← Chapters

နတ်ပြည်

Vol. 64 Ch. 893

နတ်ပြည်

Vol. 64 Ch. 893

နတ်ဆိုးတိုက်လှေသည် ကောင်းကင်မူလကြယ်၏ ဆိပ်ကမ်းသို့ ဖြည်းညှင်းစွာ ကမ်းကပ်လိုက်သောအခါ မြင်ရသော မြင်ကွင်းများက ယဲ့ချန်ကို အလွန်အံ့သြစေသည်။ သူ ခရီးထွက်နေစဥ် ၎င်းက ကြီးကြီးမားမား ပြောင်းလဲသွားသောကြောင့် နင်အာသည်လည်း မျက်ဝန်းလေးများ ဝိုင်းစက်နေသည်။ ကြယ်အသီးသီးမှ ဝတ်စားဆင်ယင်ပုံ အမျိုးမျိုးနှင့် ကုန်သည်များစွာက သွားလာနေပြီး အများစုမှာ ကြယ်သခင်များ ဖြစ်သည်။ သို့သော် သူတို့သည် ဤနေရာ၌ သတိကြီးနေပုံရပြီး မည်သူမှ မောက်မောက်မာမာ မနေရဲကြပေ။

သူက ကြယ်တစ်ခုလုံးကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ အရွယ်အစားအမျိုးမျိုးရှိသော စျေးရာချီတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ ကုန်သွယ်နေကြသည်။ ကောင်းကင်တွင် အစောင့်များ အချိန်တိုင်းရှိနေကာ ဝတ်ဆင်ထားသော ချပ်ကာများပေါ်တွင် ယဲ့ဆိုသော စာလုံးကို ရေးထွင်းထား၏။ ကောင်းကင်မူလကြယ်တွင် အစောင့်ပေါင်း သန်းချီရှိနေပြီး စစ်ဧကရာဇ်များနှင့် နတ်အစေခံများအပြင် ကြယ်သခင်များလည်း ရှိနေပြီး ထိပ်တန်းအဆင့်များပင် ပါဝင်သည်။ စစ်ဧကရာဇ်နှင့် နတ်အစေခံ ကျွန်များစွာကို ဝယ်ယူခဲ့သောကြောင့် ယဲ့မျိုးနွယ်၏အင်အားက တိုးတက်လာကာ ဤအစောင့်များကို သစ္စာပေးနိုင်ခဲ့သည်။

ယဲ့ချန်ကိုယ်တိုင်ပင် မျိုးနွယ်က ဤမျှတိုးတက်လာသော အကြောင်းအရင်းကို အဖြေမထုတ်နိုင်ပေ။ သူ၏ဝိညာဥ်အသိစိတ်က ယဲ့အိမ်တော်သို့ ရောက်သွားသောအခါ အစွမ်းထက် အရှိန်အဝါတစ်ခုကို တွေ့လိုက်ရသဖြင့် အံ့သြသွားခဲ့သည်။ ကျိုးလီက တစ်နေရာတွင် တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေပြီး ကျောက်စိမ်းနန်းတော်အတွင်းမှ အစောင့်အဘိုးအိုဖြစ်ကြောင်း သူက မှတ်မိလိုက်၏။ ထို့ကြောင့် ယဲ့မျိုးနွယ် တိုးတက်လာရသော အကြောင်းအရင်းကို သူက ချက်ချင်းနားလည်လိုက်ပြီး တစ်ဖက်လူ၏ သရုပ်မှန်ကို တိတိကျကျ မသိထားသော်လည်း သူ့အပေါ် ရန်လိုစိတ်မရှိကြောင်း သိသာသည်။ ကျိုးလီ၏ခွန်အားအရ သူ့ကို ဒုက္ခပေးလိုလျှင် လက်တစ်ဖက် ယမ်းလိုက်ရုံသာ ဖြစ်သည်။

ယဲ့ချန်၊ နင်အာနှင့် ခြင်္သေ့ကြီးက ယဲ့အိမ်တော်သို့ ရောက်သောအခါ မျိုးနွယ်တစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားကာ ကြိုဆိုပွဲ ကျင်းပခဲ့သည်။

"နင် ပြန်ရောက်လာပြီလား"

ထန်တိုက်လင်က ယဲ့ချန်ကို မြင်သောအခါ လှပစွာပြုံးလိုက်ပြီး စကားဖြင့် ဖော်ပြမရလောက်အောင် သိမ်မွေ့ညှင်သာနေသည်။ သူက ခေါင်းညိတ်လိုက်ပြီး သေးသွယ်သော သူမ၏ခါးကို သိုင်းဖက်လိုက်ကာ အိမ်လွမ်းစိတ်ကို အထိအတွေ့က ပယ်ဖျက်လိုက်သည်။ ခဏအကြာတွင် ပိုလင်းနှင့် ယဲ့လော့ ရောက်ရှိလာကာ အရှိန်အဝါများ ပြောင်းလဲနေသဖြင့် မည်သည့်ကျင့်စဥ်မျိုး ကျင့်ကြံနေကြောင်း မသိရပေ။ ပိုလင်းက ပို၍ညှို့ငင်အားပြင်းလာပြီး မိုးကြိုးကဲ့သို့ အရှိန်အဝါမျိုး ထွက်ပေါ်နေသကဲ့သို့ ယဲ့လော့ထံမှလည်း ဆန်းကျယ်သော အရှိန်အဝါကို ခံစားနေရသည်။

"မောင်လေးက နောက်ဆုံးတော့ ပြန်ရောက်လာသားပဲ"

ပိုလင်းက ကြာကြည့်တစ်ချက် ပစ်လိုက်သောအခါ ယဲ့ချန်သည် အတိတ်မှဖြစ်ရပ်များကို သတိရလိုက်သဖြင့် တစ်ကိုယ်လုံး ပူလောင်လာသည်။ ယဲ့လော့ကမူ ဘေးတွင်ရပ်ကာ ချစ်မြတ်နိုးသော မျက်ဝန်းအစုံဖြင့် တိတ်တဆိတ် ရပ်ကြည့်နေသည်။ သူ၏ဇနီးတစ်ယောက်ချင်းစီက အလွန်လှပသောကြောင့် သူက ဘဝ၏အနှစ်သာရကို ကျေနပ်ရန် လုံလောက်နေသည်။

"ဘယ်လိုကျင့်စဥ်တွေကို ကျင့်ကြံထားတာလဲ"

"ဒါက ကျောက်စိမ်းကိုးသွယ်ခန္ဓာနဲ့ နတ်မိုးကြိုးခန္ဓာ ကျင့်စဥ်တွေဖြစ်ပြီး အကြီးအကဲ ပေးအပ်ထားတာလေ"

ထန်တိုက်လင်က ကျိုးလီကို တစ်ချက်ကြည့်၍ ရှင်းပြလိုက်သည်။ ယဲ့ချန်သည် ခံစားသိရှိရသော အရှိန်အဝါများအရ ထိုကျင့်စဥ်များက မရိုးရှင်းဘဲ ကြယ်သခင်အဆင့်အား ကျော်လွန်နေကြောင်း နားလည်လိုက်၏။

"ယဲ့မျိုးနွယ်ကို စောင့်ရှောက်ပေးတဲ့အတွက် အဘိုးကို ကျေးဇူးအများကြီးတင်ပါတယ်"

ယဲ့ချန်က ကျိုးလီထံ လျှောက်သွားကာ ရိုရိုသေသေ ဂါရဝပြုလိုက်သည်။

"အရှင်က အားနာလွန်းနေပါပြီ။ သူတော်စင်ဘုရင်ရဲ့ မျိုးနွယ်ကို စောင့်ရှောက်ပေးရမှာက ဒီအစေခံအိုကြီးရဲ့ တာဝန်ပါ"

ကျိုးလီက တည်ငြိမ်စွာ ပြောလိုက်သည်။ သူတော်စင်ဘုရင်ဟု ထပ်မံခေါ်ဝေါ်ခံလိုက်ရသောကြောင့် ယဲ့ချန်က အကြောင်းအရင်းကို လွန်စွာသိချင်နေသည်။ ကြယ်သခင်အဆင့်ကို ကျော်လွန်နေသော တစ်ဖက်လူက ကိုယ့်ကိုကိုယ် အစေခံဟု သုံးနှုန်းနေသဖြင့် သူ့အတွက် အံ့သြစရာ ဖြစ်နေသည်။

"အချိန်ကျလာရင် အလိုလို နားလည်လာပါလိမ့်မယ်။ ကောင်းကင်မူလကြယ်ကို ပြန်လာတာက နောက်ထပ်တစ်ခေါက် ခရီးထွက်မလို့လား"

ကျိုးလီက ယဲ့ချန်၏ ရည်ရွယ်ချက်ကို ထွင်းဖောက်မြင်နိုင်ဟန်ဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟုတ်ပါတယ်"

သူက ကောင်းကင်မူလကြယ်၌ ရက်အနည်းငယ် နေထိုင်ပြီးလျှင် ဓားပျံကို ပြန်လည်စုစည်းရန်အတွက် စကြဝဠာအတွင်း ခရီးထွက်မည်ဖြစ်သည်။ ကျိုးလီရော မျက်ကန်းကြီးပါ အလွန်သတိထားနေသောကြောင့် ရန်သူက ကြောက်မက်ဖွယ်ကောင်းနိုင်သည်။ ဤအချက်က သူ၏စိတ်ကို လေးလံစေပြီး အနာဂတ်၌ မရေမတွက်နိုင်သော ရန်သူများကို ရင်ဆိုင်ရန်အတွက် ခွန်အားတိုးစေရန် ဓားပျံကို အမြန်ဆုံး လိုအပ်နေသည်။

"အရှင်က ကြယ်သခင်အဆင့် ရောက်ပြီဆိုတော့ ကျောက်စိမ်းနန်းတော်ကို နောက်တစ်ကြိမ် ဝင်နိုင်ပါပြီ"

ကျိုးလီ၏ သတိပေးစကားကြောင့် သူက ဤတစ်ကြိမ်တွင် မည်သည့်ရတနာများ ရနိုင်မည်ကို စိတ်ဝင်စားလာခဲ့သည်။

"အရှင်က ကောင်းကင်ကြယ်တာရာရုန်းကို နားလည်သွားပြီလား။ ဒီကျင့်စဥ်ကို သူတော်စင်ဘုရင်ကိုယ်တိုင် ဖန်တီးထားတာဖြစ်ပြီး ဒီအဘိုးကြီးရယ် သခင်မရယ်ကလွဲရင် နောက်ထပ်လေးယောက်မြောက် ကျင့်ကြံနိုင်မှာ မဟုတ်ဘူး။ ဒီကျင့်စဥ်က အကြွင်းမဲ့အာဏာကို ကိုယ်စားပြုတယ်"

"ဘာအာဏာလဲ"

ကျိုးလီ၏ စကားကြောင့် ယဲ့ချန်က မင်သက်နေသည်။

"ဒါအပြင် နတ်အဆင့်ကိုတက်ဖို့အတွက် နတ်ရတနာတွေက သော့ချက်ဖြစ်တယ်။ ဒါပေမယ့် လူသားမျိုးနွယ်ရဲ့ ကံတရားကို ရှင်းဟွမ်မျိုးနွယ်က ဖိနှိပ်ထားတဲ့အတွက် နတ်အဆင့်ရောက်ဖို့ ခက်ခဲလွန်းတယ်။ ဒီလောကမှာ အရှင်တစ်ယောက်တည်းသာ ဖောက်ထွက်နိုင်ပါလိမ့်မယ်"

ကျိုးလီ၏စကားကြောင့် သူက ကောင်းကင်သခင်၏ နတ်ဝိညာဥ်နှင့် နတ်သွေးစက် တစ်ပုလင်းကို အမှတ်ရလိုက်သည်။ ကံမကောင်းသည်မှာ နတ်သွေးစက် အသုံးပြုပုံကို သူက မသိချေ။ နတ်ဝိညာဥ်ကမူ ဒန်တန်အတွင်း၌ သူ၏နတ်သန္ဓေကို ဆက်တိုက်အားဖြည့်ပေးနေသည်။

"အခြားတစ်ယောက်ရဲ့ နတ်ရတနာတွေက ကျင့်ကြံဆင့်ကို မြင့်တက်စေနိုင်ပေမယ့် ပြိုင်ဘက်ကင်းချင်ရင် ကိုယ်ပိုင်နတ်ရတနာတွေ ဖန်တီးရလိမ့်မယ်။ အရှင်ရဲ့ ကြယ်တာရာ ဘုံကိုးလွှာကျင့်စဥ်က လောကကြီးရဲ့ ကံတရားကို ပြောင်းလဲနိုင်ပြီး လူသားမျိုးနွယ်ကို အထွတ်အထိပ်ဆီ ပြန်လည်ခေါ်ဆောင်ပေးနိုင်တယ်။ ဒါပေမယ့် နောက်ထပ်အဆင့်မြင့်ချင်ရင်တော့ ကိုယ့်ကိုကိုယ် အားကိုးရပါမယ် အရှင်"

ကျိုးလီက ဆက်လက်ရှင်းပြလိုက်၏။

"ကျုပ် နားလည်ပါပြီ"

ယဲ့ချန်က ရိုသေစွာ ခေါင်းညိတ်လိုက်၏။

"စကြဝဠာရဲ့အလယ်မှာ မျောလွင့်နေတဲ့ ကုန်းမြေတစ်ခု ရှိတယ်။ ဒီနေရာက အလွန်ကျယ်ဝန်းပြီး ထရီလီယံချီတဲ့ ကျင့်ကြံသူတွေ နေထိုင်ကြတယ်။ နတ်ပြည်လို့ ခေါ်တယ်"

ကျိုးလီက တစ်လုံးချင်း ရှင်းပြနေပြီး မျက်လုံးများက ရီဝေငေးမောနေသည်။

"နတ်ပြည်မှာ တစ်ချိန်က လူသားမျိုးနွယ်ဟာ နေရာတစ်ခု ပိုင်ဆိုင်ခဲ့တယ်။ တစ်ရက်ကျင့်ကြံရင် ဆယ်နှစ်ကျင့်ကြံတာနဲ့ ညီမျှတဲ့ ဒီနေရာက အင်မော်တယ် ဖြစ်စေနိုင်တယ်။ နေရာတစ်ခုရထားရင် စကြဝဠာထဲမှာ နတ်ပြည်ထောင်တစ်ခု တည်ထောင်နိုင်တယ်။ အတိတ်မှာ လူသားမျိုးနွယ်ရဲ့ ဘိုးဘေးတွေက နတ်ပြည်မှာ အင်အားစုကြီးတစ်ခု တည်ဆောက်နိုင်ခဲ့တယ်။ ဒါပေမယ့် အတွင်းပဋိပက္ခတွေကြောင့် လူသားမျိုးနွယ် ပြိုကွဲခဲ့ရပြီး အခြားမျိုးနွယ်တွေ ဖျက်ဆီးတာ ခံလိုက်ရတယ်။ အရှင်က ကျုပ်တို့ကို ဦးဆောင်ပြီး နတ်ပြည်ကို တိုက်ခိုက်လို့ လူသားမျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ဆောင်ယူပေးပါ"

ကျိုးလီက ယဲ့ချန်ကို စိုက်ကြည့်ပြီး လေးနက်စွာ တောင်းဆိုလိုက်သည်။ တစ်ဖက်လူ၏ မျက်နှာရှိ အထီးကျန်သော အမူအရာကြောင့် သူ၏စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာ၏။ မကျေနပ်ခြင်း၊ သွေးဆာခြင်း၊ ရက်စက်ခြင်းဟူသော ခံစားချက်များအတွင်း သူက နစ်ဝင်သွားကာ မှတ်ဉာဏ်အချို့ နိုးထလာပုံရသည်။ သန်းရာချီသော ကျင့်ကြံသူများက စကြဝဠာထဲတွင် တိုက်ခိုက်နေပြီး ရက်စက်လွန်းသော စစ်မြေပြင်အား သူက မြင်လိုက်ရ၏။

"အရှင်က တော်ဝင်မျိုးဆက်တစ်ယောက် ဖြစ်ပေမယ့် အတိတ်မှာ တော်ဝင်မျိုးနွယ်က ရှင်းလင်းခံလိုက်ရပြီး ဒီလောကမှာ အရေအတွက်အနည်းငယ်သာ ကျန်ရစ်တယ်။ ဒီစစ်ပွဲအပြီးမှာ လူသားမျိုးနွယ် နိမ့်ကျသွားပေမယ့် ငါတို့ရင်ထဲမှာ အတိတ်က အောင်မြင်မှုမျိုးကို လိုချင်နေတုန်းပဲ။ တစ်နေ့မှာ လူသားမျိုးနွယ်အတွက် သေရမယ်ဆိုရင်တောင် နောင်တမရဘူး"

ကျိုးလီက တည်ကြည်စွာ ပြောလိုက်သည်။ သူ၏အသက်အားက ဖျော့တော့နေပြီး ဆည်းဆာချိန်သို့ ရောက်နေပြီဖြစ်သော်လည်း ပြင်းထန်သော တိုက်ခိုက်လိုစိတ်ကို ယဲ့ချန်က ခံစားနိုင်နေသည်။ သူက အဖြစ်အပျက်များကို နားလည်သွားပြီး မျက်ကန်းကြီး၏ ရည်ရွယ်ချက်ကိုလည်း သိရှိခဲ့သည်။ လူသားမျိုးနွယ် ကျဆုံးသွားခဲ့သော်လည်း လက်မလျှော့လိုသူများစွာ ကျန်ရစ်နေပြီး ကျိုးလီနှင့် မျက်ကန်းကြီး အပါအဝင် ဖြစ်သည်။

"အရှင် ခရီးထွက်နေတုန်း ယဲ့မျိုးနွယ်ကို စောင့်ရှောက်ပေးဖို့ ကျုပ် တာဝန်ယူပါတယ်။ ဒါပေမယ့် အနာဂတ်က မင်းအပေါ်မှာ မူတည်နေပြီး လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို ထမ်းပိုးထားရလိမ့်မယ်"

ကျိုးလီ၏ အကူအညီဖြင့်ဆိုလျှင် ယဲ့မျိုးနွယ် တိုးတက်လာရန် သေချာသောကြောင့် ယဲ့ချန်က ခေါင်းညိတ်သဘောတူလိုက်သည်။ ထို့နောက် သူက ယဲ့မျိုးနွယ်ဝင်များနှင့် ပြန်လည်တွေ့ဆုံခဲ့ပြီး ယဲ့တန်းရွှမ်လည်း ရောက်ရှိလာသည်။ တန်းအာက ငယ်ရွယ်သော်လည်း လေထဲတွင် ပျံသန်းနိုင်ပြီး ရေလိပ်ပြာနှင့် ဝူဇီကို အဖော်လုပ်ကာ နေရာတိုင်း၌ ဆော့ကစားနေတတ်သည်။

"ဖေဖေ"

တန်းအာက ယဲ့ချန်ကို မြင်သောအခါ ချက်ချင်းခုန်တက်လာသဖြင့် အလွန်ချစ်စရာကောင်းနေသည်။ ၂နှစ်အရွယ် သားငယ်ကို သူက ကောက်ချီလိုက်ပြီး စကြဝဠာအတွင်း ထွက်သွားရန် တွန့်ဆုတ်သွားသည်။ သို့သော် မိသားစုနှင့် မျိုးနွယ်အတွက် သူက အစွမ်းထက်ရန် လိုအပ်နေပြီး တစ်နေ့တွင် ရန်သူများရောက်ရှိလာလျှင် ချစ်ခင်ရသူများကို ကာကွယ်ပေးရပေလိမ့်မည်။ ရက်စက်ကြမ်းကြုတ်သော ရှင်းဟွမ်များသည် လူသားမျိုးနွယ်ကို မျိုးဖြုတ်သုတ်သင်နေသောကြောင့် ကောင်းကင်မူလကြယ်အလှည့် ရောက်လာနိုင်သည်။ အထူးသဖြင့် သားဖြစ်သူကို မြင်သောအခါ သူ၏ဆုံးဖြတ်ချက် ပိုမိုခိုင်မာလာသော်လည်း မိသားစုကို အချိန်မပေးနိုင်သဖြင့် ကိုယ့်ကိုကိုယ် အပြစ်တင်နေခဲ့သည်။

"တန်းအာ အခုကစပြီး ဆရာသင်ပေးတာကို ကြိုးကြိုးစားစား ကျင့်ကြံရမယ်နော်"

သူက သားဖြစ်သူကို ဆုံးမလိုက်သောအခါ တန်းအာသည် လေးနက်စွာ ခေါင်းညိတ်ပြလာခဲ့သည်။

ယဲ့မျိုးနွယ်၌ မိသားစုကို ရက်အနည်းငယ် အချိန်ပေးပြီးနောက် ယဲ့ချန်သည် တန်းအာ၏ပါရမီက သူထက် ကျော်လွန်နေကြောင်း နားလည်လိုက်သည်။ အကြောင်းအရင်းမှာ ကျိုးလီ၏ ဂရုတစိုက် သင်ကြားပေးမှုကြောင့် ဖြစ်သည်။ ညနေခင်းတစ်ခုတွင် သူက ယဲ့အိမ်တော်မှ ထွက်ခွာလာပြီး ခဏအကြာတွင် ကျောက်စိမ်းနန်းတော်၏ ဝင်ပေါက်သို့ ရောက်လာခဲ့သည်။ ထိုနေရာ၌ အစွမ်းထက်ကာ အရှိန်အဝါကြီးမားသော စာလုံးများက သူ့ကို အသင့်စောင့်ကြိုနေလေသည်။

All Chapters