ရွှေပိုင်နက်သားရဲ အကောင်ပေါက်
Vol. 64 Ch. 897
လေဟာနယ်စီးကြောင်းတစ်ခုဟု ယဲ့ချန်က သံသယဝင်နေသော်လည်း အလွန်ပြင်းထန်နေပြီး နတ်ဆိုးတိုက်လှေအား လွင့်ထွက်သွားစေရန် ခက်ခဲသည်။ သူက လှေကို ဆက်လက်ထိန်းချုပ်ပြီး အသေးစိတ်များကိုပင် အလွတ်မပေးဘဲ လိုက်လံရှာဖွေခဲ့သည်။ သို့သော် မည်မျှကြိုးစားပါစေ၊ ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းသော်လည်း သဲလွန်စတစ်ခုတလေပင် ရှာမတွေ့ချေ။ စကြဝဠာအတွင်း မည်သည့်အရာမှ ရှိမနေသောကြောင့် နတ်ဆိုးတိုက်လှေအား လမ်းကြောင်းမှ လွင့်ထွက်သွားစေခဲ့သော တရားခံက ပျောက်ကွယ်နေသည်။ ကောင်းကင်မူလကြယ်သို့ ဦးတည်လာနေသော ယာဥ်များသည် ယဲ့ချန်၏လှေကို မြင်သောအခါ အရှိန်ချလိုက်ပြီး ခပ်ဝေးဝေးမှ ရှောင်တိမ်းသွားကြ၏။ သာမန်ကျင့်ကြံသူများအတွက် နတ်ဆိုးတိုက်လှေက အလွန်အဆင့်မြင့်ပြီး နောက်ကွယ်၌ စွမ်းအားရှင်တစ်ယောက် သို့မဟုတ် အင်အားစုကြီးတစ်ခု ရှိနိုင်သောကြောင့် မစော်ကားရဲပေ။ များပြားသော ယာဥ်များစွာက စကြဝဠာအတွင်း သွားလာနေသော်လည်း ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာပင် မရှိချေ။
နတ်ဆိုးတိုက်လှေ မတော်တဆ ဖြစ်ပျက်ခဲ့ခြင်း၏ အကြောင်းအရင်းကို ခြင်္သေ့ကြီးကလည်း အဖြေမရှာနိုင်ခဲ့ပေ။ ယဲ့ချန်က တိတ်ဆိတ်နေပြီး မျက်လုံးမှိတ်၍ ဝိညာဥ်အသိစိတ်ဖြင့် စကြဝဠာအတွင်း လိုက်လံစစ်ဆေးနေသည်။ ဆန်းကျယ်သော အသံတစ်ခု ကြားနေရသကဲ့သို့ ဗုံသံများကို ခပ်ရေးရေး ကြားနေရသည်။ ဆန်းကျယ်သော စွမ်းအားတစ်ရပ်ကို သူက အာရုံခံမိသော်လည်း ရှာမတွေ့သကဲ့သို့ ကိုယ်တွင်းရှိ လေဟာနယ်ချီကိုးမျိုးက တုန်ခါနေခဲ့သည်။ ၎င်းက အဆင့်ခုနစ်ဆင့်ထက် ပို၍အစွမ်းထက်နေပြီး အဆင့်ရှစ်နှင့် ကိုး ချီများအောက် မနိမ့်ကျပေ။ ထို့နောက် သူသည် ခရမ်းရောင်ချီများ လွှမ်းခြုံနေသော မိန်းမတစ်ယောက်ကို မြင်လိုက်ရသည်။ သူမက အိပ်ပျော်ရင်း မျောလွင့်နေပုံရပြီး သူက အသေအချာစစ်ဆေးချင်သော်လည်း ဖြတ်ခနဲ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ သူက မျက်မှောင်ကြုတ်၍ အာရုံစိုက်လိုက်သော်လည်း မည်သည့်နေရာတွင်မှ ထိုပုံရိပ်အား မတွေ့ရတော့ပေ။
"အစ်ကိုကြီး တစ်ခုခု ရှာတွေ့လား"
နင်အာက မေးလိုက်ခြင်း ဖြစ်သည်။
"မတွေ့ဘူး"
"ငါ စောနကမြင်လိုက်ရတာ ပုံရိပ်ယောင်တွေလား။ ဒီမိန်းမက ဘယ်သူလဲ။ ပုံရိပ်က ဝေဝေဝါးဝါး ဖြစ်နေပေမယ့် မျက်နှာကို ကြည်ကြည်လင်လင် မြင်နေရတယ်"
ယဲ့ချန်က ခေါင်းတစ်ချက်ယမ်း၍ တစ်ကိုယ်တော် တွေးနေမိသည်။ သူက ကီလိုမီတာသိန်းချီ အကွာအဝေးအတွင်း လိုက်လံရှာဖွေခဲ့သော်လည်း မည်သည့်အရာမှ မတွေ့ရချေ။
"နတ်ဆိုးတိုက်လှေက တစ်ခုခုမှားနေတာ ဖြစ်ပါလိမ့်မယ်"
ယဲ့ချန်က ခပ်တိုးတိုးရေရွတ်၍ နောက်ထပ်လှေတစ်စီး လဲလှယ်ကာ စကြဝဠာအတွင်း ခရီးဆက်လိုက်သည်။ သူ မသိခဲ့သည်မှာ ဆန်းကျယ်သော ယာဥ်ကြီးက ကောင်းကင်မူလကြယ်ထံ တရွေ့ရွေ့ မျောပါနေခြင်း ဖြစ်သည်။
"ယဲ့ချန် ဟိုနေရာကို ကြည့်လိုက်"
နတ်ဆိုးတိုက်လှေက ကြယ်အစုအဝေးတစ်ခုအနားသို့ ရောက်သောအခါ ခြင်္သေ့ကြီးက ကြယ်တစ်လုံးထံ ညွှန်ပြလိုက်သည်။ ၎င်းက အခြားကြယ်များနှင့် ကွာခြားပြီး စွမ်းအင်အလင်းရောင်များ တောက်ပနေသောကြောင့် တစ်ခုလုံး ကြယ်ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သူ၏ချမ်းသာမှုက အလွန်များပြားနေပြီး ဤကြယ်တစ်ခုလုံးမှ ကြယ်ကျောက်တုံး သန်းချီရလျှင်ပင် ပင်လယ်အတွင်းကျသော ရေတစ်ပေါက်ပမာ ဖြစ်နေလိမ့်မည်။ သို့သော် အလကားရလိုက်သော ငွေကို အလဟဿအဖြစ် မခံလိုသောကြောင့် သူက လှေအပြင်ဘက်ခုန်ထွက်ကာ လက်ဟန်တစ်ခုပြုလုပ်၍ ဆွဲခေါ်ပြီး ဒန်တန်အတွင်း ပစ်ထည့်လိုက်သည်။ ကျိုးလီ၏ ကောင်းကင်ကြယ်တာရာ ရုန်းကျင့်စဥ်က အလွန်အစွမ်းထက်ပြီး ကြယ်တစ်လုံးကို အလွယ်တကူ ဖျက်ဆီးနိုင်စွမ်းရှိသည်။ သူက ကြယ်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ ကြယ်အဆီအနှစ် တန်ပေါင်းသောင်းချီ ပါဝင်ကြောင်း သိနိုင်သည်။ သူက ပတ်ဝန်းကျင်တွင် လိုက်လံရှာဖွေခဲ့သော်လည်း ဤကြယ်မျိုး နောက်ထပ်မတွေ့ရသောကြောင့် နတ်ဆိုးတိုက်လှေထံ ပြန်လာခဲ့သည်။
ထိုအချိန်၌ အတွင်းလောက၌ လှုပ်ရှားမှုတစ်ခု ဖြစ်သွားကာ နှလုံးခုန်သံ အမြန်ဆုံးဖြစ်သော ဥက ဆက်တိုက်ခုန်လာသည်။ ၎င်း၏သွေးခုန်နှုန်းက မြန်သထက်မြန်လာပြီး စစ်ပွဲဗုံများ တီးခတ်နေသကဲ့သို့ ယဲ့ချန်က ခံစားလိုက်ရ၏။ မရေမတွက်နိုင်သော ဝိညာဥ်ကောင်များနှင့် အချိန်လေဟာနယ် ချီကိုးမျိုးကို ၎င်းက စုပ်ယူနေပြီး အရှိန်အဝါက ပိုမိုသန်မာလာသည်။ ၎င်းက ရွှေရောင်တစ်ခုတည်းသာမက ချီကိုးမျိုး၏အရောင်များ ထင်ဟပ်နေကာ သူ၏ အချိန်လေဟာနယ် ချီကိုးမျိုးကြောင့် သန္ဓေပြောင်းသွားပုံရသည်။
"ဂျွတ်"
အသံတစ်ခု ထွက်ပေါ်လာကာ ဥခွံက အက်ကွဲသွားပြီး ရွှေရောင်ဂျိုကြီးတစ်ချောင်း တိုးထွက်လာသည်။ ထို့နောက် ဥခွံက လုံးဝအက်ကွဲသွားကာ ရွှေရောင်သက်ရှိလေးတစ်ကောင် မွေးဖွားလာ၍ ယဲ့ချန်ကို အံ့သြစေခဲ့သည်။ အရွယ်ရောက် ပိုင်နက်သားရဲတစ်ကောင်က ကြမ်းကြုတ်ပုံပေါ်သော်လည်း မွေးကာစ ပိုင်နက်သားရဲလေးမှာ အလွန်ချစ်စရာကောင်းနေသည်။ ၎င်း၏အသားအရေက ပန်းရောင်သန်း၍ ပျော့ပြောင်းနေကာ မျက်လုံးများမှိတ်၍ ခြေလက်လေးချောင်းဖြင့် ဥခွံကို ဆွဲယူနေခဲ့သည်။ နောက်ဆုံးတွင် သူ၏ပထမဆုံး ရွှေရောင်ပိုင်နက်သားရဲတစ်ကောင် မွေးဖွားလာကာ အရွယ်မရောက်သေးသော်လည်း အလွန်ကျေနပ်နေခဲ့သည်။ ရွှေအဆင့် ပိုင်နက်သားရဲသည် သာမန်ပိုင်နက်သားရဲများထက် ပို၍အစွမ်းထက်သောကြောင့် ဖြစ်သည်။ ၎င်းက မျက်လုံးမပွင့်သေးသော်လည်း ဥခွံကို ခြေလက်များဖြင့် ဆုပ်ကိုင်၍ စားသောက်နေခဲ့သည်။
"အ ဝု ဝု"
ခဏအကြာတွင် ဥခွံအားလုံးကို အကောင်ပေါက်လေးက စားသောက်ပစ်လိုက်ပြီး ပျော့ပြောင်းသော အသားအရေက မာကျောလာ၍ ရွှေရောင်ချပ်ဝတ်ပမာ အလွှာတစ်ခု ဖြစ်တည်လာသည်။ ၎င်းက အကောင်ပေါက်သာဖြစ်သော်လည်း ကောင်းကင်မူလကြယ်ထက်ပင် ကြီးမားနေသည်။ ၎င်းက တစ်ခုခုကို အာရုံခံမိဟန်ဖြင့် အတွင်းလောက၌ ပျံသန်းသွားကာ ယဲ့ချန် ရှာတွေ့ခဲ့သော ကြယ်ကို လက်များဖြင့် ဖမ်းဆုပ်လိုက်သည်။ ဤကြယ်က အနည်းငယ်ကြီးမားသည်ဟု ဆိုနိုင်သော်လည်း ၎င်းရှေ့မှောက်တွင် ဆင်နှင့် ပုရွက်ဆိတ်ပမာဖြစ်ပြီး မျက်လုံးမပွင့်နိုင်သေးသော်လည်း နှာခေါင်းဖြင့် အနံ့ခံရင်း ကြယ်တစ်ခုလုံးကို မျိုချစားသောက်ပစ်လိုက်သည်။ ထို့နောက် ၎င်းက ဆာလောင်သော အမူအရာဖြင့် နောက်ထပ်စွမ်းအင်များ လိုက်လံရှာဖွေနေသည်။
ပိုင်နက်သားရဲ၏ ဆာလောင်စိတ်ကို အာရုံခံမိသောအခါ ယဲ့ချန်က အခြေအနေကို နားလည်လိုက်သည်။ အမှန်တကယ်တွင် ၎င်းက သားပေါက်ချိန်တန်ပြီဖြစ်သော်လည်း ပတ်ဝန်းကျင်၌ အစာရေစာမရှိသောကြောင့် အလိုလိုသိစိတ်အရ မွေးဖွားမလာခြင်းဖြစ်သည်။ ကြယ်ကျောက်တုံးများဖြင့် ပြုလုပ်ထားသော ကြယ်တစ်လုံး၏ ဆွဲဆောင်မှုက တစ်ကောင်ကို မွေးဖွားစေခဲ့ပြီး ဆာလောင်စိတ်ကို မပြေပျောက်နိုင်သော်လည်း အနည်းဆုံး လအနည်းငယ် လုံလောက်နိုင်သည်။ ထိုအချိန်အတောအတွင်း ၎င်းက နောက်ထပ်အစာများ ရှာဖွေရပေလိမ့်မည်။
ယဲ့ချန်သည် မတော်တဆရှာတွေ့ခဲ့သော ကြယ်တစ်လုံးကြောင့် ပိုင်နက်သားရဲတစ်ကောင် အကောင်ပေါက်လာမည်ဟု မျှော်လင့်မထားပေ။ သူ့အနေဖြင့် နောက်ထပ်ပိုင်နက်သားရဲများ အကောင်ဖောက်လိုလျှင် အရင်းအမြစ်များ လိုအပ်မည် ဖြစ်သောကြောင့် မည်သည့်အရာများ လိုအပ်မည်ကို စမ်းသပ်လိုက်သည်။ သူက ဒန်တန်အတွင်းသို့ ဆေးပင်အနည်းငယ် ထည့်သွင်းလိုက်သောအခါ ပိုင်နက်သားရဲလေးက အနံ့ခံလိုက်ပြီး ချက်ချင်းစားပစ်လိုက်သည်။ သို့သော် ပမာဏက နည်းပါးသောကြောင့် သွားကြားပင်ညှပ်မည် မဟုတ်ပေ။ သူက နတ်ဆိုးရွှေများ ထည့်သွင်းလိုက်သောအခါ ၎င်းက စိတ်ပျက်လက်ပျက်ဖြင့် တစ်ဖက်လှည့်သွားသောကြောင့် နှစ်သက်ပုံမရချေ။ ပိုင်နက်သားရဲများက စွမ်းအင်ပါဝင်သော ရတနာများကိုသာ စားသောက်ပြီး ကြယ်ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် ကြယ်တစ်လုံးမှာ တစ်လုတ်စာသာ ရှိ၏။ သူက ဤအစားကြီးကောင်လေးကို အနာဂတ်၌ ကျွေးမွေးရန် ခက်ခဲပြီး သန်းချီသော ပိုင်နက်သားရဲများကို မည်သို့ကျွေးမွေးရမည်အား ကြောက်လန့်နေခဲ့သည်။
ပိုင်နက်သားရဲ အကောင်ပေါက်လေးသည် မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာသောအခါ မျက်ဆံသဏ္ဍာန်က မီးတောက်ပုံစံ တောက်လောင်နေသည်။ ၎င်း၏အရေပြားက အလွန်မာကျောပြီး ရွှေရောင် တဖိတ်ဖိတ်တောက်နေသည့် ချပ်ဝတ်တစ်ခု ဝတ်ဆင်ထားသကဲ့သို့ ဖြစ်သည်။ ၎င်းက မွေးကာစဖြစ်သော်လည်း အံ့သြစရာကောင်းလွန်းပြီး ကြီးစိုးကာ အစွမ်းထက်သော အရှိန်အဝါတစ်ခု ထုတ်ဖော်ထားနိုင်သည်။ ယဲ့ချန်သည် ၎င်းက ဆက်တိုက်ကြီးပြင်းလာနေကြောင်း ခံစားရပြီး အရွယ်တစ်ခုသို့ရောက်လျှင် အလိုလို အစာရှာနိုင်ပေလိမ့်မည်။ ထိုအချိန်၌ သူ့အတွက် ဝန်ထုပ်ဝန်ပိုးများ လျော့ကျသွားကာ သို့မဟုတ်လျှင် အခက်အခဲကြီး ကြုံရပေလိမ့်မည်။
"ငါ့အနေနဲ့ စကြဝဠာထဲမှာ ကြယ်ကျောက်တုံးတွေ ထပ်တွေ့ရဖို့ မျှော်လင့်တယ်"
ကျွေးမွေးရန်နှင့် သားဖောက်ရန် ခက်ခဲသော်လည်း ရွှေပိုင်နက်သားရဲများက အစွမ်းထက်ပြီး ထိပ်တန်းကြယ်သခင်များပင် ထိခိုက်အောင် မလုပ်နိုင်ချေ။ ၎င်း၏ရုပ်ခန္ဓာက အလွန်မာကျောပြီး ကောင်းကင်မှ လက်ဆောင်တစ်ခုဖြစ်ကာ ကြီးမားသော အရွယ်အစားကြောင့် တစ်ယောက်ချင်းတိုက်ပွဲများတွင် မထူးချွန်သော်လည်း အာကာသစစ်ပွဲများ၌ ပြိုင်ဘက်ကင်း လူသတ်သမားများ ဖြစ်ကြလေသည်။