ကျောက်စိမ်းနန်းတော်အတွင်း ဝင်ရောက်ခြင်း
Vol. 64 Ch. 894
ယဲ့ချန်သည် ကျောက်စိမ်းနန်းတော်ဆိုသော စကားလုံးနှင့် တော်ဝင်သင်္ချိုင်းရှိ ကျောက်စာများကို ရေးထိုးခဲ့သူ မည်သူဖြစ်ကြောင်းနှင့် မည်သည့်အတွက်ကြောင့် တူညီနေရကြောင်းကို သိချင်နေသည်။ သူက ထိုသံသယများကို ကျိုးလီထံ မေးသော်လည်း တစ်ဖက်လူက ဖြေချင်ပုံမရပေ။ သူ၏အတိတ်ဘဝနှင့် ပတ်သက်၍ တော်ဝင်မျိုးဆက်တစ်ယောက်ဟုသာ ပြောကြားခဲ့ပြီး အတိတ်၌ ဖြစ်ပျက်ခဲ့သည်များကို မပြောခဲ့ပေ။ အတိတ်၌ မည်သို့ဖြစ်ပျက်ခဲ့သောကြောင့် ကျိုးလီနှင့် မျက်ကန်းကြီးက လျှို့ဝှက်နေကြောင်းကို သူက တွေးမိလိုက်၏။ သူက ကျောက်စိမ်းနန်းတော်အတွင်း ဝင်ရောက်လိုက်ပြီး ရှစ်ထပ်မြောက်သို့ ချက်ချင်းတက်လာခဲ့သည်။ ထိုနေရာ၌ ချပ်ဝတ်များ တည်ရှိပြီး နောက်ဆုံးအခေါက်တွင် သူက အရေအတွက်အနည်းငယ်သာ ရယူနိုင်ခဲ့သည်။ ဤချပ်ဝတ်များကို လူသားမျိုးနွယ် အသုံးပြုခဲ့သောကြောင့် အတိတ်မှ မျိုးနွယ်စစ်တပ်က မည်မျှအစွမ်းထက်ကြောင်း တွေးကြည့်နိုင်သည်။
ကံဆိုးသည်မှာ ဤအောင်မြင်မှုသည် အတိတ်မှဖြစ်ကာ ပြန်လည်ရယူလိုလျှင် လူသားတစ်ယောက်က နတ်အဆင့်သို့ တက်ရောက်ရပေလိမ့်မည်။ ယဲ့ချန်က အချိန်လေဟာနယ်ချီများဖြင့် ချပ်ဝတ်များကို သိမ်းယူလိုက်သောအခါ ရာချီသော တိမ်နက်ချပ်ဝတ်များနှင့် မရေမတွက်နိုင်သော ရွှေခေါင်းလောင်းချပ်ဝတ်များ ပျံထွက်လာသောကြောင့် အံ့သြသွားခဲ့သည်။ တိမ်နက်ချပ်ဝတ်သည် စွမ်းအားရှင်တစ်ယောက်အတွက်ပင် အဖိုးတန်ပြီး လေလံပွဲများ၌ ဝယ်ယူ၍ မရချေ။ ရွှေခေါင်းလောင်းချပ်ဝတ်များကိုမူ သူက စိတ်ကြိုက်ယူဆောင်ခွင့် ရှိနေသည်။ ၎င်းတို့အပြင် သူက ထိပ်တန်းအဆင့်နှင့် ကောင်းကင်အဆင့် ကြယ်သခင်များပင် မထိုးဖောက်နိုင်သော ကောင်းကင်ငွေချပ်ဝတ်ငါးရာကို ရယူနိုင်ခဲ့သည်။ ၎င်းက တိမ်နက်ချပ်ဝတ်ထက် အဆပေါင်းရာချီ အဖိုးတန်ကာ စွမ်းအားရှင်များပင် ပိုင်ဆိုင်ထားလျှင် ထုတ်ရောင်းမည် မဟုတ်ချေ။ ချပ်ဝတ်များအပြင် လက်နက်များစွာလည်း ရခဲ့သောကြောင့် ပမာဏက ကြောက်ခမန်းလိလိများပြားကာ ရောင်းချလိုက်လျှင် ကြယ်တစ်လုံးကို နေ့ချင်းညချင်း ကြီးပွားစေနိုင်သည်။
"ဒီလောက်လက်နက်တွေ အများကြီးနဲ့ ချပ်ဝတ်တွေကို တပ်ဆင်ဖို့ဆိုရင် ဧရာမ စစ်တပ်ကြီးတစ်ခု လိုအပ်လိမ့်မယ်"
ယဲ့ချန်က ရေရွတ်လိုက်သည်။
"မစိုးရိမ်ပါနဲ့ အရှင်။ ကောင်းကင်မူလကြယ်က တိုးတက်လာနေတဲ့အတွက် အနာဂတ်မှာ စစ်တပ်တစ်ခု ရလာပါလိမ့်မယ်"
ထိုအချိန်၌ ကျိုးလီ၏စကားသံက အဝေးမှ ရောက်ရှိလာသောကြောင့် သူသည် လူသားစစ်တပ်တစ်ခုကို လေ့ကျင့်ပေးရန် ကြံစည်ထားပုံရသည်။ ယဲ့ချန်၏ စိတ်ထဲတွင် တိုက်ခိုက်လိုစိတ်တစ်ခု ဖြစ်တည်လာကာ သွေးများ ပွက်ပွက်ဆူနေခဲ့သည်။ သူက ကောင်းကင်ငွေချပ်ဝတ်ကို လဲလှယ်ဝတ်ဆင်ပြီး ကိုးထပ်သို့ တက်ရောက်လိုက်သောအခါ ပိုင်နက်သားရဲများထံ ရောက်ရှိသွားသည်။
"ဒါတွေကို သူတော်စင်ဘုရင်က အတိတ်မှာ ရွှေပိုင်နက်သားရဲအသိုက်ကနေ လုယူလာတာ ဖြစ်တယ်။ ဥအရေအတွက် သန်းချီပြီး လူသားမျိုးနွယ်ရဲ့ မျှော်လင့်ချက်ဖြစ်တယ်။ သူတို့သာ ကြီးပြင်းလာရင် လူသားမျိုးနွယ်ရဲ့ အစွမ်းအထက်ဆုံး စစ်တပ် ဖြစ်လာလိမ့်မယ်"
ကျိုးလီသည် ဤအချိန်ကာလကို ကြာမြင့်စွာ စောင့်နေခဲ့ရသောကြောင့် စကားသံအတွင်းမှ ဝမ်းသာမှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ သူက ကျောက်စိမ်းနန်းတော်အတွင်း နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့သည်မှာ ၎င်းတို့ကို ကာကွယ်ရန်ဖြစ်ပြီး ယဲ့ချန်၏ ကျင့်ကြံဆင့် လုံလောက်သောအခါ လက်လွှဲပေးရန်ဖြစ်သည်။ သာမန်ပိုင်နက်သားရဲတစ်ကောင်သည် ရွှေပိုင်နက်သားရဲအောက် နိမ့်ကျပြီး ရွှေပိုင်နက်သားရဲ အကောင်ပေါက်တစ်ကောင်က သာမန်အရွယ်ရောက်ပြီး ပိုင်နက်သားရဲကို အနိုင်ယူနိုင်သည်။ သာမန်ပိုင်နက်သားရဲများက အရွယ်ရောက်ချိန်၌ ကြယ်သခင်အဆင့်ထက် ကျော်လွန်သွားကြ၏။
ထိပ်တန်းမဟာမိတ်တွင် နေထိုင်ခဲ့သောကြောင့် ယဲ့ချန်သည် ပိုင်နက်သားရဲများအကြောင်း သိရှိလာသည်။ ၎င်း၏ရုပ်ခန္ဓာက အလွန်သန်မာပြီး အရွယ်ရောက်လျှင် စွမ်းအားရှင်များထက် ကျော်လွန်ကာ ပြိုင်ဘက်ကင်း စစ်လက်နက်များ ဖြစ်လာနိုင်သည်။ သို့သော် အရွယ်အစားနှင့်ယှဥ်လျှင် အာရုံခံနိုင်မှုက နိမ့်ကျသောကြောင့် စွမ်းအားရှင်များကို မယှဥ်နိုင်ပေ။ ၎င်းတို့က စကြဝဠာအတွင်း ခရီးသွားလာနိုင်ပြီး ဦးနှောက်နေရာတွင် အဖွင့်အပိတ် ပြုလုပ်နိုင်သော နေရာလပ်တစ်ခု ရှိသည်။ သို့သော် ထိုနေရာက အသက်သွေးကြောဖြစ်ပြီး အလွယ်တကူ အသတ်ခံရနိုင်သောကြောင့် ၎င်းတို့က လူသားများကို ခွင့်မပြုပေ။ လူသားများက အဆင့်သုံးမျိုးနွယ်ဖြစ်ကာ အဆင့်နှစ်မျိုးနွယ် ပိုင်နက်သားရဲများအောက် နိမ့်ကျသောကြောင့် ယဥ်ပါးရန် မဖြစ်နိုင်ချေ။
"အတိတ်တုန်းက ရွှေပိုင်နက်သားရဲစစ်တပ်ဟာ ရှင်းဟွမ်မျိုးနွယ်ရဲ့ အသန်မာဆုံး ဖြစ်ခဲ့တယ်။ သူတို့က လူသားတွေကို မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့ကြတယ်။ ရှင်းဟွမ်တွေတောင် ဒီနေရာမှာ ရွှေပိုင်နက်သားရဲဥ သန်းချီရှိနေတာကို မသိထားဘူး။ ဘုရင်မခြောက်ကောင်ရှိပြီး သူတို့အကောင်ပေါက်လာရင် ဒီစစ်တပ်က လူသားမျိုးနွယ်အတွက် ဖြစ်သွားလိမ့်မယ်"
ကျိုးလီ၏စကားကို ကြားသောအခါ ယဲ့ချန်က အလွန်အံ့အားသင့်နေခဲ့သည်။ ပိုင်နက်သားရဲတစ်ကောင်က ရွှေအဆင့်ဆိုလျှင် မွေးကာစမှာပင် အလွန်အစွမ်းထက်နေသောအခါ အရွယ်ရောက်လျှင် ဆိုဖွယ်ရာမရှိချေ။ ဘုရင်မတစ်ကောင်က အရေအတွက်များစွာ ဖန်တီးနိုင်သည့်အပြင် ကျောက်စိမ်းနန်းတော်အတွင် ဥပေါင်းသန်းချီ ရှိနေသည်။ အတိတ်တွင် ၎င်းမျိုးနွယ်က ရှင်းဟွမ်မျိုးနွယ်အတွက် ဂုဏ်ဆောင်ပေးခဲ့ပြီး ထာဝရနတ်ပြည်ထောင် တည်ထောင်နိုင်ရန် ကူညီပေးခဲ့သည်။ သို့သော် တိုက်ပွဲများကြောင့် မျိုးတုံးလုနီးပါး အခြေအနေသို့ ရောက်သွားသောအခါ စကြဝဠာအတွင်း ဘုရင်မ မဆိုထားနှင့်၊ ရိုးရိုးရွှေပိုင်နက်သားရဲ အရေအတွက်က အနည်းငယ်သာ ကျန်ရစ်သည်။
"အရှင် ဘုရင်မဥခြောက်လုံးကို သေချာစောင့်ရှောက်ပေးပါ။ အကောင်အရေအတွက် သန်းရာချီမှာမှ ဘုရင်မတစ်ကောင်သာ မွေးဖွားလာနိုင်ချေ ရှိတဲ့အတွက် အလွန်အဖိုးတန်တယ်"
ဤစစ်တပ်က လူသားမျိုးနွယ်၏ မျှော်လင့်ချက် ဖြစ်နေသောကြောင့် ကျိိုးလီ စောင့်ကြပ်နေခြင်းမှာ လုံးဝမထူးဆန်းပေ။
"ကျုပ် ဘာလုပ်ရမလဲ။ သူတို့အားလုံးကို ဒန်တန်ထဲ ထည့်သိမ်းရမှာလား"
ယဲ့ချန်သည် သူအသတ်ခံလိုက်ရလျှင် ပိုင်နက်သားရဲများပါ အဆစ်ပါသွားနိုင်သောကြောင့် တွန့်ဆုတ်နေသည်။
"ဟုတ်ပါတယ်။ အရှင်ရဲ့ ဒန်တန်ထဲမှာ အတွင်းလောကတစ်ခုရှိပြီး သက်ရှိပေါင်းဘီလီယံချီ နေထိုင်နိုင်ပါတယ်။ ဒီရွှေပိုင်နက်သားရဲတွေသာ အရှင်ရဲ့ ဒန်တန်ထဲမှာ ပေါက်ဖွားလာရင် အရှင့်ကို သစ္စာခံကြပါလိမ့်မယ်"
ကျိုးလီက ရှင်းပြလိုက်သည်။
"ကျုပ် သေသွားရင် လူသားမျိုးနွယ်ရဲ့ အပြစ်သားကြီး ဖြစ်သွားလိမ့်မယ်"
ယဲ့ချန်က ခေါင်းယမ်းလိုက်သည်။
"ဒါကတော့ ကံစီမံရာပါပဲ။ ကျုပ်တို့လုပ်နေသမျှ အားလုံးက ကောင်းကင်အလိုကို ဆန့်ကျင်နေတဲ့အတွက် ဘယ်သူမှ အသက်ရှင်ဖို့ မစဥ်းစားထားဘူး။ ကျုပ်တို့သာ အသတ်ခံလိုက်ရရင် လူသားမျိုးနွယ်က ထာဝရနိမ့်ကျသွားပြီး မျိုးပြုတ်မှာတောင် စိုးရိမ်ရတယ်"
ကျိုးလီက သက်ပြင်းချလိုက်သောအခါ ချစ်ရသူများကို ကာကွယ်ချင်သော ယဲ့ချန်အနေဖြင့် နောက်ဆုတ်ရန် လမ်းမရှိကြောင်း နားလည်လိုက်သည်။
"ဒီလိုဆိုရင် ကျုပ် လက်ခံလိုက်မယ်။ ကျုပ် ယဲ့ချန်က လူသားမျိုးနွယ်အတွက် တိုက်ခိုက်ပြီး လမ်းမှာ နတ်ဘုရားတွေပိတ်နေရင်တောင် သတ်ပစ်မယ်လို့ ကျိန်ဆိုပါတယ်"
ယဲ့ချန်၏စကားသံက စကြဝဠာတစ်ခွင် မြည်ဟီးသွားကာ အချိန်လေဟာနယ် ချီကိုးမျိုးသည် ကောင်းကင်သို့ မြင့်တက်လာသည်။ ဤမြင်ကွင်းကြောင့် ကျိုးလီပင် မင်သက်သွားကာ ထိုအချိန်၌ မရေမတွက်နိုင်သော တာအိုစွမ်းအားများသည် သူ့ကို လှည့်ပတ်နေကြသဖြင့် ဖိအားတစ်ခု ခံစားလိုက်ရသည်။ ယဲ့ချန်က လက်ရှိတွင် အဆင့်နိမ့် ကြယ်သခင်တစ်ယောက်သာ ဖြစ်သော်လည်း ကြီးမားသော အလားအလာကို ဖော်ပြနေရာ လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်တစ်ခု ရှိလာသည်။ ယဲ့အိမ်တော်အတွင်း တင်ပျဥ်ခွေထိုင်နေသော သူ၏မျက်လုံးများအတွင်း ဝမ်းသာမှုကြောင့် မျက်ရည်တစ်စက် ဖြစ်တည်လာသည်။
"ဆရာ မငိုပါနဲ့နော်"
အနားတွင် ဆော့ကစားနေသော တန်းအာသည် ဆရာဖြစ်သူကို မြင်သောအခါ ချက်ချင်းရောက်လာခဲ့သည်။ သူက လက်ကလေးများဖြင့် အင်္ကျီလက်ကိုမကာ ကျိုးလီ၏မျက်ရည်ကို သုတ်ပေးနေခဲ့သည်။ ကျိုးလီက သူ၏ခေါင်းကို ချစ်မြတ်နိုးစွာ ပွတ်သပ်၍ တစ်ချက်ပြုံးလိုက်မိသည်။
ကျောက်စိမ်းနန်းတော်၏ ကိုးထပ်မြောက်တွင် ယဲ့ချန်သည် ရွှေပိုင်နက်သားရဲဥများကို ဒန်တန်အတွင်း သိမ်းဆည်းနေခဲ့သည်။ အပြင်ဘက်တွင် ကြယ်တစ်လုံးပမာ ကြီးမားသော ဥကြီးများက အတွင်းလောကသို့ ရောက်သောအခါ သူ၏ကြယ်ကိုးလုံးနှင့်ယှဥ်လျှင် သေးငယ်နေသည်။ အကယ်၍ ဤကြယ်ကိုးလုံးသာ အပြင်ကမ္ဘာ၌ဆိုလျှင် ဧရာမ ကြီးမားနေပေလိမ့်မည်။ သူက ဥအားလုံးကို သိမ်းဆည်းရန်အတွက် လေးငါးရက် အချိန်ယူခဲ့ရပြီး အချို့သော ဥများထံမှ သန်မာသည့် နှလုံးခုန်သံက ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ သူက သားဖောက်ရမည့် နည်းလမ်းကို မသိသော်လည်း ကြယ်ကိုးလုံးအထက်ရှိ ဝိညာဥ်ကောင်များသည် ဥများထံ ပျံသန်းသွားကာ ဖြည်းဖြည်းချင်း ပေါင်းစပ်နေကြသည်။ ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်သွားသော ဥများထံမှ သွေးဆက်နွယ်မှုတစ်ခုကို သူက ခံစားလိုက်ရ၏။ နှလုံးခုန်သံများက ကွာခြားနေပြီး အသန်မာဆုံးဥဆိုလျှင် တစ်မိနစ်၌ အကြိမ်ပေါင်းခြောက်ရာကျော် ခုန်နေကာ စစ်ဗုံသံကြီးအလား ထင်မှတ်ရသည်။ ၎င်းက ဥများအကြားတွင် သားပေါက်ရန် အနီးစပ်ဆုံးဖြစ်သော်လည်း အချိန်မည်မျှကြာမည်ကို သူ မသိပေ။
"အရှင်က အရင်ဆုံး ဘယ်ကိုသွားဖို့ စဥ်းစားထားလဲ"
ကျိုးလီက မေးလိုက်ခြင်းဖြစ်သည်။
"မသေချာသေးဘူး"
ခွန်အားကို အမြန်ဆုံး မြှင့်တင်ရန်အတွက် ဓားပျံအစိတ်အပိုင်းများကို ရှာဖွေရမည် ဖြစ်သောကြောင့် ယဲ့ချန်အတွက် အချိန်က အရေးပါနေသည်။ ရက်စက်သော ရှင်းဟွမ်များက မည်သည့်အချိန်တွင် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းသို့ ရောက်လာမည်ကိုလည်း မခန့်မှန်းနိုင်ပေ။ သူက ရှင်းဟွမ်များကို ဆန့်ကျင်လိုလျှင် ကျင့်ကြံဆင့် မြင့်မားလာရန်နှင့် စစ်တပ်တစ်ခု အရေးတကြီး လိုအပ်နေသည်။
"ကျုပ်အကြံပေးရရင် သေမင်းကြယ်ကို သွားစေချင်ပါတယ်။ အဲ့ဒီမှာ တတိယမြောက် ဓားပျံအစိတ်အပိုင်း ရှိနိုင်တယ်"
ကျိုးလီ၏ စကားကြောင့် ယဲ့ချန်သည် နဂါးဘုရင်ထံမှ ထိုနေရာအကြောင်း ကြားဖူးထားသည်ကို အမှတ်ရလိုက်၏။ သေမင်းကြယ်ကို လေ့လွင့်ကျင့်ကြံသူများ တည်ဆောက်ထားခြင်းဖြစ်ကာ ပြည်ထောင်သုံးခု၏ နယ်စပ်တွင် တည်ရှိသည်။ ထိုနေရာသို့ရောက်လျှင် မည်သည့်ပြည်ထောင်မှဖြစ်ပါစေ၊ အားလုံးက သေမင်း၏စကားကို နာခံရသည်။ ထိုကျင့်ကြံသူ၏ အဆင့်အတန်းက ဆန်းကျယ်ပြီး နတ်ပြည်ထောင်များပင် ရန်မစရဲသောကြောင့် မှောင်ခိုစျေးကွက်ကဲ့သို့ ရတနာမျိုးစုံ ဝယ်ယူနိုင်သည်။ တစ်ချိန်တည်းမှာပင် ပြည်ထောင်သုံးခုမှ ကျင့်ကြံသူများ တိုက်ခိုက်နိုင်သော တိုက်ပွဲကွင်းကြီးလည်း ရှိသောကြောင့် ယဲ့ချန်သည် သေမင်းက မည်သို့သော လူစားဖြစ်ကြောင်း သိချင်သွားလေသည်။