ကောင်းကင်မူလကြယ်သို့ အပြန်
Vol. 64 Ch. 892
ယုချန် ပြန်သွားပြီး မကြာခင်မှာပင် ကျန်ခေါင်းဆောင်များဖြစ်သော တန်းဝူနှင့် မူယဲ့တို့ ရောက်ရှိလာကာ နတ်ဆိုးလှေတစ်စီးစီကို ရတနာများဖြင့် လဲလှယ်သွားကြ၏။ ကာကွယ်ရေးရတနာများအပြင် သူက များစွာသော ဆေးပင်များကို ရရှိခဲ့ပြီး လက်ရှိကျင့်ကြံဆင့်တွင် အကူအညီကြီးကြီးမားမား မဖြစ်သော်လည်း မရှိသည်ထက် ပို၍ကောင်းမွန်သည်။ နတ်ဆိုးလှေကို ဝယ်ယူပြီးနောက် ခေါင်းဆောင်နှစ်ယောက်က ယဲ့ချန်ကို အထင်ကြီးသွားကာ စကားအနည်းငယ် ပြောဆိုပြီးနောက် ပြန်သွားကြသည်။ သူက နင်အာအတွက် ရတနာခုနစ်ခုနှင့် ခြင်္သေ့ကြီးအတွက် ခြောက်ခု ခွဲဝေပေးလိုက်ပြီး ကိုယ်တိုင်အတွက် သွေးကြာနီ၊ ဆန်းကျယ်တိုကင်နှင့် သားရဲဂိတ်တံခွန်ကို သိမ်းဆည်းထားခဲ့သည်။
ယဲ့ချန်၏လက်ထဲတွင် နတ်ဆိုးလှေ၁၇စီး ကျန်ရစ်ပြီး အရေးပေါ်အသုံးပြုရန်အတွက် နင်အာနှင့် ခြင်္သေ့ကြီးကို တစ်စီးစီ ပေးအပ်လိုက်သည်။ ထို့နောက် မီကွမ်၊ မိုရွဲ့နှင့် စီတုနန်တို့ကိုလည်း တစ်စီးစီ လက်ဆောင်ပေးခဲ့ပြီး မီကွမ်နှင့် စီတုနန်က မိတ်ဆွေကောင်းများဖြစ်ကာ ရွဲ့အာက အလွန်ချစ်စရာကောင်းသောကြောင့် ဖြစ်သည်။ ထိပ်တန်းမဟာမိတ်သို့ ဝင်ရောက်ပြီးနောက် သူက ရိုးသားပွင့်လင်းစွာ ဆက်ဆံနိုင်သော မိတ်ဆွေကောင်း အနည်းငယ် ရရှိခဲ့သည်။
"ဒီခရီးမှာ အန္တရာယ် တွေပြည့်နှက်နေပြီး အခက်အခဲတွေ အများကြီးရှိလိမ့်မယ်။ ဂရုစိုက်ပါ။ မျိုးနွယ်စုဝေးပွဲက သုံးနှစ်အတွင်း ကျင်းပလိမ့်မယ်။ အချိန်မီအောင် ပြန်လာပေးပါ"
လင်လုံ၏ တည်ကြည်သော စကားသံက မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိရပေ။ သူမ၏ အေးစက်မြင့်မြတ်သော အကျင့်စရိုက်နှင့် အဆင့်အတန်းအရ ဤစကားမျိုးပြောရန် မလွယ်ကူသောကြောင့် ယဲ့ချန်က ခံစားလိုက်ရသည်။ ထိပ်တန်းမဟာမိတ်၏ ခေါင်းဆောင်များက လေးစားထိုက်ပြီး သူနှင့် အစေးမကပ်သော လောင်ရင်သည်ပင် များစွာခက်ခဲအောင် မပြုလုပ်သောကြောင့် သူက ဤဂိုဏ်းအပေါ် အကောင်းမြင်သည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်လင်"
ယဲ့ချန်သည် အဝေးသို့ ကြည့်လိုက်သောအခါ စင်မြင့်တစ်ခုထက်တွင် တင်ပျဥ်ခွေထိုင်နေသော လင်လုံကို မြင်လိုက်ရသည်။ သူမ၏ခန္ဓာကိုယ်ထက်သို့ အလင်းတန်းများ ဖြာကျနေပြီး နတ်ဘုရားပမာ ဆင်တူနေသောကြောင့် အထင်ကြီးဖွယ်ကောင်းနေသည်။ သူမက ထိပ်တန်းမဟာမိတ်ကို ဦးဆောင်ပြီး ကိုယ်ပိုင်အင်အားဖြင့် လူသားမျိုးနွယ်အတွက် တစ်နေရာရရန် တိုက်ခိုက်နေသောကြောင့် ဤသတ္တိမျိုးက လေးစားဖွယ်ကောင်းလှသည်။ ယဲ့ချန်တို့သုံးယောက်က ထိပ်တန်းမဟာမိတ်မှ ထွက်ခွာရန် အသင့်ဖြစ်နေချိန်တွင် ခေါင်းဆောင်ခြောက်ယောက်က စုဝေးနေကြသည်။
"ခေါင်းဆောင် သူတို့ကို ထိပ်တန်းမဟာမိတ်က ထွက်ခွာခွင့်ပေးလိုက်တာ သိပ်မကောင်းဘူး ထင်တယ်။ စကြဝဠာထဲမှာ အန္တရာယ်တွေ ပြည့်နှက်နေပြီး သူ့အဆင့်အတန်းက ထူးခြားတယ်။ စောင့်ကြည့်နေသူတွေလည်း အများကြီး ရှိလိမ့်မယ်"
တန်းဝူက စိုးရိမ်စွာ ပြောလိုက်ခြင်းဖြစ်သည်။
"ဒီနေရာက ထွက်ခွာတာဟာ သူ့အတွက် ပထမဆုံးခြေလှမ်း ဖြစ်လိမ့်မယ်။ သူက ဒီအဆင့်ကိုတောင် မကျော်ဖြတ်နိုင်ရင် ငါတို့ မျှော်လင့်ချက် မထားသင့်ဘူး"
လင်လုံက စကြဝဠာအတွင်း ငေးမော၍ ရေရွတ်လိုက်သည်။ သူတို့က လူသားမျိုးနွယ်အတွက် နောက်ဆုတ်ရန် လမ်းမရှိသောကြောင့် သေရမည်ဆိုလျှင်ပင် ဆက်လက်လျှောက်လှမ်းရပေလိမ့်မည်။
"ယဲ့ချန် လမ်းခရီးမှာ သတိထားပါ"
ရှန်မူက ယဲ့ချန်ထံ အသံချင်းဆက်သွယ်လိုက်သည်။
"ဟုတ်ကဲ့။ ဆရာလည်း ဂရုစိုက်ပါ"
ရှန်မူသည် ယဲ့ချန်နှင့် ခြင်္သေ့ကြီးအပေါ် ဂရုတစိုက်စောင့်ရှောက်သောကြောင့် ယဲ့ချန်က အလွန်ကျေးဇူးတင်နေသည်။
"လုံခြုံတဲ့ခရီး ဖြစ်ပါစေ"
စီတုနန်တို့သည်လည်း နှုတ်ဆက်လိုက်ကြပြီး အချိန်ခဏသာ သိကျွမ်းခွင့်ရခဲ့သော်လည်း ခင်မင်ရင်းနှီးသွားကြ၏။
"အစ်ကိုယဲ့ ဂရုစိုက်ပါနော်"
ရွဲ့အာကလည်း မျက်ရည်ဝဲနေပြီး ဝမ်းနည်းစွာ နှုတ်ဆက်လိုက်၏။ လာနှုတ်ဆက်သူများအကြားတွင် ရုန်ယွမ်လည်း ရှိနေသောကြောင့် ယဲ့ချန်ကို အံ့သြစေခဲ့သည်။ သူက တည်ငြိမ်သော ရုန်ယွမ်ထံ ဦးတည်လျှောက်လှမ်းသွား၏။
"ငါတို့ရဲ့ ရန်ကြွေးတွေကို ချေဖျက်လိုက်ဖို့ မျှော်လင့်ပါတယ်။ ဘာဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ပါတယ်။ မင်းသာ ငါ့ကို ဒဏ်ရာမရစေခဲ့ရင် အချိန်လေဟာနယ် အဆင့်ငါးကို နားလည်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး"
ရုန်ယွမ်က ပြောလိုက်ခြင်းဖြစ်သည်။ ယခင်နှင့်ယှဥ်လျှင် သူက ကြီးမားစွာ ပြောင်းလဲသွားပြီး မောက်မာမှုများ ပျောက်ကွယ်နေသည်။
"မင်းပြောသလိုပဲ ရန်ကြွေးတွေကို ချေဖျက်လိုက်ကြတာပေါ့။ ငါလည်း အတိတ်တုန်းက နည်းနည်းမှားသွားတယ်။ တောင်းပန်တဲ့အနေနဲ့ ဒီလက်ဆောင်ကို လက်ခံပေးပါ"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး မိုးကြိုးလက်စွပ်တစ်ကွင်းအား ရုန်ယွမ်ထံ ပစ်ပေးလိုက်၏။ သူက အံ့သြတကြီးဖြင့် လက်ခံ၍ အတွင်းသို့ ကြည့်လိုက်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ တစ်ဖက်လူက အလွန်အဖိုးတန်သော နတ်ဆိုးတိုက်လှေတစ်စီး လက်ဆောင်ပေးမည်ဟု ထင်မထားသောကြောင့် ဆွံ့အသွားခဲ့၏။ သူက မာနကို ချိုးနှိမ်၍ အချိန်လေဟာနယ် အဆင့်ငါးအထိ နားလည်သွားသောကြောင့် အနာဂတ်၌ သေချာပေါက် တိုးတက်လာပေလိမ့်မည်။ ထို့အပြင် သူက ထိပ်တန်းမဟာမိတ်အတွက် များစွာစွမ်းဆောင်ပေးနိုင်သူ ဖြစ်သောကြောင့် ယဲ့ချန်က တွန့်တိုမနေခဲ့ပေ။ ငွေဆိုသည်မှာ ရှာဖွေနိုင်ပြီး ပါရမီရှင်များက ငွေထက် ပို၍အရေးပါသည်။ ယဲ့ချန်က ရက်ရောစွာဖြင့် အဖိုးတန်လက်ဆောင် ပေးလာမည်ဟု ထင်မထားသောကြောင့် ရုန်ယွမ်က အလွန်ကျေးဇူးတင်နေ၍ အတိတ်မှ သူ၏လုပ်ရပ်ကို ပြန်လည်တွေးမိလိုက်သောအခါ အရှက်ရနေသည်။
"မင်းအတွက် အနာဂတ်မှာ ငါ ကူညီနိုင်တာရှိရင် အကောင်းဆုံး ကြိုးစားပေးမယ်"
ယဲ့ချန် လှည့်ထွက်သွားချိန်တွင် သူက ကျောပြင်ကို စိုက်ကြည့်ရင်း လေးနက်စွာ ကတိပေးလိုက်သည်။
"နှုတ်ဆက်ပါတယ် ထိပ်တန်းမဟာမိတ်ရေ"
ယဲ့ချန်သည် နတ်ဆိုးတိုက်လှေတစ်စီးကို ထုတ်ယူပြီး ခြင်္သေ့ကြီး၊ နင်အာတို့နှင့်အတူ ထွက်ခွာသွားသောအခါ အဝေးတစ်နေရာ၌ မှော်ခြင်္သေ့မျိုးနွယ်၏ သခင်မလေး တန်လင်းအာက လက်ဝှေ့ယမ်းပြနေကာ မျက်ရည်ဝဲနေသည်။
"ခြင်္သေ့ကြီး မင်း နေချင်ရင် နေခဲ့လို့ရတယ်နော်"
ယဲ့ချန်က တန်လင်းအာကို တစ်ချက်ကြည့်၍ ခြင်္သေ့ကြီးအား ပြောလိုက်သည်။
"တော်စမ်းပါကွာ။ မိန်းမတစ်ယောက်ကြောင့် ငါက မိတ်ဆွေကို ပစ်ထားနိုင်မယ် ထင်နေတာလား။ ငါ အဝေးကိုရောက်နေရင် သူမက ငါ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိသွားလိမ့်မယ်။ ငါ ပြန်လာတဲ့အချိန်ကျရင် အိပ်ရာပေါ်ကို သူ့အလိုလို ရောက်လာမှာ သေချာတယ်"
ခြင်္သေ့ကြီးသည် တန်လင်းအာကို ခွဲခွာရမည် ဖြစ်သောကြောင့် ဝမ်းနည်းနေသော်လည်း ဟာသလုပ်၍ ခေါင်းယမ်းပြလိုက်၏။ သူ၏စကားက ရယ်စရာကောင်းသော်လည်း စကြဝဠာအတွင်း ခရီးထွက်မည့် ယဲ့ချန်ကို စိုးရိမ်ကြောင်း ပေါ်လွင်နေသည်။ လူတိုင်းက နှုတ်ဆက်နေစဥ် နတ်ဆိုးတိုက်လှေသည် စကြဝဠာအတွင်း အလင်းတန်းအသွင်ဖြင့် လှစ်ခနဲ ထွက်ခွာသွားသည်။
"ယဲ့ချန် ငါတို့ အရင်ဆုံး ဘယ်သွားကြမလဲ"
ခြင်္သေ့ကြီးက မေးလိုက်သောအခါ နင်အာကလည်း သိချင်စိတ်ကြောင့် ယဲ့ချန်ကို ကြည့်နေသည်။
"ကောင်းကင်မူလကြယ်ကို ပြန်ကြတာပေါ့"
ယဲ့မျိုးနွယ်၏ အခြေအနေကို သိချင်နေပြီး အိမ်လွမ်းသောကြောင့် ယဲ့ချန်က ကောင်းကင်မူလကြယ်သို့ပြန်ရန် ဆုံးဖြတ်လိုက်၏။
ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း၏ ကုန်းယွမ်ကြယ်ဒေသ အလယ်တွင် ဧရာမကြယ်ကြီးတစ်လုံးရှိပြီး မီးတောက်နီနန်းတော်၏ တည်နေရာ ဖြစ်သည်။ မီးတောက်နီနန်းတော်၏ ပလ္လင်ထက်တွင် အနက်ရောင်မြူခိုးများ လွှမ်းခြုံနေသဖြင့် မျက်နှာကို မမြင်ရသော ဝတ်ရုံနက်တစ်ယောက် ထိုင်နေသည်။ ထိုလူက ချီတောက်ဖြစ်ပြီး ရှန်းရန်နှင့် ကျန်ခေါင်းဆောင်များပင် သူ၏ဘေး၌ မတ်တပ်ရပ်နေခဲ့ကြသည်။ သူ၏ကျင့်ကြံဆင့်က စွမ်းအားရှင်များထက် သာလွန်သောကြောင့် မည်သူမှ ကလန်ကဆန် မလုပ်ဝံ့ပေ။
"နောက်ဆုံးတော့ သူက ထိပ်တန်းမဟာမိတ်အပြင်ကို ထွက်လာပြီ"
မျက်လုံးများမှိတ်၍ ကျင့်ကြံနေသော ချီတောက်က ရုတ်တရက် မျက်လုံးပွင့်လာကာ အေးစက်စက် ရေရွတ်လိုက်သည်။
"ယဲ့ချန်ကို သတ်ဖို့အတွက် တစ်ယောက်ယောက် လွှတ်လိုက်။ ဘယ်လောက်ဆုံးရှူံးပလေ့စေ၊ သူ့ကို သတ်ရမယ်"
"ဟုတ်ကဲ့"
ချီတောက်၏ အမိန့်ကို မနာခံချင်သော်လည်း ရှန်းရန်၌ ရွေးချယ်စရာ မရှိသောကြောင့် ခေါင်းငုံ့လက်ခံနေရသည်။ နတ်သခင်သည် ချီတောက်အား မီးတောက်နီနန်းတော်၏ အာဏာအလုံးစုံကို လက်လွှဲပေးရန် အမိန့်ပေးထားသောကြောင့် ဖြစ်သည်။ သူက နန်းတော်သခင်ဖြစ်သော်လည်း နတ်ဆိုးကျင့်စဥ်ကို စတင်ကျင့်ကြံပြီးနောက် နတ်သခင်သည် သူ၏သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်ခဲ့သောကြောင့် မနာခံဘဲ မနေဝံ့ပေ။ ချီတောက်က ကိုယ်တိုင်မလှုပ်ရှားသည်မှာ မျက်ကန်းကြီးကို ကြောက်လန့်နေသောကြောင့် ဖြစ်သည်။ သူသာလှုပ်ရှားလျှင် တစ်ဖက်လူက ခြေရာခံ၍ လိုက်လာနိုင်ပြီး မီးတောက်နီနန်းတော်၏ အဖွဲ့ဝင်များကို စေခိုင်းကာ အရူးလုပ်လိုက်သည်။ ထို့နောက် မီးတောက်နီနန်းတော်၏ ကျင့်ကြံသူများက စကြဝဠာအတွင်း အုပ်စုလိုက် ထွက်လာကြပြီး ရည်ရွယ်ချက်က ယဲ့ချန်ကိုသတ်ရန် ဖြစ်၏။ အများစုမှာ ထိပ်တန်းကြယ်သခင်များဖြစ်ပြီး စွမ်းအားရှင် အကြီးအကဲသုံးယောက်ပင် ပါဝင်နေသည်။
ကောင်းကင်မူလကြယ်ထက်တွင် ကျိုးလီက ထိပ်တန်းကြယ်သခင်များကို သင်ခန်းစာပေးပြီးနောက် ၎င်း၏ဂုဏ်သတင်းက ကြီးမားလာသဖြင့် ဧည့်သည်များမှာ အလွန်သတိထားနေကြသည်။ ကောင်းကင်ကြယ်သခင်များနှင့် ထိပ်တန်းကြယ်သခင်များပင် ဤနေရာ၌ နှိမ့်ချနေရပြီး ယဲ့မျိုးနွယ်ဝင်များကိုတွေ့လျှင် ဦးညွှတ်ကြရသည်။ သူတို့၏ခွန်အားဖြင့် တစ်ဖက်လူကို အလွယ်တကူ သတ်ဖြတ်နိုင်သော်လည်း လက်တစ်ဖက်ယမ်းရုံဖြင့် ထိပ်တန်းကြယ်သခင်များကို ဖမ်းချုပ်နိုင်သော ကျိုးလီကြောင့် ရန်မစရဲခြင်း ဖြစ်သည်။
ကျိုးလီကြောင့် ယဲ့မျိုးနွယ်က တိုးတက်လာပြီး ကြယ်သခင်များစွာကို နောက်လိုက်အဖြစ် စုဆောင်းနိုင်ခဲ့သည်။ ထိုကြယ်သခင်များမှာ ဆုလာဘ်အဖြစ် ရက်ရက်ရောရော ရထားသည့်အပြင် ကျိုးလီ၏သင်ကြားမှုကို ရနိုင်သောကြောင့် အလွန်သစ္စာရှိနေကြသည်။ အချိန်ကြာမြင့်လာသောအခါ ယဲ့မျိုးနွယ်ဝင်များကြားတွင် ထိပ်တန်းကြယ်သခင် ခြောက်ယောက်၊ ကောင်းကင်သခင် ၁၇ယောက်၊ အဆင့်မြင့်ကြယ်သခင် ၆၁ယောက်၊ အဆင့်နိမ့်နှင့် အလယ်အဆင့် ကြယ်သခင်ခြောက်ရာကျော် ထွက်ပေါ်လာခဲ့သည်။ ယဲ့မျိုးနွယ်က အရှင်သခင်ဖြစ်လာပြီး စွမ်းအားရှင်တစ်ယောက် မပိုင်ဆိုင်သေးသော်လည်း ကျိုးလီ၏ သင်ကြားပြသမှုဖြင့် ထိပ်တန်းကြယ်သခင်များ၌ မျှော်လင့်ချက် ရှိလာသည်။ စွမ်းအား တိုးတက်လာသည့်အပြင် စီးပွားရေးကလည်း အံ့သြစရာကောင်းလောက်အောင် မြင့်တက်လာကာ အနီးအနားရှိ ကြယ်ဒေသများစွာသို့ ဖြန့်ကျက်ထားနိုင်ခဲ့သည်။ ငွေကြေးများက နှင်းဘောလုံးပမာ တလိမ့်လိမ့်များပြားလာပြီး နေ့စဥ်နေ့တိုင်း နတ်ဆိုးတိုက်လှေများသည် ဝင်ထွက်သွားလာနေကြ၏။
"ဒါက တကယ်ပဲ ကောင်းကင်မူလကြယ်လား"
ယဲ့ချန်၏ နတ်ဆိုးတိုက်လှေက ကောင်းကင်မူလကြယ်သို့ ရောက်လာပြီး ထောင်သောင်းချီသော ယာဥ်များစွာသည် ပျားအုပ်ပမာ ဝင်ထွက်နေ၍ စည်ကားသက်ဝင်နေခဲ့လေသည်။