လူငယ်တွေကလူကြီးတွေထက်သာတယ်
Vol. 90 Ch. 1254
အခန်း (၁၂၅၄) လူငယ်တွေကလူကြီးတွေထက်သာတယ်
ရန်ကျောက်ကဲ၏ လက်သီးသိုင်းဝိညာဉ်က တိမ်လွှာဧကရာဇ်၏ဓားအစီအရင်ကို ချိုးဖျက်ပြီး တိမ်လွှာဧကရာဇ်ရှေ့သို့ ရောက်ရှိလာသည်။
တစ်ချိန်တည်းပင် တိမ်လွှာဧကရာဇ်၏ခါးဆီမှ ဓားအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
ထိုဓား၏အသွင်အပြင်က ရှေးဟောင်းဓားရှည်တစ်လက်နှင့်ဆင်တူပြီး ရှေးကျကာ အေးစက်သောအငွေ့အသက်များ ထွက်ပေါ်နေသည်။
ဤဓားက တိမ်လွှာဧကရာဇ် သွားလေရာသို့ယူဆောင်သွားလေ့ရှိသော ယိုစိမ့်ခြင်းမရှိ အမတမှော်ဝင်ပစ္စည်း ဖြစ်သည်။
ထိုဓား၏ ဝိညာဉ်စွမ်းအားနှင့် အသိဉာဏ်က အလွန်မြင့်မားသည်ဖြစ်ရာ တိမ်လွှာဧကရာဇ်က ဓားကိုထုတ်ယူလိုက်ခြင်းမရှိပါဘဲ သခင်ကိုကာကွယ်ရန် အလိုအလျောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြင့်တက်လာသော ဓားအလင်းတန်းက ဒိုင်းတစ်ခုပမာ ရန်ကျောက်ကဲ၏လက်သီးချက်ကို ပိတ်ဆို့ထားလိုက်သည်။
မြင်ကွင်းကိုကြည့်ရင်း ဟယ်မြန် ရင်ထဲမကောင်း ဖြစ်သွားသည်။
တိမ်လွှာဧကရာဇ်ဆိုသည်က ကျင့်ကြံခြင်းအဆင့်မြင်မားသလို သက်တမ်းရှည်ကြာ ရပ်တည်ခဲ့သူ တစ်ယောက်ဖြစ်သည်။ ယခု သူ၏သက်တမ်းတစ်လျှောက်တွင် သိုင်းသူတော်စင်တစ်ယောက်နှင့်တိုက်ခိုက်ခဲ့ပြီး ပထမဆုံးအကြိမ် ရှုံးနိမ့်ကာ သူ၏ အမတမှော်ဝင်ပစ္စည်း အလိုအလျောက် ထွက်ပေါ်လာသည်အထိ တွန်းအားပေးခံခဲ့ရသည်။
ရှေးဟောင်းဓားထွက်ပေါ်လာသည့်တိုင် ရန်ကျောက်ကဲက တည်ငြိမ်နေဆဲပင်။ သူ၏ ညာဘက်လက်သီးက တုံ့ဆိုင်းသွားခြင်း မရှိသလို ရပ်တန့်သွားခြင်းလည်း မရှိပေ။
ထိုခဏတွင် သူ၏ ဦးခေါင်းထက်၌ ကြေးမုံမှန်တစ်ချပ် ရုတ်တရက် မြင့်တက်လာသည်။
ကြေးမုံမှန်ထက်တွင် ကြက်ခြေခတ်သဏ္ဌန်အက်ကွဲကြောင်းတစ်ခုရှိနေသောကြောင့် ကြေးမုံမှန် လေးပိုင်းပိုင်းခံထားရသည့်အလား ထင်မှတ်ရ၏။
မှန်အပိုင်း (၄)ပိုင်းတွင် ဖယောင်းတိုင်မီးအိမ် (၄)ခု ရှိနေပြီးအ လင်းရောင်များ ဖြာထွက်နေသည်။
ကြေးမုံမှန်အလင်းတန်း ဆင်းသက်လာပြီး တိမ်လွှာဧကရာဇ်ရှေ့တွင် ပိတ်ဆို့ထားသော ရှေးဟောင်းဓားနှင့် ထိတွေ့သွားသည်။
ရှေးဟောင်းဓားက အဆင့်တူညီသည့် ရန်သူနှင့်ထိတွေ့ရသည့်အခါ ပို၍ပင် လူမဆန် ကြမ်းတမ်းရက်စက်လာသည်။
ထိုကြေးမုံမှန်အား ရန်ကျောက်ကဲက အပြည့်အဝ မသန့်စင်ရသေးသည်ဖြစ်ရာ ရှေးဟောင်းဓားနှင့် ရင်ဆိုင်မိသည်နှင့် ကြေးမုံမှန်အလင်းတန်းက ချက်ချင်း မှေးမှိန်သွားသည်။
သို့သော် ရန်ကျောက်ကဲ၏လက်သီးချက်က ရှေးဟောင်းဓားကိုဖြတ်ကျော်ပြီး တိမ်လွှာဧကရာဇ်၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်သွားသည်။
တိမ်လွှာဧကရာဇ်က ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လေရာ မည်သည့်ထိခိုက်မှုမှ မရှိခဲ့ပေ။ သို့သော် သူ့ခန္ဓာကိုယ် တုန်ခါသွားပြီး နောက်သို့အနည်းငယ် လွင့်စင်သွားသည်။
တာအိုဝတ်စုံဝတ်ထားသော အဘိုးအိုက သူ၏ခန္ဓာကိုယ်ကိုထိန်းသိမ်းလိုက်ပြီး မငြိမ်မသက်ဖြစ်သွားသော ရှေးဟောင်းဓားကို လက်ဖြင့်ဆုပ်ကိုင်ကာ ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
ထို့နောက် သူက ရန်ကျောက်ကဲ၏ ဦးခေါင်းထက်တွင်ရှိနေသော ရှေးဟောင်းကြေးမုံမှန်ကို လှမ်းကြည့်လိုက်သည်။
ဟယ်မြန်သည်လည်း တုန်လှုပ်စွာဖြင့် ရှေးဟောင်းကြေးမုံမှန်ကို လှမ်းကြည့်လိုက်သည်။
“ဖယောင်းနေခြည်ဧကရာဇ်ရဲ့ ကြေးမုံမှန်အလင်းတန်း”
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတို့က တာအိုစကြာဝဠာတွင် တည်ရှိပြီး ထိပ်တန်းတန်ခိုးစွမ်းအားရှင်များ မရေမတွက်နိုင်အောင် များပြားလှသည်။
သို့သော် အထက်ဘုံကမ္ဘာ၏ အုပ်စိုးရှင် (၅)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ဖယောင်းနေခြည်ဧကရာဇ် ကိုယ်နှင့်မကွာ ဆောင်ထားတတ်သည့် ယိုစိမ့်ခြင်းမရှိ အမတမှော်ဝင်ပစ္စည်းဖြစ်သော ‘ကြေးမုံမှန်’ အား တိမ်လွှာဧကရာဇ်နှင့် ဟယ်မြန်တို့ သိရှိနေသည်မှာ မထူးဆန်းပေ။
အထက်ဘုံကမ္ဘာမှ အုပ်စိုးရှင် (၅)ပါးတွင် နေခြည်ဧကရာဇ်က ချီလင်ကမ်းပါးမှ တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ရင်းနှီးမှု ရှိကြသည်။
ရန်ကျောက်ကဲက မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်ကို သတ်ဖြတ်လိုက်သည်ဖြစ်ရာ ဖယောင်းနေခြည်ဧကရာဇ် အနေဖြင့် ရန်ကျောက်ကဲအပေါ် ကျေနပ်နိုင်မည် မဟုတ်ပေ။
သို့ဆိုလျှင် နေခြည်ဧကရာဇ်အနေဖြင့် သူ၏ အမတမှော်ဝင်ပစ္စည်းကို ရန်ကျောက်ကဲအား ငှားယမ်းရန်မှာ ဖြစ်နိုင်ခြေ မရှိလှပေ။
ကြေးမုံမှန်အလင်းတန်း ရန်ကျောက်ကဲလက်ထဲကျရောက်ရသည့် အကြောင်းရင်းတစ်ခုသာ ရှိသည်။
သို့သော် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှလူ(၂)ယောက်ကတော့ ထိုအကြောင်းရင်းကို မယုံကြည်နိုင်ဖြစ်ခဲ့ကြရသည်။
သူတို့ ရန်ကျောက်ကဲနှင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ပြီးသည့်နောက် ရန်ကျောက်ကဲ မည်မျှ စွမ်းအားကြီးကြောင်း သိရှိခဲ့ကြသည်။
အပြာရောင်ခရီးရှည်အရှင်သခင် (၇)ပါးတွင်ပါဝင်သည့် တိမ်လွှာခွင်းဧကရာဇ်က စန်းချင်း (၃)ပါးအဆက်အနွယ် (၃)ခုတွင် အသက်အကြီးဆုံးနှင့် ဝါအကြီးဆုံးဖြစ်ပြီး အထက်ဘုံကမ္ဘာမှ တိဟွမ်မြေကမ္ဘာဧကရာဇ် ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့နှင့် မျိုးဆက်တူညီသူ ဖြစ်သည်။
အကြောင်းကြောင်းကြောင့် အစစ်အမှန်နတ်ဘုရားအဆင့်တွင် လိုလိုလားလားပင် နေထိုင်ခဲ့သော်လည်း သူက အခြားသော အစစ်အမှန်နတ်ဘုရားများနှင့် တူညီသည် မဟုတ်ပေ။
မိန်းမပျိုဧကရာဇ် ကျဲ့မင်ခုန် မပါဘဲ အထက်ဘုံကမ္ဘာမှ ကျန်ရှိသည့် အုပ်စိုးရှင် (၄)ပါ ဝိုင်းတိုက်မည်ဆိုလျှင်ပင် တိမ်လွှာခွင်းဧကရာဇ်ကို အနိုင်ရမည် မဟုတ်ပေ။
သို့တိုင် ထိုသို့သော ပုဂ္ဂိုလ်တစ်ယောက်က ရန်ကျောက်ကဲ၏လက်သီးချက်အောက်တွင် ရှုံးနိမ့်နေဆဲ ဖြစ်သည်။
သို့သော် တိုက်ပွဲရှုံးသည်က တခြားကိစ္စဖြစ်ပြီး ရန်ကျောက်ကဲလက်ထဲရောက်ရှိနေသည့် ရှေးဟောင်းကြေးမုံမှန်က မတူညီသည့်ကိစ္စတစ်ခု ဖြစ်သည်။
လက်ရှိတွင် ရန်ကျောက်ကဲက နေခြည်ဧကရာဇ်ထံမှ ကြေးမုံမှန်ခဏငှားထားခြင်းဖြစ်ပါစေဟု ဟယ်မြန် မျှော်လင့်နေမိသေးသည်။
အခြားသော နောက်ဆက်တွဲကိစ္စများကို သူ တွေးမကြည့်ဝံ့ခဲ့ပေ။
“သူ့မှာ မူလကောင်းကင်ဖွင့်ဓား ဒါမှမဟုတ် တခြား အမတမှော်ဝင်ပစ္စည်းတွေ ပါလာသေးလားမသိဘူး”
ရန်ကျောက်ကဲကိုကြည့်ရင်း ဟယ်မြန် တွေးလိုက်၏။
အတွေးနှင့်အတူ သူ့ရင်ထဲ ခါးသက်မှုများပြင်းထန်လာသလို လက်ရှိတွင် ထိုအကြောင်းများကို စဉ်းစားရန် သိပ်မလိုအပ်တော့ပေ။
နတ်ဘုရားတစ်ပါးဖြစ်လာပြီးနောက် ဟယ်မြန်က လုန်ရွှယ်ကျီးကိုတိုက်ခိုက်ရန် ယုံကြည်မှု ရှိနေဆဲ ဖြစ်၏။
သို့သော် ရန်ကျောက်ကဲနှင့်တိုက်ပွဲအပြီးတွင် သူ့စိတ်ထဲ မသေချာမရေရာမှုများဖြင့် ပြည့်နက်နေခဲ့သည်။
ဤသည်က သူ့ဘဝတွင် မကြုံစဖူး အတွေ့အကြုံတစ်ခု မဟုတ်ပါလား။
ယခု လက်ရှိနေရာသို့ ရောက်ရှိလာသည်မှာ ဟယ်မြန်၏ ပြင်းထန်သည့်စိတ်ဆန္ဒနှင့် ဇွဲလုံ့လကြောင့်ဖြစ်သည်မှာ သံသယဝင်စရာ မရှိပေ။
ရုတ်တရက် စိတ်မတည်မငြိမ်ဖြစ်သွားကြောင်း ခံစားလိုက်မိသည်နှင့် ဟယ်မြန်က ချက်ချင်းပင် စိတ်တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။
သတိအနေအထားဖြင့် သူ၏ခန္ဓာကိုယ်တွင်း စိတ်ဆန္ဒအား ဓားတစ်လက်ပမာ ထက်ရှလာစေရန် တည်ဆောက်လိုက်၏။
ရန်ကျောက်ကဲက ဟယ်မြန်ကို ကြည့်ရှုခြင်းမရှိသလို သူ့ဦးခေါင်းထက်မှ ကြေးမုံမှန်အကြောင်း ရှင်းပြပြောဆိုခြင်းလည်း မရှိပေ။
သူက တိမ်လွှာဧကရာဇ်ကို ကြည့်ရင်း...
“တိမ်လွှာဧကရာဇ်ရဲ့ အစီအရင်က အရမ်းကို ချီးကျူးစရာကောင်းလွန်းပါတယ်”
ပြောပြီးသည်နှင့် သူက ကြေးမုံမှန်အလင်းကို ရုတ်သိမ်းလိုက်ပြီး တိမ်လွှာဧကရာဇ်ကို ပြုံပြလိုက်သည်။
စန့်ချင်အဆက်အနွယ်မှ ကြီးမြတ်သော ဓားသိုင်းကျင့်ကြံသူဖြစ်သည့် တိမ်လွှာဧကရာဇ် က ဓားသိုင်းပညာရော ဓားအစီအရင်တည်ဆောက်ရာတွင်ပါ ကျွမ်းကျင်သူ ဖြစ်သည်။
ထိုဆရာတပည့်နှစ်ယောက်နှင့်တိုက်ခိုက်ပြီးနောက် တိမ်လွှာဧကရာဇ်က အချိန်အတန်ကြာ ပျောက်ကွယ်နေခဲ့သော ဒဏ္ဍာရီလာ “နတ်ဘုရားသုတ်သင်အစီအရင်” ကို ပြန်လည်ဖော်ထုတ်လိုစိတ်ရှိနေကြောင်း ရန်ကျောက်ကဲ မသိမသာ ခံစားလိုက်ရသည်။
တိမ်လွှာခွင်းဧကရာဇ်က ခေါင်းခါယမ်းရင်း...
“အဲဒီလောက် မရိုးရှင်းပါဘူး ၊ ငါက အဲဒီအစီအရင်ကိုပြန်ဖော်ထုတ်ချင်ပေမယ့် အစမှာတင် ပိတ်မိနေခဲ့တယ်”
ရန်ကျောက်ကဲက...
“အမှန်ပဲ ၊ ဧကရာဇ်မင်းမှာသာ ဒီလိုအစီအရင်ပိုင်ဆိုင်ထားရင် ကျွန်တော့်ကို အနိုင်ယူပြီးနေလောက်ပြီ”
ထို့နောက် သူက လက်တစ်ဖက်ဝှေ့ယမ်းရင်း...
“ဒီနေ့ ဧကရာဇ်မင်းကို ကျွန်တော်က အနိုင်ရတယ်ဆိုရုံလေး ရလိုက်တာပါ ၊ တကယ်လို့ ဧကရာဇ်မင်းက ဆက်ပြီးတိုက်ခိုက်ချင်တယ်ဆိုရင်လည်း ကျွန်တော့်ဘက်က ငြင်းမှာမဟုတ်ပါဘူး ၊ ကျန့်ချန်ဓားကို အသုံးပြုပြီး ဆက်တိုက်မယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ကျွန်တော် တာအိုရောင်းရင်း’ဟယ်’ ကို ပြောခဲ့သလိုပဲ ၊ ဒီဆေးလုံးခန်းမထဲမှာ ထူးဆန်းတာတစ်ခုခု ဖြစ်နေပါတယ် ၊ အဲဒါကို လျှော့တွက်လို့ မရပါဘူး”
ကျန့်ချန်ဓားဆိုသည်က တိမ်လွှာခွင်းဧကရာဇ်၏ ရှေးဟောင်းဓားကို ပြောခြင်း ဖြစ်သည်။ ထိုဓားက ယိုစိမ့်ခြင်းမရှိ အမတမှော်ဝင်ဓားတစ်လက်ပင်။
တိမ်လွှာခွင်းဧကရာဇ်၏ ကျင့်ကြံခြင်းအဆင့် ၊ တန်ခိုးစွမ်းအားဖြင့်ဆိုလျှင် ဤသို့သောဓားတစ်လက်ကိုကိုင်ဆောင်လိုက်မည်ဆိုပါက အခြားသူများနှင့်မတူ အလွန်တရာ တန်ခိုးစွမ်းအား မြင့်မားသွားပေလိမ့်မည်။
တိမ်လွှာဧကရာဇ် ခေါင်းခါယမ်းလိုက်သည်။
ရန်ကျောက်ကဲက ရှေးဟောင်းကြေးမုံမှန်ကို မသန့်စင်ရသေးကြောင်း သူ သိရှိသော်လည်း ထိုလူငယ်တွင် မူလကောင်းကင်ဖွင့်ဓား သို့မဟုတ် အခြားသော အမတမှော်ဝင်ပစ္စည်းများ အတူယူဆောင်လာခြင်း ရှိ မရှိ မည်သူမှ မသိနိုင်ပေ။
သူ့တွင် ထိုမှော်ဝင်ပစ္စည်းများ ပါမလာသည့်တိုင် ရန်ကျောက်ကဲက ပင်ကိုယ်အစွမ်းအစဖြင့် သူ့လက်မှလွတ်အောင် ရုန်းထွက်နိုင်စွမ်း ရှိမည်သာပင်။
ထို့ပြင် တိမ်လွှာဧကရာဇ်က ကြေးမုံမှန်အလင်းကို တွေ့မြင်သည်နှင့် အခြားအကြောင်းအရာများကိုလည်း ချက်ချင်းစဉ်းစားခဲ့သည်။
သူက ရန်ကျောက်ကဲကိုကြည့်ရင်း...
“လူငယ်မျိုးဆက်တွေက အရင်မျိုးဆက်ဟောင်းထက် သာလွန်တာပဲ ၊ သူတို့ရဲ့အဆက်အနွယ်က ဒီလောက်တော်တယ်ဆိုတာ သိရရင် ရန်ရှင်းထန်နဲ့ တိချင်းလျန်တို့ အေးအေးချမ်းချမ်း အနားယူနိုင်မှာပါ”
ရန်ကျောက်ကဲက ဦးညွှတ်လိုက်ရင်း...
“တိမ်လွှာဧကရာဇ်က ချီးကျူးလွန်းနေပါပြီ”
ထို့နောက် သူက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကိုယူလိုက်ပြီး အောက်ဘက်တွင်ရှိနေသော ဆေးသိုလှောင်ရုံကို တစ်ချက်ပင် မကြည့်တော့ပေ။
ဆေးသိုလှောင်ရုံအတွင်းမှ ဝိညာဉ်ဆေးလုံးများနှင့် နတ်ဆေးလုံးအများအပြားကို သူ ယူဆောင်ခဲ့ပြီး ဖြစ်၏။
ကျန်ရှိသောဆေးများက အလွန်တရာ အဖိုးတန်ဆဲဖြစ်သော်လည်း ထိုအရာများကို ပြန်ယူနေရန် သူ့တွင် အချိန်မရှိတော့ပေ။
တိမ်လွှာခွင်းဧကရာဇ် ၊ ဟယ်မြန်တို့နှင့် တိုက်ခိုက်ရသည်မှာလည်း အချိန်အတော်ယူခဲ့ရသည် မဟုတ်ပါလား။
ယခု ရန်ကျောက်ကဲ စိတ်ပူသည်မှာ ရန်သူက သူ့ထက်ခြေတစ်လှမ်းစောပြီး ဆေးသိုလှောင်ရုံမှ နတ်ဆေးလုံးအမြောက်အမြား ရယူသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
ခဏမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲက ဆက်လက်ခရီးနှင်ရန် ဆုံးဖြတ်လိုက်သည်။
ယခုတစ်ကြိမ်မှာတော့ သူ၏ဦးတည်ရာက အဂ္ဂိရတ်ခန်းမ၏ ပင်မထိန်းချုပ်ရေးဗဟိုသို့ ဖြစ်သည်။
တိမ်လွှာဧကရာဇ်နှင့် ဟယ်မြန်တို့က ရန်ကျောက်ကဲ၏လှုပ်ရှားမှုများကို စိတ်ဝင်တစားဖြင့် ကြည့်နေပြီးနောက် ဟယ်မြန်က ဆရာဖြစ်သူကို လှမ်းကြည့်လိုက်သည်။
တိမ်လွှာဧကရာဇ်က ခေါင်းခါယမ်းရင်း...
“ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုမရှိရင် အောက်ဘက်ကဗလာနယ်ကို အချိန်တိုအတွင်းဖွင့်လှစ်နိုင်ဖို့ ခက်ခဲလိမ့်မယ်”
ပြောပြီးသည်နှင့် သူက ရန်ကျောက်ကဲနောက်လိုက်ပါသွားလေရာ ဟယ်မြန်သည်လည်း ဆရာဖြစ်သူနောက်မှ လိုက်သွားလေသည်။
တိမ်လွှာဧကရာဇ်က...
“ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား စောစောကပြောတဲ့စကားအရဆိုရင် ကောင်းကင်ဘုံနန်းတော် ၊ အဂ္ဂိရတ်ခန်းမကိုယ်တိုင်က တစ်ခုခု ပုံမှန်မဟုတ်တာမျိုး ဖြစ်နေတာလား”
အကယ်၍ တိမ်လွှာဧကရာဇ်က ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ရယူနိုင်မည်ဆိုပါက သူ၏ရည်ရွယ်ချက် ပြီးမြောက်သွားသဖြင့် ဤနေရာမှ ချက်ချင်း ထွက်ခွာသွားမည် ဖြစ်သည်။
ယခုတော့ ထိုမီးပြင်းဖိုကို မရနိုင်တော့သည်ဖြစ်ရာ အဂ္ဂိရတ်ခန်းမကို လှည့်လည်ကြည့်ရှုပြီး အခြားအဖိုးတန်ပစ္စည်းများ ရရှိရန်သာ ကြိုးစားရပေတော့မည်။
ပြီးတော့ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကသာ တစ်ခုတည်းသော ဒဏ္ဍာရီလာ ရတနာပစ္စည်း မဟုတ်ပေ။ အခြားသော ဒဏ္ဍာရီလာ ရတနာပစ္စည်းများစွာ ရှိနေပေသေးသည်။
ရန်ကျောက်ကဲကလည်း တိမ်လွှာဧကရာဇ်တို့ဆရာတပည့် သူနှင့်လာရောက်ပူးပေါင်းသည်ကို တွန့်ဆုတ်နေခြင်း မရှိခဲ့ပေ။
သူက...
“ဆေးသိုလှောင်ရုံထဲမှာတုန်းက တည်ရှိမှုတစ်ခု ရှိနေတာကို အာရုံခံမိတယ် ၊ ကြည့်ရတာ ‘သိစိတ်ဝိညာဉ်’ တစ်ခုလိုမျိုးပဲ”
သူက ဆက်ပြောသည်။
“ကျွန်တော့်ထက်အရင် ဒီနေရာကိုဝင်လာတဲ့သူ တစ်ယောက်ယောက်လား ၊ ဒါမှမဟုတ် မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက ဒီမှာရှိနေတဲ့အရာလားတော့ မသိနိုင်သေးဘူး ၊ ဒါပေမဲ့ အဲဒီအရာကို သတိထားတာတော့ မမှားနိုင်ဘူး”
ထိုစကားကြားတော့ တိမ်လွှာဧကရာဇ်နှင့် ဟယ်မြန်တို့ မျက်မှောင်ကျုံ့လိုက်ကြသည်။
ဟယ်မြန်က သူ့ကိုယ်သူ ရေရွတ်ရင်း ညည်းတွားလိုက်၏။
“ပြီးတော့ နတ်မိစ္ဆာမျိုးနွယ်တွေကလည်း ရှိနေသေးတယ်”
ရန်ကျောက်ကဲက...
“အမှန်ပဲ...”
ရန်ကျောက်ကဲ၏စိတ်အာရုံက ထိန်းချုပ်ရေးဗဟိုတွင်ရှိနေသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ချိတ်ဆက်ထားသည်။
ထို့ကြောင့် အဂ္ဂိရတ်ခန်းမထဲသို့ လူတစ်စုဝင်လာသည်ကို သိရှိခဲ့ပြီး ယခုဆိုလျှင် ထိုအုပ်စုက အဂ္ဂိရတ်ခန်းမထဲတွင် စွန့်စားပြီး ခရီးဆန့်နေပြီ ဖြစ်သည်။
ရှေ့သို့သွားရာလမ်းအတိုင်း အာကာသအလွှာများကို ဖြတ်ကျော်ပြီးနောက် သူတို့ရှေ့မှ မှောင်မိုက်နေသော စကြာဝဠာထဲတွင် အလင်းရောင်များဖြာထွက်နေသည့် ကြယ်စင်များကို တွေ့မြင်လိုက်ရသည်။
ရန်ကျောက်ကဲ မျက်ဝန်းများကို ကျဉ်းမြောင်းရင်း ရွေတ်လိုက်သည်။
“အဂ္ဂိရတ်ခန်းမရဲ့ ပင်မထိန်းချုပ်ရေးဗဟို ‘ခရမ်းရောင်ဝိညာဉ်ခန်းမ’...”