← Chapters

တော်ဝင်ရေလိပ်ပြာမျိုးနွယ်

Vol. 64 Ch. 895

တော်ဝင်ရေလိပ်ပြာမျိုးနွယ်

Vol. 64 Ch. 895

"သေမင်းက ဘယ်လောက်သန်မာလဲ"

နတ်ပြည်ထောင်သုံးခုပင် ရန်မစလိုသောကြောင့် သေမင်းသည် အစွမ်းထက်ကျင့်ကြံသူ တစ်ယောက် ဖြစ်ရမည်ဟု ယဲ့ချန်က သုံးသပ်လိုက်သည်။

"ကျုပ်က သေမင်းကို တစ်ကြိမ်မှ မတိုက်ခိုက်ဖူးဘူး။ သူရဲ့အမှောင်မြို့ကိုတော့ တည်ဆောက်ခဲ့တာ နှစ်တစ်သောင်း ကြာနေပြီ။ ဒါပေမယ့် သူက နတ်ပြည်ထောင်သုံးခုကြားမှာ ပိုင်နက်တစ်ခု တည်ဆောက်ထားနိုင်တဲ့အတွက် ငါ့အောက် နိမ့်ကျမှာ မဟုတ်ဘူး"

ကျိုးလီက လေးနက်စွာ စဥ်းစား၍ အဖြေပေးလိုက်သည်။ သူကိုယ်တိုင်ပင် နတ်ပြည်ထောင်များ၏ ဖိအားအောက်တွင် အင်အားစုတစ်ခု မတည်ထောင်လိုသောကြောင့် သေမင်းက အမှန်တကယ် အစွမ်းထက်နေသည်။

"အဘိုးကျိုး ကောင်းကင်မူလကြယ်ရဲ့ သမိုင်းကြောင်းမှာ သုညပိုင်ရှင်သုံးယောက်ရှိပြီး တစ်ယောက်က ချီတောက်ဖြစ်တယ်။ ကျန်တဲ့နှစ်ယောက်က ဘယ်ကို ရောက်နေတာလဲ"

ကောင်းကင်မူလကြယ်၏ သမိုင်းဖြစ်ရပ်များအကြောင်းကို ယဲ့ချန်က အလွန်သိချင်နေခဲ့သည်။

"သုညပိုင်ရှင်တိုင်းက တော်ဝင်မျိုးဆက်တွေ ဖြစ်ကြပြီး သွေးဝေးတာနဲ့ သွေးနီးတာပဲ ကွာခြားတယ်။ ချီတောက်က မင်းသမီးတစ်ယောက်ရဲ့ မျိုးဆက်ဖြစ်ပေမယ့် အကြံကြီးပြီး လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို လုယူချင်နေတယ်။ ဒါကြောင့် ငါက သူ့ကို စောင့်ကြည့်ဖို့အတွက် လူသားကျင့်ကြံသူတစ်ယောက်ကို အကူအညီတောင်းထားတယ်"

ကျိုးလီက သက်ပြင်းချ၍ မျက်ကန်းကြီးကို ရည်ညွှန်းလိုက်သည်။ သူတို့က တစ်ဖက်တည်း မဟုတ်သော်လည်း ပန်းတိုင်ချင်း တူညီသည်။ မျက်ကန်းကြီးက ယဲ့ချန်ကို သူတော်စင်ဘုရင်ဟု အသိအမှတ်ပြုသော်လည်း အမိန့်နာခံမည် မဟုတ်ပေ။ သူက ကောင်းကင်သခင်၏ နောက်လိုက်တစ်ဦးဖြစ်ကာ လူသားမျိုးနွယ်တိုင်းက တော်ဝင်မိသားစု၏ နောက်လိုက်များ ဖြစ်ပုံမရချေ။ ကောင်းကင်သခင်နှင့် သူတော်စင်ဘုရင်ကြားမှ ဆက်ဆံရေးက သိချင်စရာကောင်းလွန်းနေသည်။

"ကျန်သုညပိုင်ရှင်နှစ်ယောက်ကိုတော့ ရှင်းဟွမ်တွေရဲ့ လှုပ်ရှားမှုကို စုံစမ်းခိုင်းလိုက်ပေမယ့် ပြန်ရောက်မလာခဲ့ကြဘူး။ ကြည့်ရတာ သူတို့ အသက်ခံလိုက်ရပြီ ထင်တယ်"

ကျိုးလီက အနည်းငယ် ဝမ်းနည်းသွားပုံရ၏။

"သုညပိုင်ရှင်တွေက တော်ဝင်မျိုးဆက်တွေလား။ ဒါဆိုရင် ရောင်ယွမ်ကရော"

"သူမက နည်းနည်းထူးခြားတယ်။ သူမက မီးတောင်ကြာပန်းတစ်ပွင့်ဖြစ်ပြီး အသိစိတ်ဝင်လာတဲ့ နတ်ဆေးပင်တစ်ပင်သာ ဖြစ်တယ်"

ကျိုးလီက ခေါင်းယမ်း၍ ရှင်းပြလိုက်သည်။

"မီးတောင်နှင်းကြာပန်း"

ယဲ့ချန်က စဥ်းစားမရ ဖြစ်သွားခဲ့သည်။

"ပြောရမယ်ဆိုရင်တော့ မင်းနဲ့ သူမက ရေစက်ပါတယ်။ အတိတ်မှာ သူမက မီးတောင်တစ်ခုထဲက ကြာပန်းတစ်ပွင့်သာ ဖြစ်တယ်။ အရှင်က လူသားအသိစိတ်ကို သူမအတွက် ဖန်တီးပေးခဲ့တဲ့အပြင် သင်ကြားပေးတဲ့အတွက် ကိုယ်ပိုင်အသိစိတ် ဖွံ့ဖြိုးလာတယ်။ နောက်ပိုင်းမှာ အရှင်ရဲ့ ရုပ်ခန္ဓာက ပျက်စီးသွားပြီး နတ်ဝိညာဥ်တစ်ပိုင်းတစ်စကို သူမက စုပ်ယူသွားတယ်။ ကောင်းကင်မူလကြယ်ရဲ့ ရှင်းဟွမ်က သူမကို ရုပ်ခန္ဓာ တည်ဆောက်နိုင်အောင် ကူညီပေးခဲ့တယ်"

"နောက်ပိုင်းရော ဘာတွေဆက်ဖြစ်သွားတာလဲ"

ယဲ့ချန်သည် သူ၏အတိတ်ဘဝနှင့် ရောင်ယွမ်က ဆက်စပ်နေမည်ဟု ထင်မထားပေ။

"လူတိုင်း ထင်ထားတာကတော့ မင်း သေသွားပြီ။ ဒါပေမယ့် တစ်နေ့မှာ ပြန်လည်ဝင်စားလာမယ်ဆိုတာကို ငါနဲ့ ရှင်းဟွမ်က ယုံကြည်ထားတယ်။ တစ်နေ့မှာ ရောင်ယွမ်က နတ်ဝိညာဥ်ကို မင်းဆီပြန်ပေးရမယ် ဆိုပေမယ့် သူတော်စင်ဘုရင်ရဲ့ လူဝင်စားက ဘယ်သူဆိုတာ မသိထားဘူး"

ရောင်ယွမ်သည် တစ်​နေ့တွင် သူမနှင့် ယဲ့ချန် တစ်ယောက်ယောက် သေရမည်ဟု ပြောခဲ့သည်မှာ မထူးဆန်းတော့ပေ။ ယဲ့ချန်သည် သူ၏ကျင့်ကြံခြင်းအတွက် ရောင်ယွမ်ကိုသတ်ကာ နတ်ဝိညာဥ်အား ပြန်လည်ရယူမည့်အစား စွန့်လွှတ်လိုက်ပေလိမ့်မည်။ သူက အပြစ်မရှိသူတစ်ယောက်ကို ကိုယ်ကျိုးအတွက် သတ်ဖြတ်လိုက်လျှင် အပြစ်ကြီးကြီးမားမား ဖြစ်သွားရန် သေချာသည်။ ယဲ့ချန်၏အတွေးက ရိုးရှင်းလွန်းနေသည်ကို ခန့်မှန်းမိသော ကျိုးလီက သက်ပြင်းချလိုက်သည်။ တစ်ဖက်လူ၏ကံက ခန့်မှန်းရခက်ခဲနေပြီး သူ နားမလည်နိုင်သော အရာများစွာ ရှိနေသည်။ အတိတ်တွင် သူ၏အရှင်က မီးတောင်ကြာပန်းထံ နတ်ဝိညာဥ်ပေးအပ်ခဲ့သော အကြောင်းအရင်းက စဥ်းစားစရာ ဖြစ်နေခဲ့သည်။ သူက နောက်လိုက်တစ်ဦးသာ ဖြစ်သောကြောင့် အဖြေမထုတ်နိုင်သောအခါ ဤဖြစ်ရပ်နောက်ကွယ်၌ လျှို့ဝှက်များ ရှိနိုင်သည်ဟုသာ လက်ခံလိုက်ရသည်။ ထိုအချိန်တွင် ယဲ့ချန်သည် ရောင်ယွမ် မည်သည့်နေရာသို့ သွားသည်ကို သိချင်နေပြီး စကြဝဠာအတွင်း တစ်နေ့နေ့တွင် ပြန်လည်စုံဆည်းနိုင်ချေ ရှိသည်။

ရွှေပိုင်နက်သားရဲဥများကို သိမ်းယူပြီးသောအခါ ယဲ့ချန်သည် အစီအရင်တစ်ခုဖြင့် ကာရံထားသော နေရာတစ်ခုကို တွေ့လိုက်ရသည်။ သူက အတွင်းသို့ စူးစမ်းလိုသော်လည်း ဝင်ရောက်ရန် ကြိုးစားလိုက်သောအခါ ပြန်ကန်ထွက်လာသည်။

"ကျုပ်တောင်မှ ဒီအစီအရင်ကို မဖျက်ဆီးနိုင်တဲ့အတွက် နောက်မှ ကြိုးစားပါ အရှင်"

ကျိုးလီက သတိပေးလိုက်သည်။ အစီအရင်အတွင်း၌ မြူခိုးများပြည့်နှက်နေပြီး ထောင်ချီသော သားရဲများ ဟိန်းဟောက်နေသကဲ့သို့ ကြောက်မက်ဖွယ် အသံနက်ကြီးများ ထွက်ပေါ်နေသည်။ အတွင်းသို့ မမြင်ရသကဲ့သို့ ဝိညာဥ်အသိစိတ်ဖြင့်လည်း မထောက်လှမ်းနိုင်ချေ။ ကျိုးလီပင် မဝင်ရောက်နိုင်သောကြောင့် သူက လက်လျှော့၍ ကျောက်စိမ်းနန်းတော်အပြင်သို့ ပြန်ထွက်လာခဲ့၏။ ယဲ့အိမ်တော်အတွင်း၌ ခြင်္သေ့ကြီးနှင့် နင်အာသည် ယဲ့မျိုးနွယ်ကို ရှင်းဟွမ်များ ကျူးလွန်ခဲ့သော အပြစ်ကို အသိပေးလိုက်သည်။ ဤအချက်က လူသားရာချီသောင်းချီကို သတ်ဖြတ်ခြင်း မဟုတ်ဘဲ ကြယ်ဒေသတစ်ခုလုံးကို သုတ်သင်ခြင်း ဖြစ်သည်။ ကောင်းကင်မူလကြယ်ကဲ့သို့ နေရာ၌ပင် လူသားဦးရေ ဘီလီယံချီသောကြောင့် ဤကြယ်မျိုး သန်းပေါင်းများစွာရှိသော ကြယ်ဒေသတစ်ခုဆိုလျှင် အရေအတွက်က ဆိုဖွယ်ရာမရှိချေ။ သို့သော် ရှင်းဟွမ်မျိုးနွယ်၌လည်း အကောင်းအဆိုးရှိသောကြောင့် သူတို့က ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်ကို အပြစ်မတင်ခဲ့ပေ။ အကယ်၍ သူမသာ ကာကွယ်ပေးထားခြင်းမရှိလျှင် ကောင်းကင်မူလကြယ်၏ လူသားမျိုးနွယ် ပျောက်ကွယ်သွားသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

လူသတ်သမားများက ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းကို မည်သည့်အချိန်တွင် ရောက်လာမည်မှန်း မသိနိုင်သော်လည်း နေ့စဥ်နေ့တိုင်း လူသားများစွာ သတ်ဖြတ်ခံနေရ၏။ ယဲ့မျိုးနွယ်ဝင်များမှာ တိုက်ခိုက်လိုစိတ်ကြောင့် သွေးများ ဆူပွက်လာကာ ခွန်အားကို အမြန်ဆုံး မြှင့်တင်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိချေ။

"ချန်အာ သိပ်မကြာခင် ကောင်းကင်မူလကြယ်က ထွက်ခွာသွားမှာလား"

ယဲ့ကျန့်တန်းက မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်ကဲ့"

ယဲ့ချန်သည် အိမ်ပြန်လာခဲ့သော်လည်း ကောင်းကင်မူလကြယ်၌ ရက်အနည်းငယ်သာ နေထိုင်ခဲ့ပြီး အချိန်မပေးနိုင်သောကြောင့် အပြစ်ရှိစိတ်ကို ခံစားနေရသည်။

"ယောကျ်ားတစ်ယောက်ရဲ့ ရည်မှန်းချက်က အမြင်ကျယ်ရမယ်။ ယဲ့မျိုးနွယ်မှာ ငကြောက်တစ်ယောက်မှ မရှိဘူး။ မင်းမှာ လုပ်စရာရှိနေရင် လုပ်သာလုပ်ပါ။ ငါတို့က မင်းနောက်မှာ အမြဲတမ်း ရှိ​နေမယ်ဆိုတာကို မမေ့နဲ့"

ယဲ့ကျန့်တန်းသည် ယဲ့ချန်၏ပခုံးကို လက်ဖြင့်ပုတ်ကာ အားပေးလိုက်သည်။ သူက သားဖြစ်သူ လမ်းလျှောက်သင်ကာစ အချိန်ကို ပြန်အမှတ်ရလိုက်ပြီး တစ်နေ့တွင် ဖခင်၏ရင်ခွင်အတွင်းမှ ထွက်ခွာသွားမည်ကို သိနေခဲ့သည်။ သားဖြစ်သူက ကိုယ့်ခြေထောက်ပေါ်ကိုယ် မားမားမတ်မတ်ရပ်၍ ယဲ့မျိုးနွယ်၏ ထောက်တိုင်ကြီး ဖြစ်လာသောအခါ သူ၏စိတ်ထဲတွင် ဂုဏ်ယူမှုများ ပြည့်နှက်နေသည်။

"ယောကျ်ား နင်ဘယ်ရောက်ရောက် ကောင်းကင်မူလကြယ်မှာ စောင့်နေတဲ့ ငါတို့ကို မမေ့ပါနဲ့နော်"

ထန်တိုက်လင်က ကြင်နာစွာ မှာကြားလိုက်သည်။

"စိတ်ချပါ။ တန်းအာ ဖေ့ဖေ့ကို ဖက်ပါဦး"

ယဲ့ချန်က ခေါင်းညိတ်၍ တန်းအားအနီးသို့ လျှောက်သွားလိုက်၏။ သားဖြစ်သူက လက်ကလေးများဖြင့် သူ့ကို ဖက်လိုက်သောအခါ အစွမ်းထက် ​တာအိုတစ်ရပ်အား ခံစားသိရှိလိုက်သည်။ သူနှင့်မတူသည်မှာ တန်းအာ၌ တာအိုစွမ်းအားတစ်ခုသာ ရှိသော်လည်း အလွန်အမင်း အစွမ်းထက်နေသည်။ သူက နတ်အစေခံတစ်ယောက်သာ ဖြစ်သော်လည်း အဆင့်တူချင်းက ဓားဖြင့်ထိုးလျှင်ပင် ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ချေ။ သူတို့၏အနီးတွင် ဝူဇီက လှည့်ပတ်ပျံသန်းနေပြီး မျက်ဝန်းလေးများမှာ လခြမ်းသဏ္ဍာန် ဖြစ်နေခဲ့သည်။ ရေလိပ်ပြာသည်လည်း ကြီးကြီးမားမား တိုးတက်လာကာ နတ်အစေခံ အဆင့်တစ်ဆယ်သို့ ရောက်ရှိလာသည်။ သူက ကြယ်ကြည့်စင်မြင့်တွင် တွေ့ခဲ့ရသော ရေလိပ်ပြာမျိုးနွယ်ဝင်နှင့် ကွာခြားနေပြီး ဖယောင်းတိုင်မီး အသွင်ဖြစ်သော်လည်း ရွှေရောင် အလင်းစက်တစ်ခုကို ပိုင်ဆိုင်ထားသည်။ ရေလိပ်ပြာကိုလည်း ကျိုးလီက သင်ကြားပေးခဲ့သောကြောင့် အစွမ်းထက်လာပုံရသည်။ သူက ယဲ့ချန်နှင့် တန်းအာကို တစ်လှည့်စီကြည့်လိုက်ပြီး အရှိန်အဝါချင်း ဆက်သွယ်ကာ ရင်းနှီးနေသည်။

"လူသားတွေနဲ့မတူတာက ရေလိပ်ပြာမျိုးနွယ်မှာ တော်ဝင်မျိုးနွယ် ဖြစ်လာဖို့ အလားအလာရှိရင် မြင့်မြတ်ရုန်းတွေ ပိုင်ဆိုင်ထားကြတယ်။ ဒီရုန်းကို ပိုင်ဆိုင်ထားတဲ့ ရေလိပ်ပြာတိုင်းက တော်ဝင်မျိုးဆက်ဖြစ်လာပြီး ဒီကောင်လေးက တော်တော်ပါရမီမြင့်တယ်"

ကျိုးလီသည် ရေလိပ်ပြာကို တစ်ချက်ကြည့်၍ ကျေနပ်စွာ ချီးကျူးလိုက်သည်။ ရေလိပ်ပြာမျိုးနွယ်သည် အစွမ်းထက် အဆင့်နှစ်မျိုးနွယ်တစ်ခု ဖြစ်သည့်အပြင် အစွမ်းထက်သောကြောင့် ကြယ်ကြည့်မျှော်စင်တွင် နေရာတစ်ခု အပိုင်စားရထားသည်။ ရေလိပ်ပြာလေးက ကောင်းကင်မူလကြယ်အတွက် အကူအညီကြီးကြီးမားမား ရနိုင်သော်လည်း ကျင့်ကြံဆင့် မြင့်တက်လာရန် လိုအပ်နေသေးသည်။

ယဲ့ချန် ခရီးထွက်ရန် ပြင်ဆင်နေသောအခါ ဇနီးသည်များက ဝမ်းနည်းစိတ်ကို ခံစားလိုက်ရသည်။ သို့သော် လင်ယောကျ်ားဖြစ်သူက မိသားစု၊ ယဲ့မျိုးနွယ်နှင့် လူသားမျိုးနွယ်၏ တာဝန်များကို ထမ်းထားရသောအခါ ဝန်ထုပ်ဝန်ပိုးအဖြစ် နောက်ဆံမတင်းစေခဲ့ပေ။ သူတို့က ကောင်းကင်မူလကြယ်၌ ပြင်းပြင်းထန်ထန် ကျင့်ကြံ၍ အနာဂတ်တွင် ယဲ့ချန်အတွက် အကူအညီပေးရန် ဆုံးဖြတ်ထားကြသည်။

"ရှင်းဟွမ်မျိုးနွယ်ကိုယ်စား လူသားမျိုးနွယ်ကို သတ်ဖြတ်နေတဲ့အတွက် ငါ တောင်းပန်ပါတယ်"

ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်က ယဲ့ချန်၏နားအတွင်း စကားသံ ပို့ဆောင်လိုက်သည်။

"အရှင်က တောင်းပန်စရာ မလိုပါဘူး။ နေရာတိုင်းမှာ အကောင်းနဲ့ အဆိုးဆိုတာ ရှိတတ်ပါတယ်"

ယဲ့ချန်သည် အမှားအမှန် ခွဲခြားနိုင်သူ ဖြစ်သောကြောင့် ခေါင်းယမ်းပြလိုက်သည်။ သူက မြက်ခင်းတစ်ခုထက်တွင်ရပ်၍ စကြဝဠာအတွင်း မော့ကြည့်ကာ ပထမဆုံး ပန်းတိုင်ဖြစ်သည့် သေမင်းကြယ်က မည်သို့သော နေရာဖြစ်မည်ကို တွေးနေခဲ့လေသည်။

All Chapters