ဝေခွဲ၍မရနိုင်သော
Vol. 10 Ch. 42
ထန်း... ထန်း... ထန်း...
သတ္တုချင်းထိခတ်မိသံတွေက မိုးကောင်းကင်ပေါ်မှာ ပြည့်နှက်နေတယ်။ အေမီနဲ့ဥစာကီတို့က လေထုထဲမှာ တိုက်ခိုက်နေကြတာဖြစ်ပြီး အေမီက ဥစာကီကို အရပ်မျက်နှာပေါင်းစုံကနေ တံစဥ်နဲ့ပိုင်းဖြတ်ဖို့ ကြိုးစားနေတယ်။ အေမီက အရိပ်တွေထဲမှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့အပြင် စစ်နတ်သမီးဝတ်စုံရဲ့အမြန်နှုန်းအားသာချက်ကိုသုံးပြီး ဥစာကီကို အလစ်တိုက်ခိုက်ဖို့ကြံနေတာ။
ဥစာကီကတော့ ပိုးကောင်တစ်ဝက်ပုံစံနဲ့ နေရာတစ်ခု တည်းမှာရပ်နေပြီး ခုခံရုံပဲ ခုခံနေတယ်။ သူ့အတွက်က လူကိုယ်တိုင်တိုက်စစ်ဖွင့်စရာမလိုပါဘူး။ သံကြိုးတွေက လေထုထဲမှာမျောလွင့်နေရင်းက အေမီကိုတုပ်နှောင်ဖို့ ကြိုးစားနေတယ်။ သံကြိုးတွေက အေမီကိုမိတာနဲ့ အေမီရဲ့စွမ်းအားတွေ သုံးမရဖြစ်သွားမှာဖြစ်ပြီး ဥစာကီက အလိုလျောက်နိုင်ပွဲကိုရမှာ။
“ မြွေနက်ရဲ့စွမ်းအားအကြောင်း ရှင်တို့သိတယ်မဟုတ်လား။ ဒါကြောင့်မလို့ ကျွန်မကို အချိန်ဆွဲဖို့လုပ်နေတာလား။ ဒါဆိုရင်တော့ စိတ်ပျက်စေမိတဲ့အတွက် တောင်းပန်ပါတယ်။ ဆိုးကျိုးကို ကြားခံပေးမယ့်လူတစ်ယောက်ရှိနေတာကြောင့် ရှင့်ကိုအနိုင်ယူပြီးတဲ့အထိ တိုက်နိုင်ပါတယ်။”
အေမီက ဥစာကီနောက်မှာပေါ်လာပြီး ဥစာကီရဲ့ခါးကို ဦးတည်ကာ ပိုင်းချလိုက်တယ်။ ဥစာကီကတော့ အေးဆေးစွာနဲ့ ဓားကိုလက်ပြန်မြှောက်ပြီး တံစဥ်ကို တားဆီးလိုက်တယ်။ တိုက်ကွက်လွဲသွားတဲ့အေမီက မြွေနက်ရဲ့စွမ်းအားတွေ ရောပါနေတဲ့ အနက်ရောင် အလင်းဒြပ်စင်ငှက်မွှေးတောင်တွေကို ပစ်ခတ်လိုက်ပြီး ဥစာကီရဲ့ခါးကိုဆောင့်ကန်ကာ နောက်ပြန်ဆုတ်တယ်။
“ကြားခံရှိရင်တောင် နင်နဲ့ငါက အဆင့်တူပြိုင်ဖက်တွေမဟုတ်ဘူး။ ငါ့ကိုအနိုင်ရမယ်ထင်နေရင်တော့ လျှော့တွက်လွန်းတာပဲ။”
ဥစာကီက အတောင်ကိုခတ်လိုက်တယ်။ ဓားကိုညာလက်သီးသန့် ပြောင်းကိုင်လိုက်ပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပဲ ဓားသုံးချက်ကို တစ်ပြိုင်နက် ခုတ်ချလိုက်တယ်။
ဘုန်း... ဘုန်း... ဘုန်း....
လေထုတစ်ခုလုံး ပြောင်းဆန်သွားပြီး လေထုပေါက်ကွဲရာကနေဖြစ်လာတဲ့ သက်ရောက်လှိုင်းတွေက အနီးအနားမှာရှိနေတဲ့ တိုက်တာအဆောက်အဦးတွေကို တစ်စစီကြေမွသွားစေပါတယ်။ အေမီကိုယ်တိုင်လည်း သက်ရောက်လှိုင်းထဲပါသွားပြီး ပျံသန်းနေရာကနေ ဟန်ချက်ပြတ်သွားတယ်။
“ ပျောက်ကွယ်သွားလိုက်တော့...” ဥစာကီက ရှေ့တက်လာပြီး အေမီကိုခုတ်ချတယ်။ အေမီက သူ့အရိပ်ကိုပြန်ငုံကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်က အကောင်အထည်ကနေ အရိပ်အဖြစ်ကိုပြောင်းကာ ပျောက်ကွယ်သွားတယ်။ ဥစာကီရဲ့ဓားချက်က လေကိုသာ ခုတ်မိသွားတယ်။
“ရှင်ကမှ ပျောက်ကွယ်သွားရမှာ။” မကြာခင်မှာပဲ အေမီက ဥစာကီနောက်မှာ ပြန်ပေါ်လာပြီး တံစဥ်ကို ရမ်းလိုက်တယ်။ တံစဥ်က ဧရာမမြွေနက်ကြီးအဖြစ် ပြောင်းသွားပြီး ဥစာကီရဲ့ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ပါပြီ။ အဲဒီနောက် ဥစာကီရဲ့ခေါင်းကို ကိုက်ဖြတ်ဖို့ကြိုးစားပေမဲ့ ဥစာကီရဲ့ခန္ဓာကိုယ်က ချက်ချင်းကြီးထွားလာပြီး အဝါရောင်နားကျယ်ကောင် အဖြစ်ကို ပြောင်းလဲသွားတယ်။
ဝီဝီဝီ....
နကျယ်ကောင်ရဲ့ကျယ်လောင်လှတဲ့ အတောင်ပံခတ်သံနဲ့တင် အရိပ်မြွေက တစ်စီဖြစ်သွားပြီး အေမီကိုလည်း ဥစာကီက ပိုးကောင်လက်တံနဲ့ထိုးနှက်လိုက်တယ်။
ဘုန်း....
အေမီရဲ့လက်တစ်ဖက်ကျိုးပဲ့သွားပြီး လေထုထဲကနေ ပြုတ်ကျလာတယ်။ အေမီက လမ်းမနဲ့ရိုက်မိတော့မယ့်အချိန်မှာပဲ ပေါ်တယ်တစ်ခုပွင့်လာပြီး အထဲကနေ လက်ကလေးတစ်ခုက အေမီကိုဆွဲယူပြီး ပေါ်တယ်ထဲ သွင်းလိုက်ပါတယ်။
...
အေမီနဲ့ဇွန်ဘီမလေးက နယ်ဆင်သင်္ဘောပျံရဲ့အတွင်းထဲမှာ ပြန်ပေါ်လာတယ်။ အေမီက ပျက်စီးသွားတဲ့ သူ့လက်မောင်းကိုကြည့်လိုက်ပေမဲ့ သိပ်စိုးရိမ်ပုံမရဘူး။ မကြာခင်မှာပဲ စစ်နတ်သမီးစက်ရုပ်တစ်ရုပ်က အပိုလက်တစ်ခုယူလာပြီး အေမီရဲ့လက်ကို အစားထိုးပေးလိုက်တယ်။ အေမီက ချက်ချင်းတိုက်ပွဲထဲ ပြန်မသွားသေးဘဲ သူ့ရှေ့မှာရှိနေတဲ့ မူးနောက်နေပုံရတဲ့ ဇွန်ဘီမလေးကို ကြည့်လိုက်ပါတယ်။
“နင်ဘယ်လောက်အထိ ခံနိုင်သေးလဲ။”
ဇွန်ဘီမလေးက အေမီကို လက်ငါးချောင်းထောင်ပြတယ်။ အေမီက သက်ပြင်းချလိုက်တယ်။
“ငါးမိနစ်ပဲလား။ ဒီအတိုင်းဆိုရင် ဥစာကီကို နိုင်မှာမဟုတ်ဘူး။”
အေမီစိတ်ညစ်နေတဲ့အချိန်မှာပဲ လူတချို့က သူတို့ရှိနေတဲ့ အခန်းထဲဝင်လာတယ်။ ဒရုန်းဇုန်နဲ့ နယူးယောက်ဟီးရိုးကျောင်းကို ပြန်လာပြီဖြစ်တဲ့ မိရိုင်တို့ပါ။
“နင်သူ့ကို မတိုက်နိုင်တော့ဘူးဆိုရင် ငါတို့ကိုလွှဲပေးလိုက်။ ဥစာကီကိုတားဖို့ ငါတို့ကြိုးစားပေးမယ်။”
အေမီက ခေါင်းခါလိုက်တယ်။ “မိရိုင်က S rank၊ နင်က B rankပဲ။ ဘယ်နည်းနဲ့မှ ဥစာကီကို အနိုင်ယူနိုင်မှာမဟုတ်ဘူး။”
ဒါပေမဲ့ မိရိုင်က လက်မလျှော့သေးဘဲ ယုံကြည်မှုအပြည့်နဲ့ သူ့ရင်ဘတ်ကိုသူ ညွန်ပြလိုက်ပါတယ်။
“ နည်းလမ်းမရှိတာတော့မဟုတ်ဘူး။ အစ်ကိုတော် နတ်ဘုရားက သင်ပေးထားတာတစ်ခုရှိတယ်။ တစ်ခါတလေမှာ စွမ်းအားတစ်ခုတည်းကပဲ တိုက်ပွဲတစ်ခုရဲ့ရလဒ်ကို ဖြစ်ပေါ်စေတာမဟုတ်ဘူး။ လူသားတွေရဲ့စိတ်နှလုံးကလည်း ရလဒ်ကို သက်ရောက်စေတယ်။ အဓိကက စကားပြောဖို့ပဲလိုတာ။”
ဒရုန်းဇုန်ကလည်း ခေါင်းညိတ်လိုက်ပြီး သူ့လက်ထဲက အစိမ်းရောင်သေတ္တာကို ပြလိုက်တယ်။ “ပြီးတော့ ငါလည်း ပါမောက္ခပေးထားတဲ့ ပစ္စည်းအသစ်တစ်ခုကို စမ်းကြည့်ချင်သေးတယ်။ စွမ်းအားမကြီးဘူးဆိုပေမဲ့ပေါ့။”
အေမီက ခဏစဥ်းစားလိုက်တယ်။ ပြီးတော့ သူက မက်ဒါနာရဲ့ခန္ဓာကိုယ် တည်ဆောက်နေတဲ့ ဘက်ခြမ်းကို လှည့်ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ လောလောဆယ် သူ့မှာရွေးစရာရှိမနေဘူး။
“ ငါအခုစိုးရိမ်နေတာက ဒီနယ်ဆင်သင်္ဘောပျံကို အယ်လိုဟင်တစ်ယောက်တည်းနဲ့ ကာကွယ်နိုင်ပါ့မလား ဆိုတာပဲ။”
နယ်ဆင်သင်္ဘောပျံမှာ ပိုင်းလော့က နှစ်ယောက်ရှိတာဖြစ်ပြီး တစ်ယောက်က ဒရုန်းဇုန်ပါ။ သူတို့စကားပြောနေတဲ့အချိန်မှာပဲ နယ်ဆင်သင်္ဘောပျံက ရုတ်ချည်းဦးတည်ရာပြောင်းသွားပြီး အမြောက်တွေစပစ်တယ်။
ဘုန်း... ဘုန်း... ဘုန်း....
သူတို့ပြတင်းပေါက်အပြင်ကို ကြည့်လိုက်တော့ ဧရာမ နားကျယ်ကောင်ကြီးက သူတို့နေရာနဲ့နီးလာနေပါပြီ။ အေမီဘယ်ရောက်နေလဲဆိုတာကို ဥစာကီက ခန့်မှန်းမိသွားပုံပဲ။
“အချိန်မရှိဘူးဆိုတော့ အလုပ်ဖြစ်မဖြစ် စမ်းသပ်ကြည့်ရသေးတာပေါ့။” အေမီက ပြောလိုက်ပြီး ဇွန်ဘီမလေးရဲ့ခေါင်းကို ပုတ်လိုက်တယ်။
“ငါ့ကို တိုက်ပွဲထဲအရင်ပို့ပေး၊ ကျန်တာက ငါပြောတဲ့အတိုင်းလုပ်။”
...
ထန်း....
ဧရာမနားကျယ်ကောင်ကြီးနောက်ကနေ ပေါ်တယ်ပွင့်လာပြီး အေမီရဲ့တံစဥ်က နားကျယ်ကောင်ရဲ့ခန္ဓာကိုယ်ကို ခုတ်ချလိုက်တယ်။ အစင်းကြောင်းရာတချို့ထင်သွားပြီး တချို့နေရာတွေမှာ အက်ကွဲကာ သွေးရည်ကြည်တချို့ထွက်လာပေမဲ့ ဒဏ်ရာက သေးသေးလေးမှ သေးသေးလေးပါ။ ဒါပေမဲ့ ဥစာကီက လူတစ်ပိုင်းပုံကို ပြန်ပြောင်းလိုက်တယ်။
“အမြန်နှုန်းသမားနဲ့ယှဥ်ရင် ပိုးကောင်အပြည့်ပုံစံက တော်တော်အသုံးမဝင်တာပဲ။ ဒါပေမဲ့ နင်ထွက်ပြေးမသွားတာပဲ ကျေးဇူးတင်ရမယ်။”
ဥစာကီက အေမီကို ပြင်းပြင်းထန်ထန်စတိုက်ခိုက်တယ်။ အေမီက သူ့ကိုယ်သူထိခိုက်မသွားအောင် မနည်းခုခံနေရတယ်။ နောက်တော့ အေမီက ရုတ်တရက် ပြုံးလိုက်ပြီး နေရာကနေ ရုတ်ချည်းပျောက်ကွယ်သွားတယ်။ နောက်တော့ ဥစာကီရဲ့နောက်မှာ ပေါ်တယ်တစ်ခုက ဖြည်းဖြည်းချင်းပွင့်လာတယ်။
“ တူညီတဲ့ဗျူဟာတစ်ခုကို အကြိမ်ကြိမ်မသုံးသင့်ဘူးဆိုတာ မသိဘူးလား။”
ဥစာကီက ဒေါသနဲ့နောက်ကိုလှည့်ပြီး ဓားနဲ့ပိုင်းချလိုက်တယ်။ ဒါပေမဲ့ ပေါ်တယ်ထဲကနေ ထွက်လာတဲ့လူကိုမြင်တော့ သူက ဓားကိုချက်ချင်း ဦးတည်ရာလွှဲလိုက်တယ်။
“အစ်မကြီး....” မိရိုင်ရဲ့ကျောနောက်မှာ ကိုင်းတိုရဲ့မီးတောင်ပံနဲ့တူတဲ့ အတောင်ပံတွေရှိနေပြီး အခုမိရိုင်က ကောင်းကင်ပေါ်မှာ ပျံသန်းနေတယ်။ ဥစာကီရဲ့ဓားခုတ်ချက်ကနေဖြစ်လာတဲ့ သက်ရောက်လှိုင်းတွေကတော့ ရေကန်ပါတဲ့ အထပ်မြင့်တိုက်တစ်ခုကို ဖျက်ဆီးလိုက်ပြီး ရေတွေက ကောင်းကင်ပေါ်ကိုမြောက်တက်ကာ မိုးအဖြစ်ပြန်ရွာချတယ်။ ဥစာကီရဲ့ကျောင်းသူဝတ်စုံက ရေတွေစိုကုန်တယ်။ မိရိုင်ကတော့ ဥစာကီနဲ့မျက်နှာချင်းဆိုင် ရပ်နေတုန်းပဲ။
“ဘာလို့လဲ... ဘာလို့နင်က ဒီကိုရောက်နေရတာလဲ။”
ဥစာကီက မိရိုင်ကို မယုံနိုင်စွာနဲ့ကြည့်နေရင်း ပြောလိုက်ပါတယ်။ ရုတ်တရက်ဆိုသလို သတ္တုလက်သီးတစ်ဖက်က သူ့ဘယ်ဘက်ပါးပြင်ပေါ်ကို ကျရောက်လာတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဒရုန်းဇုန်ရဲ့စကားသံကို ကြားလိုက်ရတယ်။
“အရူးမ၊ အသိတရားဝင်ပါတော့ဟ....”
ဥစာကီက လေပေါ်မှာရပ်နေရင်းနဲ့ သူ့ဘယ်ဘက်ပါးကို ကိုင်ကြည့်လိုက်တယ်။ ပိုးကောင်တစ်ကောင်ရဲ့မျက်နှာ ဖြစ်နေပြီး ဘုရင်မတစ်ပါးအနေနဲ့ အတော်ထူတဲ့အခွံမာကို ပိုင်ဆိုင်ထားတာကြောင့် အဲဒီထိုးချက်က မနာဘူး။ အဲဒီလက်သီးချက်က အများဆုံး A အဆင့်မှာပဲရှိတာ။ ဒါပေမဲ့ သူ့နှလုံးသားထဲမှာ တဆစ်ဆစ်နာကျင်သွားသလိုပဲ။
“နင်...”
ဥစာကီက သူ့ကိုထိုးတဲ့လက်သီးကို ဖမ်းဆွဲလိုက်ပြီး ကြည့်လိုက်တယ်။ တစ်ဖက်မှာတော့ မျက်ရည်မကျအောင် ထိန်းထားတဲ့မျက်နှာနဲ့ ဒရုန်းဇုန်ရှိနေတယ်။ ဒရုန်းဇုန်က နည်းပညာအကူပြု လက်အိတ်နဲ့ ပျံသန်းနိုင်တဲ့ ဂျက်ဖိနပ်ကို ဝတ်ထားရုံကလွဲပြီး တခြားအဆင့်မြင့်ပစ္စည်းတွေမပါဘူး။ ဒီအတိုင်း ဟီးရိုးစျေးကွက်မှာရနိုင်တဲ့ အကူဝတ်စုံအရည်အသွေးနဲ့ ပစ္စည်းတွေကိုဝတ်ထားတာ။
“ဘာပိုးကောင်အင်ပါယာရဲ့ဘုရင်မကြီးလဲ... နင်က ဒီအတိုင်း ငါ့အတန်းဖော်ပဲဥစ္စာ။ တစ်သက်လုံး အတူတူတူစွန့်စားကြမယ်ဆိုတဲ့ကတိက ဘယ်ရောက်သွားပြီလဲ။”
မိရိုင်ကလည်း သူ့ရဲ့မီးစွမ်းအားတွေကို ဖြန့်ကျက်လိုက်တယ်။ မီးတောက်တွေက ကြယ်တွေလိုမျိုး နေရာအနှံကိုပြန့်ကျဲသွားပြီး ဥစာကီရဲ့အနက်ရောင်သံကြိုးတွေကို ပယ်ဖျက်ပစ်လိုက်တယ်။ ဥစာကီရဲ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေပျောက်ကင်းသွားသလို ပိုးကောင်တစ်ဝက်ပုံလည်းပျောက်သွားတယ်။ အခုသူတို့ရှေ့မှာရှိနေတဲ့ ဥစာကီက ကျောင်းသူဝတ်စုံနဲ့ ဥစာကီသက်သက်ပါပဲ။ မိရိုင်ရဲ့ကြယ်တာရာနယ်မြေက ဥစာကီအပေါ်ကိုတောင်မှ သက်ရောက်နေတယ်။ ဒါပေါ့၊ သူရုန်းချင်ရင် ရုန်းထွက်လို့ရတယ်။ ဒါပေမဲ့...
ဥစာကီက လက်ထဲမှာရှိနေတဲ့ဓားနဲ့ မိရိုင်နဲ့ဒရုန်းဇုန်ကို ရွယ်လိုက်မိပေမဲ့ တွေဝေနေမိတယ်။
“ နင်အဲဒီတုန်းက အမှတ်တရတွေကို မှတ်မိနေတုန်းပဲ မဟုတ်လား။ ငါတို့ဖြတ်သန်းခဲ့တဲ့အချိန်တွေနဲ့ ခံစားချက်တွေ။ အဲဒါတွေအားလုံး ရှိနေဆဲမလို့ ဒီဝတ်စုံကို ဝတ်ထားတာမဟုတ်လား။”
ဒရုန်းဇုန်က ဥစာကီရဲ့အင်္ကျီကော်လံကို ဆွဲကိုင်ပြီးတော့ မေးလိုက်တယ်။ ဥစာကီရဲ့ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ခါလာတယ်။ မိရိုင်ကတော့ ဥစာကီရဲ့လက်ကို ဖမ်းဆွဲလိုက်ပြီး
“အစ်မကြီး၊ အိမ်အတူပြန်ရအောင်။”
ဥစာကီက အံ့ကိုတင်းတင်းကြိတ်ထားတယ်။ သူ့အာခေါင်တွေ ခြောက်ကပ်လာသလိုပဲ။ သူ သူတို့ကို နှင်ထုတ်ချင်တယ်။ ဒါပေမဲ့ အဲဒီခွန်အားမျိုးရှိမနေဘူး။
“နင်တို့တွေ ဘာကြောင့်တခြားလူတွေလိုမျိုး ငါ့ကို မကြောက်ကြတာလဲ။ ငါက လူသားတွေကိုဖျက်ဆီးမယ့် ပိုးကောင်တစ်ကောင်ပဲလေ။”
ဥစာကီက မျက်လုံးကိုမှိတ်ပြီး အော်ဟစ်လိုက်တယ်။ ဒရုန်းဇုန်က ဥစာကီရဲ့နဖူးကို သူ့နဖူးနဲ့ဝင်ဆောင့်လိုက်တယ်။ ဒရုန်းဇုန်ရဲ့နဖူးက အရေပြားပေါက်ပြီး သွေးတွေစီးကျလာတယ်။ ဒရုန်းဇုန်က ငိုနေမိပေမဲ့ လေသံမာမာနဲ့ပြောလိုက်တယ်။
“နင်က ပိုးကောင်ဖြစ်သွားတာနဲ့ပဲ ငါ့ရဲ့သူငယ်ချင်းဖြစ်လို့မရတော့တာ မဟုတ်ဘူးလေ။ အဲဒီလိုကန့်သတ်ချက်မျိုး ငါတို့ကြားမှာရှိလို့လား။”
“အစ်မကြီးက အစ်မကြီးပါပဲ။”
ဥစာကီက ဓားကိုပြန်နှိမ့်ထားလိုက်ပြီး သူ့ခြေထောက်တွေကိုသူ ပြန်ငုံကြည့်နေမိပါတယ်။ အဲဒီနောက် အသက်ရှုသံအောက်ကနေ ပြောလိုက်တယ်။
“လူသားတွေနဲ့ပိုးကောင်တွေက ယှဥ်တွဲနေထိုင်ဖို့ မဖြစ်နိုင်ဘူး။”
နောက်တော့ ဥစာကီက မြေပေါ်ကိုဆင်းသက်လိုက်တယ်။ အဲဒီနောက်တော့ တိုက်ပွဲမြေပြင်ကို ကျောခိုင်းပြီး ဖြည်းဖြည်းချင်း စတင်ထွက်ခွာတယ်။ မိရိုင်က ဥစာကီနောက်ကနေ ပြေးလိုက်ချင်ပေမဲ့ ဒရုန်းဇုန်က တားဆီးလိုက်တယ်။
“သူ့ရင်ထဲမှာရှိနေသေးတဲ့ နှလုံးသားကို အသိအမှတ်ပြုတဲ့တစ်နေ့ ငါတို့ဆီပြန်လာမှာပါ။”
...
မှောင်မိုက်တဲ့ လမ်းကြားတစ်နေရာမှာတော့ ဥစာကီက သူ့နှလုံးသားရှိရာနေရာဆီ လက်တင်ပြီးတော့ စဥ်းစားနေတယ်။ သူ့စိတ်ထဲမှာတော့ တွေဝေမှုတွေ၊ မရေရာမှုတွေနဲ့ ပြည့်နှက်နေတယ်။
“ငါက ပိုးကောင်တွေရဲ့မိခင်လေ၊ တခြားမျိုးနွယ်အပေါ်မှာ သံယောဇဥ်မတွယ်နေသင့်တော့ဘူး။”
“နင်က အခုထိလူသားတစ်ယောက် ဖြစ်နေသေးလို့ ဖြစ်မှာပေါ့။” အမှောင်ရိပ်ထဲကနေ အေမီရဲ့စကားသံ ထွက်ပေါ်လာတယ်။ ဥစာကီက ဓားကိုဆွဲထုတ်ပြီး အေမီကိုလိုက်ရှာပေမဲ့ အေမီက ဘယ်တုန်းကမှ နေရာမှာ မရှိခဲ့ဖူးသလိုမျိုး ပျောက်ကွယ်သွားပြီးပြီ။
“ငါက လူသားတဲ့လား၊ ဟာသပဲ။ ငါက ဒီအတိုင်းဥစာကီရဲ့မှတ်ဉာဏ်တွေကို ဝါးမျိုပြီးတော့ ဖြစ်တည်လာတဲ့ ကပ်ပါးကောင်တစ်ကောင်ပဲလေ။ ဒီခံစားချက်တွေက ငါ့ရဲ့ခံစားချက်တွေမဟုတ်ဘူး။ တခြားတစ်ယောက်ရဲ့ခံစားချက်တွေပဲ။”
ဥစာကီက သူ့ကိုယ်သူ ပြန်အယုံသွင်းဖို့ကြိုးစားရင်းနဲ့ သူ့ခေါင်းက ဆံပင်တွေကို ဆွဲဆောင့်မိတယ်။ နောက်တော့ မသေချာမရေရာတဲ့ပုံစံနဲ့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မှိုင်တွေနေတဲ့အကြည့်တွေနဲ့ လမ်းမထက်ကိုကြည့်ရင်း တစ်ကိုယ်တည်းရေရွက်လိုက်ပါတယ်။
“ငါက ဥစာကီရဲ့ဖြစ်တည်မှုကို လုယူခဲ့မိလို့ သူ့နေရာမှာ ဝင်မနေသင့်ဘူးလို့ ခံစားနေရတာလား။ ဒါကြောင့် ဥစာကီရဲ့သူငယ်းချင်းတွေ၊ ချစ်ရသူတွေနဲ့ အတူရှိမနေသင့်ဘူးလို့ ခံစားမိနေတာလား။ ဒါက အပြစ်မကင်းတဲ့ ခံစားချက်လား။ ဒီလိုခံစားချက်မျိုးက ပိုးကောင်တစ်ကောင်မှာ ရှိနေသင့်လို့လား။”
ဝှစ်....
ရုတ်တရက် တိုက်လေကြောင့် ဥစာကီရဲ့ဆံစတွေ လှုပ်ရှားသွားတယ်။ ဥစာကီမော့ကြည့်လိုက်တော့ သူ့ကို စိမ်းသက်တဲ့မျက်လုံးတွေနဲ့ကြည့်နေတဲ့ ယင်ကောင်ကို မြင်လိုက်ရတယ်။ ယင်ကောင်က အတက်အကျမရှိပေမဲ့ ယဥ်ကျေးတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
“အရှင်မ၊ စိတ်ရှုပ်ထွေးနေပါသလား။ ရဲဘော်တွေ အထိအခိုက်များနေတဲ့အတွက်ကြောင့် ပြန်ဆုတ်မိန့်ထုတ်ပြီးပါပြီ။ နန်းတော်ကို ပြန်ကြရအောင်။” ယင်ကောင်က သူ့ညာလက် ဆုပ်ကိုင်ထားတယ်။ ညာလက်ကနေ သွေးရည်ကြည်တွေ စီးကျနေပေမဲ့ ဂရုမစိုက်တဲ့ပုံပဲ။
“ကောင်းပြီလေ၊ ပြန်ကြတာပေါ့။” ဥစာကီက ပြောလိုက်တယ်။
...
မြို့တွင်းတစ်နေရာမှာတော့ အဆောက်အဦးတွေများစွာ ပြိုကျပျက်စီးနေတဲ့ နေရာတစ်ခုရှိတယ်။ အဲဒီနေရာရဲ့အလယ်ဗဟိုမှာ တွင်းချိုင့်ကြီးတစ်ခုရှိနေပြီး နေရာတိုင်းမှာပြန့်ကျဲနေတဲ့ စက်ပစ္စည်းတွေနဲ့နည်းပညာ ဝတ်စုံတစ်ခုရဲ့အပိုင်းအစတွေကို မြင်နိုင်တယ်။ အဲဒီအပျက်အစီးပုံကြီးရဲ့အလယ်မှာတော့ ဒဏ်ရာပရပွနဲ့ ရွှေရောင်ဆံပင်နဲ့မိန်းမငယ်လေးတစ်ယောက် လဲကျနေပါတယ်။ သူ့မျက်လုံးတွေက မိုးကောင်းကင်ပေါ်ကို ကြည့်နေရင်းကနေ တစ်ချက်ချောင်းဆိုးလိုက်တယ်။ လည်ချောင်းထဲ ပျို့တက်လာတဲ့သွေးတွေက ပါးစပ်ထဲကနေ ပန်းထွက်လာပေမဲ့ မိန်းကလေးကတော့ ပြုံးနေဆဲပါ။
“အဲဒီလိုလား၊ ဒီတစ်ခါတော့ ငါရှုံးသွားတာပေါ့။”