← Chapters

မသေချာတဲ့ရလဒ်

Vol. 10 Ch. 41

မသေချာတဲ့ရလဒ်

Vol. 10 Ch. 41

ပြေးလွှားနေရင်းနဲ့ အိုလီ​က ဖရာလီတာနဲ့ဂျက်စပါရဲ့တိုက်ပွဲကို ကြည့်လိုက်ပါတယ်။ ဖရာလီတာက အကြီးအကျယ်တိုက်ခိုက်နေတယ်ဆိုပေမဲ့ ဂျက်စပါက မြို့ထဲရောက်နေပြီဖြစ်ပြီး အနီးအနားက အဆောက်အဦးတချို့ကို ဖြိုချပြီးနေပါပြီ။ ပြီးတော့ ဖရာလီတာက ရှုံးနေပုံရတယ်။

“ဟိုအရုပ်မနဲ့တိုက်တုန်းက ငါမနိုင်လိုက်ဘူး။ ပိုးဖလံကလည်း အများကြီးအစွမ်းထက်လာပြီ။ အခုတိုင်းဆိုရင် ပိုးကောင်ဗိုလ်ချုပ်တွေထဲမှာ ငါ့ကိုအားအနည်းဆုံးဆိုပြီး ငယ်သားတွေက လှောင်ကြလိမ့်မယ်။ ဒီလိုတော့ အဖြစ်ခံစရာလား။”

အိုလီက နောက်တန်းဆီကို ဦးတည်ပြီး ပျံသန်းနေရာကနေ ဂျက်စပါနဲ့ဖရာလီတာရဲ့တိုက်ပွဲဆီကို ဦးတည်ရာပြောင်းလိုက်တယ်။ ပြီးတော့ သူ့ကိုယ်သူ ပိုးကောင်အပြည့်အဖြစ်ပြောင်းလိုက်ပြီး တိုက်ရင်းဆုတ်နေရတဲ့ ဖရာလီတာကို အက်စစ်နဲ့ပက်ဖို့ ကြိုးစားလိုက်တယ်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ Archmega ဝတ်စုံထဲမှာရှိနေတဲ့ ဖရာလီတာရဲ့အကြည့်တွေက ပြောင်းလဲသွားလေရဲ့။

“ဟင့်၊ နင်လာမယ်ဆိုတာ ငါသိသားပဲ။”

Archmegaက ရုတ်တရက် လက်ကိုမြှောက်လိုက်တယ်။ ဝတ်စုံထဲက ဖရာလီတာကတော့ ဂိုင်ယာနဲ့ဆက်သွယ်မှုကို စတင်ပါတယ်။

“ဂိုင်ယာ၊ မဟာကြိုးမဲ့အားသွင်းစနစ်ကို စတင်မယ်။”

[နားလည်ပါပြီ၊ ကျေးဇူးပြုပြီး ဝတ်စုံအပူချိန်ကို သတိထားစောင့်ကြည့်ပါ။]

ဝုန်း....

ရုတ်တရက် ကောင်းကင်ပေါ်ကနေပြီး အပြာရောင်အလင်းမှုန်တွေက Archmegaပေါ်ကို ကျဆင်းလာတယ်။ ရွှေအိုရောင် Dragon Blastကို ထုတ်သုံးထားလို့ အားနည်းနေတဲ့ Archmegaရဲ့စွမ်းအင်က ချက်ချင်းပြန်ပြည့်လာတယ်။

“ တွေ့ကြသေးတာပေါ့။” ဖရာလီတာက Archmegaရဲ့ ဂျက်အင်ဂျင်ကိုဖွင့်ပြီး နောက်ကိုခုန်ဆုတ်လိုက်တယ်။ အက်စစ်တွေက မြေပြင်ပေါ်ကိုကျပြီး ကတ္တရာလမ်းမကို ဘာမှမရှိအောင် စားပစ်လိုက်တယ်ဆိုပေမဲ့ ဖရာလီတာက မထိမခိုက်ပါပဲ။

“နေ့တိုင်း... နေ့တိုင်း... နေ့တိုင်း... ငါအချစ်ဆုံးလူက သူ့အသက်ကိုပေးပြီးတော့ တခြားသူတွေအတွက် ရုန်းကန်နေတာကို ဒီအတိုင်းကြည့်နေခဲ့ရတာ။”

ဖရာလီတာက အရူးတစ်ယောက်လိုမျိုး နာကျင်နေတဲ့ မျက်နှာနဲ့ စပြီးစကားပြောတယ်။ သူ့ဝတ်စုံကတော့ ရွှေအိုရောင်တောင်လာပြီး စွမ်းအင်ချက်ဗဟိုအူတိုင်က လင်းလက်လာပါတယ်။

“ ငါချစ်တဲ့သူက ငြိမ်းခါနီးဖယောင်းတိုင်လေးလိုဖြစ်နေချိန်မှာ ငါက ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။ ဒီတော့... သူ့ကိုဒီလိုဖြစ်အောင်လုပ်တဲ့သူတွေကို တစ်စစီဖြစ်အောင်လုပ်ဖို့ ငါဆုံးဖြတ်လိုက်ပြီ။”

[Ultimate Skill: Dragon Blast] ရွှေအိုရောင်အလင်းက အက်စစ်နဲ့ပက်ဖို့ဝင်လာပြီး ပြန်ထွက်လို့မရဖြစ်နေတဲ့ အိုလီဆီပြေးဝင်လာတယ်။ ဒီအလင်းက တစ်ခါက ယင်ကောင်ကိုတောင် သေလုဆဲဆဲဖြစ်စေခဲ့တဲ့အရာပါ။ အိုလီက ယင်ကောင်အောက် အားနည်းတယ်။ ထိမိတာနဲ့ ပြာဖြစ်သွားမှာသေချာတယ်။

“အိုလီ၊ သတိထား။” ဂျက်စပါက ချက်ချင်းလှုပ်ရှားလာတယ်။ သူက အိုလီရဲ့ပိုးကောင်ကိုယ်ကို သူ့သစ်ချောင်းလက်နဲ့ ရိုက်ပြီး အလင်းတန်းလမ်းကြောင်းကနေ ဖယ်ထုတ်ခဲ့တယ်။ ဒါကြောင့် အိုလီက အန္တရာယ်ကင်းသွားတယ်ဆိုပေမဲ့။

ဘုန်း....

ရွှေအိုရောင်အလင်းဒြပ်စင်က ဂျက်စပါရဲ့မျက်နှာကို ထိမှန်သွားပြီး ဂျက်စပါလဲကျသွားတယ်။ သူ့မျက်နှာက သစ်ခေါက်တွေကွာကျလာပြီး စိမ်းဖန့်ဖန့်ရောင် သွေးရည်ကြည်တွေကတော့ နေရာတိုင်းမှာအပြည့်ပဲ။

“ဂျက်စပါ...” အိုလီက ရုတ်တရက်အဖြစ်အပျက်ကြောင့် အံ့ဩသွားပေမဲ့ ဖရာလီတာက မရပ်သေးပါဘူး။ ဖရာလီတာက အလင်းတန်းကို ဆက်ထိန်းထားပြီး ဂျက်စပါနဲ့အိုလီကို ဆက်ပစ်နေတယ်။ အိုလီက ဒဏ်ရာရသွားတဲ့ ဂျက်စပါရဲ့ခန္ဓာကိုယ်ကို ချီမပြီး အလင်းတန်းကို အတူတူရှောင်နေတယ်။

“မဖြစ်နိုင်တာ... နင့်ရဲ့ရွှေအိုရောင်အလင်းတန်းကို နင်ဒီလောက်အကြာကြီးမသုံးနိုင်ဘူးလို့ ငါသိထားတာကို။”

အိုလီက နဂါးမီးမှုတ်သလိုမျိုး ဆက်တိုက်ကြမ်းနေတဲ့ ဖရာလီတာကိုကြည့်ပြီး မျက်လုံးပြူးလာတယ်။ ဖရာလီတာကတော့ ဝတ်စုံထဲမှာ နှုတ်ခမ်းကိုက်ထားတယ်။

“မက်ဒါနာက ပစ္စည်းတွေတစ်ခုပြီးတစ်ခုထွင်နေတဲ့အချိန် ငါက အလကားထိုင်နေမယ်လို့ထင်နေတာလား။ နင်တို့ပိုးကောင်တွေကို နင်းခြေပစ်ဖို့အတွက် နေ့ရောညပါ အအိပ်ပျက်အစားပျက်ခံပြီးတော့ အလုပ်လုပ်နေခဲ့တာဟဲ့။ ဒရမ်မာတွေပဲ ထိုင်ကြည့်နေတာမဟုတ်ဘူး။”

ဖရာလီတာက အင်တာကွန်းကနေတစ်ဆင့် အော်ဟစ်နေတယ်။ ရွှေအိုရောင်အလင်းတန်းက ခဏနေတော့ ရပ်သွားပေမဲ့ Archmegaက လက်မြှောက်လိုက်ပြန်တယ်။

“ဂိုင်ယာ၊ အားထပ်သွင်းပေးစမ်း။”

ဖရာလီတာက ဂိုင်ယာကို အမိန့်ပေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဂိုင်ယာက ဖရာလီတာရဲ့တီထွင်မှုတစ်ခုပါ။ ဒါကြောင့် ဂိုင်ယာရဲ့လုပ်ဆောင်ချက်တွေက လုံးဝသာမန်မဟုတ်ဘူး။ ပြီးတော့ ဖရာလီတာက ဒီဂြိုဟ်တုကို အဆင့်မြှင့်တင်ဖို့အတွက် အများကြီးကြိုးစားထားတယ်။

[လက်ရှိဝတ်စုံတွင်းအပူချိန်က အလွန်မြင့်မားနေပါပြီ။ နောက်တစ်ကြိမ်ဆက်သုံးရင် အအေးပေးစနစ်အလုပ်လုပ်တော့မှာမဟုတ်ပါ။]

“နားလည်တယ်၊ လုပ်စမ်း။”

ဒီလိုနဲ့အလင်းတန်းက နောက်တစ်ခါကျဆင်းလာပြီး ရွှေအိုရောင်အလင်းတန်းက ထပ်မံထွက်ပေါ်လာပြန်တယ်။ အိုလီက ဆက်တိုက်ရှောင်နိုင်နေသေးတဲ့အတွက် ဖရာလီတာက မျက်မှောင်ကြုတ်လိုက်ပြီး

“ သူလျှိုခေါင်းမ၊ နင်က စွမ်းအားမရှိပေမဲ့ ပြေးတဲ့နေရာတော့ တော်သားပဲ။ ဒါပေမဲ့ ဒီလိုဆိုရင်ရော။”

Archmegaက အလင်းဗုံးလောင်ချာကို မြှောက်ပြီး ကောင်းကင်ပေါ်ကို ထောင်ပစ်လိုက်တယ်။ အလင်းဗုံးထောင်ချီက ကွန်ယက်သဖွယ်ပျံသွားပြီး ပြေးနေတဲ့ အိုလီရဲ့အမှေးပါးအတောင်ပံကလည်း အလင်းဗုံးတစ်ခုကြောင့် ပြတ်ထွက်သွားတယ်။ မကြာခင်မှာပဲ ဧရာမပျစားပိုးကြီးက ကောင်းကင်ပေါ်က ပြုတ်ကျလာပြီး နှစ်ယောက်လုံး သာမန်လူပုံစံပြန်ဖြစ်သွားတယ်။

“အိုလီ၊ ပြေးတော့။ ငါရင်ဆိုင်မယ်...”

ဂျက်စပါက သူ့ကိုသိုင်းဖက်ထားတဲ့ အိုလီရဲ့လက်ကို ဖယ်ရှားလိုက်တယ်။ အဲဒီနောက် မက်တပ်ပြန်ရပ်ပြီး ဖရာလီတာနဲ့ မျက်နှာချင်းဆိုင်လိုက်တယ်။ သူ့လက်နှစ်ဖက်က ပိုးကောင်လက်တွေပြန်ဖြစ်သွားပြီး ဖရာလီတာရဲ့တိုက်ကွက်ကိုစောင့်တယ်။ ဖရာလီတာကလည်း အလွတ်မပေးဘဲ အလင်းတန်းနဲ့ နှစ်ယောက်လုံးကို ပစ်ချလိုက်တယ်။

[Ultimate Skill: Dragon Blast]

ဘုန်း....

ဂျက်စပါက အိုလီမထိအောင် လက်နှစ်ဖက်ကိုပူးပြီး အလင်းတန်းကို ကာလိုက်တယ်။ ဖရာလီတာက အလင်းတန်းကို ရပ်ဖို့အစီအစဥ်မရှိတာကြောင့် ဂျက်စပါက အနာခံပြီးဆက်ကာထားရတယ်။ သူ့လက်ပေါ်က သစ်ခေါက်တွေကတော့ တဖြည်းဖြည်းလောင်ကျွမ်းပြီး ပြာအဖြစ်ပြောင်းစပြုနေပြီ။

“ဘာလို့လဲ၊ ငါက နင့်ရဲ့သားကောင်ကို လုဖို့ကြိုးစားခဲ့တဲ့ ပြိုင်ဖက်ဖြစ်နေတာတောင်မှ...”

အိုလီက အစကတည်းက ဂျက်စပါကို သူ့ရဲ့အလုပ်မှာ ပြိုင်ဖက်တစ်ယောက်လိုပဲ​ မြင်ခဲ့တာ။ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်နေခဲ့ပေမဲ့ ဉာဏ်ထိုင်းပြီး အသုံးချစရာအရာတစ်ခုလို့ပဲ မြင်ခဲ့တာ။ ဒါပေမဲ့ အခုဂျက်စပါရဲ့လုပ်ရပ်ကြောင့် အိုလီရဲ့မျက်လုံးတွေ ပြူးကျယ်လာတယ်။

“နင့်မှာအတောင်ပံမရှိဘူးလေ။ နင်ခုန်ပြီးထွက်ပြေးရင်တောင် အဲဒီအရူးမက နင့်ကိုမီအောင်လိုက်နိုင်တယ်။”

အိုလီက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ပြောလိုက်တယ်။ ဂျက်စပါက အိုလီကို လေးလေးလံလံ ကြည့်လိုက်တယ်။ အလင်းတန်းက အားပိုကောင်းလာတဲ့အတွက် သူ ဒူးတစ်ဖက်ထောက်ကျသွားတယ်။

“အိုလီ... အတောင်ပံမရှိတော့ဘူး... ဂျက်စပါခုခံမယ်... အိုလီပြေး”

ဖရာလီတာက ပိုးကောင်အတွဲနှစ်​ယောက် တစ်ယောက်ကိုတစ်ယောက် စကားပြောနေတာကိုကြည့်ပြီး သက်ပြင်းချလိုက်တယ်။ သူကိုယ်တိုင်လည်း အကန့်အသတ်ရောက်နေပြီမလို့ ဒီနှစ်ယောက်ကို ထပ်ဖိအားမပေးနိုင်တော့ဘူး။ အဲဒီအစား ရွှေအိုရောင်အလင်းတန်းကို ထိန်းထားနိုင်ဖို့ စွမ်းအင်ဘားကို ကြည့်လိုက်တယ်။

“သုံးဆယ်ရာခိုင်နှုန်းလား။ ဂိုင်ယာ၊ ထပ်အားဖြည့်မယ်။” အအေးပေးစနစ်က ဝတ်စုံအပူချိန်ကို မထိန်းနိုင်တော့တာကြောင့် ဖရာလီတာ တစ်ကိုယ်လုံးချွေးတွေနဲ့စိုရွဲနေပြီ။ ဒါပေမဲ့ သူက ပိုးကောင်တွေကိုသတ်နိုင်ဖို့အတွက် လစ်လျူရှုထားလိုက်တယ်။

[ဝတ်စုံအပူချိန်က အကန့်အသတ်ထပ်ကျော်နေပါပြီ။ ထပ်သုံးရင် အသက်အန္တရာယ်ရှိပါတယ်။]

“ငါက ဂရုစိုက်စရာလား။ သူတောင်မှ ဘာမှဂရုမစိုက်ခဲ့တာကို။”

ဖရာလီတာက နာကျဥ်းမှုအပြည့်နဲ့ နှုတ်ခမ်းကိုဖိကိုက်ပြီး ပြောလိုက်တယ်။ သူဆိုတာ ဘယ်သူ့ကိုရည်ညွန်းမှန်း လူတိုင်းသိနိုင်တယ်။ ဂိုင်ယာလည်း တစ်ချက်လောက် ဆွံအသွားပြီးမှ အလင်းတန်းကို ကောင်းကင်ပေါ်ကနေ ပစ်ချလိုက်တယ်။

ဘုန်း....

ဖရာလီတာရဲ့ဝါးဖရိန်ကိုယ်ထည်က အရည်ပျော်တော့မလိုမျိုး နီရဲလာတယ်။ နည်းနည်းမှိန်ကျသွားတဲ့ အလင်းတန်းကလည်း ပြန်လည်တောက်ပလာပြီ။ ဂျက်စပါလည်း အလင်းတန်းရဲ့ဖိအားကြောင့် နောက်ကိုတရွတ်တိုက်ရွေ့နေပြီး မြေကြီးထဲနစ်ဝင်လာတယ်။ သူ့လက်က သစ်သားတွေလည်းမရှိတော့ဘဲ အလင်းတန်းက သူ့ရဲ့ပိုးကောင်အရိုးတွေထဲအထိကို လှိုက်စားနေပြီ။

“ပြေးတော့....” အိုလီကို ဂျက်စပါက ပြောလိုက်တယ်။ အိုလီကတော့ တုန်ယင်နေတဲ့ နှုတ်ခမ်းတွေနဲ့ မေးလိုက်တယ်။

“ဘာလို့လဲ... ငါနားမလည်တော့ဘူး။”

“အိုလီ... သဘောကျတယ်... အဆုံးရှုံးမခံနိုင်ဘူး။”

ဂျက်စပါက ရုတ်တရက်ပြောချလိုက်တယ်။ အိုလီက မျက်လုံးအဝိုင်းသားနဲ့ သူ့ရှေ့က တုံးလည်းတုံး နှေးလည်းနှေး၊ ရုပ်လည်းဆိုးတဲ့လူကြီးကို ရှက်သွေးဖြာနေတဲ့မျက်နှာနဲ့ ကြည့်လိုက်မိတယ်။ နောက်ဆုံးတော့ အိုလီ့ပါးပြင်ပေါ်မှာ မျက်ရည်တွေစီးကျလာပြီး ဂျက်စပါရဲ့ပါးပြင်ကို နမ်းလိုက်တယ်။

“ငါနားလည်ပြီ၊ မသေစေနဲ့။” အဲဒီနောက်တော့ အိုလီက နောက်ထပ်ထွက်ပြေးဖို့ပြင်တယ်။ ဖရာလီတာကတော့ သူ့သားကောင်နှစ်ကောင်လုံးကို အလွတ်ခံဖို့အစီအစဥ်မရှိပါဘူး။

“ထွက်ပြေးလို့ ရမယ်ထင်နေတာလား။” ဝါးဖရိန်က လက်ကိုဆန့်ထုတ်လိုက်တယ်။ အလင်းဗုံးတွေနဲ့ရော့ကတ်ဒုံးကျည်တွေက ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး သူတို့နှစ်ယောက်အပေါ် မိုးလိုရွာကျလာတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဖရာလီတာရဲ့မြင်ကွင်းက အနှေးကွက်ပြနေသလိုမျိုး နှေးကျသွားတယ်။

“ဝတ်စုံရဲ့အသံမြန်နှုန်းတိုက်စစ်စနစ်က အသက်ဝင်လာတာလား။ ဒီအခြေအနေမှာ သူတို့တွေ အသံမြန်နှုန်းနဲ့ သွားနိုင်စရာမရှိဘူးလေ ...” ဖရာလီတာက ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်တယ်။ မကြာခင်မှာပဲ ဦးထုပ်ဝိုင်းကို စတိုင်ကျကျဆောင်ထားပြီး အနောက်တိုင်းဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားတဲ့ လူငယ်ကို သူတွေ့လိုက်ရတယ်။ အဲဒီလူငယ်က လက်ထဲမှာ နှင်းဆီပန်းတစ်ပွင့်ကို ကိုင်ထားပြီး ပွင့်ဖက်တွေကို ခြွေချနေတယ်။ ဖယ်ရှားခံရတဲ့ပွင့်ဖက်တိုင်းက သူလှုပ်ရှားနေတဲ့အရှိန်ကြောင့် မြေပေါ်ကိုချက်ချင်းကျမသွားဘဲ ဒီအတိုင်းလေထဲမှာတန့်နေတယ်။

[ပစ်မှတ်က အသံမြန်နှုန်းအထက် ၂၄ဆနဲ့ လှုပ်ရှားနေပါတယ်။ ပစ်မှတ်အတည်ပြုခြင်း: ပိုးကောင်စစ်တပ်အကြီးအကဲ ယင်ကောင်။]

ယင်ကောင်က အိုလီနဲ့ဂျက်စပါတို့နဲ့ ဘေးချင်းယှဥ်ရပ်နိုင်တဲ့ အကွာအဝေးကိုရောက်လာပြီးတဲ့နောက် သူတို့နှစ်ယောက်ကို လက်နဲ့တွန်းထုတ်လိုက်တယ်။ သူတို့နှစ်ယောက် အလင်းတန်းရဲ့စက်ကွင်းကနေ လွတ်သွားပြီးနောက်မှာတော့ နှေးကျနေတဲ့ကမ္ဘာကြီးက ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။

“နောက်ဆုံးတော့ နင်တို့အကြီးပိုင်းတွေက ဝင်ပါဖို့ ဆုံးဖြတ်လိုက်ပြီလား။ အင်းလေ၊ တိုက်ပွဲကလည်း နင်တို့ဘက်မှ မပါတော့တာ။”

ဖရာလီတာက တိုက်ပွဲတစ်ခုလုံးရဲ့အခြေအနေကို စစ်ဆေးလိုက်ပြီး ပြောလိုက်တယ်။ ပိုးဖလံက ဖရက်ကို ပြန်ရှုံးစပြုနေပြီဖြစ်ပြီးတော့ မိုးကြိုးဓားတွေအောက်မှာ အသက်မပျောက်အောင်လို့ ကြိုးစားနေရတယ်၊ လင်ဒါနဲ့ဖလေရာကတော့ ပိုးကောင်ဗိုလ်ချုပ်သစ် ချီးပိုးထိုးကို ဘောလုံးတစ်လုံးလို ကိုယ့်ကိုယ်ကိုယ်လိပ်ထားရတဲ့အထိ ဖိအားပေးနေတယ်၊ အေမီကတော့ တိုက်ရမယ့်ပြိုင်ဖက် ရှိကိုမရှိတော့ဘူး။ ဆိုဖီယာနဲ့လိပ်နက်က ပိုးစုန်းကြူးကို ထိန်းဖို့ကြိုးစားနေရတုန်းကဆိုပေမဲ့ မဟာမိတ်ဘက်က ပြန်အလေးသာနေပြီ။

“ဒါပေါ့၊ အကြီးအကဲတစ်​ယောက်အနေနဲ့ ငါ့ရဲ့ဘက်တော်သားတွေသေမှာ မလိုလားဘူးလေ။”

ယင်ကောင်က တုံးတိပြောလိုက်ပြီး ပြေးမယ့်ဟန်ပြုပါတယ်။ သူက ယုံကြည်ချက်အပြည့်နဲ့ လက်တွေကိုပဲ ပုံစံပြောင်းထားတယ်။ မတွေ့ရတာ အချိန်အနည်းငယ်ကြာပြီးနောက် သူလည်းပိုစွမ်းလာပြီလေ။ ဒီတစ်ကြိမ် ဖရာလီတာကို အနိုင်ပိုင်းနိုင်မယ်လို့ ယင်ကောင်မှာ ယုံကြည်ချက်ရှိနေတယ်။

ဖရာလီတာကတော့ အလင်းဗုံးအမြှောက်ကို မိုးပေါ်ထောင်ပစ်ပြီး အလင်းဗုံးကွန်ယက်ကို စိပ်နိုင်သမျှစိမ်အောင် ဖန်တီးလိုက်တယ်။ ယင်ကောင်က သူ့ထက်ပိုမြန်တယ်။ ယင်ကောင်မြန်မြန်မလှုပ်ရှားနိုင်အောင် လေထုကို အပိုင်စီးထားနိုင်မှ နိုင်ဖို့အခွင့်အရေးရှိမှာ။

“အမြန်နှုန်းက ပိုကောင်းလား၊ ပစ်ခတ်အားက ပိုကောင်းလား ကြည့်ကြသေးတာပေါ့။”

...

“တစ်ယောက်တည်း ပျင်းရိနေမယ်ထင်လို့ လာအဖော်ပြုပေးတာပါ၊ အို... ဧကရီဘုရင်မ။”

အေမီက တစ်ယောက်တည်းတိုက်ပွဲကို စိုက်ကြည့်နေတဲ့ ဥစာကီနားမှာ ထွက်ပေါ်လာတယ်။ သူက မြွေနက်ရဲ့အရိပ်ကို သေချာထိန်းကျောင်းနိုင်နေပြီ။ ဥစာကီက စိတ်ရှုပ်ထွေးစွာနဲ့ စကားတစ်ခွန်းကို ပြောလိုက်ပါတယ်။

“ရင်ခွင်ပိုက်ဘုရင်မဘဝကနေ လွတ်မြောက်လာပြီးတဲ့နောက် ဒီစစ်ပွဲကြီးရဲ့အဓိပ္ပါယ်မဲ့ပုံကိုက စဥ်းစားကြည့်နေရုံပါ။”

“ဒါက တွေးသင့်တဲ့အတွေးပါပဲ။ လက်ရှိပိုးကောင်မျိိုးနွယ်က စကြဝဠာကို အပိုင်သိမ်းဖို့ မလိုအပ်ပါဘူး။ ရှင်တို့မှာ လုံလောက်တဲ့နယ်မြေတွေ ရှိနေပြီးသားပါ။ ဖက်ဒရေးရှင်းနဲ့ကမ္ဘာကို ဖျက်ဆီးသိမ်းပိုက်ဖို့ဆိုတာ ဟစ်တလာရဲ့အာရီယန်အိပ်မက်လိုပဲ အဓိပ္ပါယ်မဲ့လှပါတယ်။”

ဥစာကီက စစ်မလိုလားတဲ့ဘုရင်မတစ်ပါးမှန်း အေမီသိတယ်ရန်သူလိုမျိုး ပြုမူနေခဲ့တာကလည်း ပိုးကောင်တွေအတွက် တစ်စုံတစ်ရာအကျိုးရှိမယ်ဆိုတဲ့အထင်နဲ့ ဘာရွန်ရဲ့ထိန်းချုပ်မှုကြောင့်ပါ။ ဒါပေမဲ့ အေမီရဲ့စကားတွေကို ဥစာကီက ခေါင်းခါပြလိုက်တယ်။

“ဒီစစ်ပွဲကြီးပြီးသွားလို့ ပိုးကောင်မျိုးနွယ်အတွက် ဘာအကျိုးမှမရှိတာမှန်ပေမဲ့ သိသာတဲ့ရလဒ်တစ်ခုတော့ ရှိနေတုန်းပဲ။”

ဥစာကီက တိုက်ခိုက်နေသေးတဲ့ သူ့ရဲ့ပိုးကောင်ဗိုလ်ချုပ်တွေကို ကြည့်လိုက်ပြီးပြောတယ်။

“ဘယ်သူမှ တစ်ကိုယ်တော်မအုပ်ချုပ်နိုင်ဘူးဆိုတဲ့ စကားပုံကို ကြားဖူးလား။ ပိုးကောင်မျိုးနွယ်တွေက စစ်သွေးစစ်မာန်ကြွကြတယ်။ မတိုက်ခိုက်ရရင် အသက်မရှင်နိုင်တဲ့သူတွေရှိတယ်၊ တိုက်ခိုက်သတ်ဖြတ်မှုက သူတို့ဘဝရဲ့အဓိပ္ပါယ်ဖြစ်နေသူတွေပေါ့။”

ဥစာကီက ယင်ကောင်ကိုကြည့်နေရင်းနဲ့ ပြောလိုက်တာ။ “ယင်ကောင်က ရဲဘော်တွေကိုအကာအကွယ်ပေးဖို့ တိုက်ခိုက်တယ်ဆိုပေမဲ့ စစ်ပွဲတွေမရှိတော့တဲ့အခါ ရဲဘော်တွေကို ကာကွယ်ပေးဖို့ သူလိုအပ်ပါဦးမလား။ သူ့ဘဝအဓိပ္ပါယ်ပျောက်ဆုံးသွားရင် ဘာလုပ်မယ်လို့ထင်လဲ။”

“တစ်နည်းအားဖြင့် စစ်ပွဲတွေမရှိတော့တာနဲ့ ရှင်တို့ပိုးကောင်အင်ပါယာကို စောင့်ကြိုနေမှာက အချင်းချင်းသတ်ဖြတ်ပွဲတွေနဲ့ ပြည်တွင်းစစ်တစ်ခုလား။”

အေမီက သုံးသပ်ပြီးပြောလိုက်တယ်။ သူက ရန်သူ့ခေါင်းဆောင်ရှေ့မှာရောက်နေပေမဲ့ ပြုံးပြုံးလေးပါပဲ။ ကြောက်လန့်နေပုံ၊ သတိထားလွန်းနေပုံ လုံးဝမရဘူး။ ဥစာကီက စိတ်ပျက်စွာနဲ့ ခေါင်းခါလိုက်ပြန်တယ်။

“ဟုတ်တယ်၊ အဲဒီပြည်တွင်းစစ်က အဆုံးရှိမှာမဟုတ်ဘူး။ ဒါကြောင့် ဒီစစ်ပွဲကို ရှေ့ဆက်နေသမျှ ပိုးကောင်တွေအကျိုးမယုတ်အောင် ကာကွယ်ပေးနိုင်တယ်လို့ ငါတွေးထားတယ်။ အနည်းဆုံးတော့ ရလဒ်ပေါ်တဲ့အထိပေါ့။ ဒါကြောင့်ပဲ မက်ဒါနာနဲ့စိန်ခေါ်ပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်တာ။”

အေမီက ဥစာကီကို ကြည့်ပြီး လေထဲမှာ အိမ်စေတစ်​ယောက်နဲ့ဟန်ပန်အတိုင်း ဂါရဝပြုလိုက်တယ်။ “ဒါဆိုရင်တော့ ရှင်တို့သဘောတူထားတဲ့အတိုင်း ဒီနေရာကနေပြီး ထွက်သွားပေးဖို့တောင်းဆိုပါတယ်။ အရင်တိုက်ခိုက်မှုတွေက ရှင့်ဆန္ဒအရဖြစ်ခဲ့တာမဟုတ်လို့ ခွင့်လွှတ်ပေမဲ့ အခုတိုက်ခိုက်မှုက ကတိစကားကို သိသိသာသာဖောက်ဖျက်နေတာပဲမဟုတ်လား။ ဘုရင်မတစ်ပါးအနေနဲ့ ကိုယ့်စကားကိုယ်တာဝန်ယူသင့်တယ်မဟုတ်လား။”

ဥစာကီက ခေါင်းခါလိုက်တယ်။ ပြီးတော့ သူ့ခါးက ကာတာနာကို ဓားအထုတ်အသိမ်းပညာအတိုင်း ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်တယ်။

“ငါတို့ကတိက မက်ဒါနာအသက်ရှင်နေမှ အကျုံးဝင်မှာ။ သူက ဒီလောကတစ်ခုလုံးမှာ ငါ့ကိုယှဥ်နိုင်မယ့် တစ်ဦးတည်းသောသူဖြစ်လို့ပဲ။ အခုထိ ထွက်မလာပုံထောက်တော့ သူတစ်ခုခုဖြစ်နေပြီမဟုတ်လား။”

“သခင်မလေးက ဒီမြေကို အုပ်စိုးခဲ့တဲ့သူ၊ အနာဂတ်မှာလည်း အုပ်စိုးဦးမယ့်သူပါ။ သေချာပေါက် ပြန်လာမှာမလို့ အိမ်ပြန်ပြီးစောင့်နေပါရှင့်။”

“မသေချာတဲ့ ရလဒ်တစ်ခုအတွက်နဲ့ ငါ့အချိန်တွေကို မဖြုန်းနိုင်ဘူး။ နင်တို့လိမ်နေတာလဲ ဖြစ်နိုင်တာပဲ။”

“လူသားတွေကို အဆုံးထိနှိမ်နင်းဖို့ ဆုံးဖြတ်မယ်ဆိုရင် ရှင့်ညီမလေးနဲ့ ရှင်ချစ်တဲ့အရာတွေအားလုံးကိုပါ ဖျက်ဆီးရလိမ့်မယ်။ အဲဒီလိုဆိုရင်တောင်မှလား။”

“ပိုးကောင်ဘုရင်မတစ်ပါးက ပိုးကောင်တွေအတွက်ပဲ စဥ်းစားသင့်တယ်။”

“ဒါဆိုရင်တော့ ဒီတိုက်ပွဲမှာ ကျွန်မက ရှင့်ရဲ့ပြိုင်ဖက် ဖြစ်ပေးပါ့မယ်။” အေမီက ဦးညွှတ်တာကိုရပ်ပြီး တံစဥ်ကို အသင့်ပြင်လိုက်တယ်။ သူ့အနားမှာ အရိပ်တွေက ပိုအားကောင်းလာပြီ။ ဥစာကီကလည်း ဓားကိုသုံးသပ်လိုက်ပြီး မိစ္ဆာသတ်ဓားရဲ့မျက်လုံးတွေ ပွင့်လာတယ်။

မကြာခင်မှာပဲ အေမီက တံစဥ်ကိုရမ်းလိုက်ကာ သူ့အရိပ်ထဲကနေ ဧရာမမြွေနက်ကြီးထွက်ပေါ်လာတယ်။ ဥစာကီကလည်း ဓားကိုရမ်းလိုက်ပြီး အရိပ်မီးတောက် သံကြိုးတွေက ကောင်းကင်ကြီးတစ်ခုလုံးကို ပြန့်နှံဖုံးလွှမ်းသွားပါတော့တယ်။

All Chapters