သေမင်းကြယ် အမှောင်မြို့
Vol. 64 Ch. 898
ယဲ့ချန်သည် ရွှေပိုင်နက်သားရဲတစ်ကောင်ကို သားဖောက်နိုင်ခဲ့သောကြောင့် ပျော်ရွှင်နေသော်လည်း အစာကျွေးရမည့် ပြဿနာကြောင့် ခေါင်းကိုက်နေခဲ့သည်။ ကြယ်ကျောက်တုံးများ လုံလုံလောက်လောက် ထောက်ပံ့ပေးမှသာလျှင် ၎င်းက ကြီးပြင်းလာမည်ဖြစ်ပြီး အစာမလုံလောက်လျှင် အရွယ်ရောက်ခြင်း ရပ်တန့်သွားနိုင်သည်။ ၎င်းက မွေးကာစမှာပင် ဧရာမအရွယ်အစားကြီး ဖြစ်နေသောကြောင့် အနာဂတ်၌ အစားစားချင်စိတ်မှာ ကြီးမားလာပေလိမ့်မည်။ သူက ဤအကြောင်းကို ခြင်္သေ့ကြီးနှင့် နင်အာအား ပြောပြလိုက်သောအခါ နှစ်ယောက်လုံး တုန်လှုပ်အံ့သြနေကြသည်။ သူ၏ဒန်တန်အတွင်းရှိ လောကက မှော်ဆန်လွန်းပြီး စိတ်ကူးယဥ်မရလောက်အောင် ဆန်းကျယ်နေသည်။
နတ်ဆိုးတိုက်လှေသည် ရက်နှစ်ဆယ်ကျော် ခရီးနှင်ပြီးနောက် သေမင်းကြယ်တည်ရှိသော ပတ်ဝန်းကျင်သို့ ရောက်ရှိလာကာ ယာဥ်မျိုးစုံကို တွေ့လိုက်ရသည်။ ၎င်းတို့အများစုက အဆင့်အတန်းမြင့်မားသော်လည်း နတ်ဆိုးတိုက်လှေက ယှဥ်နိုင်စွမ်းရှိနေဆဲပင် ဖြစ်၏။ ယာဥ်များအပြင် သာမန်ပိုင်နက်သားရဲများလည်း ရှိနေကာ အရွယ်ရောက်ပြီး တစ်ကောင်နှစ်ကောင်သာ ပါဝင်၍ ကျန်သားရဲများက အရွယ်မရောက်သေးပေ။ ၎င်းတို့က အနီးအနားရှိ ကြယ်တစ်ခုတွင် ရပ်နားလိုက်သောအခါ ဦးခေါင်းရှိ နေရာလပ်တစ်ခု ပွင့်လာကာ ပုံရိပ်အနည်းငယ် ပျံထွက်လာကြသည်။ အားလုံးက အဆင့်တစ်မျိုးနွယ်များဖြစ်ပြီး စကြဝဠာ နေရာအသီးသီးမှဖြစ်ကာ ထိပ်တန်းကြယ်သခင်များ ဖြစ်ကြ၏။ ပိုင်နက်သားရဲမျိုးနွယ်က အဆင့်အတန်း မြင့်မားသောကြောင့် အဆင့်တစ်မျိုးနွယ်များသာ သူတို့ကို ကိုယ်ပိုင်သားရဲအဖြစ် မွေးမြူနိုင်စွမ်းရှိကြသည်။ စကြဝဠာ၏ နေရာပေါင်းစုံမှ တဖွဲဖွဲ ရောက်ရှိလာနေသော ကျင့်ကြံသူများကြောင့် သေမင်းကြယ်က မည်မျှကျော်ကြားကြောင်း တွေးကြည့်နိုင်သည်။
ယဲ့ချန်က အဝေးသို့ ကြည့်လိုက်သောအခါ ကြီးကျယ်ခမ်းနား၍ အလွန်ကြီးမားသော မြို့ရိုးတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းကို တစ်ဒါဇင်ကျော်သော ဧရာမကြယ်ကြီးများ စုပေါင်း၍ တည်ဆောက်ထားခြင်းဖြစ်ကာ မရေမတွက်နိုင်သော ကြယ်ရံများက လှည့်ပတ်နေကြသည်။ ၎င်းအထက်၌ ကြယ်ရံနှစ်လုံးဖြင့် ပုံဖော်ထားသော လက်ရေးတစ်ခုရှိနေရာ ရောက်ရှိလာသူတိုင်းကို သေးငယ်သွားသယောင် ထင်မှတ်စေခဲ့သည်။ ယာဥ်များနှင့် ပိုင်နက်သားရဲများကို မြို့ရိုးအတွင်း ဝင်ရောက်ခွင့်မပြုသောကြောင့် ကျင့်ကြံသူများသည် ယာဥ်များကို သိမ်းဆည်း၍ ပိုင်နက်သားရဲများကို အပြင်ဘက်၌ ချန်ခဲ့ရန် လိုအပ်သည်။ ကျင့်ကြံသူများက မြို့ရိုးအတွင်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်နေကြသော်လည်း ပုရွက်ဆိတ်ပမာ ထင်မှတ်ရသောကြောင့် ဤမျှကြီးမားသော မြို့ကြီးကို တည်ဆောက်ရန် အားထုတ်ခဲ့ရသည်များကို စိတ်ကူးကြည့်နိုင်သည်။
"သေမင်းက တကယ်အစွမ်းထက်တာပဲ။ စကြဝဠာထဲမှာ ဒီလိုမြို့ကြီးတစ်ခု တည်ဆောက်နိုင်တယ်"
ခြင်္သေ့ကြီးက ချီးကျူးလိုက်ပြီး ယဲ့ချန်က နတ်ဆိုးတိုက်လှေကို သိမ်းဆည်းကာ သုံးယောက်သား အတူတကွ ရှေ့သို့ ခရီးဆက်လာကြသည်။ ကောင်းကင်မူလကြယ်သို့ပြန်စဥ် ယဲ့ချန်သည် သွေးနတ်သစ်သီးများကို ဇနီးများနှင့် ယဲ့မျိုးနွယ်အတွက် ခွဲဝေပေးခဲ့သောကြောင့် အနည်းငယ်သာ ကျန်ရစ်သည်။ ခြင်္သေ့ကြီးက တစ်လုံးအသုံးပြု၍ နင်အာနည်းတူ ကြယ်သခင်အဆင့် တက်ခဲ့သောကြောင့် စကြဝဠာအတွင်း သွားလာနိုင်ခဲ့သည်။ အဆင့်နိမ့် ကြယ်သခင်သုံးယောက်၏ ခွန်အားဖြင့် သေမင်းကြယ်ကို ရန်စရန် မဖြစ်နိုင်သောကြောင့် သူတို့က သတိကြီးကြီးထားရန် လိုအပ်နေသည်။ သူတို့က ကျယ်ဝန်းသော ဝင်ပေါက်မှတဆင့် ဖြတ်သန်းလိုက်သောအခါ အဆုံးအစမဲ့သည်ဟု ထင်မှတ်ရသည့် ခန်းမကျယ်တစ်ခုအတွင်း ရောက်သွားကြ၏။ ၎င်းက အရေအတွက်ပေါင်း သန်းဆယ်ချီနေထိုင်ရန် လုံလောက်ပြီး ကျင့်ကြံသူများမှာ အကြောင်းအရင်တစ်ခုကို ဆွေးနွေးနေကြပြီး အချို့သည် ရတနာများကို လဲလှယ်နေကြသည်။ ဤနေရာ၌ စကြဝဠာအတွင်းမှ မျိုးနွယ်ပေါင်းစုံ ရောက်ရှိနေပြီး ကြယ်ကြည့်စင်မြင့်တွင် ယဲ့ချန်မြင်ဖူးသော မျိုးနွယ်များသာမက ကောင်းကင်နတ်ဆိုးများ၊ သွေးနတ်ဆိုး၊ ကျောက်နတ်ဆိုးစသည့် နတ်ဆိုးမျိုးနွယ်ဝင်များလည်း ရှိနေသည်။
ရှင်းဟွမ်မျိုးနွယ်ဝင်များပင် ရှိနေပြီး သာမန်ရှင်းဟွမ်များက ကြယ်မှ မထွက်ခွာနိုင်သော်လည်း အဆင့်မြင့်သူများက တတ်စွမ်းနိုင်သည်။ သူတို့က အလွန်အစွမ်းထက်ကြပြီး အားအနည်းဆုံးများပင်လျှင် ကြယ်သခင်အဆင့်ကို ကျော်လွန်နေကာ လူအသွင်ပြောင်းနိုင်ကြ၏။ သူတို့က အခြားမျိုးနွယ်ဝင်များနှင့် ရောရောနှောနှောမနေဘဲ အဖိုးတန်ဝတ်ရုံများခြုံကာ သီးခြားသွားလာနေကြသည်။ နတ်ပြည်ထောင်များက အချိန်တိုင်း စစ်ဖြစ်နေကြသော်လည်း အမှောင်မြို့တွင် ပြဿနာမရှိဟု ထင်မှတ်ရပြီး အချင်းချင်း သတိထားနေရုံသာ ဖြစ်သည်။ ဤနေရာ၌ တိုက်ခိုက်ခြင်းကို ကန့်သတ်ထားပြီး ယဲ့ချန်သည် သေမင်း၏ အလွန်အစွမ်းထက်သော အရှိန်အဝါကို အာရုံခံမိခဲ့ကာ အရာရာတိုင်းကို စောင့်ကြည့်နေပုံရသည်။ တစ်ဖက်လူမှာ သန်မာလွန်းသောကြောင့် လူသားတစ်ယောက် မဖြစ်နိုင်ဟု ထင်မှတ်လိုက်သည်။ သေမင်းနှင့် ကျိုးလီအကြားတွင် ပို၍သန်မာသူကို ရွေးချယ်ရန် ခက်ခဲသော်လည်း နတ်ပြည်ထောင်သုံးခုအကြားတွင် နယ်မြေတစ်ခု တည်ဆောက်ရဲသူမှာ သေချာပေါက် ရိုးရှင်းမည် မဟုတ်ပေ။
ယဲ့ချန်က ပတ်ဝန်းကျင်ကို စပ်စုလိုက်သောအခါ မျိုးနွယ်အသီးသီးမှ ရတနာမျိုးစုံရောင်းဝယ်၍ နတ်အဆင့်လက်နက်များပင် ပါဝင်ကြောင်း တွေ့လိုက်ရသည်။ ယာဥ်များ၊ ချပ်ဝတ်များ စသည်တို့လည်း ပါဝင်နေသောကြောင့် ပမာဏက အလွန်အမင်း ကြီးမားနေသည်။ သူတို့သုံးယောက်က အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားကာ ကိုယ့်ကိုကိုယ် ဖုံးကွယ်ထားကြသည်။ မြို့တစ်ခုလုံးကို ကြယ်အဆီအနှစ်များဖြင့် တည်ဆောက်ထားပြီး တိုင်လုံးကြီးများမှာ မီတာသောင်းချီမြင့်မားသော မျက်နှာကျက်ကို ထောက်ကန်ထားကြ၏။ ၎င်းကို တည်ဆောက်ရန် လိုအပ်သော ကြယ်အဆီအနှစ်ပမာဏကို တွေးကြည့်ရန်ပင် မဖြစ်နိုင်သောကြောင့် သေမင်း၏ကြွယ်ဝမှုက အကန့်အသတ်မဲ့သည်ဟု ဆိုနိုင်သည်။
ခန်းမအတွင်း၌ စားသောက်ဆိုင်အနည်းငယ်ရှိပြီး ကြယ်အဆီအနှစ်ဖြင့် ဆောက်လုပ်ထားသောကြောင့် တဖိတ်ဖိတ်တောက်ပနေကာ နန်းတော်များပမာ ထင်မှတ်ရ၏။ မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများက စားသောက်ဆိုင်အတွင်း ရောက်နေသော်လည်း အားလုံးက အဆင့်တစ်နှင့် နှစ် မျိုးနွယ်ဝင်များဖြစ်သောကြောင့် စားသောက်ရန်အတွက် အဆင့်အတန်းတစ်ခု လိုအပ်ပုံပေါ်သည်။ ဤနေရာရှိ အစားအသောက်များမှာ အလွန်စျေးကြီးပြီး စကြဝဠာ၏ နေရာဒေသမျိုးစုံမှ အဖိုးတန်ဆေးပင်များနှင့် ချက်လုပ်ထားခြင်း ဖြစ်သည်။ ဟင်းပွဲတစ်ခုအတွက် ခရမ်းရောင်ရွှေတစ်သောင်းကျော် ကုန်ကျပြီး တစ်စုံတစ်ယောက်က ဤနေရာတွင် မိစ္ဆာရွှေကို အသုံးပြုမိလျှင် ဝိုင်းဟားခံရပေလိမ့်မည်။ ခရမ်းရောင်ရွှေများအပြင် ထာဝရအဆီအနှစ်ဖြင့် သွန်းလုပ်ထားသော နတ်ငွေပြားကို အသုံးပြုကြပြီး နတ်ပြည်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းက တစ်ပြားလျှင် ခရမ်းရွှေသန်းချီ တန်ကြေးရှိပြီး အလွန်အမင်းရှားပါးသည်။ ယဲ့ချန်သည် ပတ်ဝန်းကျင်မှ စကားသံများကို နားပါးပါးဖြင့် အကဲခတ်နားထောင်ခဲ့သောကြောင့် သတင်းအချက်အလက်များစွာ ရလိုက်၏။
အမှောင်မြို့တွင် အကျယ်အဝန်း၏ တစ်ရာခိုင်နှုန်းကိုသာ အပြင်လူများ ဝင်ထွက်ခွင့်ပြီး ကျန်နေရာတိုင်းကို ပိတ်ပင်ထားသည်။ သို့သော် ထိုတစ်ရာခိုင်နှုန်းကပင် အလွန်ကျယ်ဝန်းပြီး နေရာခုနစ်ခု ခွဲခြားထားသည်။ တစ်ခုက သတ်ဖြတ်ပွဲများ နေ့တိုင်းဖြစ်ပျက်နေသော တိုက်ခိုက်ရေးကွင်းဖြစ်ကာ နောက်တစ်ခုက သူတို့လက်ရှိရောက်နေသော ကုန်သွယ်ရေးဒေသ ဖြစ်သည်။ နောက်ထပ်နေရာတစ်ခုမှာ ရွေးချယ်ရေးနယ်မြေဖြစ်ပြီး အမှောင်မြို့သို့ ဝင်ရောက်လိုသူများက စမ်းသပ်မှုများစွာကို ကျော်ဖြတ်၍ သေမင်း၏ ရွေးချယ်ခြင်းကို စောင့်ဆိုင်းကြရသည်။
လွန်ခဲ့သော နှစ်တစ်သောင်းအကြာက သေမင်းသည် ဤမြို့ကို တည်ဆောက်ခဲ့ပြီး မျိုးနွယ်ပေါင်းစုံမှ မရေမတွက်နိုင်သော ကျင့်ကြံသူများစွာကို လက်ခံခဲ့သည်။ နတ်ပြည်ထောင်များက မတိုက်ခိုက်ရသော အကြောင်းအရင်းများတွင် ဤအချက်က တစ်ခုအပါအဝင်ဖြစ်ပြီး ရွေးချယ်ခံလိုက်ရသူများမှာ ပျောက်ကွယ်နေကြသည်။ နှစ်သောင်းချီကြာသောအခါ သေမင်း၏ လက်အောက်၌ ကြောက်မက်ဖွယ် အင်အားစုကြီးတစ်ခု ရှိနေနိုင်သည်။ လေးခုမြောက်နယ်မြေသည် အစည်းအဝေးများ ကျင်းပရာဖြစ်ပြီး မျိုးနွယ်အကြီးအကဲများ တိုင်ပင်စရာရှိလျှင် အသုံးပြုနိုင်သည်။ ကျန်နေရာသုံးခုသို့ ဝင်ရောက်ရန်အတွက် အဆင့်အတန်းတစ်ခု လိုအပ်ပြီး သာမန်ကျင့်ကြံသူများ သိခွင့်မရှိပေ။
ယဲ့ချန်သည် အမှောင်မြို့သို့ ရောက်ကာစဖြစ်သောကြောင့် အသိအမှတ်ပြုကတ်ပင် မရှိသေးသည့်အပြင် အနိမ့်ဆုံး အဆင့်သုံးမျိုးနွယ်ဝင်တစ်ယောက် ဖြစ်နေသောကြောင့် အဆင့်အတန်းမြင့်လိုလျှင် ရှုပ်ထွေးသော အဆင့်များ လိုအပ်နိုင်သည်။ သို့သော် ခွန်အား၊ ပါရမီနှင့် ချမ်းသာမှုတွင် အဆင့်သုံးမျိုးနွယ်များက အဆင့်နှစ် သို့မဟုတ် အဆင့်တစ်မျိုးနွယ်များကို မယှဥ်သာသည့်အပြင် လူသားမျိုးနွယ်သည် အဆင့်သုံးမျိုးနွယ်များအကြားတွင် နိမ့်ကျသော ဖြစ်တည်မှုပင်။
"ယဲ့ချန် ငါတို့ အရင်ဆုံး ဘာလုပ်ကြမလဲ"
သေမင်းကြယ်သို့ ဓားပျံအစိတ်အပိုင်း ရှာဖွေရန် ရောက်လာသော်လည်း မည်သည့်နေရာမှ စရမည်ကို မသိသောကြောင့် ခြင်္သေ့ကြီးက အကြံတောင်းလိုက်သည်။
"ရွေးချယ်ရေးနယ်မြေကို သွားကြည့်ရအောင်။ အမှောင်မြို့ကို ဝင်နိုင် မဝင်နိုင် စမ်းသပ်ကြတာပေါ့"
ယဲ့ချန်၏စိတ်ထဲတွင် ဓားပျံက အစွမ်းအထက်ဆုံးဖြစ်သော သေမင်း၏လက်ထဲတွင် ရှိရမည်ဟု ထင်နေခဲ့သည်။ အင်အားသုံးလုယူရန် လုံးဝမဖြစ်နိုင်သောကြောင့် သေမင်းအနီးသို့ ပထမဆုံး ချဥ်းကပ်ရပေလိမ့်မည်။ အမှောင်မြို့သို့ ဝင်ရောက်ရန် လွယ်ကူခြင်းမရှိဘဲ အဆင့်နှစ်နှင့် အဆင့်တစ် မျိုးနွယ်ဝင်များစွာ ရှိနေသောကြောင့် သူတို့ထက် ပါရမီ ထူးချွန်ပေလိမ့်မည်။
"ငါတို့လုပ်နိုင်မယ်လို့ ယုံကြည်တယ်"
ခြင်္သေ့ကြီးက စိတ်ဓာတ်ကျသွားသော်လည်း နင်အာသည် လက်သီးဆုပ်၍ တစ်ချက်ပြုံးလိုက်သည်။ သူတို့က အဆင့်သုံးမျိုးနွယ်ဝင် ဖြစ်သည့်တိုင်အောင် ကောင်းကင်ဖျက်ဆီးရေး နတ်သစ်သီးနှင့် သွေးနတ်သစ်သီးများကို အသုံးပြုထားသောကြောင့် ခွန်အားမှာ အစွမ်းထက်နေပြီ ဖြစ်သည်။
"ဒီခရီးက အလွန်အန္တရာယ်များလိမ့်မယ်။ ဒါကြောင့် မင်းတို့နှစ်ယောက်လုံး သေချာဂရုစိုက်ကြပါ"
သေမင်း၏လက်အောက်တွင် ကျင့်ကြံသူများစွာ ရှိနေပြီး အကျင့်စရိုက်ကို မသိထားသောကြောင့် ယဲ့ချန်က သတိပေးလိုက်သည်။
"ဟုတ်ကဲ့"
နင်အာက ခေါင်းညိတ်လိုက်ပြီး သူတို့က မည်သည့်နည်းလမ်းမျိုး အသုံးပြုသည်ဖြစ်ပါစေ၊ အမှောင်မြို့သို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ကြ၏။ သူတို့က ရွေးချယ်ရေးနယ်မြေသို့ ဦးတည်လိုက်ပြီး ရွှေရောင်လမ်းများကို ဖြတ်ကျော်ခဲ့သော်လည်း ကျင့်ကြံသူအရေအတွက်က နည်းလာရမည့်အစား များပြားနေခဲ့သည်။ ဝတ်စားဆင်ယင်ပုံ အသီးသီးနှင့် ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် အကဲခတ်နေကြပြီး စကြဝဠာ၏ နေရာပေါင်းစုံမှ လာရောက်ခြင်းဖြစ်ကာ အမှောင်မြို့သို့ ဝင်ရောက်ချင်ကြသည်။ အများစုမှာ လေလွင့်ကျင့်ကြံသူများဖြစ်ပြီး လူတိုင်းက ပြိုင်ဘက်များ ဖြစ်နေကြသည်။ အမှောင်မြို့၏ ဂိုဏ်းဝင်ဖြစ်လာခြင်းမှာ သူတို့အတွက် ဂုဏ်ယူစရာဖြစ်ပြီး ပါရမီကို ပြသနိုင်ခဲ့လျှင် ကျင့်ကြံဆင့်က တဟုန်ထိုး မြင့်တက်သွားပေလိမ့်မည်။
ယဲ့ချန်၊ ခြင်္သေ့ကြီးနှင့် နင်အာသည် မရေမတွက်နိုင်သော ကျင့်ကြံသူများအကြားတွင် နှိမ့်ချစွာ နေထိုင်၍ တိတ်တဆိတ် ရောပါလာကြပြီး ရှေ့ဆက်နေခဲ့လေသည်။