နေ့ခင်းဘက် အိပ်မက်
Vol. 10 Ch. 43
ဒရုန်းဇုန်က စာရေးစားပွဲခုံအံ့ဆွဲထဲမှာ ထည့်ထားတဲ့ ရေငွေ့ရိုက်ပြီး ရေစက်ကလေးတွေစီးကျနေတဲ့ ရေခဲရေပုလင်းကို စိုက်ကြည့်နေခဲ့တယ်။ ယူလာတုန်းက ရေခဲရေပုလင်းဆိုပေမဲ့ အခုတော့ သာမန်ရေဖြစ်နေပြီ။ တစ်အောင့်နေတော့ ပျင်းပျင်းရိရိနဲ့ဆရာစာသင်တာကို ပြန်ကြည့်မိပြန်တယ်။
“ဒီပုစ္ဆာပုံစံတူမျိုးကို နောက်ဆုံးစာမေးပွဲမှာ နှစ်တိုင်းမေးတတ်လို့ သေချာလေ့ကျင့်ထားကြနော်။”
“ဟုတ်...” ဆရာ့စကားကို စာကြိုးစားတဲ့ ကျောင်းသားတချို့က အသံကုန်အော်ဟစ်ပြီးပြန်ဖြေကြပေမဲ့ ဒရုန်းဇုန်ကတော့ အဲဒီကလေးတွေထဲမပါဘူးရယ်။ အဲဒီအစား သူက နာရီကို ကြည့်နေပါတယ်။
“ ကျောင်းဆင်းတော့မယ်၊ ကျောင်းဆင်းတော့မယ်။”
ဒရုန်းဇုန်က နာရီကိုကြည့်နေရင်းကနေ သူ့ရှေ့က နှစ်ခုံကျော်မှာထိုင်နေတဲ့ ဥစာကီနဲ့အကြည့်ချင်းဆုံသွားတယ်။ ဥစာကီက သူ့ကို ပြုံးပြနေပြီး သူ့စိတ်ထဲကအတွေးကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိတဲ့အတိုင်းပဲ။
ချောက်... ချောက်... ချောက်...
မကြာခင်မှာပဲ နာရီက ညနေသုံးနာရီကို တည့်တည့်စညွန်ပြတယ်။ ကျောင်းဆင်းခေါင်းလောင်းလည်းမြည်လာပြီး ဆရာအခန်းထဲကနေ ထွက်သွားတယ်။ ကျောင်းသားတွေကတော့ ပြန်ဖို့ပြင်နေကြပြီ။ ဒရုန်းဇုန်က ဥစာကီရှိတဲ့စားပွဲဆီ ချက်ချင်းပြေးသွားလိုက်ပြီး ပြောလိုက်တယ်။
“ဥစာကီ၊ ဒီနေ့လည်း အိမ်အတူပြန်ကြမယ်နော်။”
အဲဒီနောက်တော့ သူတို့နှစ်ယောက်က လက်ချင်းချိတ်ပြီး စာသင်ခန်းထဲကနေ ထွက်လာဖြစ်ကြတယ်။ ဥစာကီနဲ့ဒရုန်းဇုန်တို့နှစ်ယောက်ရဲ့မျက်နှာပေါ်မှာတော့ ကျေနပ်တဲ့အပြုံးနဲ့။
ကျောင်းဆောင်ထဲကနေထွက်တော့ ဒရုန်းဇုန်က အပြင်ကို ကြည့်လိုက်တယ်။ နေက သေလောက်အောင် ပူနေတုန်းပဲ။
“အခုက မတ်လကြီးဆိုတာ ငါမေ့သွားတာပဲ။ ဒီလောက်နေပူနေတာကို နင်ငါနဲ့အတူပြန်မယ်ဆိုရင် အသားတွေမည်းကုန်လိမ့်မယ်နော်။ နင့်အိမ်က လာကြိုတဲ့ကားနဲ့ပဲ လိုက်သွားပါလား။”
ဥစာကီက ခေါင်းခါလိုက်တယ်။ ပြီးတဲ့နောက် ဒရုန်းဇုန်ရဲ့ပခုံးပေါ်ကို မေးတင်လိုက်ပြီးပြောပါတယ်။
“ကားနဲ့တစ်ယောက်တည်းအိမ်ပြန်ရတာ ပျင်းစရာကြီး။ စကားပြောမယ့်အဖော်မရှိဘူး။”
“ဒါပေမဲ့ နင်ထီးမပါလာဘူးမဟုတ်လား။” ဥစာကီ့လက်ထဲမှာ မိစ္ဆာသတ်ဓားပဲရှိတာတွေ့တော့ ဒရုန်းဇုန်က ပြောလိုက်တယ်။ ဥစာကီကလည်း ဒရုန်းဇုန်လက်ထဲက ခေါက်ထီးကိုကြည့်လိုက်ပြီး
“ဒါပေမဲ့ နင့်မှာပါတယ်လေ။”
“.....” ဥစာကီရဲ့ဆိုင်းမဆင့်ဘုံမဆင့်စကားကြောင့် ဒရုန်းဇုန်ရှက်သွေးဖြာသွားပါလေရော။
“နင်... နင်ကတကယ်ကြီး ငါနဲ့ထီးအတူမျှစောင်းမလို့လား။”
“အင်းလေ၊ တစ်ခုခုထူးဆန်းတာ တောင်းဆိုမိလို့လား။”
“မ... မဟုတ်ပါဘူး။” ဒရုန်းဇုန်က မျက်နှာကို ပြန်တည်ရင်းနဲ့ ထီးဖွင့်လိုက်တယ်။ နောက်တော့ ဥစာကီဘက်ကို နည်းနည်းစောင်းပေးပြီး နှစ်ယောက်မျှ ထီးဆောင်းလို့ရစေဖို့အတွက် ပြင်ဆင်ပေးလိုက်တယ်။ နောက်တော့ နှစ်ယောက်လုံး နေပူထဲကို စထွက်ကြပါတယ်။ တခြားကျောင်းသားကျောင်းသူ တွေကတော့ သူတို့ကိုကြည့်ပြီး ပြုံးစိပြုံးစိနဲ့။
“ဥက္ကဋ္ဌနဲ့လက်တွဲဖော်မမ၊ ကောင်းသောညနေခင်းပါ။” ပထမနှစ်ကျောင်းသူလေးတစ်ယောက်က သူတို့ကို နောက်သွားတယ်။ မကြာဘူး ကျန်တဲ့ကျောင်းသားတွေလည်း အလားတူပုံစံမျိုးနဲ့ နှုတ်ဆက်ကြပါလေရော။
“ဥက္ကဋ္ဌနဲ့လက်တွဲဖော်မမ၊ ကောင်းသောညနေခင်းပါ။”
“ဥက္ကဋ္ဌနဲ့လက်တွဲဖော်မမ၊ ကောင်းသောညနေခင်းပါ။”
ကြာတော့ ဒရုန်းဇုန်ရဲ့နဖူးကြောက တင်းလာပြီး လက်သီးကိုဆုပ်လိုက်တယ်။ အဲဒီနောက်တော့ လက်သီးလက်မောင်းတန်းပြီး အကုန်လုံးကို ရန်တွေ့တော့တာပဲ။
“ဘယ်သူက လက်တွဲဖော်လဲဟဲ့၊ နင်တို့တွေက အတော်နားညီးတာပဲ။” ဒီတော့မှ ကျောင်းသားတွေလည်း စိတ်ဆိုးနေတဲ့ ဒရုန်းဇုန်ကို ရှောင်ကွင်းပြီး ထွက်ပြေးသွားကြတယ်။ ဥစာကီကတော့ မျက်နှာလေးနီရဲလို့။
“နားထောင် ဥစာကီ၊ နင်က ကျောင်းကောင်စီဥက္ကဋ္ဌဆိုပေမဲ့ ကျောင်းသားတိုင်းကို သဘောကောင်းနေစရာမလိုဘူးလေ။ မကျေနပ်ရင် ထသာချပစ်လိုက်။ နင်မချချင်ရင်လည်း ငါ့ကိုပြော၊ အကုန်လုံးကို ငါရိုက်လွှတ်ပေးမယ်။”
ဥစာကီက ဒရုန်းဇုန်ရဲ့အားကိုးရတဲ့ပုံစံကြောင့် ပြုံးလိုက်မိတယ်။ အဲဒီနောက်တော့ ဒရုန်းဇုန်ကို ခေါင်းခေါက်လိုက်ပြီး
“ ကျောင်းကောင်စီဥက္ကဋ္ဌဆိုတာက အိန္ဒြေရရနေရတဲ့ ရာထူးလေ။ လူတကာကို နင့်လိုရန်လိုက်တွေ့နေလို့မှမရတာ။”
“ဒါလည်းဟုတ်သားပဲ။” ဒရုန်းဇုန်က လေပူတွေမှုတ်ထုတ်ရင်း ပြောလိုက်တယ်။ သူတို့နှစ်ယောက် လမ်းလျှောက်ရင်း ကျောင်းဝင်းအပြင်ရောက်လာပြီ။ အပြင်မှာ အနက်ရောင် မစ်ဆူဘီရှီကားတစ်စီးနဲ့ ယာမာဂုချီမိသားစုဒရိုက်ဘာက စောင့်နေပေမဲ့ ဥစာကီက တစ်ချက်လွှတ်အမိန့်ပေးလိုက်တယ်။
“ဒီနေ့လည်း ငါတို့အတူပြန်မှာ နင်တို့ပြန်လို့ရပြီ။”
“ဟုတ်ကဲ့၊ မမလေး။” ဒရိုက်ဘာက ဥစာကီကို ဦးညွှတ်ပြီး ကားစက်နှိုးကာ ကျောင်းရှေ့ကနေ ထွက်သွားတယ်။ ဥစာကီတို့ကတော့ ပလက်ဖောင်းပေါ်ကနေ အိမ်ဘက်ကို ဆက်လျှောက်နေကြပါတယ်။
“ဘာလိုလိုနဲ့ တတိယနှစ်ရဲ့နောက်ဆုံးလကိုတောင် ရောက်လာကြပြီနော်။ စာမေးပွဲဖြေပြီးရင် တရားဝင်ဟီးရိုးတွေ ဖြစ်လာကြတာတော့မယ်။”
ဒရုန်းဇုန်တို့က တိုကျိုဟီးရိုးအထက်တန်းကျောင်းရဲ့ တတိယနှစ်ကျောင်းသားတွေဖြစ်ပြီး မကြာခင်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေကြရတော့မှာ။ ဒီအကြောင်းတွေးမိတော့ ဒရုန်းဇုန်က တစ်ခုခုကို စိတ်ဝင်စားသွားပြီး ဥစာကီကို မေးလိုက်တယ်။
“ဒါနဲ့ နင်က ဘယ်တက္ကသိုလ်ရွေးမှာလဲ။ ငါကတော့ တိုကျိုနည်းပညာတက္ကသိုလ်ရွေးဖို့စဥ်းစားထားတာ။ ပါမောက္ခ ကလည်း အဲဒီတက္ကသိုလ်တက်စေချင်တယ်လေ။”
ဥစာကီကတော့ သက်ပြင်းချလိုက်ပါတယ်။ “ငါတို့အိမ်က ငါ့ကိုတက္ကသိုလ်မတက်စေချင်တော့ဘူး။ ဟီးရိုးတစ်ယောက်ဖြစ်လာတာကပဲ လုံလောက်ပြီထင်ကြတယ်လေ။ ဒီတော့ ကျောင်းပြီးတာနဲ့ တိုကျိုဟီးရိုးအစည်းအရုံးကို တာဝန်ယူရမယ်ထင်တယ်။”
“အင်းနော်၊ နင်က S rank ဟီးရိုးအစစ်ဖြစ်နေပြီဆိုတော့ အထက်တန်းအောင်ဖို့ပဲလိုတော့တာ။ ငါတို့လို လိုင်စင်ရဖို့က ပူစရာမှမလိုဘူး။”
ဒရုန်းဇုန်က လက်ကိုနောက်ပစ်ပြီး ခေါင်းပေါ်တင်ထားလိုက်တယ်။ ဥစာကီကလည်း ဒရုန်းဇုန်ကို စိတ်ဝင်တစားကြည့်ရင်းနဲ့ မေးလိုက်ပါတယ်။
“ဒါနဲ့... နင့်အမှတ်တွေက သိပ္ပံဘာသာရပ်တွေကလွဲလို့ မကောင်းဘူးမဟုတ်လား။ ဟီးရိုးလိုင်စင်အတွက်က မစိုးရိမ်မိပေမဲ့ အထက်တန်းမှာအမှတ်နည်းရင် တက္ကသိုလ်ရွေးရခက်လိမ့်မယ်နော်။”
“အေးနော်၊ ဘယ်တစ်ကောင့်သားကများ စိတ်ရူးပေါက်ပြီးတော့ ငါတို့ဂျပန်နိုင်ငံမှာ ဟီးရိုးသင်ရိုးနဲ့ သာမန်အထက်တန်းသင်ရိုးတွေကို ရောသင်ဖို့ ဥပဒေထုတ်ခဲ့တာပါလိမ့်။ ခေတ်သစ်ဂျပန်စာတို့၊ သမိုင်းတို့၊ အင်္ဂလိပ်စာတို့ဆိုရင် ငါမှစိတ်မဝင်စားတာ။”
ဒရုန်းဇုန်ရဲ့ခပ်ချေချေလေသံကြောင့် ဥစာကီက ဗိုက်နှိပ်ပြီးရယ်လိုက်မိတယ်။ “ရပြီ... ရပြီ၊ ဒီလောက်ဆိုရင် နင်အဲဒီအမှတ်ကိစ္စကို ပူပန်မနေမှန်း ငါနားလည်ပြီ။”
ဒရုန်းဇုန်က စာသိပ်မလုပ်ဘူးဆိုပေမဲ့ ညံ့တဲ့အထဲမှာမပါဘူး။ ဥစာကီက အမှတ်နည်းမှာ စိုးရိမ်နေရုံပါ။ ဒရုန်းဇုန်အတွက် အောင်ဖို့က အလွယ်လေးရယ်။ ဒါပေမဲ့ ဒရုန်းဇုန်မှာ တခြားအကြံတစ်ခုရှိနေတယ်။
“တကယ်တော့ ငါလည်း တက္ကသိုလ်မတက်တော့ရင်ကောင်းမလား စဥ်းစားနေတာ။ ဟီးရိုးတစ်ယောက်ဖြစ်လာပြီး နင်နဲ့အတူစွန့်စားနိုင်တာနဲ့တင် လုံလောက်ပါပြီဟာ။ ပါမောက္ခကိုပြောရင်တော့ အနည်းဆုံးမရအရ အဝေးသင်တက်ခိုင်းလိမ့်မယ်ထင်တယ်။”
“အဝေးသင်လည်းမဆိုးပါဘူး။ ငါကတော့ နင့်ကို နည်းပညာဘွဲ့တစ်ခုခုရစေချင်တယ်။ နင်က နည်းပညာဟီးရိုးဆိုတော့ အများကြီးအထောက်အကူဖြစ်မှာကျိန်းသေတယ်။”
ဥစာကီက ဒရုန်းဇုန်နဲ့မျက်လုံးချင်းဆုံအောင်ကြည့်ပြီး ပြောလိုက်တယ်။ ဒရုန်းဇုန်ကလည်း ဥစာကီကို အကြည့်မလွှဲဘဲ ပြန်စိုက်ကြည့်နေခဲ့တယ်။ မကြာခင်မှာပဲ သူတို့နှစ်ယောက်က ကဖေးဆိုင်လေးတစ်ခုကို ဖြတ်မိကြပြီး မွှေးပျံလွန်းတဲ့ ကော်ဖီရနံရဲ့ဆွဲဆောင်မှုကို ခံလိုက်ရတယ်။
“ နဲကိုရာကဖေးကို ရောက်ပြီလား။ မြန်လိုက်တာ။”
“ဒီနေ့ရော ဝင်ထိုင်ကြဦးမလား။”
“ဒါပေါ့။”
...
မိနစ်အနည်းငယ်လောက်ကြာတော့ ဥစာကီနဲ့ဒရုန်းဇုန်တို့က စားပွဲတစ်ခုတည်းမှာ မျက်နှာချင်းဆိုင် ထိုင်ဖြစ်နေကြပြီ။ မကြာခင်မှာပဲ စားပွဲထိုးက မှာထားတာတွေ လာချပေးတယ်။
“ဒီဘက်က ဆံပင်ရှည်နဲ့မမလေးမှာထားတဲ့ စတော်ဘယ်ရီ Parfait ရပါပြီ။ ပြောထားတဲ့အတိုင်း ဝက်ဝံပုံလေးလုပ်ပေးထားပါတယ်။”
ဥစာကီနဲ့ဒရုန်းဇုန်က ရောက်လာတဲ့ ခွက်ထဲက ရေခဲမုန့်နဲ့ဝေဖာရောယှက်ထားတဲ့ စားစရာအချိုပွဲကို ကြည့်လိုက်တယ်။ ပန်းနုရောင်သန်းနေတဲ့ ရေခဲမုန့်ရဲ့အပေါ်မှာ ဝက်ဝံပုံကွက်ကီးလေးတစ်ပြားရှိနေပြီး အလွန်ချစ်ဖို့ကောင်းတယ်။
“စားကောင်းမယ့်ပုံလေး၊ ကြည့်လို့လည်းကောင်းတယ်။” ဒရုန်းဇုန်က ပြောလိုက်ပါတယ်။
“ဒီဘက်က အစ်ကိုလေးအတွက်ကတော့ ပန်ကိတ်နဲ့ အက်ဖ်ရပ်ဆိုတစ်ခွက်ပါ။”
အစ်ကိုလေးလို့ အခေါ်ခံရတဲ့အတွက် ဒရုန်းဇုန်က စားပွဲထိုးကိုယ်တော်ကို ခါးထောက်ပြီးကြည့်လိုက်တယ်။
“ဘာအစ်ကိုလေးလဲ။ ငါဝတ်ထားတာ မိန်းကလေး ကျောင်းယူနီဖောင်းလေ၊ မှားစရာလား။”
ဒီတော့မှ စားပွဲထိုးလည်း ပျာပျာယာယာနဲ့တောင်းပန် ပါလေရော။ “မိန်း... မိန်းကလေးမှန်းသိပေမဲ့ ကျားကျားယားယားနဲ့ဆိုင်ကို ကောင်မလေးခေါ်လာတာဆိုတော့ အစ်ကိုလေးလို့ခေါ်ရင် သဘောကျပြီး မုန့်ဖိုးပေးမလားလို့ ပြောမိတာပါ။ တောင်းပန်ပါတယ်ခင်ဗျ။”
စားပွဲထိုးက ခါးကိုအကြိမ်ကြိမ်ကိုင်းကာ တောင်းပန်ရင်း နောက်ကိုဝင်ပြေးသွားပါလေရော။ ဒရုန်းဇုန်ကတော့ သက်ပြင်းကိုချ စားပွဲခုံမှာပြန်ထိုင်ရင်းနဲ့ ရေခဲမုန့်စစားနေပြီဖြစ်တဲ့ ဥစာကီကို ကြည့်လိုက်ပါတယ်။
“ဥစာကီတို့များ ရေခဲမုန့်စားပြီဆိုရင် ကိစ္စတွေအကုန်လုံးကို မေ့သွားတော့တာပဲ။ အပြစ်ကင်းစင်လိုက်တာ...”
ဒရုန်းဇုန်က တစ်ယောက်တည်းရေရွတ်လိုက်ရင်းနဲ့ ဥစာကီကို တိတ်တိတ်လေး စိုက်ကြည့်နေခဲ့ဖြစ်တယ်။ ဥစာကီက စားနေရင်းတစ်ဝက်လောက်ရောက်မှ အဲဒီအကြည့်ကို သတိထားမိလေရဲ့။
“ဒရုန်းဇုန်... ငါ့မျက်နှာပေါ်မှာ တစ်ခုခုပေနေလို့လား။”
“မဟုတ်ပါဘူး... ဒီလိုအချိန်လေးတွေကို ထာဝရရှိနေစေချင်ရုံပါ။”
ဒရုန်းဇုန်က ဥစာကီနဲ့သူငယ်ချင်းဖြစ်ပြီးကတည်းက နေ့တိုင်း ကျောင်းအတူသွားအတူပြန်ခဲ့ပြီး နေ့တိုင်း ကဖေးဆိုင်ဝင်ထိုင်ဖြစ်ခဲ့တာ။ ဒီအချိန်လေးတွေကို သူသိပ်တန်ဖိုးထားတယ်။ ဘယ်တော့မှ မကုန်ပါစေနဲ့လို့ အမြဲတမ်းဆုတောင်းခဲ့ပေမဲ့ ကျောင်းသူအနေနဲ့နေရမယ့် အချိန်က သိပ်မရှိတော့ဘူး။
...
“ဒရုန်းဇုန်...”
“ဟင်... တစ်ခုခုပြောစရာရှိလို့လား။”
ဆိုင်ထဲက ထွက်လာပြီးနောက်တော့ ဥစာကီက ဒရုန်းဇုန်ရဲ့လက်ကို ဖမ်းဆွဲလိုက်တယ်။ ဒရုန်းဇုန်ကလည်း ဥစာကီကို ပြန်လှည့်ကြည့်ဖြစ်တာပေါ့။
“တကယ်တော့လေ၊ နင်ငါ့ကိုပြောတဲ့ကိစ္စ တွေးနေတာ။ အဲဒါက ဖြစ်နိုင်တယ်လို့။”
“ဘာကိစ္စလဲ။”
“အတူစွန့်စားမယ်ဆိုတဲ့ကိစ္စလေ။ ငါတို့ဟီးရိုးဖြစ်လာရင်လည်း တိုကျိုအစည်းအရုံးကို နေ့တိုင်းလမ်းလျှောက်ပြီး သွားကြပြန်ကြမယ်လေ။ အပြန်ကြရင်လည်း ဆိုင်ဝင်ထိုင်ကြတာပေါ့။ ဒါဆိုရင် ငါတို့တွေ ထာဝရအမြဲတမ်ုး ဒီလိုအချိန်တွေကို အတူတူကုန်ဆုံးနိုင်ကြမှာ။”
ဥစာကီရဲ့စိတ်ကူးကြောင့် ဒရုန်းဇုန်ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ပေါ်လာတယ်။ ဟုတ်တယ်၊ သူလိုချင်နေခဲ့တဲ့အရာက အဲဒီလိုအရာမျိုးပဲ။
“တကယ်နော်... ငါတို့ဟီးရိုးဖြစ်လာရင်လည်း အဲဒီလိုပဲ လုပ်ကြမယ်လေ။”
“အင်း... ကတိပဲ။” ဥစာကီက ဒရုန်းဇုန်ကို လက်သန်းချင်းချိတ်ပြီး ကတိပေးခဲ့တယ်။ အဲဒီနောက်ပိုင်းတော့ သူတို့ကျောင်းပြီးသွားတာတောင်မှ ဥစာကီက ကျောင်းသူဝတ်စုံကို ဆက်ဝတ်နေခဲ့တယ်။ ဟီးရိုးအဖြစ်နဲ့ အလုပ်ရှုပ်နေခဲ့တာတောင်မှ အတူရုံးတက်ရုံးဆင်းလုပ်ရင်း အချိန်တွေကို ဖြတ်သန်းခဲ့ကြတယ်။ အားလုံးအဆင်ပြေနေပြီး ထာဝရအတူရှိနေတော့မယ်လို့ ထင်ရတဲ့အချိန်ကြခါမှ...
...
“ဟူး....” နယ်ဆင်သင်္ဘောပျံထဲကို ပြန်ရောက်နေပြီဖြစ်တဲ့ ဒရုန်းဇုန်က သက်ပြင်းချလိုက်တယ်။ ပိုးကောင်စစ်တပ်က ပြန်ဆုတ်သွားပြီ။ မစ်ရှင်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ သူ့မှာလုပ်စရာမရှိတော့ဘူး။ အဲဒီအစား သူ့ရှေ့မှာချထားတဲ့ ရေစက်လေးတွေစီးကျနေတဲ့ ဖန်ခွက်ထဲက ရေတွေကိုကြည့်ရင်း အတိတ်ကအကြောင်းတွေကို ပြန်အောင့်မေ့နေမိတယ်။
“အမှတ်တရတွေဆိုတာက ကြာလာလေအေးစက်လာလေပဲ။ ဘယ်လောက်ပြန်နွှေးနွှေး လက်ဆတ်မနေတော့ဘူး။ ဒါကြောင့် အဲဒီလိုအချိန်တွေကို ငါက အမြဲတမ်းရှိနေစေချင်တာ။”
ဒရုန်းဇုန်က နာရီကိုမော့ကြည့်လိုက်တယ်။ ညနေ သုံးနာရီထိုးတော့မယ်။ သူ့မျက်နှာကိုကြည့်ပြီး အတွေးတွေကိုဖတ်ပေးမယ့် ဥစာကီလည်းမရှိသလို စာမေးပွဲအကြောင်းပြောမယ့် ဆရာလည်းရှိမနေဘူး။
“နောက်တစ်မြို့ရောက်ပြီပဲ၊ ကဖေးမှာသွားထိုင်ဦးမှ။”
ဒရုန်းဇုန်က ထိုင်ခုံကျောမှီပေါ်တင်ထားတဲ့ အပေါ်ထပ် ဂျာကင်အင်္ကျီကို ဆွဲယူလိုက်ပြီးတော့ ယာဥ်ပျံပေါ်ကနေ ဆင်းသွားလိုက်တယ်။
“ဒါပေမဲ့ ငါယုံကြည်တယ်။ ဒီလိုအချိန်တွေက မကုန်ဆုံးသေးဘူး။ တစ်နေ့ကြရင် ဥစာကီက ငါ့ဘေးနားမှာရှိနေပြီး အတူတူစွန့်စားဖြစ်ကြဦးမှာ။ ဒါက ငါတို့ပေးခဲ့တဲ့ ကတိပဲလေ။”
Volume 10 ပြီးပါပြီ။