သွေးကြာနီ
Vol. 64 Ch. 889
ယဲ့ချန်၏ နန်းဆောင်အတွင်း စီတုနန်တို့က ရက်အနည်းငယ် နေထိုင်ခဲ့သောကြောင့် သက်ဝင်စည်ကားခဲ့သည်။
"အစ်ကိုကြီး မြင့်မြတ်နယ်မြေကနေ ထွက်သွားမလို့လား။ ဘယ်ကိုသွားမှာလဲ"
နင်အာသည် ယဲ့ချန်နှင့် စိတ်ချင်းဆက်နေသောကြောင့် အတွေးများကို ခန့်မှန်းနိုင်သဖြင့် မေးလိုက်ခြင်းဖြစ်သည်။
"မျက်ကန်းကြီးက ငါ့ကို မြေပုံတစ်ခုပြခဲ့ပြီး အနာဂတ်မှာ ခရီးထွက်ရမယ့် ကြယ်တွေကို မြင်ခဲ့ရတယ်။ ဒီခရီးမှာ အန္တရာယ်တွေနဲ့ အခက်အခဲတွေ ပြည့်နှက်နေလိမ့်မယ်"
ယဲ့ချန်သည် မရေမတွက်နိုင်သော အန္တရာယ်များ ရောပြွန်းနေပြီး အဆုံးအစမရှိကျယ်ဝန်းသော စကြဝဠာသို့ ငေးမောနေခဲ့သည်။ သူ မြင်တွေ့ဖူးသည်မှာ ရေခဲတောင်ကြီး၏ ထိပ်ဖျားပမာဏသာ ဖြစ်သည်။
"ဘယ်လောက်အန္တရာယ်များများ နင်အာက အစ်ကိုကြီးနဲ့အတူ လိုက်ပါမယ်"
နင်အာက လေးနက်စွာ ကတိပေးလိုက်သောအခါ ယဲ့ချန်က ခေါင်းညိတ်ပြလိုက်ပြီး ခြင်္သေ့ကြီးနှင့် သူမ အဖော်လိုက်လာလျှင် အထီးမကျန်ဟု တွေးနေမိသည်။
"ယဲ့ချန် ငါ ပြောမယ်။ ဒီကိစ္စထဲ ငါ့ကို ဆွဲမသွင်းပါနဲ့လားကွာ။ မြင့်မြတ်နယ်မြေက အရမ်းကောင်းမွန်ပြီး စားလိုက်သောက်လိုက်နဲ့ ခြင်္သေ့မတွေကို လိုက်ရှာနိုင်တယ်။ ငါက ဘာကြောင့် မင်းနဲ့အတူ အန္တရာယ်နယ်မြေတွေကို လိုက်ခဲ့ရမှာလဲ။ ရှင်းဟွမ်မျိုးနွယ်ရဲ့ ပစ်မှတ်က လူသားမျိုးနွယ်ဖြစ်ပြီး ငါ့လို ခြင်္သေ့လေးတစ်ကောင်က သူတို့ကို မစော်ကားဖူးဘူးလေ"
ခြင်္သေ့ကြီးသည် ယဲ့ချန်၏ အတွေးများကို ရိပ်မိနေသောကြောင့် စိတ်ဓာတ်ကျစွာ ရေရွတ်လိုက်သောအခါ နင်အာက တခစ်ခစ် ရယ်မောလိုက်မိသည်။ သူက ဟာသလုပ်နေခြင်းသာဖြစ်ပြီး ယဲ့ချန်အပေါ် သစ္စာမရှိလျှင် ကောင်းကင်မူလကြယ်မှ ထိပ်တန်းမဟာမိတ်အထိ အတူတကွ လိုက်လာမည် မဟုတ်ပေ။ ထိုအချိန်၌ ကောင်းကင်မှ အလင်းရောင်များ မိုးရွာသကဲ့သို့ ကျဆင်းလာကာ လှပ၍ ကျက်သရေရှိသော အမျိုးသမီးတစ်ယောက် ဆင်းသက်လာသည်။ သူမ၏တစ်ကိုယ်လုံးကို အလင်းရောင်များစွာ လွှမ်းခြုံနေသောကြောင့် ရုပ်သွင်ကို တိုက်ရိုက်မြင်နိုင်ရန် ခက်ခဲသော်လည်း အလွန်လှပကြောင်း သိသာသည်။
"ယဲ့ချန် ငါ မရှိတုန်း မင်းက နောက်ထပ်မိန်းမတစ်ယောက် ယူလာပြန်ပြီလား။ အခု သူမက မင်းကို လာရှာပြီ ထင်တယ်"
ခြင်္သေ့ကြီးက ယဲ့ချန်ကို ထူးဆန်းစွာ စိုက်ကြည့်နေခဲ့သည်။
"ဒီခြင်္သေ့လေးက စကားပြောတာ ရိုင်းတယ်ကွယ်"
"ဘုန်း"
ယဲ့ချန် ပြန်မပြောနိုင်ခင်မှာပင် သိမ်မွေ့သော စကားသံတစ်ခုနှင့်အတူ အချိန်လေဟာနယ်ချီများ ကျဆင်းလာသည်။ ခြင်္သေ့ကြီးက မတုံ့ပြန်နိုင်ခင်မှာပင် မြေကြီးထဲသို့ ရိုက်ချခံလိုက်ရပြီး ခြင်္သေ့သဏ္ဍာန် တွင်းတစ်ခုသာ ကျန်ရစ်၍ လုံးဝပျောက်ကွယ်သွားသည်။ သို့သော် ယဲ့ချန်သည် သူ၏အရှိန်အဝါကို အာရုံခံမိပြီး အသေးစားဒဏ်ရာ အနည်းငယ်သာ ရသွားကြောင်း သိလိုက်သည်။ တစ်ဖက်လူက သတ်ချင်စိတ်ရှိနေလျှင် ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာပင် ခုခံနိုင်မည် မဟုတ်ချေ။ ရောက်ရှိလာသူမှာ ခေါင်းဆောင်ယုချန် ဖြစ်နေသောကြောင့် သူက တုန်လှုပ်သွားပြီး မျက်လုံးများမှိတ်၍ သေချင်ယောင်ဆောင်ကာ တွင်းထဲမှ ထွက်မလာတော့ပေ။
"အမေရေ ခင်ဗျားက စွမ်းအားရှင်တစ်ယောက်ဆိုရင်လည်း စောစောပြောပါလား။ ဒါဆိုရင် ကျုပ်လည်း အာချောင်မိမှာ မဟုတ်ဘူး။ ခင်ဗျားဘာသာ လာရင်လည်း ပေါ်တင်လာလေ။ ဒီလောက် အလင်းတွေထုတ်နေတာ ဘယ်သူက ခင်ဗျားမျက်နှာကို မြင်မှာလဲ"
ယုချန်ကို ယဲ့ချန်၏မိန်းမဟု အာချောင်မိသောကြောင့် သူက ငိုချင်နေသော်လည်း မျက်ရည်ထွက်မလာချေ။ သူက သေချင်ယောင်ဆောင်ပြီး ခြေလက်များဆန့်ထုတ်၍ မြန်မြန်ထွက်သွားရန်သာ ဆုတောင်းနေခဲ့သည်။ ယုချန်က မြေပြင်ထက်သို့ ရောက်သောအခါ ပန်းပေါင်းတစ်ထောင်ကို ပွင့်လန်းစေနိုင်သော အသက်အားတစ်ခု ထွက်ပေါ်လာသည်။ စွမ်းအားရှင်တစ်ယောက်၏ ခွန်အားက ထိပ်တန်းကြယ်သခင်များ ယှဥ်နိုင်သည့် အရာမျိုးမဟုတ်ဘဲ ထိပ်တန်းမဟာမိတ်၏ ခေါင်းဆောင်ခြောက်ယောက်သည် ကြယ်သခင်အဆင့်၏ နောက်ဆုံးသို့ ရောက်နေကြပြီဖြစ်သည်။ အကယ်၍ ရှင်းဟွမ်များသာ လူသားမျိုးနွယ်၏ ကံတရားကို ဖိနှိပ်၍ တာအိုသဘောတရားများကို တားဆီးမထားလျှင် သူတို့က ကြယ်သခင်အဆင့်မှ နောက်တစ်ဆင့်သို့ ချက်ချင်းတက်ရောက်နိုင်ကြသည်။
ယုချန်က မြေပြင်ထက်သို့ ရောက်သောအခါ ယဲ့ချန်သည် သူမ၏မျက်နှာကို ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။ သူမ၏အလှတရားက လင်လုံကို မယှဥ်သာသော်လည်း မင်သက်လောက်သည်။ သူတို့က အရှိန်အဝါချင်းကွာခြားပြီး သူမက လင်လုံကဲ့သို့ အခြားသူများကို ဖိနှိပ်သော အရှိန်အဝါအစား တည်ငြိမ်လွန်းသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ တွင်းထဲတွင် သေချင်ယောင်ဆောင်နေသော ခြင်္သေ့ကြီးကို ယဲ့ချန်က တစ်ချက်ကြည့်ပြီး ပြုံးလိုက်မိသည်။ သူက နှုတ်စည်းမစောင့်သောကြောင့် ကြင်နာတတ်သော ယုချန်ကဲ့သို့ လူမျိုးကိုပင် ဒေါသထွက်စေခဲ့ရာ မြေကြီးထဲ ရောက်နေရန် ထိုက်တန်ပေသည်။
"ခေါင်းဆောင်ယုက ဘာအကြောင်းကိစ္စများ ရှိလို့လဲ"
ယဲ့ချန်က လက်နှစ်ဖက်ဆုပ်၍ မေးလိုက်ပြီး စွမ်းအားရှင်တစ်ယောက်ရှေ့တွင် မမောက်မာရဲပေ။ ယုချန်သည် သူ၏ဘေးတွင် ရှိနေသော နင်အာ၏အလှကြောင့် အနည်းငယ် အံ့သြသွားခဲ့သည်။ သူမ၏အမြင်တွင် လင်လုံနှင့် မိုရွဲ့က ပြိုင်ဘက်ကင်းအလှမယ်များဖြစ်ပြီး ယှဥ်ပြိုင်နိုင်သူမျိုး ရှာတွေ့ရန် ခက်ခဲသော်လည်း ယဲ့ချန်၌ တစ်ယောက် ပိုင်ဆိုင်ထားသည်။
"ငါက မင်းရဲ့ အကူအညီတစ်ခုလောက် လိုချင်လို့ပါ"
သူမက ထုတ်ပြောရန် တုံ့ဆိုင်းနေသော်လည်း တစ်ချက်ပြုံး၍ ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ပြောပါ"
"မင်းက နတ်ဆိုးတိုက်လှေတစ်စီးကို ရှန်မူဆီ ရောင်းပေးခဲ့တယ်လို့ ကြားတယ်။ ငါလည်း တစ်စီးလောက် လိုချင်တယ်။ မင်းစိတ်ကြိုက် စျေးပြောပါ"
သူမက ယဲ့ချန်ကို မျှော်လင့်တကြီး စိုက်ကြည့်နေသည်။ ယဲ့ချန်က သူမရောက်လာသော ရည်ရွယ်ချက်ကို မျှော်လင့်မထားသော်လည်း မည်သူမှ နတ်ဆိုးတိုက်လှေ၏ ဆွဲဆောင်အားကို မလွန်ဆန်နိုင်ကြပေ။
"ခေါင်းဆောင်ယုက လိုချင်တယ်ဆိုရင် ကျုပ်က လက်ဆောင်အဖြစ် ပေးပါမယ်"
ခေါင်းဆောင်တစ်ယောက်ကို အပိုင်ပေါင်းထားလျှင် အနာဂတ်၌ ပြဿနာတစ်ခုခု ကြုံရပါက အကူအညီတောင်းနိုင်သည်။ ယုချန်၏ အကျင့်စရိုက်အရ ယဲ့ချန် ဒုက္ခရောက်နေလျှင် ဘေးထွက်ရပ်နေမည် မဟုတ်ပေ။
"မင်းက ငါ့ကို လက်ဆောင်ပေးရင်တောင် လက်မခံနိုင်ပါဘူး"
ယုချန်က လေးနက်စွာ ပြောလိုက်ပြီး အကြွေးတင်မခံလိုခဲ့ပေ။
"ဒါဆိုရင် ခေါင်းဆောင်ယုက ဘယ်လိုရတနာမျိုးနဲ့ လဲလှယ်ချင်ပါသလဲ"
စွမ်းအားရှင်တစ်ယောက်အနေဖြင့် ငါးစာကို အလွယ်တကူ ရှောင်ရှားသွားသောကြောင့် ယဲ့ချန်က စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
"ရှန်မူက မင်းရဲ့ နတ်ဆိုးတိုက်လှေအတွက် ပေးခဲ့တဲ့ တန်ဖိုးကို ငါ သိထားတယ်။ သူက မင်းရဲ့ဆရာ ဖြစ်နေတာတောင် ရတနာတွေ အများကြီးပေးခဲ့မှတော့ ငါလည်း သုံးဆ ပေးပါမယ်။ ဘယ်လိုသဘောရလဲ"
ယုချန်က ခဏတာစဥ်းစား၍ အဖြေပေးလိုက်သည်။ စွမ်းအားရှင်များက အလွန်တရာချမ်းသာသောကြောင့် ယဲ့ချန်က ဆွံ့အသွားရသည်။ ရှန်မူပေးခဲ့သော ရတနာများက နတ်ဆိုးတိုက်လှေ အစီးနှစ်ဆယ်ဝယ်ယူရန် လုံလောက်သောကြောင့် ထိုတန်ဖိုး၏ သုံးဆဆိုလျှင် အလွန်များပြားနေခဲ့သည်။ ကောင်းကင်မူလကြယ်က ကုန်သွယ်ရေးလမ်းကြောင်းကြောင့် ချမ်းသာလာသော်လည်း အချိန်မကြာသေးသဖြင့် ကြွယ်ဝမှုက အကန့်အသတ်သာ ဖြစ်သည်။ သူက နတ်ဆိုးတိုက်လှေ၏ စွမ်းပကားကို မျက်မြင်တွေ့ခဲ့ဖူးပြီး ကြယ်တစ်လုံး၏ တစ်ဝက်မျှ ကြီးမားသော ၎င်းဖြင့်ဝင် တိုက်ခံရလျှင် ကြယ်များပင် ပေါက်ကွဲသွားပေလိမ့်မည်။ အစွမ်းထက်ကျင့်ကြံသူများပင် ခံစစ်စည်းကို ထိုးဖောက်ရန် အလွယ်တကူ မဖြစ်နိုင်သည့်အပြင် ကြယ်ဒေသများအကြား လွယ်ကူစွာ ခရီးဆက်နိုင်သည်။ သို့သော်လည်း မည်မျှကြွယ်ဝနေပါစေ၊ သွေးပြည်ထောင်၏ ကန့်သတ်ရတနာကို ဝယ်ယူရန် ခက်ခဲလွန်းနေသည်။
"ခေါင်းဆောင်ယု ကျုပ်က မြင့်မြတ်နယ်မြေကနေ ရက်အနည်းငယ်လောက် ထွက်ခွာသွားရမယ်။ အသက်ကယ်ရတနာများ ပေးနိုင်ပါသလား"
ခဏတာစဥ်းစားပြီးနောက် ယဲ့ချန်သည် စကြဝဠာအတွင်း အန္တရာယ်ကြုံရလျှင် ကြယ်အဆီအနှစ်များက အသုံးမဝင်သောကြောင့် အသက်ကယ်ဝှက်ဖဲများ တောင်းဆိုလိုက်သည်။
"အသက်ကယ်ရတနာလား။ ငါ့မှာ နည်းနည်းတော့ ရှိတယ်"
ယုချန်က ခဏတာစဥ်းစား၍ ညာလက်ကို ယမ်းလိုက်သောအခါ ကြာပန်းသဏ္ဍာန် အရာတစ်ခု ထွက်ပေါ်လာ၍ သွေးနီရောင်သတ္တုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
"ဒါကို သွေးကြာနီလို့ခေါ်ပြီး တစ်ကြိမ်သာ အသုံးပြုနိုင်ပေမယ့် တိုက်ခိုက်ရေးစွမ်းအား အလွန်ပြင်းထန်တယ်။ စွမ်းအားရှင်အချို့တောင် ဒါကို ထိပ်တိုက်ရင်ဆိုင်ချင်မှာ မဟုတ်ဘူး။ ရန်သူအရေအတွက် များရင်များသလောက် ပိုပြီးအကျိုးသက်ရောက်မှုရှိတယ်"
ယုချန်က ရှင်းပြလိုက်သောအခါ လက်တစ်ဖက်တည်းဖြင့် ကိုင်ထားနိုင်သော ကြာပန်းလက်နက်အပေါ် ယဲ့ချန်က စိတ်ဝင်စားလာခဲ့သည်။
"ဒါကို ဘယ်လိုသုံးရမလဲ"
"မင်းက ဒါကို ပစ်ခတ်လိုက်ရင် အောက်ဘက်က အပေါက်ကနေ နွားမွေးလောက်သေးငယ်တဲ့ အပ်တွေ မရေမတွက်နိုင်အောင် ထွက်လာလိမ့်မယ်။ ဒီအပ်တွေက အဆိပ်ပြင်းပြီး ကောင်းကင်ကြယ်သခင်တွေဆိုရင် ထိမှန်ခံလိုက်ရတာနဲ့ သွေးအိုင်အဖြစ် အရည်ပျော်သွားမယ်။ ထိပ်တန်းကြယ်သခင်တွေဆိုရင်တောင် အဆိပ်ကို ချေဖျက်ဖို့အတွက် ရက်ပေါင်းများစွာ ကြိုးစားရလိမ့်မယ်။ အတွင်းထဲမှာ နေရာလပ်တစ်ခုရှိပြီး အပ်အရေအတွက် သန်းပေါင်းများစွာ သိုလှောင်ထားနိုင်တဲ့အပြင် ဆေးလုံးခြောက်ရာပါဝင်တဲ့ ပုလင်းတစ်ခုလည်း ရှိတယ်။ အဆိပ်ဖြေဆေးကို သောက်ထားလိုက်ရင် အပ်တွေနဲ့ ထိမှန်ခံလိုက်ရရင်တောင် မင်းအတွက် ပြဿနာမရှိဘူး"
ယုချန်၏ ရှင်းပြချက်ကြောင့် သွေးကြာနီ၏ အစွမ်းကို သိလိုက်ရသောအခါ ယဲ့ချန်က တုန်လှုပ်သွားခဲ့သည်။ အကယ်၍ သူသာ ရန်သူများစွာကို တပြိုင်နက်တိုက်ခိုက်ရလျှင် ပစ်ခတ်လိုက်ရုံဖြင့် စက္ကန့်ပိုင်းအတွင်း ရှင်းလင်းပစ်နိုက်သည်။ ကြင်နာသိမ်မွေ့သော ယုချန်၌ ဤသို့သော လက်နက်မျိုး ရှိနေသဖြင့် စာအုပ်တစ်အုပ်ကို အဖုံးဖြင့် မဆုံးဖြတ်နိုင်ကြောင်း သူက တွေးမိလိုက်သည်။
"ငါက ဒါကို ငါသတ်ခဲ့တဲ့ သွေးနတ်ဆိုးတစ်ကောင်ဆီက ရထားပြီး ရက်စက်လွန်းလို့ အသုံးမပြုခဲ့ဘူး။ မင်းသာ ခရီးအတွက် အသက်ကယ်ဝှက်ဖဲ မတောင်းဆိုရင် မေ့နေမှာ သေချာတယ်။ မလိုချင်ရင်လည်း ပြန်သိမ်းလိုက်မယ်"
ယဲ့ချန်၏အတွေးကို ရိပ်မိသော ယုချန်က တစ်ချက်ပြုံးကာ ရှင်းပြလိုက်သည်။
"လိုချင်ပါတယ်။ လောကကြီးမှာ ရက်စက်တဲ့ လက်နက်ဆိုတာ မရှိပါဘူး။ ဒါကို လူဆိုးတွေအပေါ်မှာ အသုံးပြုလိုက်ရင် ကောင်းကျိုးရှိပါတယ်"
ယဲ့ချန်သည် ကပျာကယာပြော၍ သွေးကြာနီကို လက်ခံလိုက်၏။
"စကားပြောတာ ကောင်းတယ်"
ယဲ့ချန်၏စကားကို မမျှော်လင့်ထားသဖြင့် ယုချန်က ချီးကျူးလိုက်သည်။ ယဲ့ချန်သည် ကိုယ့်ကိုကိုယ် အမွှန်းတင်လိုက်မိသဖြင့် ရှက်ရွံ့သွားသော်လည်း သွေးကြာနီက အလွန်ကောင်းမွန်သည့် အသက်ကယ်ဝှက်ဖဲတစ်ချပ် ဖြစ်သည်။ ကံမကောင်းသည်မှာ ၎င်းကို တစ်ကြိမ်သာလျှင် အသုံးပြုနိုင်သည်။ စွမ်းအားရှင်များက အချိန်ကြာမြင့်စွာ ရှင်သန်လာသောကြောင့် ရတနာများစွာ ပိုင်ဆိုင်ထားသောအခါ ထပ်မံညှစ်ထုတ်ရန် သူက တွေးနေခဲ့သည်။
"ဒီသွေးကြာနီက နတ်ဆိုးတိုက်လှေအတွက် မလုံလောက်ဘူး။ ငါ့မှာ နောက်ထပ်ရတနာတွေ ရှိတယ်။ တကယ်လို့ မလုံလောက်ဘူးဆိုရင် ကြယ်အဆီအနှစ်တွေ ထပ်ဖြည့်ပေးမယ်။ ဘယ်လိုသဘောရလဲ"
ယုချန်က ထပ်မံကမ်းလှမ်းလိုက်ပြီး အလွန်ရက်ရောနေသောအခါ ယဲ့ချန်က အားနာနေရန် အကြောင်းမရှိတော့ပေ။
ယဲ့ချန်၏အမြင်၌ သွေးကြာနီ၏ တန်ဖိုးသည် နတ်ဆိုးတိုက်လှေ၏ တန်ဖိုးကို ယှဥ်နိုင်ပြီး အစွမ်းထက်ကျင့်ကြံသူများကိုပင် ခြောက်လှန့်နိုင်သည်။ အသက်ထက် ပို၍အရေးကြီးသော အရာမရှိသဖြင့် အသက်ကယ်ဝှက်ဖဲက နတ်ဆိုးတိုက်လှေထက် ပို၍အရေးပါသည်။ သို့သော် ယုချန်ကဲ့သို့ အစွမ်းထက်သူ၏အမြင်၌ ၎င်းက နတ်ဆိုးတိုက်လှေကို လုံးဝမယှဥ်နိုင်ချေ။