← Chapters

ဆန်းကျယ်သော လှေကြီး

Vol. 64 Ch. 896

ဆန်းကျယ်သော လှေကြီး

Vol. 64 Ch. 896

ကီလိုမီတာသန်းချီ ကွာဝေးသော စကြဝဠာတစ်နေရာ၌ ယာဥ်တစ်စီးသည် ဖြည်းညှင်းစွာဖြင့် ကောင်းကင်မူလကြယ်ထံ ဦးတည်နေသည်။ ၎င်းက နတ်ဆိုးတိုက်​လှေထက် လေးဆခန့်ကြီးမားပြီး ရွှေရောင်တောက်ပနေကာ ဆန်းကျယ်သော ရုန်းများစွာ ရေးထွင်းထား၏။ ၎င်းတို့က ပိုးကောင်များကဲ့သို့ အချိန်တိုင်း တွန့်လိမ်နေကာ စွမ်းအားတစ်ခု၏ ထောက်ပံ့ပေးခြင်း ရထားပုံပေါ်သည်။ ဤစကြဝဠာ ပတ်ဝန်းကျင်သည် ကောင်းကင်မူလကြယ်ထံ ဦးတည်သောကြောင့် ယာဥ်မျိုးစုံ သွားလာနေကြသော်လည်း မည်သူမှ ၎င်း၏တည်ရှိမှုကို သတိမထားမိခဲ့ပေ။ ၎င်းနှင့် ထိတိုက်မိသော ယာဥ်များမှာ လေဟာနယ်စီးကြောင်းတစ်ခုနှင့် ကြုံတွေ့လိုက်ရသကဲ့သို့ လွင့်ထွက်သွားကြ၏။ အနီးကပ်ကြည့်လိုက်လျှင် ၎င်းက အလင်းရောင်ဖျော့ဖျော့ လင်းလက်နေကာ တစ်ခုလုံး ထိခိုက်မှုများ ပြည့်နှက်နေသည်။ ယာဥ်၏အမြှီးပိုင်းတွင် တစ်စုံတစ်ယောက်က ဓားဖြင့် ခုတ်ထားသကဲ့သို့ ထိခိုက်ပျက်စီးနေသည်။ ၎င်း၏အရှိန်က အလွန်နှေးကွေးသောကြောင့် စွမ်းအားကုန်ဆုံးနေပုံရပြီး အီနားရှားသဘောတရားအရ စကြဝဠာအတွင်း ရွေ့လျားနေခြင်း ဖြစ်နိုင်သည်။

ယာဥ်ကြီး၏အရှိန်ဖြင့် ကောင်းကင်မူလကြယ်သို့ရောက်ရန် အချိန်တစ်နှစ်ကျော် လိုအပ်ပြီး မည်သည့်နေရာမှ ရောက်လာကြောင်း မသိရပေ။ များပြားသော ယာဥ်များစွာ ဖြတ်သန်းသွားလာနေသော်လည်း မည်သူမှ သတိမပြုမိခဲ့ဘဲ စကြဝဠာဟင်းလင်းပြင်ကိုသာ မြင်တွေ့နိုင်သည်။ အကယ်၍ ကျင့်ကြံသူတစ်ယောက်သာ ၎င်း၏လှေဝမ်းအတွင်း ထွင်းဖောက်မြင်နိုင်လျှင် ဗလာဖြစ်နေကြောင်း သိရပေလိမ့်မည်။ ထိုနေရာက မီတာဆယ်ချီ ကျယ်ဝန်းပြီး အပူချိန်က အလွန်အမင်းနိမ့်ကျနေကာ ရေခဲဂူတစ်ခုပမာ ရေခဲဆူးချွန်များ ဖြစ်ပေါ်နေသည်။ လှေဝမ်းအလယ်တည့်တည့်တွင် လူနှစ်ယောက်၏ အရပ်ခန့်မြင့်ပြီး အနံသုံးမီတာခန့်ရှိသော ရေခဲတုံးကြီးတစ်ခု ရှိနေသည်။ ရေခဲအတွင်း၌ လူသားမိန်းမတစ်ယောက် ရှိနေသော်လည်း သူမက သာမန်လူများနှင့် ကွဲပြားပြီး ခရမ်းရောင်ဆံပင်ရှည်နှင့် ခပ်ဖိုင့်ဖိုင့်ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည်။ သူမက ရေခဲပန်းပုရုပ်ပမာ ကိုယ်လုံးတီးဖြစ်နေကာ မျက်နှာထက်တွင် ဝမ်းနည်းစိတ်များ ထင်ဟပ်နေသည်။ ကောင်းကင်မူလကြယ်မှ လူများ၏အမြင်တွင် သူမက အလှတစ်ပါး မဖြစ်သော်လည်း ​ဖော်ပြမရနိုင်သော ဆွဲဆောင်အားတစ်ခု ရှိနေ၏။

ရေခဲတုံးအတွင်းမှ ခရမ်းရောင်ချီများ ပြန့်ထွက်နေကာ အချိန်လေဟာနယ်ချီများနှင့် ကွဲပြားပြီး သူမ၏ရုပ်ခန္ဓာအား လွှမ်းခြုံနေသည်။ အကယ်၍ ယဲ့ချန်သာရှိနေလျှင် ၎င်းချီသည် သူ၏ကောင်းကင်သိုင်းချီကဲ့သို့ လောကဝိညာဥ်တစ်ခုဖြစ်ကြောင်း သိပေလိမ့်မည်။ သို့သော် ၎င်းက အလွန်သိပ်သည်းပြီး အစွမ်းထက်နေသောကြောင့် ယဲ့ချန်၏ ကောင်းကင်သိုင်းချီထက် သာလွန်နေသည့်အပြင် ထန်းယွမ်၏ရုပ်ခန္ဓာကို တည်ဆောက်ခဲ့သော လောကဝိညာဥ်ချီထက်ပင် ကျော်လွန်နေသည်။ ထိုအချိန်၌ ကောင်းကင်မူလကြယ်တွင် ရှိနေသူတိုင်းသည် ဆန်းကျယ်သော လှေကြီးတစ်စီး ဦးတည်လာနေကြောင်းကို မမျှော်လင့်ထားပေ။

ကောင်းကင်မူလကြယ်တွင် ယဲ့ချန်က ထွက်ခွာရန် အသင့်ဖြစ်နေပြီး ကောင်းကင်ဖျက်ဆီးရေး ခန္ဓာပိုင်ရှင် အဆင့်နိမ့်ကြယ်သခင်ဖြစ်သော ခြင်္သေ့ကြီးနှင့် ပုံရိပ်ယောင်ပညာကို တတ်ကျွမ်းသော နင်အာက အဖော်လိုက်လာမည် ဖြစ်သည်။ ယဲ့အိမ်တော်အတွင်း ဝမ်းနည်းမှုက ကြီးစိုးနေပြီး အေးစက်တည်ကြည်သော ထန်တိုက်လင်ပင် မျက်ရည်ဝဲနေကာ ပိုလင်းနှင့် ယဲ့လော့က ငိုကြွေးနေကြ၏။

"အရှင် အနာဂတ်က မသေချာဘူး။ ထူးဆန်းတဲ့ အင်အားတစ်ခုက ကောင်းကင်လျှို့ဝှက်ချက်တွေကို နှောင့်ယှက်နေတယ်။ ငါက ဘာမှမတွက်ချက်နိုင်တဲ့အတွက် အရှင်က ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"

ကျိုးလီက စိတ်ချင်းဆက်သွယ်၍ သတိပေးလိုက်သည်။

"ကျုပ် နားလည်ပြီ"

ယဲ့ချန်က လေးနက်စွာ ခေါင်းညိတ်၍ စိတ်ထဲတွင် သူ၏သတိပေးချက်ကို မှတ်သားထားလိုက်သည်။

"တန်းအာ ကောင်းကောင်းကြိုးစားပြီး ယဲ့မျိုးနွယ်ကို ကာကွယ်ရမယ်နော်"

ယဲ့ချန်က တန်းအာ၏ခေါင်းကို ပွတ်သပ်ပြီး မှာကြားလိုက်သောအခါ သူက နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြနေခဲ့သည်။ သူတို့က ယဲ့မျိုးနွယ်ဝင်များကို နှုတ်ဆက်ပြီးနောက် နတ်ဆိုးတိုက်လှေအတွင်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကာ ၎င်းသည် ဖြည်းညှင်းစွာ မြင့်တက်လာခဲ့သည်။ ယဲ့ချန်သည် သေးငယ်သထက် သေးငယ်သွားသော ကောင်းကင်မူလကြယ်ထက်ရှိ ပုံရိပ်များ ပျောက်ကွယ်နေသည်ကို စိုက်ကြည့်နေခဲ့ရင်း ဝမ်းနည်းစိတ် ဖြစ်နေခဲ့သည်။ သူက မည်သည့်နေရာသို့ ရောက်နေပါစေ၊ မိဘ၊ ဇနီးများနှင့် သားဖြစ်သူတို့ရှိနေသော ဤမွေးရပ်မြေကို လုံးဝမေ့မည် မဟုတ်ပေ။ ယဲ့အိမ်တော်အတွင်း၌လည်း ယဲ့မျိုးနွယ်ဝင်များက မြင့်တက်သွားသော လှေကြီးကို စောင့်ကြည့်နေစဥ် စကြဝဠာအတွင်း လှစ်ခနဲ ပျောက်ကွယ်သွားတော့သည်။

"ယဲ့ချန် ငါတို့ ဘယ်အချိန်မှ ကောင်းကင်မူလကြယ်ကို ပြန်လာနိုင်မှာလဲ"

ခြင်္သေ့ကြီးသည်လည်း ကောင်းကင်မူလကြယ်ကို နှစ်သက်သောကြောင့် ဝမ်းနည်းနေခဲ့သည်။

"သိပ်မကြာလောက်ပါဘူး"

အဝေးမှ ကောင်းကင်မူလကြယ်ကို ငေးမောနေသော ယဲ့ချန်က ဖြေလိုက်သည်။ သူ၏ဝမ်းနည်းစိတ်ကို အာရုံခံမိသောအခါ နင်အာက ဘေးသို့ ချက်ချင်းရောက်လာကာ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေးခဲ့၏။ နတ်ဆိုးတိုက်လှေသည် အချိန်ခဏအတွင်း ကီလိုမီတာသန်းချီသို့ ရောက်ရှိလာချိန်တွင် ပြင်းထန်စွာ တုန်ယင်သွားခဲ့သည်။

"ဘာဖြစ်တာလဲ"

သူက မျက်နှာပျက်သွားပြီး ယာဥ်ကို ဝိညာဥ်အသိစိတ်ဖြင့် ထိန်းချုပ်လိုက်သော်လည်း တစ်ခုခုနှင့် ဝင်ဆောင့်ခံလိုက်ရသကဲ့သို့ ဘုန်းခနဲ လွင့်ထွက်သွားသည်။ ၎င်း၏မျက်နှာပြင်ထက်မှ ကာကွယ်ရေးရုန်းများ လည်ပတ်သွားကာ ပျက်စီးမသွားစေရန် ကာကွယ်ပေးခဲ့သည်။ ၎င်းရုန်းများက အစွမ်းထက်ပြီး အလွန်မာကျောသောကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့်တိုင်အောင် အဓိကကိုယ်ထည် မထိခိုက်ခဲ့ပေ။ ပုံမှန်ဆိုလျှင် နတ်ဆိုးတိုက်လှေသည် လမ်းကြောင်းရှိ ကြယ်များကို အလိုလို ရှောင်ရှားသွားသော်လည်း တစ်ခုခုကို ဝင်ဆောင့်မိလိုက်သဖြင့် လွင့်ထွက်သွားပုံရသည်။

ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် လှေကိုထိန်းချုပ်၍ တည်ငြိမ်စေကာ ရပ်တန့်လိုက်၏။ ကြယ်တစ်ဒါဇင်ကျော်နှင့် ဝင်တိုက်သွားပြီး နောက်ဆုံးတွင် ၎င်းက ရပ်တန့်သွားခဲ့သည်။

"အစ်ကိုကြီး ဘာဖြစ်သွားတာလဲ"

နင်အာက မေးလိုက်ပြီး နတ်ဆိုးတိုက်လှေဖြင့် အကြိမ်ပေါင်းများစွာ သွားလာဖူးသော်လည်း ဤကဲ့သို့ မတော်တဆမဖြစ်ခဲ့သောကြောင့် သံသယဝင်နေသည်။

"ယဲ့ချန် မင်းမှာ ကြယ်မြေပုံရှိတယ်လို့ မပြောခဲ့ဘူးလား။ မင်းလုပ်တာ ငါ သေးထွက်ကျတော့မယ်။ ကံကောင်းတာက နတ်ဆိုးတိုက်လှေဟာ အရှိန်ပြင်းပြင်းနဲ့ ကြယ်တွေကို ဝင်တိုက်မိတာတောင် ပျက်စီးမသွားခဲ့ဘူး။ တကယ်လို့ ကောင်းကင်နတ်လှေသာဆိုရင် ပေါက်ကွဲသွားလောက်ပြီ"

ခြင်္သေ့ကြီးသည် နဖူးမှ ချွေးများကို လက်ဖြင့် သုတ်လိုက်သည်။ ကြယ်မြေပုံအတိုင်း တိတိကျကျ ခရီးဆက်နေသော ယဲ့ချန်ကိုယ်တိုင်လည်း ပဟေဠိ ဖြစ်နေခဲ့သည်။ အတိတ်တွင် သူက ၎င်းဖြင့် ခရီးများစွာသွားလာခဲ့သော်လည်း ဤအချိန်၌ မည်သို့ဖြစ်ပျက်သွားကြောင်း မသိပေ။ ကံကောင်းသည်မှာ နတ်ဆိုးတိုက်လှေက များစွာပျက်စီးမသွားခဲ့ဘဲ အများဆုံးအနေဖြင့် နောက်တစ်စီး လဲလှယ်ရန်သာ ဖြစ်သည်။ သူ့တွင် နတ်ဆိုးတိုက်လှေများစွာ ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။

"တစ်ခုခု မှားနေတယ်လို့ ထင်တယ်။ ထိတိုက်မှုဖြစ်တဲ့ နေရာကို ပြန်သွားကြည့်ရအောင်"

နတ်ဆိုးတိုက်လှေ၏ အရှိန်ဖြင့်ဆိုလျှင် မူလနေရာမှ ကီလိုမီတာပေါင်းများစွာသို့ လွင့်ထွက်သွားနိုင်သောကြောင့် ယဲ့ချန်က စဥ်းစားလိုက်သည်။ ၎င်းက မည်သည့်အရာကိုမှ ဝင်မတိုက်မိကြောင်း ရှင်းလင်းသော်လည်း လမ်းကြောင်းမှ ရုတ်တရက် သွေဖယ်သွားသောကြောင့် တစ်ခုခု မှားယွင်းနေ၏။ ထို့နောက် သူက လှေ၏ပဲ့ကို ထိန်းချုပ်ကာ မူလနေရာသို့ ပြန်လည်ဦးတည်လိုက်ပြီး ကြယ်များကို ရှောင်ရှားရင်း ခရီးဆက်ခဲ့သည်။

"အစ်ကိုကြီး ဒါကို လာကြည့်ပါဦး"

နင်အာသည် အဝေးတစ်နေရာသို့ ရုတ်တရက် ညွှန်ပြလိုက်သည်။ ထိုနေရာသို့ ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ ကြယ်များပေါ်တွင် မတော်တဆဖြစ်ရာမှ ကျန်ရစ်ခဲ့သော တွင်းနက်ကြီးများကို မြင်လိုက်ရသည်။ ထိုတွင်းများထဲတွင် ယာဥ်မျိုးစုံမှ အပျက်အစီးများရှိနေပြီး တစ်စီးမကသည့်အပြင် စကြဝဠာအတွင်း အလောင်းများလည်း မျောလွင့်နေသည်။ ဤယာဥ်များသည်လည်း တူညီသော ကံကြမ္မာကို ကြုံခဲ့ရပြီး နတ်ဆိုးတိုက်လှေလောက် မသန်မာသောကြောင့် ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။

"ဘာတွေဖြစ်ခဲ့တာလဲ"

ဤလမ်းကြောင်းသည် ယေဘူယျအားဖြင့် လုံခြုံသောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက နတ်ဆိုးတိုက်လှေဖြစ်နေတာ ကံကောင်းတယ်။ မဟုတ်လို့ကတော့ အတော်နာမှာကွ"

ခြင်္သေ့ကြီးက ခေါင်းကုတ်ရင်း ရေရွတ်လိုက်သည်။ မတော်တဆမှုကြောင့် ယာဥ်ပျက်စီးသွားလျှင် ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကြောင့် မသေနိုင်သော်လည်း အခြေအနေ ဆိုးရွားသွားနိုင်၏။ ခဏတာ စဥ်းစားပြီးနောက် ယဲ့ချန်သည် ဆက်လက်ရှာဖွေရန် ဆုံးဖြတ်ကာ လှေကို ရှေ့တိုးစေခဲ့သည်။

"ဒီယာဥ်တွေရဲ့အရှိန်က နတ်ဆိုးတိုက်လှေလောက် မမြန်တဲ့အတွက် ငါတို့က အဝေးကြီးကို လွင့်သွားရတာပဲ။ ဒါပေမယ့် ဝင်တိုက်မိတဲ့နေရာက တစ်စီးနဲ့ တစ်စီး မတူညီဘူးဆိုတော့ တစ်ခုခု မှားယွင်းနေတယ်"

သူက ချက်ကျလက်ကျ သုံးသပ်လိုက်သည်။

"အစ်ကိုကြီးပြောချင်တာက ဒီအရာကြီးဟာ ရွေ့လျားနေပြီး ဒီလမ်းကြောင်းအတိုင်းဆိုရင် ကောင်းကင်မူလကြယ်ကို ဦးတည်နေတာပေါ့"

နင်အာ၏ မျက်ဝန်းလေးများ ဝိုင်းစက်သွားကာ တအံ့တသြ ရေရွတ်လိုက်သည်။

"ဒါက ခန့်မှန်းချက်သက်သက်ပါပဲ။ မသေချာဘူး"

"ယဲ့ချန် ငါတို့ဝင်တိုက်မိတဲ့ နေရာကို ရောက်လာပေမယ့် ဘာမှမရှိနေဘူး။ ဖြစ်နိုင်တာက အစွမ်းထက် ချီစီးကြောင်းတစ်ခုများလား"

လေဟာနယ်စီးကြောင်းတစ်ခုဆိုလျှင် ရွေ့လျားနေသည်က ပုံမှန်ဖြစ်သောကြောင့် ခြင်္သေ့ကြီးက သူ့အမြင်ကို ထုတ်ပြောလိုက်သည်။

"ကျုပ် မသိဘူး"

မတော်တဆမှုသည် လေဟာနယ်စီးကြောင်းကြောင့် ဖြစ်နိုင်ချေ အများဆုံးရှိသော်လည်း ယဲ့ချန်၏ စိတ်ထဲတွင် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရလေသည်။

All Chapters