကြံဆင့်က အားနည်းလွန်းနေသည်။ သူ၏စကားကြောင့် လူသားမျိုးနွယ် မျိုးတုံးသတ်ဖြတ်ခံနေရသည်ကို သိသွားသောအခါ ယဲ့ချန်က ဒေါသတကြီး ဖြစ်သွားသည်။ မရေမတွက်နိုင်သော လူသားများက မျိုးနွယ်အတွက် တိုက်ပွဲဝင်ခဲ့ကြပြီး သေဆုံးရသည့်တိုင်အောင် နောင်တမရခဲ့ကြပေ။
ယဲ့ချန်က သက်ပြင်းတစ်ချက်ချ၍ အရေးကြီးရတနာဖြစ်သော ဓားပျံကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သည်။ မျက်ကန်းကြီးနှင့် လင်လုံကဲ့သို့ အစွမ်းထက်သူများမှာ လူသားမျိုးနွယ်အတွက် လွတ်လမ်းရှာဖွေချင်နေပြီး ဓားပျံကို အလွန်ဂရုစိုက်နေသောကြောင့် ၎င်းနှင့် မျိုးနွယ်ကံတရားက ဆက်စပ်နေပုံရသည်။ ယဲ့ချန်သည် တာဝန်များစွာကို ထမ်းဆောင်ထားရကြောင်း ချက်ချင်းနားလည်သွားကာ ဓားပျံ၏ အခြားအစိတ်အပိုင်းများကို မဖြစ်မနေအရယူရန် ဆုံးဖြတ်လိုက်လေသည်။