← Chapters

လောင်ရင်၏ ရတနာ

Vol. 64 Ch. 891

လောင်ရင်၏ ရတနာ

Vol. 64 Ch. 891

ယဲ့ချန်က ကိုးပါးရွှေကိုပင် အရေးမစိုက်သောအခါ လောင်ရင်သည် တစ်ဖက်လူမှာ ကောင်းကျိုးဆိုးပြစ် မသိသူဟု သတ်မှတ်လိုက်သည်။

"ကိုးပါးရွှေက အဖိုးတန်ပြီး နတ်ဆိုးတိုက်လှေနဲ့ လဲလှယ်ဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ယဲ့ချန်လိုအပ်နေတာက ဒါတွေမဟုတ်ဘဲ အသက်ကယ်ရတနာတို့ ခွန်အားတိုးစေတဲ့ ရတနာတို့ ဖြစ်နေတယ်"

အခြေအနေကို ရိပ်စားမိသော ယုချန်က ဝင်ရောက်ညှိနှိုင်းပေးလိုက်သည်။ ယဲ့ချန်တွင် ရတနာများစွာ ပိုင်ဆိုင်ထားသောကြောင့် လောင်ရင်သည် မည်သည့်ရတနာကို ထုတ်ပေးရမည်မှန်းမသိအောင် ခေါင်းစားနေသည်။ သူ၏ရတနာတိုင်းက အလွန်အဖိုးတန်သောကြောင့် ပေးပစ်လိုက်ရမည်မှာ အလွန်နှမြောစရာကောင်းနေ၏။

"တကယ်လို့ ခင်ဗျားက မလိုချင်ဘူးဆိုရင်လည်း ထားလိုက်ပါ"

"ဟမ့် ကျုပ်က ခင်ဗျားလက်ထဲကနေ ရတနာတွေ ညှစ်မထုတ်နိုင်ဘူးဆိုတာ မယုံဘူး"

ယဲ့ချန်သည် လောင်ရင်တွင် အဖိုးတန်ရတနာများမရှိဟူသော အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်သော်လည်း စိတ်ထဲတွင် တစ်ဖက်လူ၌ ရတနာများစွာရှိကြောင်း သေချာပေါက် သိနေသည်။ တစ်ဖက်လူ၏ အကြည့်ကြောင့် လောင်ရင်မှာ ဒေါသတကြီးဖြစ်သွားကာ သူ စုဆောင်းထားသော ရတနာများမှာ ထိပ်တန်းမဟာမိတ်တွင် လင်လုံအောက်သာ နိမ့်ကျပြီး ထုတ်သုံးရန် တွန့်တိုနေခြင်းသာ ဖြစ်သည်။ နောက်ဆုံးတွင် သူက အံကြိတ်၍ အနက်ရောင် သတ္တုပြားတစ်ချပ်ကို ထုတ်ယူလိုက်သောအခါ ယုချန်က ပြုံးလိုက်မိသည်။

"ဒါက ဘာရတနာလဲ"

ယုချန်၏ မျက်နှာထားကို သတိထားမိသော ယဲ့ချန်က ၎င်းကို စိုက်ကြည့်လိုက်သည်။

"ဒါက ဆန်းကျယ်တိုကင်လို့ခေါ်ပြီး လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက ပေါ်ပေါက်ခဲ့တဲ့ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းရဲ့ ထူးဆန်းလွန်းတဲ့ ဂိုဏ်းတစ်ခုရဲ့ အမွေဖြစ်တယ်။ ဒီရတနာကို အသုံးပြုလိုက်ရင် မိုင်တစ်သောင်းအတွင်းမှာ အချိန်လေဟာနယ်ချီတွေ ပုံပျက်သွားပြီး ထိပ်တန်းကြယ်သခင်တွေကိုတောင် ဖမ်းချုပ်ထားနိုင်လိမ့်မယ်။ စွမ်းအားရှင်တွေကတော့ ရုန်းထွက်ကောင်းရုန်းထွက်နိုင်ပေမယ့် ဒီအချိန်ပမာဏက မင်း ထွက်ပြေးဖို့ လုံလောက်တယ်"

လောင်ရင်၏ ရှင်းပြချက်ကြောင့် ယဲ့ချန်က ထွက်ပြေးရန် ကောင်းမွန်သော ရတနာဖြစ်ကြောင်း သိလိုက်ရသဖြင့် ကျေနပ်သွား၏။ သူက စကြဝဠာအတွင်း ခရီးထွက်ရမည်ဆိုလျှင် ဤသို့သော ရတနာမျိုးကို ပြင်ဆင်ထားသင့်သည်။

"ဒီရတနာကိုရော ကျေနပ်ရဲ့လား"

လောင်ရင်က စိတ်ထဲတွင် သွေးယိုနေသော်လည်း ယဲ့ချန်ကို မေးလိုက်သည်။

"တစ်ခုတည်းလား"

ယဲ့ချန်၏အမူအရာကြောင့် သူက ဒေါသတကြီး ဖြစ်သွားခဲ့သည်။ ဆန်းကျယ်တိုကင်သည် နတ်လက်နက်တစ်မျိုးဖြစ်ပြီး သူ့ကို ရှန်မူကသာ အရှက်ခွဲမထားခဲ့လျှင် နတ်ဆိုးတိုက်လှေတစ်စီးကို ဝယ်ယူရန်အတွက် ထုတ်သုံးမည် မဟုတ်ချေ။

"ခေါင်းဆောင်ယုက ရတနာခုနစ်ခု ထုတ်ပေးခဲ့တယ်"

ယဲ့ချန်က ရတနာခုနစ်ခုအထိ လိုချင်နေသောကြောင့် လောင်ရင်မှာ ဒေါသထွက်၍ တစ်ကိုယ်လုံး တုန်ယင်နေသည်။

"လောင်ရင်ရဲ့ ဆန်းကျယ်တိုကင်က တကယ်ကောင်းမွန်တဲ့ ရတနာ ဖြစ်တယ်။ ငါ ပေးထားတဲ့ ရတနာသုံးခုလေးခုထက်တောင် ဒါက ပိုပြီးအဖိုးတန်သေးတယ်"

ယုချန်က ယဲ့ချန်ကို အသံချင်းဆက်သွယ်လိုက်သည်။ သွေး ကြာနီသည် အစွမ်းထက်သော်လည်း တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး ဆန်းကျယ်တိုကင်ကမူ လုံလောက်သော ချီများ ထည့်သွင်းပေးနိုင်သရွေ့ အကြိမ်များစွာ အသုံးပြုနိုင်သည်။

"ဒါပေမယ့် ခင်ဗျားက ကျုပ်ကို အထင်သေးရာကျနေပြီ။ ဒီရတနာတစ်ခုတည်းကို ကျုပ်က ဂရုစိုက်မယ် ထင်နေလား။ နတ်ဆိုးတိုက်လှေကို လိုချင်တယ်ဆိုရင် တန်ဖိုးတစ်ခု ပေးဆပ်ရမှာပေါ့။ မဟုတ်ရင် ကျန်ခေါင်းဆောင်တွေဆီကို သွားရောင်းလိုက်မယ်။ သူတို့ကလည်း နတ်ဆိုးတိုက်လှေကို မလိုချင်ဘူးဆိုတာ ကျုပ် မယုံဘူး"

ဆန်းကျယ်တိုကင် တစ်ခုတည်းကပင် လောင်ရင်၏နှလုံးသားကို သွေးယိုနေစေသော်လည်း ယဲ့ချန်က ထပ်မံငွေညှစ်ရန် အကြံထုတ်နေ၏။

"နတ်ဆိုးတိုက်လှေက ထိပ်တန်းမဟာမိတ်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို မင်း မသိဘူးလား။ ခေါင်းဆောင်တွေက ဒါနဲ့ဆိုရင် စကြဝဠာထဲမှာ ​မြန်မြန်ခရီးသွားနိုင်တဲ့အတွက် ဆုံးရှုံးမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်လိမ့်မယ်။ မင်းက ငါ့ကို ငွေညှစ်ဖို့ ကြိုးစားနေတုန်းလား"

လောင်ရင်၏ မျက်နှာက အေးစက်တင်းမာနေသည်။

"ကျုပ်က ဒီအချက်ကို သိထားလို့ ခေါင်းဆောင်လောင်အတွက် နတ်ဆိုးတိုက်လှေကို ရောင်းချပေးချင်ပါတယ်။ တကယ်လို့ ခင်ဗျားတောင် ဒီလောက်လိုချင်နေတယ်ဆိုရင် ကျန်ခေါင်းဆောင်တွေကလည်း ငြင်းပယ်မှာ မဟုတ်ဘူး"

ယဲ့ချန်က အထက်စီးမှပြောလိုက်ပြီး စိတ်ထဲတွင် နတ်ဆိုးတိုက်လှေကို အလွန်တရာလိုချင်နေသော လောင်ရင်၏ စိတ်ကို ခန့်မှန်းမိသောကြောင့် အလျှော့မပေးခဲ့ချေ။

"မင်း...မင်း"

လောင်ရင်သည် ဒေါသထွက်လွန်းသဖြင့် စကားမပြောနိုင်အောင် ဆွံ့အသွားခဲ့သည်။

"ကျန်တဲ့လူတွေက ခင်ဗျားကို ကြောက်ရင်ကြောက်လိမ့်မယ်။ ဒါပေမယ့် ကျုပ် မပါဘူး ။ နောက်ခံချင်းယှဥ်ရင်လည်း ကျုပ်က ခင်ဗျားထက် ပိုမြင့်တယ်။ ခင်ဗျားကို ဘယ်သူတွေက သူတော်စင်ဘုရင်လို့ ခေါ်ဖူးလဲ"

ယဲ့ချန်သည် သူတော်စင်ဘုရင်ဆိုသော အဆင့်အတန်းကို အသေအချာမသိထားသော်လည်း စွမ်းအားရှင်တစ်ယောက်ထက် သာလွန်မည်ဟု ခန့်မှန်းထားသည်။ ဘေးတွင် နားထောင်နေသော ယုချန်မှာ တစ်ချက်ပြုံးလိုက်ပြီး လောင်ရင်အနေဖြင့် နတ်ဆိုးတိုက်လှေကို လိုချင်လျှင် တန်ဖိုးကြီးမားစွာ ပေးဆပ်ရန် လိုအပ်နေသည်။

"ခင်ဗျား မလိုချင်ဘူးဆိုရင် ကျန်ခေါင်းဆောင်တွေကို ကျုပ် ဆက်သွယ်လိုက်မယ်"

ယဲ့ချန်က ထပ်မံအကျပ်ကိုင်နေသည်ကို ကြားသောအခါ တွင်းထဲရှိ ခြင်္သေ့ကြီးက ကျေနပ်စွာ ပြုံးလိုက်သည်။ သူ၏အပေါင်းအပါက စွမ်းအားရှင်တစ်ယောက်ကို ရင်ဆိုင်နေရသော်လည်း လှည့်စားရဲသော သတ္တိ ရှိသည်။ သူက အော်ဟစ်ချီးကျူးချင်နေသော်လည်း ယုချန်ကို ကြောက်သောကြောင့် အထက်သို့ တက်မလာရဲပေ။

"နေဦး"

လောင်ရင်သည် စွမ်းအားရှင်တစ်ယောက် ဖြစ်လာပြီးနောက် ဤသို့အကျပ်ကိုင်မခံရဖူးသောကြောင့် အံကြိတ်လိုက်မိသည်။ သို့သော် သူက သည်းခံရန်မှတစ်ပါး ရွေးချယ်စရာမရှိသောကြောင့် နောက်ထပ်ရတနာတစ်ခုဖြစ်သည့် တံခွန်ကြီးတစ်ခုအား ထုတ်ယူလိုက်သည်။ ၎င်းက သုံးမီတာကျော် ရှည်လျားပြီး ထိပ်ပိုင်းတွင် သားရဲကြီးများ၏ပုံရိပ်များကို အံ့သြစရာကောင်းလောက်အောင် ရေးထွင်းထားသော တံခွန်တစ်ခုအား တပ်ဆင်ထားသည်။

"ဒီသားရဲဂိတ်တံခွန်ကို ကြိုက်တဲ့နေရာမှာ ထိုးစိုက်ပြီး အစီအရင်တစ်ခုကို ခင်းကျင်းနိုင်တယ်။ မင်းက အစွမ်းထက်ကျင့်ကြံသူတွေကို တွေ့ရင်တောင် အသက်ဘေးက လွတ်မြောက်နိုင်လိမ့်မယ်"

လောင်ရင်သည် တံခွန်ကို နှမြောတဿဖြစ်စွာဖြင့် ရှင်းပြလိုက်သော်လည်း ယဲ့ချန်က ခံစားချက်မဲ့နေပြီး မျက်နှာတစ်ချက် မပြောင်းလဲချေ။

"ဒီရတနာနှစ်ခုကို မလိုချင်ဘူးဆိုရင် အခြားခေါင်းဆောင်တွေကို သွားရှာပေတော့"

ဤရတနာနှစ်ခုက အကန့်အသတ်သို့ ရောက်နေပြီး ယုချန်၏ ရတနာခုနစ်ခုအောက် မနိမ့်ကျသောကြောင့် လောင်ရင်က နောက်ဆုံးစကားဆိုသည်။

"လောင်ရင်ဆီကနေ ရတနာနှစ်ခု ထွက်လာဖို့ဆိုတာ တကယ်မလွယ်ဘူးနော်။ ဒီတံခွန်ကလည်း ပစ္စည်းကောင်းဖြစ်ပြီး အရေးကြုံလာရင် သိလာလိမ့်မယ်"

"ကောင်းပြီ။ ဒါဆိုရင် ကျုပ်ဘက်က အလျှော့ပေးလိုက်မယ်"

ယုချန်၏ အကြံပေးစကားကြောင့် ယဲ့ချန်က စိတ်ဝင်စားသွားကာ လက်ခံရန် သဘောတူလိုက်သည်။ ယဲ့ချန်သည် အဖိုးတန်ရတနာနှစ်ခုကို အပိုင်ရသွားသော်လည်း ဆုံးရှုံးသွားသယောင် ပြောနေသဖြင့် လောင်ရင်မှာ သွေးအန်ချင်နေခဲ့သည်။ အမှန်တကယ်၌ ယဲ့ချန်သည် ၎င်းတို့ကို သွေးပြည်ထောင်၌ သွားရောက်ရောင်းချလျှင် နတ်ဆိုးတိုက်လှေ အစီးငါးဆယ်အထိ ဝယ်ယူနိုင်ပြီး ပိုက်ဆံဖြင့် တန်ဖိုးဖြတ်မရချေ။ စကြဝဠာအတွင်း ဖြစ်ပျက်နေသည်များကို ခန့်မှန်းမရနိုင်သောကြောင့် နတ်ဆိုးတိုက်လှေအား အရေးတကြီး လိုအပ်နေသောအခါ သူက လက်ခံရုံသာ ရှိသည်။

"ငါ အရင်ပြန်နှင့်မယ်"

လောင်ရင်သည် ရတနာနှစ်ခုနှင့် နတ်ဆိုးတိုက်လှေကို လဲလှယ်ပြီးနောက် ယုချန်အား နှုတ်ဆက်ကာ နှမြောတဿကြီးစွာဖြင့် ထွက်ခွာသွားသည်။

"ဒီတစ်ကြိမ်တော့ မင်းက ကောင်းကောင်း အမြတ်ထွက်လိုက်တာပဲ"

လောင်ရင်၏ အမူအရာကြောင့် ယုချန်က တစ်ချက်ပြုံးလိုက်သည်။

"ခေါင်းဆောင်ယုက အထင်လွဲနေပါပြီ။ ကျုပ်က ဘယ်လိုလုပ် ခေါင်းဆောင်လောင်ကို အမြတ်ထုတ်ရဲမှာလဲ။ နှစ်ဖက်လုံး အကျိုးရှိတဲ့ အလုပ်ပါဗျာ"

ယဲ့ချန်က အပြစ်ကင်းဟန်ဆောင်၍ ပြောလိုက်သောအခါ နင်အာက မရယ်ဘဲ မနေနိုင်တော့ပေ။ ယုချန်သည် သူ့ကို တစ်ချက်စိုက်ကြည့်ကာ တွင်းထဲတွင် သေချင်ယောင်ဆောင်နေသည့် ခြင်္သေ့ကြီးထံ အကြည့်ရောက်သွားသည်။

"မင်းက တွင်းထဲမှာ ဘယ်လောက်ကြာကြာ နေမလို့လဲ"

"ဘာတွေဖြစ်သွားတာလဲ။ ခေါင်းဆောင်ယု ရောက်နေပါလား။ ခင်ဗျားက တစ်နေ့တခြား လှလာပြီး ကျုပ်က အလွန်လေးစားမိပါတယ်ဗျာ"

ခြင်္သေ့ကြီးက ချက်ချင်းထရပ်လိုက်ပြီး ယုချန်ကို မြှောက်ပင့်လိုက်သည်။

"ဒီနေ့ ကိစ္စအကြောင်း ထားလိုက်တော့။ နောက်တစ်ခါ နှုတ်မစောင့်ဘူးဆိုရင်"

ယုချန်သည် လိုက်ဖက်လွန်းသော ဤနှစ်ယောက်ကို ပြောစရာစကား မရှိတော့သဖြင့် တစ်ချက်စိုက်ကြည့်ကာ သတိပေးလိုက်သည်။

"ကျုပ် မပြောရဲပါဘူး။ ခင်ဗျားရောက်လာတုန်းက အလင်းတန်းတွေကြောင့် သေချာမမြင်လိုက်လို့ပါ။ ခေါင်းဆောင်ယု ရောက်လာတာကိုသာ သိရင် အခုထက် သတ္တိဆယ်ဆရှိ​နေရင်တောင် မပြောရဲပါဘူး"

ခြင်္သေ့ကြီးက အရှက်ပြေ ရယ်မောကာ ကတိပေးလိုက်သည်။

"ခေါင်းဆောင်ယုကို တစ်ခုလောက် အကူအညီတောင်းချင်ပါတယ်"

ယဲ့ချန်က ပြောလိုက်သည်။

"ဘာများလဲ"

"ကျန်ခေါင်းဆောင်နှစ်ယောက်ကရော နတ်ဆိုးတိုက်လှေကို လိုချင်မလား သိချင်လို့ပါ"

သူက တစ်ချက်ပြုံး၍ ဖြေလိုက်သည်။

"မင်းပြောတော့ နတ်ဆိုးတိုက်လှေတွေ မရှိတော့ဘူးဆို၊ လောင်ရင်ကို လိမ်လိုက်တာလား"

ယုချန်က အခြေအနေကို ချက်ချင်းသဘောပေါက်လိုက်လိုက်သည်။

"ခေါင်းဆောင်ယုက အထင်လွဲနေပါပြီ။ ကျုပ်က ခေါင်းဆောင်သုံးယောက်ကို နတ်ဆိုးတိုက်လှေတစ်စီးစီ ရောင်းချပေးပြီး ကျန်နှစ်ယောက်ကို လျစ်လျူရှုထားရင် ဘယ်သင့်တော်ပါ့မလဲ။ ပြီးတော့ ခေါင်းဆောင်လောင် ပြောသလိုဆိုရင် ဒီယာဥ်တွေက ထိပ်တန်းမဟာမိတ်အတွက် အရေးကြီးတယ်မလား။ ကျုပ်က တစ်ကိုယ်ကောင်းမဆန်ပါဘူး။ ဒါကြောင့် ထိပ်တန်းမဟာမိတ်အတွက် အကျိုးဆောင်ပေးချင်ပါတယ်"

ယဲ့ချန်က လေးနက်သော အမူအရာဖြင့် ကိုယ့်ကိုကိုယ် အမွှန်းတင်လိုက်၏။

"မင်းရဲ့အကြံကို ငါမသိဘူး မထင်နဲ့။ ဒါပေမယ့် ဒီကိစ္စက အရေးကြီးနေတော့ ငါက ဆက်သွယ်ပေးပါမယ်။ သူတို့က လိုချင်တယ်ဆိုရင် မင်းဆီကို ရောက်လာလိမ့်မယ်"

ယုချန်က ယဲ့ချန်ကို သတိပေးဟန်ဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း သဘောတူခဲ့သည်။

"ဒါဆိုရင် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ"

အကယ်၍ သူသာ နတ်ဆိုးတိုက်လှေနှစ်စီးကို ကျန်ခေါင်းဆောင်နှစ်ယောက်ထံ ရောင်းချနိုင်ခဲ့လျှင် ရတနာများ ထပ်မံရယူနိုင်ပေလိမ့်မည်။ သူက ထိပ်တန်းမဟာမိတ်မှ ထွက်ခွာ၍ စကြဝဠာအတွင်း ခရီးထွက်လိုလျှင် အသေအချာပြင်ဆင်ထားမှ လုံခြုံပေလိမ့်မည်။ ယဲ့ချန်၏လက်ထဲတွင် ရတနာကိုးခုရှိနေပြီး သွေးကြာနီ၊ ဆန်းကျယ်တိုကင်နှင့် သားရဲဂိတ်တံခွန်တို့က အလွန်ကောင်းမွန်သော အသက်ကယ်ရတနာများ ဖြစ်လေသည်။

All Chapters