စည်းမျဉ်းများ
Vol. 009 Ch. 825
“ဒီနေ့ ကျုပ်က ခင်ဗျားတို့ကို သတင်းအချို့ ပြောပြပြီး ဒီအပေါ်မှာ ပြင်ဆင် ထားစေချင်ရုံပဲ… အားလုံး လုပ်စရာရှိတာတွေ ဆက်လုပ်ကြပါ…” ရီဖူရှင်းက ထိုသို့ ပြောကာ နောက်လှည့်ထွက် သွားသည်။
ရီဖူရှင်း၏ စကားအချို့က သူတို့၏စိတ်ကို ကြီးစွာ လှုပ်ရှားစေခဲ့သည်။ နန်းတော်ကား တစ်ဖန် အင်အား ကြီးမားလာခဲ့ပြီ ဖြစ်သော်လည်း ယခု တော်ဝင်ကျဲနန်းတော်က အရှေ့ဘက် ပြည်နယ်နှင့် စစ်ဖြစ်တော့မည် ဖြစ်သည်။
ထောင်ကျန်းနှင့် ဓားမိစ္ဆာတို့က ရီဖူရှင်း၏ နောက်မှ လိုက်ပါလာရင်း ဓားမိစ္ဆာက မေးသည်… “ဒါတွေက တကယ်လား…”
“ဟုတ်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်… “တော်ဝင်အကြီးအကဲ၊ အကြီးအကဲရန်တို့ ကိစ္စအပြင် တခြားကိစ္စတွေ အကုန်လုံးကို ဦးလေးတို့ စီမံဆောင်ရွက်လိုက်ပါ… ကျွန်တော် ဒီရက်ပိုင်း တော်တော် ပင်ပန်းလာလို့ အနားယူချင်တယ်… တကယ်လို့ သိချင်တာတွေရှိရင် ဦးလေးဝမ်ရှင်းကို မေးလို့ရပါတယ်…”
“ပြဿနာ မရှိဘူး…” ထောင်ကျန်းက ခေါင်းညိတ်သည်… “ငါတို့ ဒီကိစ္စတွေကို စီမံလိုက်မယ်… မင်း သွားနားလိုက်ပါ…”
“ကျေးဇူးအများကြီး တင်ပါတယ်…” ရီဖူရှင်းက ပြုံးလျက်ပြောကာ ဂျီယူနှင့်အတူ ထွက်သွားသည်။
ရီဖူရှင်းနှင့် ယူချင်းတို့က သူတို့အဆောင်ကို ပြန်ရောက်လာသည်တွင် လူတစ်စုက ရပ်စောင့်နေသည်ကို မြင်ကြရသည်။
ယိချိန်ချန်က ယူချင်း၏ဘေးကို ရောက်လာကာ သူ၏လက်ဆောင်အား ဆွဲလျက် ပြောသည်… “ငါတို့ ယူချင်းက အရမ်း တော်တာပဲ…”
ရီဖူရှင်းက ပြုံးသည်။ နန်ဒူဝမ်ရန်က ရီဖူရှင်းအား ကြည့်ကာ ညင်သာစွာ ပြောသည်… “ပင်ပန်းလာလား…”
“ကျွန်တော် အဆင်ပြေပါတယ်… ဆရာကတော်…” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။
“သူက နန်းတော်ခေါင်းဆောင် နေရာကို တာဝန်ယူမှတော့ ဒါတွေကို ရင်ဆိုင်ဖြေရှင်းရဖို့ သေချာနေပြီးသားပဲ…” ဟွာဖန်းလူက တီးတိုးပြောသည်။
“ဆရာပြောတာ မှန်တယ်… အခု ကျွန်တော်က ဒီလမ်းကို ရွေးပြီးမှတော့ ရှေ့ကိုပဲ ဆက်လျှောက် ရတော့မယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“အစ်ကိုဖူရှင်း…” ထိုစဉ် အသံတစ်သံကို ကြားရကာ လောင်လင်းအာနှင့် မူကျိချူတို့ ရောက်လာသည်ကို မြင်ရသည်။ သူတို့နှစ်ယောက်က ရီဖူရှင်း၏ မိတ်ဆွေများ ဖြစ်သည်ကို အားလုံးက သိကြရာ အစောင့်များက သူတို့ ရောက်လာသည်ကို တားဆီးခြင်း မပြုကြပေ။
လောင်လင်းအာကို မြင်သည်တွင် အချိန်များက အလွန် အကုန်မြင်သည်ဟု ရီဖူရှင်းက တွေးမိသည်။ မိန်းကလေးကား ယခု အသက်၂၀ရှိပြီဖြစ်ကာ ယခင်ကထက် ချောမော လှပလာသည်။
သူမအား ကြည့်ခြင်းက ရာရာကို အမှတ်ရစေသည်။ လောင်လင်းအာကို ပထမဆုံး တွေ့စဉ်က ရာရာ၏ အသက် အရွယ်ခန့်မျှသာ ရှိသေးသည်။ သို့သော်လည်း သူမကား ရာရာထက် ကံကောင်းပေသည်။ သူမ၏ ဦးလေးဆုံးပါး သွားသော်လည်း သူမအား ဂရုစိုက်သော မိဘများ၊ အကြီးအကဲများ ရှိပေသည်။
ထိုအတွေးများ ခေါင်းထဲ ဝင်လာသည်တွင် ကျောက်ပြည်ထောင် ဘုရင်အပေါ် သူ၏ အမုန်းတရားက ပိုမိုကြီးထွား လာခဲ့သည်။
သူက လောင်လင်းအာ၏ ခေါင်းမှ ဆံပင်များအား ဖွလိုက်သည်။ လောင်လင်းအာက သဘောမကျဟန်ဖြင့် ကြည့်သော်လည်း ငြင်းဆန်သည်တော့ မဟုတ်ပေ။
“မင်း ကောင်းကောင်းလေ့ကျင့်ခဲ့လား…” ရီဖူရှင်း မေးသည်။
“ဟုတ်ကဲ့… အစ်ကိုဖူရှင်း… လင်းအာ အခုတော်တော် တိုးတက်လာပြီ…” လောင်လင်းအာက ရင်ကော့လျက် ပြောသည်။
“ထပ်ကြွားဦး…” ရီဖူရှင်းက ပြုံးလျက် ပြောသည်… “လင်းအာ… အိမ်ပြန်တော့… နန်းတော်ကို ဒီကြားထဲ မလာနဲ့ဦး…”
“မသွားဘူး…” လောင်လင်းအာက ခေါင်းယမ်းသည်… “အစ်ကိုဖူရှင်း… အစ်ကိုက နန်းတော် သခင်ဖြစ်ပေမဲ့ လင်းအာကို အတင်း အမိန့်မပေးသင့်ဘူး…”
“ဒီကလေးမ…” ရီဖူရှင်းက သူမ၏ခေါင်းအား လက်ညှိုးဖြင့် ထောက်ကာ ပြောသည်။ မိန်းကလေးကား အတော် ခေါင်းမာပေသည်။
“ကျိချူ… မင်းက ဘယ်တော့ ပါရမီရှင် အဆင့်သို့ တက်မလဲ…” ရီဖူရှင်းက ပြုံးလျက်မေးသည်။
“ငါ...” မူကျိချူက အငိုက်မိသွားသည်။ သူမက အသက်မသာ ပြုံးလိုက်ကာ ပြောသည်… “ငါ့ကို ရယ်စရာ မလုပ်ပါနဲ့...”
“မင်းရဲ့ ပင်ကိုပါရမီက ကောင်းတယ်… ဒါက အနှေးနဲ့အမြန် ဖြစ်လာမှာပဲ…” ရီဖူရှင်းက ပြောသည်တွင် မူကျိချူက ဘာမှ ပြန်မပြောပေ။
“လို့လန်… ညနေစာ ပြင်ထားပြီးပြီလား… ငါက အစားအသောက်ကောင်း မစားရတာ တော်တော်ကြာပြီ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ လို့လန်ရွှီက ခေါင်းညိတ်သည်။ ထို့နောက် သူတို့အုပ်စုက ညစာ စားသောက်ကြ၏။
ပြင်ပလောကတွင်ကား ရီဖူရှင်း၏ သတင်း စကားများကြောင့် အရာအားလုံးက ရှုပ်ထွေးနေပြီ ဖြစ်သည်။
အရှေ့ဘက်ပြည်နယ်တွင် ရီဖူရှင်း လုပ်ခဲ့သည်များကလည်း နောက်ရက်ပိုင်း အတွင်းတွင်ပင် မြေရိုင်းပြည်နယ်ကို ပျံ့နှံ့လာခဲ့သည်။
ရီဖူရှင်းက ရှန့်ထိုတစ်ပါးအား သတ်ဖြတ်ခဲ့၏။
ဝင်္ကပါ၏အကူအညီဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည့်တိုင် သူကား ရှန့်ထိုတစ်ပါးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ မြေရိုင်းပြည်နယ်မှ လူငယ် ခေါင်းဆောင်ကား သူတို့တစ်သက်တွင် တစ်ခါမှ မမျှော်မှန်းနိုင်သော ပုဂ္ဂိုလ်ထူးအား သတ်ဖြတ်ခဲ့၏။
ကျုံးကျိုးမြို့မှ ဟောင်မိသားစု၊ ထင်းဆွေမိသားစု၊ ကျူးကော့မိသားစု၊ မြောက်ဘက်နယ်မှ အာခီမီမြို့နှင့် တခြား အင်အားစုများ အားလုံးက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
သည်တစ်ခေါက် မြေရိုင်းပြည်နယ်ကား မခန့်မှန်းနိုင်သော မုန်တိုင်းတစ်ခုအား ရင်ဆိုင် ရပေတော့မည်။
ရီဖူရှင်းနှင့် သူ့လူများက တိတ်ဆိတ်စွာ လေ့ကျင့်နေကြသည်။ ရီဖူရှင်းက တစ်စုံတစ်ခုကို စောင့်ဆိုင်းနေဟန် ရသည်။
တစ်လခန့် ကြာသောအခါ တော်ဝင်ကျဲ နန်းတော် ကောင်းကင်ထက်၌ ကြီးမားသော အရှိန်အဝါဖြင့် လူတစ်စု ရောက်လာခဲ့သည်။
ရီဖူရှင်းက သူတို့အား လှမ်းကြည့်သည်တွင် ထိုအုပ်စုထဲမှ တစ်ယောက်က လှမ်းမေးသည်… “ရီဖူရှင်းက ဘယ်သူလဲ…”
“ဘယ်သူ သိချင်တာလဲ…” ရီဖူရှင်းက မေးသည်။
“ပြည်နယ်ကိုးခု ထိန်းသိမ်းရေး တမန်တော်…” ကောင်းကင်ပေါ်မှ အုပ်စုက ပြောသည်။
ရီဖူရှင်း၏မျက်ခုံးများ မြင့်တက် သွားသည်။ သူတို့ ရောက်လာ ကြချေပြီ။
“ရှားတံမံတော်က ဘာကိစ္စနဲ့ ရောက်လာပါသလဲ…” ရီဖူရှင်းက မေးသည်။
“ကျောက်ပြည်ထောင် ဘုရင်က အင်ပါယာရှားဆီကို သတင်းပို့ခဲ့တယ်… သူက တော်ဝင်ကျဲ နန်းတော်ကို စစ်ကြေညာဖို့ ဆန္ဒရှိတယ်… တကယ်လို့ နန်းတော်သခင်ရီက ကျောက်ပြည်ထောင်ကို သွားပြီး ဒူးထောက် တောင်းပန်ရမယ့်အပြင် နတ်ဓားနဲ့ ရာရာကို ကျောက်ပြည်ထောင်သို့ ပေးအပ်ရမယ် ... ဒီနည်းနဲ့ စစ်ပွဲကို ရှောင်လွှဲနိုင်တယ်… နန်းတော်သခင်ရီက စစ်ပွဲကို လိုလားသလား… ငြိမ်းချမ်းရေးကို လိုလားသလား...” တမန်တော်က မေးသည်။
တမန်တော်၏ စကားကို ကြားသည်တွင် တော်ဝင်ကျဲနန်းတော်မှ လူများအားလုံးက ဒေါသတကြီး ကြည့်ကြသည်။
“ဒါက အဓိပ္ပာယ် မရှိတာပဲ…” နန်းတော် အကြီးအကဲများစွာက ဒေါတသကြီး ရေရွတ်ကြသည်။
ရီဖူရှင်းက လေထဲမှ တမန်တော်ကို ကြည့်ကာ ပြောသည်… “စစ်ပွဲ…”
“ကောင်းပြီ…” တမန်တော်က ခေါင်းညိတ်သည်… “အခုစပြီး ကျောက်ပြည်ထောင်နဲ့ တော်ဝင်ကျဲ နန်းတော်တို့က တော်ဝင်စစ်ပွဲရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း စစ်ဖြစ်နိုင်တယ်… ရှန့်ထိုအဆင့်က လူတွေက ရှန့်ထိုအဆင့် တန်ခိုးရှင်နဲ့ပဲ တိုက်ခိုက်ခွင့်ရှိတယ်…. ရှီတန်ခိုးအဆင့်က လူတွေက ရှီအဆင့်အောက်က တန်ခိုးရှင်တွေကို သတ်ဖြတ်ခွင့် မရှိဘူး… နှစ်ဖက်နယ်မြေရဲ့ အပြင်ဘက်က မိသားစုတွေကို ဘယ်သူကမှ မထိခိုက်စေရဘူး… ပြည်နယ်ကိုးခု တမန်တော်တွေက ဒီစစ်ပွဲကို ကိုယ်တိုင် စောင့်ကြည့် ကြီးကြပ်မယ်…”
“နန်းတော်သခင်ရီက ဒါတွေကို လက်ခံပါသလား…” တမန်တော်က မေးသည်။
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“နှုတ်ဆက်ပါတယ်…” တမန်တော်က ပြောကာ သူ့လူများနှင့်အတူ ထွက်ခွာ သွားသည်။
ဤတွင် တော်ဝင်စစ်ပွဲက တရားဝင် အစပြုခဲ့၏။
ယခုအချိန်မှစ၍ ကျောက်ပြည်ထောင်နှင့် တော်ဝင်ကျဲ နန်းတော်တို့ အကြား အချိန်မရွေး၊ နေရာမရွေး သတ်ဖြတ်နိုင်ကြပြီ ဖြစ်သည်။
ဤသို့သော စည်းမျဉ်းက အဘယ်ကြောင့် ထားရှိရသည် ကိုလည်း နားလည် နိုင်ပေသည်။ ရှန့်ထိုအဆင့်များ ကသာ ရှန့်ထိုအဆင့်အောက်မှ တန်ခိုးရှင်များကို သတ်ဖြတ်လိုပါက မည်သူမှ ကျန်ရစ်မည် မဟုတ်ပေ။ ရှီတန်ခိုးရှင်များကလည်း ရှီတန်ခိုးအဆင့် အောက်မှ လူများကို သတ်ဖြတ်ပါက လူမျိုးတုံး ပေလိမ့်မည်။
မရေမတွက်နိုင်သော လူများက လေထဲမှ ပျောက်ကွယ်သွားသော လူများကို ကြည့်ကြသည်။ ပြည်နယ်ကိုးခု တမန်တော်ကား သူတို့အတွက် ပထမဆုံး ကြားဖူးသော အရာဖြစ်သည်။ မြေရိုင်းပြည်နယ်က ပြည်နယ်ကိုးခု အရေးကိစ္စများတွင် ဝင်မပတ်သက်ခဲ့သည်မှာ ကြာမြင့်ခဲ့သလို ပြင်ပဗဟုသုတပိုင်း ဆိုင်ရာလည်း အလွန်တရာ အားနည်းလာခဲ့သည်။
သို့သော်လည်း ပြည်နယ်ကိုးခု တမန်တော် ဆိုသည်မှာ အင်ပါယာ ရှားလက်အောက်တွင် ရှိပြီး ပြည်နယ်ကိုးခုကို စောင့်ကြည့် အုပ်ချုပ်သူများ ဖြစ်ကြောင်း သိနားလည် လိုက်ကြသည်။
တော်ဝင်မြေများ အကြားမှ တိုက်ပွဲကား အင်ပါယာရှား၏ သဘောတူညီမှုကို ရယူရန် လိုအပ်ပေသည်။
အင်ပါယာရှားက တော်ဝင်စစ်ပွဲကို သဘောတူခဲ့သော်လည်း တန်ခိုး အဆင့်အတန်း မြင့်မားသူများက နိမ့်ပါးသူများအား တိုက်ခိုက်ခြင်းကိုမူ အကာအကွယ် ပေးထားသည်။ ဤသည်ကား တန်ခိုးရှင် လောကတွင်ပင် ပြောစရာ မလိုသော သဘောတူညီချက် ဖြစ်ပေသည်။
ရီဖူရှင်းက တော်ဝင် ရှီနန်းဆောင်တွင် ရပ်ကာ အဝေးကို ပျောက်ကွယ် သွားသူများအား လေးနက်စွာ ကြည့်သည်။
ကျောက်ပြည်ထောင်ကား တစ်ချိန်က အရှေ့ဘက် ပြည်နယ်ကို အုပ်စိုးမင်းလုပ်ခဲ့သူများ ဖြစ်ရာ အလွန် အားကောင်းသော သမိုင်းနောက်ခံနှင့် အင်အားများ ရှိပေသည်။
ကျောက်ပြည်ထောင်ကား တော်ဝင်ကျဲ နန်းတော်နှင့် ကွာခြားပေသည်။ တော်ဝင်ကျဲ နန်းတော်ကား တပည့်များကို သင်ကြားပို့ချရာ နေရာဖြစ်ကာ ကျောက်ပြည်ထောင်ကား စစ်ရေး၊ နိုင်ငံရေး အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။ သူတို့တွင် စစ်ခင်းခြင်းဖြင့် ပိုမိုနီးစပ်သော အတွေ့အကြုံ၊အခြေခံ အဆောက်အဦများကို ပိုင်ဆိုင်၏။
ဥပမာ ရီဖူရှင်းက နန်းတော်သခင် ဖြစ်သော်လည်း သူက မြေရိုင်းပြည်နယ် တစ်ခုလုံးမှ အင်အားစုများအား တိုက်ပွဲဝင်ခိုင်း၍ မရပေ။ သို့သော်လည်း ကျောက်ပြည်ထောင်ကား သူတို့အုပ်ချုပ်သော နယ်မြေတိုင်းမှ အင်အားစုများကို စစ်ပွဲအတွက် အသုံးပြု နိုင်ပေသည်။
မြေရိုင်းပြည်နယ်က နှစ်ပေါင်းများစွာ အားနည်းသည့် အချက်ဖြင့် ထပ်ပေါင်းလျှင် သူတို့၏ စွမ်းဆောင်ရည်က ပြည်နယ်ကိုးခု ညီလာခံ၌ ကောင်းမွန်သည့်တိုင် သူတို့၏ ယေဘုယျ အင်အားကား ကျောက်ပြည်ထောင်ထက် သေချာပေါက် နိမ့်ကျပေသည်။
သည်တော်ဝင်စစ်ပွဲကား မြေရိုင်းပြည်နယ် အတွက် သေရေးရှင်ရေး ဖြစ်ပေသည်။
ထို့အပြင် တော်ဝင်စစ်ပွဲတွင် လုပ်ကြံ သတ်ဖြတ်ခြင်း အပြင် တခြားနည်းလမ်း ပေါင်းစုံကို အသုံးပြုနိုင်သေးသည်။
***