← Chapters

သေရေးရှင်ရေးအခြေအနေကို ကယ်ဆယ်ရန် တိုက်ခိုက်ခြင်း

Vol. 99 Ch. 1367

သေရေးရှင်ရေးအခြေအနေကို ကယ်ဆယ်ရန် တိုက်ခိုက်ခြင်း

Vol. 99 Ch. 1367

တာအိုသခင်ချင်ဖုန်းက ချက်ချင်း နားလည်လိုက်သည်၊ သို့သော် သူက ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်၏ “ကြည့်ရတာ ကျုပ်တို့က ခင်ဗျားတို့ရဲ့ပိုင်နက်ထဲကို ထွက်ပြေးနေပုံပဲ။ ကျုပ်တို့ကို အလွယ်တကူ ရှာတွေ့ပြီး ကျုပ်တို့ရဲ့လမ်းကြောင်းတွေကို တွက်ချက်နိုင်တာ အံဩစရာမရှိပါဘူး။ ခင်ဗျားတို့က ကျုပ်တို့ကို အဆက်မပြတ်လိုက်နေမှတော့ တိုက်ပွဲကို ထပ်စကြတာပေါ့။ ကျုပ်တို့က ဒီနေရာမှာ နေခဲ့စေချင်ရင်တော့ ခင်ဗျားတို့ဘက်က ကြောက်စရာကောင်းတဲ့တန်ဖိုးတစ်ခုကို ပေးချေရလိမ့်မယ်”

ကျီးကန်းနက်အုပ်ချုပ်သူက ခေါင်းညိတ်ကာ ပြော၏ “မင်းတို့နှစ်ယောက်လုံးကို သတ်ချင်ရင် ငါတို့လဲ တန်ဖိုးတစ်ခုပေးရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒါကို မြင်ပြီးတောင်မှ မင်းတို့က အဲလိုလုပ်နိုင်မယ်လို့ ထင်နေသေးတာလား”

ထိုသို့ပြောပြီးနောက် သူက သိုလှောင်လက်စွပ်မှ စက္ကူလိပ်တစ်စုံကို ယူထုတ်ကာ နည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်၏။ စက္ကူလိပ်က ချက်ချင်း လွင့်မျောသွားပြီး လေထဲ၌ ဖြည်းဖြည်းချင်း ပွင့်သွား၏။ စက္ကူလိပ်တစ်စုံက ပုံစံကွက်ဆယ့်ရှစ်ခုပါသည့်ပန်းချီကားချပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ပုံစံကွက်တစ်ခုစီက လျှို့ဝှက်ဆန်းကြယ်သောလက်နက်ဒီဇိုင်းတစ်ခုဖြစ်သည်။ သူတို့က စက္ကူလိပ်ပေါ်တွင် ပန်းချီကားချပ်ပုံစံဖြင့် ရှိနေလျှင်ပင် ထိုလက်နက်ဆယ့်ရှစ်ခုက အေးစက်သောခံစားမှုတစ်ခုကို ပေးစွမ်းနေလေ၏။

“အင်မော်တယ်ကွပ်မျက်လက်နက်စက္ကူလိပ်တွေလား” တာအိုသခင်ချင်ဖုန်းက ကြောက်လန့်သွားကာ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

ကျီးကန်းနက်အုပ်ချုပ်သူက ပြုံးကာ ပြော၏ “မင်းက ဒါကို သိတာလား။ ဒါက မင်းတို့သန့်စင်အင်မာ်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့အန္တိမရတနာတစ်ခုပဲ။ ဒါကို ရဖို့ ငါတို့တွေ အများကြီးအားထုတ်ခဲ့ရတယ်၊ ဒါပေမယ့် အခု မင်းတို့နဲ့ရင်ဆိုင်ဖို့ ဒါကို အသုံးပြုမယ်။ အခု ငါတို့ပေးရမယ့်ပမာဏက အများကြီးပိုသေးငယ်သွားတယ်မလား။ ဟားဟားဟား…”

သတ်ဖြတ်ခြင်းဆန္ဒတစ်ခုက တာအိုသခင်ချင်ဖုန်းထံမှ ပေါက်ကွဲထွက်လာကာ သူက အော်ပြောလိုက်၏ “ငါတို့ရဲ့ဆရာဘိုးဘေးအုပ်ချုပ်သူမဿိရာသီကို မင်းတို့ရဲ့အသင်္ချေဓားဂိုဏ်းက သတ်ဖြတ်ခဲ့တာလား”

“မင်းခန့်မှန်းတာ မှန်တယ်”ကျီးကန်းနက်အုပ်ချုပ်သူက ပြုံးဖြဲဖြဲနှင့် ပြော၏ “လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင့်သုံးရာလောက်က မင်းတို့ရဲ့ဘိုးဘေးကို သတ်ခဲ့တဲ့အထဲမှာ ငါလဲ ပါတယ်။ မင်းသိလား၊ အုပ်ချုပ်သူမဿိရာသီက အရမ်းအားကောင်းတဲ့လူတစ်ယောက်ပဲ။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်တစ်ယောက်ဆိုပေမယ့် ငါတို့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်ပေါင်းပြီး အချိန်အကြာကြီး တိုက်ခိုက်ပြီးမှ သူ့ကို သတ်ဖြတ်နိုင်ခဲ့တယ်။ ဒါက အတော်လေးကောင်းတဲ့လုပ်ဆောင်ချက်တစ်ခုမဟုတ်လား။ အဆုံးတော့လဲ သူက ငါတို့ရဲ့လက်ထဲမှာ သေသွားတာ သနားစရာပါပဲ။ အဲတုန်းက မင်း မရှိခဲ့ဘူးနော်၊ မဟုတ်ရင် သူ့ရဲ့စိတ်ဝိညာဉ်ကို ဘယ်လိုဖောက်ခွဲခဲ့သလဲဆိုတာ မင်းကိုယ်တိုင် မြင်တွေ့နိုင်မှာ”

တာအိုသခင်ချင်ဖုန်း၏မျက်လုံးများက နီရဲသွားလျက် တိုက်ပွဲချပ်ဝတ်တစ်ခုက သူ့ခန္ဓာကိုယ်ကို ရုတ်တရက် ဖုံးလွှမ်းသွားကာ ကျမ်းစာတစ်ခုက သူ့လက်ထဲ၌ ထွက်ပေါ်လာသည်။ ချပ်ဝတ်က အဆင့်ရှစ်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး ကျမ်းစာကလည်း အဆင့်ရှစ်လက်နက်တစ်ခုဖြစ်သည်။

“လက်စားချေရမယ်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း”

တာအိုသခင်ချင်ဖုန်းက ရူးသွပ်သွားသည်။ သူက ဘယ်သူ့ကိုမှ ဒီလောက်ထိ မမုန်းတီးခဲ့ပေ၊ သူက ကျီးကန်းနက်အုပ်ချုပ်သူကို အမှုန့်ချေနိုင်ရန် ဆုတောင်းခဲ့သည်။ သူနှင့်အနီးကပ်ဆုံးလူက သူ့ဆရာသခင်မဟုတ်ဘဲ သူ့ဆရာဘိုးဘေးအုပ်ချုပ်သူမဿိရာသီဖြစ်သည်။

ဘုရင်မိုက တာအိုသခင်ချင်ဖုန်းကို တစ်ချက်ကြည့်ကာ စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ ထို့နောက် သိုလှောင်လက်စွပ်မှ ကျောက်စိမ်းပုလင်းတစ်လုံးကို ယူထုတ်ကာ သူ့ပါးစပ်ထဲသို့ ဆေးတစ်လုံး လောင်းချလိုက်သည်။ ဒဏ်ရာအပြင်းအထန်ရထားသော်လည်း သူ့အရှိန်အဝါက ရုတ်တရက် မြင့်တက်လာသည်။ အသက်ရှုချိန်အနည်းငယ်အတွင်း သူ့အရှိန်အဝါက အထွတ်အထိပ်ကို ဖြတ်ကျော်သွားခဲ့၏။

“ငါတို့မှာ တစ်နာရီပဲ ကျန်တော့တယ်၊ ချင်ဖုန်း။ ဒီအချိန်အတွင်း သူတို့ကို သတ်နိုင်ရင် ငါတို့တွေ အသက်ရှင်လိ့မ်မယ်။ ဒါပေမယ့် သူတို့ကို သတ်ဖို့ ကျရှုံးသွားရင် သေခြင်းကပဲ ငါတို့ကို စောင့်နေလိမ့်မယ်။ နောက်ဆုံးပိတ်တိုက်ပွဲကို စကြရအောင်…။ ဒီနေ့ ဒီဘုရင်မိုက မင်းနဲ့အတူ တိုက်ခိုက်ပေးမယ်”

တာအိုသခင်ချင်ဖုန်းက ခေါင်းညိတ်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်သည်၊ သူ့လက်ထဲရှိ စက္ကူလိပ်က လေထဲသို့ ပျံတက်သွားပြီး ရွှေရောင်အက္ခရာစာလုံးများကို ထုတ်လွှတ်လိုက်၏။ အဆုံးမရှိသောပြောင်းလဲမှုများက အက္ခရာစာလုံးများထံ ဖြစ်ပေါ်လာပြီး သူတို့က ကျီးကန်းနက်အုပ်ချုပ်သူထံ တိုက်ခိုက်လိုက်ကြ၏။

အခြားတစ်ဖက်တွင် ဓားပျံတစ်လက်က ဘုရင်မို၏လက်ထဲ၌ ထွက်ပေါ်လာသည်။ လက်မအနည်းငယ်လောက်သာ ရှိမည်ဟု ထင်ရသည့် ဓားပျံက ဓားအရိပ်ထောင်ချီအဖြစ်သို့ ပြောင်းလဲသွားပြီး ကျီးကန်းနက်အုပ်ချုပ်သူထံ ဉီးတည်ဘက်တိုင်းမှ တိုက်ခိုက်လိုက်၏။

“ဆုံချက်လျှပ်စီးပညာရပ်…”

နောက်ထပ်ပညာရပ်တစ်ခုကို ထုတ်ဖော်ပြီး လျှပ်စီးမိုးကြိုးများက အမြင့်ဆုံးကောင်းကင်ဘုံမှ လင်းလက်လာသည်။ ထိုလျှပ်စီးမိုးကြိုးများက ဓားအရိပ်များနှင့်အတူ ကျီးကန်းနက်တို့လေးယောက်အား တိုက်ခိုက်လိုက်၏။ ရုတ်တရက် ဓားအရိပ်ထောင်ချီက ချိတ်ဆက်သွားပြီး လျှပ်စီးသံကြိုးဓားကွန်ရက်တစ်ခုအဖြစ် ဖွဲ့စည်းသွား၏။

ဤသည်ကို မြင်ပြီး ကျီးကန်းနက်အုပ်ချုပ်သူက တည်ကြည်လေးနက်သွားသည်။ ပန်းချီကားစက္ကူလိပ်များမှ ရွှေရောင်ခြည်တန်းများက ရုတ်တရက် တောက်ပလာပြီး လက်နက်ပုံစံကွက်ဆယ့်ရှစ်ခုက ရုတ်တရက် ဖြစ်ပေါ်လာကာ တာအိုသခင်ချင်ဖုန်းနှင့်ဘုရင်မိုတို့ထံ ပစ်လွှတ်လိုက်သည်။ ထို့နောက် ထိုလက်နက်ဆယ့်ရှစ်ခုက အထူးတိုက်ပွဲဝင်္ကပါတစ်ခုအဖြစ် ဖွဲ့စည်းကာ မရေမတွက်နိုင်သောအက္ခရာစာလုံးများ၊ ဓားသွားအရိပ်များနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။

ဒါက မှော်လက်နက်များနှင့်မန္တန်များကြား တိုက်ပွဲတစ်ခုဖြစ်သည်။

နှစ်ဖက်စလုံးမှ တိုက်ခိုက်သူခြောက်ယောက်က သူတို့၏မှော်စွမ်းအားအသီးသီးကို ထုတ်ပြခဲ့ကြပြီး သူတို့၏အသန်မာဆုံးသတ်ဖြတ်ကွက်များကို ထုတ်ဖော်လျက် တိုက်ပွဲက အစပြုလာခဲ့၏။

တစ်နာရီကြာပြီးနောက် ကျီးကန်းနက်အုပ်ချုပ်သူက အနည်းငယ်စိတ်အေးသွားသည်။ တစ်နာရီသာ ခံနိုင်သည်ဟု ဘုရင်မိုက ပြောခဲ့သည်ကို သူ ကြားခဲ့သည်မဟုတ်လော။

“ဆုံချက်ဓားလက်ချောင်း-ခုတ်ပိုင်းစမ်း…”

ဘုရင်မို၏အရှိန်အဝါက အားနည်းလာသည်ကို သတိပြုမိလျက် ကျီးကန်းနက်အုပ်ချုပ်သူက အလွန်ဝမ်းသာနေလေသည်။ ဘုရင်မိုအား သတ်ဖြတ်ရန်အတွက် ထိုလူအရှေ့မီတာအနည်းငယ်အကွာသို့ သူက ပြေးဝင်သွားလိုက်၏။

“အတူတူသေကြတာပေါ့”

ဘုရင်မိုက ရုတ်တရက်အော်ပြီး သူ့အရှိန်အဝါက ပေါက်ကွဲထွက်လာပြန်သည်။ လျှပ်တစ်ပြက်အတွင်း သူက ကျီးကန်းနက်အုပ်ချုပ်သူ၏အရှေ့၌ ထွက်ပေါ်လာကာ မွေးရာပါအင်မော်တယ်လက်နက်ကို ထုတ်ပြီး ကျီးကန်းနက်အုပ်ချုပ်သူချန်ထားသောအရိပ်အား ထိုးဖောက်လိုက်သည်။

ရွှမ်း….

တိုက်ခိုက်မှုက ကျီးကန်းနက်အုပ်ချုပ်သူဘက်မှ လာလိမ့်မည်ဟု ကျီးကန်းနက်အုပ်ချုပ်သူနောက်ရှိ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်က မထင်ထားပေ။ သူက သတိမဲ့နေကာ မရှောင်တိမ်းနိုင်တော့ဘဲ သူ့ရင်ဘက်ကို ထိမှန်ပြီး ဖလားအရွယ်အစားအပေါက်တစ်ခုက ကျန်ရစ်ခဲ့လေသည်။

သူ့အဖော်၏အခြေအနေကို မြင်ပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့သောကျီးကန်းနက်အုပ်ချုပ်သူက ရုတ်တရက် နောင်တရသွားသည်။ သူ့အား ဘုရင်မိုက လှည့်စားခဲ့သည်ကို သူ သိလိုက်၏။

ထို့နောက် ချက်ချင်းလျှင်ပင် ကျီးကန်းနက်အုပ်ချုပ်သူက ဘုရင်မိုကို တိုက်ခိုက်ရန် အာရုံမထားဘဲ ကျောက်စိမ်းပုလင်းတစ်လုံးကို လျင်မြန်စွာ ထုတ်ယူကာ သူ့အဖော်၏အင်မော်တယ်စိတ်ဝိညာဉ်ကို အထဲသို့ ထည့်ရန် ဆုံးဖြတ်လိုက်သည်။

“သူတို့ကို သတ်…”

အခြားအင်မော်တယ်နှစ်ယောက်က တာအိုသခင်ချင်ဖုန်းထံ တိုက်ခိုက်လိုက်ကြ၏။ ထို့နောက် သူတို့ထဲမှတစ်ယောက်က ဘုရင်မိုထံ ပြေးဝင်သွားပြီး သူ့မွေးရာပါအင်မော်တယ်လက်နက်က နောက်လူ၏ရင်ဘက်ကို ဖြတ်သန်းသွားသည်။ သူက ဘုရင်မိုကို ထိခိုက်ဒဏ်ရာရစေခဲ့သော်လည်း နောက်လူ၏တန်ပြန်တိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်ဘဲ ဘုရင်မို၏ဓားပျံကြောင့် ဒဏ်ရာရသွား၏။ သူ၏အဆင့်မြင့်ခံစစ်အသုံးအဆောင်ပစ္စည်းကြောင့်မဟုတ်လျှင် ထိုတိုက်ခိုက်မှုကပင် သူ့ကို သတ်သွားခဲ့ချေပြီ။

အခြေအနေက မကောင်းဘူး၊ အစီအရင်ကလဲ ငါတို့ကို တားဆီးထားတယ်။

ဘုရင်မိုက အနည်းငယ်ခါးသီးစွာ ခံစားရသော်လည်း သူငယ်ချင်းအား ကယ်ဆယ်ခဲ့သည့်အပေါ် သူ့ထံတွင် ဘာနောင်တမှ မရှိပေ။ သူနှင့်အတူ ကျီးကန်းနက်တို့လေးယောက်အား အပါမခေါ်သွားနိုင်သည့်အတွက်သာ သူက နောင်တရမိ၏။

ငါ့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်ကို ဖျက်ဆီးဖို့ပဲ ကျန်တော့တယ်။ ပေါက်ကွဲမှုက သူတို့ကို မသတ်နိုင်ရင်တောင် အနည်းဆုံး သူတို့ကို ကြောက်စရာကောင်းတဲ့တန်ဖိုး ပေးဆပ်နိုင်လိမ့်မယ်။ ဘုရင်မိုက သက်ပြင်းတစ်ချက်ရှိုက်ကာ အင်မော်တယ်စိတ်ဝိညာဉ်ကို ဖောက်ခွဲရန် ပြင်ဆင်လိုက်သည်။

ဝှစ်…

ရုတ်တရက် မမြင်နိုင်သောစွမ်းအင်တစ်ခုက အပြင်ဘက်မှ ပေါက်ကွဲထွက်လာသည်။ တစ်စက္ကန့်ကြာပြီးနောက် တစ်ကီလိုမီတာရှည်သောနတ်ဘုရားဓားတစ်လက်က ရွေ့လျားလာပြီး ပတ်ဝန်းကျင်ရှိ ဝင်္ကပါများကို ဆုတ်ဖြဲကာ ဘုရင်မိုကို တိုက်ခိုက်ခဲ့သည့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ထံ ခုတ်ပိုင်းလိုက်၏။ ထိုလူတွင် အဆင့်မြင့်ခံစစ်အသုံးအဆောင်ပစ္စည်းတစ်ခုရှိသော်လည်း သူ့ခေါင်းကို ထိမှန်လျက် နှစ်ပိုင်းပြတ်သွားလေ၏။

“ဘာ…”

တစ်ချိန်တည်းတွင် ကျီးကန်းနက်အုပ်ချုပ်သူနှင့်အခြားပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တို့က ထိတ်လန့်သွားကြ၏။ သူတို့၏အမူအရာများက အကြီးအကျယ်ပြောင်းလဲသွားသည့်အခိုက်အတန့်တွင် သူတို့ရှေ့ရှိ မြင်ကွင်းက ပြောင်းလဲသွားလျက် သူတို့က ရုတ်ချည်း အေးခဲသွား၏။

ရွှမ်း…ဖွတ်…အွတ်…

ဒဏ်ရာအပြင်းအထန်ရထားသောတာအိုသခင်ချင်ဖုန်းနှင့်ဘုရင်မိုတို့က သူတို့၏နောက်ဆုံးတိုက်ကွက်များကို ထုတ်လွှတ်ကာ ကျီးကန်းနက်အုပ်ချုပ်သူနှင့်အခြားပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တို့ကို တိုက်ခိုက်လိုက်သည်။ ဒဏ်ရာမရခဲ့သော်လည်း ထိုလူနှစ်ယောက်စလုံးက လွင့်ထွက်သွား၏။

“အရိပ်မဲ့ကင်းမြီးကောက်အမြီး”

ထိုစဉ် အနက်ရောင်အရိပ်တစ်ခုက ကျီးကန်းနက်အုပ်ချုပ်သူ၏ထွက်ပြေးရာလမ်းကြောင်းကို တားဆီးလိုက်သည်။ ကင်းမြီးကောင်အမြီးတစ်ခုက ထွက်ပေါ်လာပြီး သူ့ဝမ်းဗိုက်ကို ထိုးဖောက်သွား၏။ တစ်ချိန်တည်းတွင် ထိုအနက်ရောင်အရိပ်ထံမှ ကြာပွတ်ရှည်တစ်ခုက ရုတ်တရက် ပြေးထွက်လာပြီး ခန္ဓာကိုယ်မှ ထွက်ပြေးရန် ကြိုးစားနေသော ကျီးကန်းနက်အုပ်ချုပ်သူ၏အင်မော်တယ်စိတ်ဝိညာဉ်ကို ရိုက်ချလိုက်သည်။

ရုတ်တရက်အဖြစ်အပျက်ပြောင်းလဲမှုများကြောင့် တာအိုသခင်ချင်ဖုန်းနှင့်ဘုရင်မိုတို့က ဝမ်းသာသွားသည်။ ထိုအကူနှစ်ယောက်က ဘယ်သူဘယ်ဝါဖြစ်သည်ကို သူတို့က မသိသော်လည်း မိတ်ဆွေများဖြစ်မည်ဟုတော့ သူတို့က သေချာပေသည်။

“သတ်…”

ကျီးကန်းနက်အုပ်ချုပ်သူကို သတ်ဖြတ်ပြီးနောက် သူတို့လေးယောက်က တုံ့ဆိုင်းမနေဘဲ နောက်ဆုံးပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြ၏။ ဆယ့်ငါးမိနစ်အတွင်း ထိုပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က အသတ်ခံလိုက်ရသည်။

တာအိုသခင်ချင်ဖုန်းက သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် သွေးထွက်ဒဏ်ရာများကို ပိတ်ဆို့လိုက်သည်။ ထို့နောက် သူက ဘုရင်မိုကို မေးလိုက်၏ “မင်းရဲ့အခြေအနေဘယ်လိုရှိလဲ။ မင်း ခံနိုင်သေးရဲ့လား”

ဘုရင်မို၏ဖြူဖတ်ဖြူရော်မျက်နှာက အနည်းငယ်ပြုံးလျက် ခေါင်းခါယမ်းလိုက်ပြီး ထန်ရှုနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့ထံ ခေါင်းညိတ်ပြပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထို့နောက် သူက ခရမ်းရနံဆေးတစ်လုံးယူကာ မျိုချပြီးနောက် တင်ပျဉ်ခွေထိုင်လိုက်၏။

စိုးရိမ်သောအကြည့်တစ်ခုက တာအိုသခင်ချင်ဖုန်း၏မျက်လုံးများထဲ၌ လက်သွားသည်။ သူ့မျက်လုံးများက ဘုရင်မိုထံမှ ခွာပြီးနောက် ထန်ရှုနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့ထံ ပြောင်းသွား၏။ ထို့နောက် သူက လက်သီးဆုပ်ကာ ပြော၏ “မင်းတို့ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ဒီမိတ်ဆွေနှစ်ယောက်က ဘယ်သူတွေလဲဆိုတာ သိခွင့်ရှိမလား”

“ကျုပ်က မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ သူမက‌တော့ ကျုပ်ရဲ့နောက်လိုက်ပဲ”ထန်ရှုက ပြုံးကာ ပြောလိုက်၏။

“အာ၊ ခင်ဗျားက လျှို့ဝှက်နန်းတော်ထဲက အဲဒီဆန်းကြယ်တဲ့စွမ်းအားရှင်မဟာထန်ကောင်းကင်ဘုံဧကရာဇ်လား”တာအိုသခင်ချင်ဖုန်းက အံ့အားသင့်စွာ ဆိုလိုက်သည်။

“ကျုပ်ကို စွမ်းအားရှင်တစ်ယောက်လို့ ခေါ်တာက အတော်လေးမမှန်ပေမယ့် ကျုပ်မှာ ပါရမီပါရမီအနည်းငယ်တော့ ရှိပါတယ်လေ”ထန်ရှုက ပြုံးကာ ပြန်ဖြေသည်။

“ဟူး၊ အခုဆိုရင် ခင်ဗျားရဲ့နာမည်က အင်မော်တယ်ကမ္ဘာရဲ့တစ်ဝက်ကျော်လောက်ထိ ပျံ့နှံ့နေပြီ”တာအိုသခင်ချင်ဖုန်းက သက်ပြင်းချလိုက်သည် “လျှို့ဝှက်နန်းတော်ထဲမှာ ခင်ဗျားက တုန်လှုပ်စရာကောင်းတဲ့လုပ်ဆောင်မှုတစ်ခုကို ပြသခဲ့တယ်။ ခင်ဗျားက အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို ရရှိခဲ့သလားဆိုတာ လူတော်တော်များများက မှန်းဆနေကြတယ်”

“အာ၊ အရက်မူးအင်မော်တယ်နန်းတော်က အဆုံးမဲ့တောင်တန်းအတွင်းမှာ ရှိနေသေးတုန်းပဲမလား။ ကျုပ်က ဒီနေရာမှာ ရှိနေမှတော့ အဲဒီကံကောင်းတဲ့လူ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ပြန်ဖြေသည် “ပြီးတော့ ကျော်ကြားမှုဆိုတာ ကျုပ်အတွက် ကောင်းတဲ့အရာတစ်ခုမဟုတ်ဘူး။ တကယ်တော့ သစ်တောထဲကအမြင့်ဆုံးသစ်ပင်က လေရဲ့ဖျက်ဆီးမှုကို ခံရလိမ့်မယ်ဆိုတဲ့အမှန်တရားကို ကျုပ် နားလည်တယ်လေ”

တာအိုသခင်ချင်ဖုန်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြောလိုက်၏ “ဒါက အဓိပ္ပါယ်ရှိတယ်။ ဒါပေမယ့် ကျုပ် တစ်ခုတော့ နားမလည်ဘူး။ ခင်ဗျားနဲ့ကျုပ်ကြားမှာ ဘာဆက်ဆံရေးမှ မရှိခဲ့ပါဘူး၊ ဘာလို့ ကျုပ်တို့ကို ကူညီရတာလဲ”

All Chapters