← Chapters

ထိပ်ဆုံးကို ရောက်ရှိခြင်း

Vol. 99 Ch. 1364

ထိပ်ဆုံးကို ရောက်ရှိခြင်း

Vol. 99 Ch. 1364

ထန်ရှုက ဆက်တက်လိုက်သည်။ သူ့အရှိန်က မနှေးဘဲ ပိုတောင် မြန်ဆန်လာသည်။ သူ့အပေါ်ရှိ ဖိအားက အနည်းငယ်ပိုကြီးမားလာသည်ကို အာရုံခံနိုင်သော်လည်း သူ့အတွက် မခံနိုင်လောက်သည်တော့မဟုတ်။ ထို့နောက် သူက လှေကားထစ်ခုနှစ်ထောင်ဆင့်ရှိ သူရဲကောင်းဓားအုပ်ချုပ်သူကို မီလာခဲ့သည်။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ထန်ရှုက လိုက်မီလာသည်ကို သတိပြုမိကာ သူရဲကောင်းဓားဘုရင်က ထိတ်လန့်တုန်လှုပ်သွား၏။ ထိတ်လန့်မှုကြောင့် သူ့ခြေလှမ်းများပင် ယိမ်းယိုင်သွားကာ နောက်သို့ လွင့်ထွက်လုနီးပါးဖြစ်သွား၏။

အပြုံးတစ်ခုက ထန်ရှု၏ပါးစပ်ထောင့်တွင် ထွက်ပေါ်လာကာ သူက ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်၏ “လူတစ်ယောက်က ဘယ်တော့မှ မမောက်မာရဘူး၊ မဟုတ်ရင် မျက်နှာဖြတ်ရိုက်ခံရသလို ဖြစ်တတ်တယ်။ ပဉ္ဓမအသုတ်ရဲ့အတောက်ပဆုံးပါရမီရှင်ဖြစ်ချင်တယ်ဆိုရင်တော့ မင်း အိပ်မက်ပဲ ဆက်မက်နေလိုက်ပါ”

ထိုသို့ပြောပြီးနောက် ထန်ရှုက နောက်တစ်လှမ်းတက်ကာ သူရဲကောင်းဓားအုပ်ချုပ်သူကို ကျော်သွား၏။ သူက ၇၀၀၁ဆင့်သို့ ရောက်ရှိလာသည်။ နေ့တစ်ဝက်ကြာပြီးနောက် သူက လှေကားထစ်ရှစ်ထောင်ဆင့်သို့ တက်လှမ်းခဲ့၏။

ထို့နောက် သူက ပြန်လှည့်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။

သူရဲကောင်ဓားအုပ်ချုပ်သူက ခက်ခက်ခဲခဲတက်နေရသည်ကို ထန်ရှုက မြင်၏။ သူက ထိုလူထံ လက်မထောင်ပြလျက် အထင်သေးစွာ ရယ်မောလိုက်သည် “ဟားဟားဟား၊ ကျောက်စရစ်ခဲတစ်လုံးက ပုလဲတစ်လုံးနဲ့ ယှဉ်ပြိုင်ချင်နေတာလား။ မင်းက ဆန်မရှိဘဲ အစားကြီးနေတာပဲ”

အွတ်…

ထန်ရှု၏စကားကို ကြားပြီးနောက် သူရဲကောင်းဓားဘုရင်က သွေးအန်သွားသည်။

ထိုစဉ် အင်မော်တယ်ထောင်ချီက ထန်ရှု၏လုပ်ဆောင်ချက်များကြောင့် လုံးဝတုန်လှုပ်နေသည်။ သူတို့ထဲတွင် အဆက်မပြတ်မေးမြန်းစုံစမ်းပြီးနောက် ထန်ရှု၏နာမည်မဟာကောင်းကင်ဘုံဧကရာဇ်ကို သိခဲ့ကြသည်။ သို့သော် ဤမဟာထန်ကောင်းကင်ဘုံဧကရာဇ်က ဘယ်နေရာမှ လာသည်၊ ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့မှ ဖြစ်သည်ကိုတော့ တစ်ယောက်မှ မသိကြပေ။

“ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်က ကျောက်တုံးတစ်တုံးကနေ မွေးဖွားလာတာလား။ သူ့ရဲ့ပါရမီနဲ့ကျင့်ကြံခြင်းက အင်မော်တယ်ကမ္ဘာမှာ ကျော်ကြားဖို့ လုံလောက်ပါတယ်။ ဘာလို့ ဒီလူကို တစ်ယောက်မှ မကြားဖူးကြတာလဲ”

“ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်က သူ့ရဲ့နာမည်အစစ်အမှန်လား။ ဒီနာမည်ကို အရင်က တစ်ခါမှ မကြားဖူးဘူး။ သူက ဂိုဏ်းတစ်ခုရဲ့လျှို့ဝှက်ပျိုးထောင်ထားတဲ့ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်ပြီး အခုမှ အင်မော်တယ်ကမ္ဘာကို စွန့်စားခန်းထွက်လာတာ ဖြစ်နိုင်မလား”

“သူက တကယ်ကို သဘာဝနဲ့ ဆန့်ကျင်နေတာပဲ၊ ခြောက်ထောင်မြောက်လှေကားထစ်မှာ အကြာကြီးမနေခဲ့ဘူးဆိုရင် အခုလောက်ဆို သူက တံတားကို ဖြတ်ပြီး အရက်မူးအင်မော်တယ်နန်းတော်ကို ရောက်နေလောက်ပြီ”

“သူက ငယ်လွန်းတယ်၊ သူက အရမ်းငယ်တယ်ဆိုတာ ငါ အာရုံခံနိုင်တယ်။ ဒီလိုလူငယ်တစ်ယောက်မှာ ဒီလိုအလားအလာရှိတာ မစဉ်းစားနိုင်လောက်အောင်ပဲ။ သူက အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို လက်ခံရရှိမယ့်သူဖြစ်လာမှာလား”

“တကယ်ကြောက်စရာကောင်းတယ်၊ သူက မြန်တယ်၊ အခြားယှဉ်ပြိုင်သူတွေထက်အများကြီး ပိုမြန်တယ်။ တံတားပေါ်က နေရာလပ်ဖိအားက သူ့အပေါ်မှာ သက်ရောက်မှုတစ်ခုမှ မရှိသလိုပဲ”

“ဒီပဉ္ဓမအသုတ်မှာ ပါရမီရှိတဲ့ရှိသူတွေ အတော်လေးပါတယ်။ အဲဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်အပြင် တံတားပေါ်မှာ လူနှစ်ဆယ်ကျော် ကျန်သေးတယ်။ ဒါက မယုံနိုင်စရာပဲ”

တာလာက ထန်ရှုကို ရှုပ်ထွေးသောအမူအရာနှင့် စိုက်ကြည့်လိုက်သည်။ သူ၏စူးရှသောအမြင်အာရုံအရ ထန်ရှုက အလွယ်တကူ တက်လှမ်းနေသည်ကို ဘယ်လိုလုပ် မပြောနိုင်ရမည်နည်း။ ဒီလိုကြီးမားသောဖိအားအောက်တွင်ပင် ထိုကောင်လေးက ခွန်အားအပြည့်ကို မဖော်ထုတ်ရသေးပေ။

ဒီကလေးက ကြီးလာရင် အတွင်းတော်ဆေးဂိုဏ်းနဲ့ ထာဝရနန်းတော်တို့က သေချာပေါက် ကံဆိုးမိုးမှောင်ကျတာပဲ။ သူက…မြင့်မြတ်ငှက်ဂိုဏ်းနဲ့ ဆက်စပ်နေတာ ဖြစ်ရမယ်၊ တာလာက စိတ်ထဲ၌ တွေးလိုက်သည်။

သူ့ဘေးနားရှိ တောင့်တင်းသန်မာသောလူက ရေရွတ်လိုက်သည် “မာစတာ၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်က တကယ်အံ့အားသင့်စရာပဲ။ အနက်ရောင်လေပြေလူထူးဆန်းအပြင် အခြားဘယ်သူကမှ သူ့ထက် ပိုမကောင်းဘူး။ သူက တံတားစမ်းသပ်ချက်ကို ဖြတ်ကျော်ပြီး အရက်မူးအင်မော်တယ်နန်းတော်အပြင်ဘက်ကို ရောက်ရှိနိုင်မယ်လို့ ငါ ခံစားနေရတယ်”

“သူက ဖြတ်ကျော်လိမ့်မယ်၊ သံသယဖြစ်စရာမလိုဘူး”တာလာက ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြောလိုက်၏ “ဒါပေမယ့် သူ့ဘေးနားက လူလေးယောက်ကလဲ အလားတူအားကောင်းတယ်။ သူတို့အားလုံးက လှေကားထစ်ခြောက်ထောင့်ရှစ်ရာအထိ တက်ခဲ့ကြပြီး အချိန်အကြာကြီး တောင့်ခံနိုင်ပုံရတယ်”

“ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်ရဲ့ဇစ်မြစ်နဲ့ပတ်သက်ပြီး တစ်ခုခု သိထားလား၊ မာစတာ”တောင့်တင်းသန်မာသောလူက မေး၏ “သူ့ရဲ့ပါရမီအရ ဘာလို့ ငါတို့က သူ့နာမည်ကို မကြားဖူးရတာလဲ။ ပြီးတော့ သူ့ဘေးနားက လူလေးယောက်၊ သူတို့က ရုပ်ဖျက်ထားပြီး အရှိန်အဝါကိုပါ ပြောင်းလဲထားတယ်ဆိုတာ သိသာတယ်။ ဘာလို့ သူတို့ရဲ့မျက်နှာအစစ်အမှန်ကို ပြသဖို့ ကြောက်ကြတာလဲ”

“သူတို့မှာ အားကောင်းတဲ့ရန်သူတွေရှိတာ ဖြစ်နိုင်လောက်တယ်…”တာလာက ပြန်ဖြေသည်။

“ဒါဆို သူတို့ရဲ့ရန်သူတွေက အရမ်းကံဆိုးတာပဲ”တောင့်တင်းသန်မာသောလူက ပြော၏ “သူတို့ထဲကတစ်ယောက်ယောက်က အန္တိမအရှင်အဆင့်ကို ချိုးဖြတ်ခဲ့တာနဲ့ သူတို့ရဲ့စွမ်းအားက အလွန်ကြောက်စရာကောင်းပေလိမ့်မယ်”

လှေကားထစ်ပေါ်တွင်။

ကြယ်ပင်ဂွင်၏မျက်လုံးများက ရူးသွပ်မှုတို့နှင့် ပြည့်နှက်နေသည်။ သူက ကြီးမားသောဖိအားကို ရင်ဆိုင်ရန် အကန့်အသတ်ကို ရောက်ရှိထားပြီဖြစ်သည်။ သို့သော် ထိုအမွေအနှစ်အတွက်၊ ဂိုဏ်း၏ကပ်ဘေးကို ဖြေရှင်းနိုင်ရန်အတွက် သူက တောင့်ခံထားရမည်။

“အွတ်…”

လှေကားထစ်၇၈၆၄မြောက်သို့ ရောက်သောအခါ သူက မတောင့်ခံနိုင်တော့ဘဲ နောက်သို့ လွင့်ထွက်ကာ ပြုတ်ကျသွားတော့၏။

“အရှုံးပေးဖို့ ငါ ငြင်းဆန်တယ်…”

ကြယ်ပင်ဂွင်၏မျက်လုံးများက သွေးရောင်သမ်းသွားတော့သည်။ သူက လက်သီးတင်းကျပ်စွာ ဆုပ်ကာ မြေပြင်ကို ထိုးလိုက်၏။

သူ့နောက်မှ ခြေသုံးလှမ်းအကွာတွင် ရှိသော ကြယ်တောက်ပ၏မျက်လုံးများကလည်း ရူးသွပ်မှုတို့ ပြည့်နှက်နေသည်။ မြင့်မြတ်ငှက်ဂိုဏ်းမှ သူတို့နှစ်ယောက်သာ ဤလျှို့ဝှက်နန်းတော်ထဲသို့ ဝင်လာခဲ့၏။ ယခု ကြယ်ပင်ဂွင်က ကျရှုံးသွားသောကြောင့် သူတစ်ယောက်သာ ကျန်တော့သည်။ သူ့ရင်ထဲတွင် ခံစားနေရသော ဖိအားက အပြင်မှ နေရာလပ်ဖိအားထက် ပိုကြီးမားသည်။

ငါ တောင့်ခံရမယ်… ငါ သေရင်တောင် ဆက်တက်ရမယ်…

ကြယ်တောက်ပက အံကြိတ်လျက် သူ့ခန္ဓာကိုယ်ထဲရှိ အင်မော်တယ်စွမ်းအားကို အရူးအမူးလှည့်ပတ်လိုက်သည်။ သူက ဤစမ်းသပ်ချက်တွင် သေရမည်ဆိုလျှင်ပင် ဖိအားကြောင့် ဘယ်တော့မှ နောက်မဆုတ်ရန် စိတ်ပိုင်းဖြတ်ထား၏။

တုန်ယင်နေသောခန္ဓာကိုယ်၊ ရူးသွပ်မှုအပြည့်ဖြစ်နေသောမျက်လုံးများနှင့်အတူ သူက ရှေ့သို့ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားသည်။

တောင့်ခံကာ ဆက်သွားခြင်းက သူ၏တစ်ခုတည်းသောယုံကြည်မှုဖြစ်သည်။

ဝီ…

ရုတ်တရက် အရှိန်အဝါတစ်ခုက ကြယ်တောက်ပမှ ပေါက်ကွဲထွက်လာသည်။ လျှပ်တ်ပြက်အတွင်း ဖိအားအောက်တွင် အကန့်အသတ်သို့ ရောက်ရှိနေသော သူ့ခန္ဓာကိုယ်က ပိုပေါ့သွားသလို ခံစားလိုက်ရ၏။

“အဆင့်ချိုးဖြတ်သွားတာလား”

ဤအချိန်၌ သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်သို့ ချိုးဖြတ်လိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် မမက်ခဲ့ဖူးပေ။ လွန်ခဲ့သောနှစ်ခုနစ်ရာကမှ သူက ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခဲ့သည်ကို မှတ်ထားရသည်။ မဆုတ်မနစ်ဇွဲရှိသောသူ့အတွက် ကောင်းကင်တာအိုက ဆုလာဒ်ချီးမြှင့်ခြင်းတစ်ခုဟု သူက ချက်ချင်း သိလိုက်လေ၏။

ထို့နောက် သူက သက်ပြင်းတစ်ချက်ရှိုကာ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်သည်။ သူ့မျက်လုံးများက အလွန်အမင်းပြတ်သားလာသည်။ နောက်တစ်ဆင့်တက်ရန် လှမ်းလိုက်ချိန်တိုင်း အရာအားလုံးက အများကြီးပိုလွယ်ကူသည်ဟု ခံစားရ၏။

ထို့နောက် လျင်မြန်စွာနှင့် လှေကားထစ်အဆင့်ရှစ်ထောင်သို့ ရောက်ရှိလာခဲ့သည်။ ထန်ရှုအား ကြည့်လိုက်သောအခါ သူ့မျက်နှာပေါ်တွင် စိတ်သက်သာရကာ ကျေးဇူးတင်သောအကြည့်တစ်ခုကို မြင်တွေ့လိုက်ရ၏။

ဘာလို့ သူက စိတ်သက်သာရာရပြီး ကျေးဇူးတင်ပုံပေါက်နေတာလဲ။

ကြယ်တောက်ပ၏အမူအရာက ပြောင်းလဲသွားလျက် ရိုသေလေးစားစွာ မေးလိုက်၏ “စီနီယာမဟာထန်၊ ငါ ချိုးဖြတ်သွားတာကို မင်း မြင်ခဲ့တာလား”

“ဟုတ်တာပေါ့”ထန်ရှုက ပြုံးကာ ပြန်ဖြေ၏ “ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို မချိုးဖြတ်ဘဲနဲ့ မင်းက အဆင့်ရှစ်ထောင်ကို အလွယ်တကူ ရောက်နိုင်မှာမဟုတ်ဘူး။ မင်းလို ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ရှိတာ မြင့်မြတ်ငှက်ဂိုဏ်းအတွက် ကောင်းချီတစ်ခုပဲ”

ကြယ်တောက်ပ၏အမူအရာက ပြောင်းလဲသွားလျက် သူက ထန်ရှုအား သထိထားကာ စိုက်ကြည့်လိုက်၏။

“ငါ့ကို သတိထားနေဖို့ မလိုဘူး”ထန်ရှုက အသံပို့လိုက်၏ “မင်း သိဖို့လိုအပ်တာက ငါက မင်းတို့ကို ရန်မလိုဘူးဆိုတာပဲ။ မဟုတ်ရင် လျှို့ဝှက်နန်းတော်ထဲကို မဝင်ခင်ကတည်းက မင်းနဲ့ကြယ်ပင်ဂွင်တို့က‌ သေသွားလောက်ပြီ”

ကြယ်တောက်ပက ခဏအေးခဲသွားပြီးနောက် ရုတ်တရက် သတိဝင်သွားသည်။ ရှုက်ရွံ့သောမျက်နှာနှင့်အတူ သူက ဆိုလိုက်၏ “ငါ တောင်းပန်ပါတယ်၊ စီနီယာမဟာထန်”

ထန်ရှုက လက်ဝှေ့ယမ်းကာ ပြော၏ “ငါက မင်းတို့ရဲ့မြင့်မြတ်ငှက်ဂိုဏ်းနဲ့ နက်နက်ရှိုင်းရှိုင်းဆက်စပ်နေတယ်။ မင်းက ဒီအထိ ရောက်လာနိုင်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ကောင်းပြီလေ၊ စကားပြောတာ ရပ်လိုက်ကြရအောင်။ ဆက်သွားပါ၊ မင်းရဲ့စိတ်က လုံလုံလောက်လောက်ခိုင်မာရင် ဒီစမ်းသပ်ချက်က မင်းကို ပြဿနာမဖြစ်စေဘူးဆိုတာ သေချာတယ်”

“နားလည်ပါပြီ…”ကြယ်တောက်ပက ခေါင်းညိတ်ကာ အဆင့်၈၀၀၁လှေကားထစ်ပေါ်သို့ လှမ်းလိုက်သည်။

ထို့နောက် လျင်မြန်စွာပင် သူရဲကောင်းဓားအုပ်ချုပ်သူကို ဖြတ်ကျော်လျက် ကြယ်မျက်ရည်နှင့်ကြယ်ပင်ဂွင်တို့က လှေကားထစ်၈၀၀၀အဆင့်သို့ ရောက်ရှိလာကြသည်။ ထိုလူနှင့် သူတို့ကြား အကွာအဝေးက လှေကားထစ်သုံးဆင့်မျှသာဖြစ်၏။

“ရှေ့ဆက်တက်ကြရအောင်။ အရူးတစ်ကောင်ကိုတော့ လိုက်မမီစေနဲ့”သူရဲကောင်းဓားအုပ်ချုပ်သူကို တစ်ချက်ကြည့်ကာ ထန်ရှုက အထင်သေးစွာ ပြောလိုက်၏။

“ခွေးကောင်…”သူရဲကောင်းဓားအုပ်ချုပ်သူက ဒေါသတကြီး အော်ဟစ်လိုက်၏။

ထန်ရှုက သူ့ကို လစ်လျူရှုလိုက်သည်၊ သို့သော် ကြယ်မျက်ရည်က ဤအကောင်အပေါ် သူမ၏သတ်ဖြတ်ခြင်းဆန္ဒကို မဖိနှိပ်နိုင်ပေ။ သို့သော် သူရဲကောင်းဓားအုပ်ချုပ်သူအား သတ်ဖြတ်ရန် အချိန်မတန်သေးသည်ကို သူမက သဘောပေါက်သည်၊ ထို့ကြောင့် သူမ၏သတ်ဖြတ်ခြင်းဆန္ဒကို ဖိနှိပ်ကာ ထန်ရှုနောက်မှ လိုက်တက်သွား၏။

ဆယ့်ခြောက်ရက်မြောက်နေ့တွင်။

ထန်ရှု၊ ကြယ်မျက်ရည်၊ ကြယ်တောက်ပနှင့် စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က တံတားစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ သူတို့လေးယောက်က အရက်မူးနန်းတော်၏အပြင်ဘက်သို့ ရောက်သောအခါ အနက်ရောင်လေပြေလူထူးဆန်းက လျင်မြန်စွာ နှုတ်ဆက်လာ၏။ ထန်ရှုကို မြင်ပြီး သူက အနည်းငယ်အံ့အားသင့်သွားသော်ငြား ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည် “ကျေးဇူးတင်ပါတယ်၊ ရောင်းရင်းအင်မော်တယ်”

“မလိုပါဘူး၊ ဒါက မင်းရဲ့ကံကြမ္မာဖြစ်တာကြောင့် ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး”ထန်ရှုက ခေါင်းခါယမ်းကာ အနည်းငယ် ပြုံးလိုက်၏။

“ရောင်းရင်းအင်မော်တယ်မှာ ငါ့အတွက် တောင်းဆိုချက်တစ်ခုခုရှိသလားဆိုတာ ငါ သိလို့ရမလား”အနက်ရောင်လေပြေက မေး၏။

“ကောင်းပြီလေ၊ မကြာသေးခင်က အလွန်ပါရမီရှိတဲ့လူငယ်တစ်ယောက်နဲ့ ငါ ဆုံခဲ့တယ်၊ ကြယ်တောက်ပလို့ခေါ်တဲ့မြင့်မြတ်ငှက်ဂိုဏ်းရဲ့ပါရမီရှင်တစ်ယောက်ပဲ”ထန်ရှုက အသံပို့လျက် ပြန်ပြော၏ “တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ သူလဲ မင်းလို အလားတူအဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ရတယ်၊ တံတားဖိအားအောက်မှာ သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်နိုင်ခဲ့တယ်။ မြင့်မြတ်ငှက်ဂိုဏ်းရဲ့လက်ရှိအခြေအနေကို မင်းလဲသိမယ်ဆိုတာ သေချာတယ်။ မင်းက ငါ့ကို တကယ်ပဲ ကျေးဇူးတင်တယ်ဆိုရင် ကျေးဇူးပြုပြီး အနာဂတ်မှာ ငါ့အတွက် အဲဂိုဏ်းကို ကူညီပေးပါ…”

“နားလည်ပါပြီ…”

အနက်ရောင်လေပြေက ကြယ်တောက်ပကို ခဏလေ့လာပြီးနောက် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ပြော၏ “ဒါနဲ့ ကြယ်ကိုးပွင့်အစီအရင်ကို အသက်သွင်းဖို့ အင်မော်တယ်ကိုးယောက်လိုအပ်တယ်။ ဒီနေရာကို ရောက်လာတာ ငါတို့ငါးယောက်ပဲ ရှိသေးတယ်၊ ဒါကြောင့် နောက်ထပ်လူလေးယောက်ကို ထပ်စောင့်ဖို့ လိုတယ်”

All Chapters