အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ မတူညီသည့်သဘောထားများ
Vol. 90 Ch. 1255
အခန်း (၁၂၅၅) အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ မတူညီသည့်သဘောထားများ
အဂ္ဂိရတ်ခန်းမ၏ အတွင်းပိုင်းစကြာဝဠာထဲတွင် အထူးနည်းလမ်းအသုံးပြုပြီး အသက်ဝင်အောင် နှိုးဆွခြင်းမပြုပါက တွေ့မြင်ရခြင်းမရှိသော နေရာအများစု ရှိနေပေသည်။
‘ခရမ်းရောင်ဝိညာဉ်ခန်းမ’ က ပင်မဗဟိုချက်ဖြစ်ပြီး ကြယ်ရောင်များဖြင့် လင်းလက်လျှက် ရှိသည်။
ဗလာနယ်အမှောင်ထုထဲတွင် လူတစ်ယောက်အနေဖြင့် မည်သည့်နေရာရောက်နေကြောင်း မသိရှိနိုင်သော်လည်း ကြယ်ရောင်များတောက်ပနေသည့် ဤနေရာကတော့ အဂ္ဂိရတ်ခန်းမ၏ ဗဟိုချက်ဖြစ်သည်ဆိုသော ခံစားချက်ကို ပေးစွမ်းသည်။
တိမ်လွှာခွင်းဧကရာဇ်နှင့် ဟယ်မြန်တို့က ဤနေရာသို့ ပထမဆုံး ရောက်ဖူးခြင်း ဖြစ်သော်လည်း ဤနေရာက တစ်စုံတစ်ခု ထူးခြားကြောင်း အတတ်ပြောနိုင်ကြသည်။
ရန်ကျောက်ကဲ ဤနေရာသို့ ရောက်အောင်လာနိုင်ခြင်းအတွက် သူတို့နှစ်ယောက်လုံး ရန်ကျောက်ကဲအပေါ် အမြင်ပြောင်းလဲကာ အတော်လေး အထင်ကြီးသွားကြသည်။
ဟယ်မြန်တို့ဆရာတပည့်နှစ်ယောက် ဆေးသိုလှောင်ရုံ၏တည်နေရာကို ရှာဖွေခဲ့သည်မှာ ကြက်ကန်းဆန်အိုးတိုးခြင်း မဟုတ်ပေ။
သူတို့တွင် အဂ္ဂိရတ်ခန်းမနှင့်ပတ်သက်သည့် သတင်းအချက်အလက်အချို့ ရရှိထားပြီး ထိုသဲလွန်စများက ဆေးသိုလှောင်ရုံနှင် ပတ်သက်နေသည်။
ဆေးသိုလှောင်ရုံအား လျှို့ဝှက်ဆန်းကြယ်သော အရိပ်များက ဖုံးလွှမ်းထားသဖြင့် ရှာဖွေရခက်နေသည့်တိုင် အဆုံးသတ်မှာတော့ မလိုလားအပ်သည့်ကိစ္စများ ဖြစ်မလာဘဲ ထိုနေရာကို ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော် ရန်ကျောက်ကဲက သူတို့ထက်ပိုပြီး လျှင်မြန်နေခဲ့သည်။
ဆေးသိုလှောင်ရုံတွင် သူတို့အချင်းချင်း တွေ့ဆုံခြင်းက မတော်တဆမှုတစ်ခု ဖြစ်နိုင်ပေ၏။
သို့သော် ယခု ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမအတွင်းမှ ခရမ်းရောင်ဝိညာဉ်ခန်းမကို လွယ်ကူစွာ ရှာဖွေတွေ့ရှိသည်မှာ တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ပေ။
ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုက အဂ္ဂိရတ်ခန်းမ၏ အရေးကြီးသောနေရာများစွာကို ဖွင့်လှစ်နိုင်မည် ဖြစ်သော်လည်း လမ်းကြောင်းပြသည့်အလုပ်ကိုတော့ လုပ်ဆောင်ပေးနိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲက ခရမ်းရောင်ဝိညာဉ်ခန်းမအား ရှာတွေ့သွားကြောင်း သိရှိသည့်အခါ တိမ်လွှာခွင်းဧကရာဇ်နှင့် ဟယ်မြန်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နက်လျှက် ရှိလေ၏။
သို့သော် သူတို့နှစ်ယောက်လုံး စကားမပြောဖြစ်ကြဘဲ အကြည့်များက ရန်ကျောက်ကဲထံပြန်ရောက်သွားပြီး ထိုလူငယ်ကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။
ဟယ်မြန်တို့ဆရာတပည့်နှစ်ယောက် သူ့ကိုအာရုံစိုက်နေကြောင်း ရိပ်မိသည့်တိုင် ရန်ကျောက်ကဲက လျစ်လျူရှုရန် ရွေးချယ်လိုက်သည်။
သူက အရှေ့ဆီမှ ကြယ်စင်ရောင်များဖြာကျနေသည့် ကောင်းကင်ကြီးကို အကဲခတ်ရင်း...
“ဒီကို အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ဘယ်သူတွေ ရောက်လာသေးလဲ”
တိမ်လွှာဧကရာဇ်တို့ ဆရာတပည့် (၂)ယောက်ကလည်း ဖုံးကွယ်ထားရန် အစီအစဉ်မရှိပေ။
ဟယ်မြန်က တည်ငြိမ်သည့်အမူအရာဖြင့်...
“ငါတို့ဆရာတပည့်အပြင် ကျွင်းဧကရာဇ်လည်း ရောက်လာတယ်”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
“ဆရာဦးလေး’လုန်’ လည်း ဒီကိုရောက်လာတာပေါ့”
ဟယ်မြန်ပြောသည့် “ကျွင်းဧကရာဇ်” ဆိုသည်မှာ ‘လုန်ရွှယ်ကျီး’ ၏ ဘွဲ့အမည် ဖြစ်သည်။
နတ်ဘုရားအဖြစ် အဆင့်တက်ရောက်ပြီးနောက် အုပ်စိုးရှင်တစ်ပါးအဖြစ် စာရင်းဝင်သွားပြီဖြစ်သော လုန်ရွှယ်ကျီးအား “ကျွင်းဧကရာဇ်” သို့မဟုတ် “ချွင်ကျွင်းဧကရာဇ်” ဟု လူသိများကြလေသည်။
ရန်ကျောက်ကဲက...
“ရွှမ်ဟွမ်ဧကရီ ၊ နွယ်ပင်ဧကရီနဲ့ ဆရာဘိုးဘိုး’လုန်’ တို့ ဒီကိုမလာကြဘူးလား”
ပြောပြီးသည်နှင့် သူက လက်ကိုပင့်မြှောက်ကာ လေထုထဲတွင် အင်းသင်္ကေတများ စတင်ရေးသားလိုက်သည်။
အင်းသင်္ကေတများက အလင်းတန်းများနှင့်အတူ ပေါင်းစပ်ဖွဲ့စည်းသွားပြီး ပျက်ပြယ်သွားခြင်းမရှိဘဲ လေထုထဲတွင် ဆက်လက်တည်ရှိနေသည်။
ရန်ကျောက်ကဲတွေးထားသည့်အတိုင်း ငြိမ်သက်ဧကရာဇ်နှင့် စစ်မှန်ဧကရာဇ်တို့ကတော့ ရောက်ရှိလာကြခြင်း မရှိပေ။
သူတို့နှစ်ယောက်မှာ ငရဲကိုးထပ်တွင် မိန်းမပျိုဧကရာဇ်လက်ချက်ဖြင့် ဒဏ်ရာရခဲ့ကြသည်ဖြစ်ရာ ထိုဒဏ်ရာများပြန်လည်ကောင်းမွန်လာသည့်တိုင် အနားယူရန် လိုအပ်နေသေးသည်။
စန့်ချင်အဆက်အနွယ်ကျင့်ကြံသူများက အခြားသူများကိုသတ်ဖြတ်ရာတွင် မှန်ကန်တိကျသော်လည်း မိမိ၏ရုပ်ခန္ဓာထိခိုက်မှုကို ထိန်းချုပ်ကိုင်တွယ်နိုင်ခြင်း မရှိကြပေ။
အထူးသဖြင့် လင်ပေါင်ဓားသိုင်း (၄)မျိုးကို ကျင့်ကြံသော ဓားသိုင်းကျင့်ကြံသူများတွင် ထိုအားနည်းချက် ရှိလေသည်။
လင်ပေါင်ဓားသိုင်း (၄)မျိုးက အလွန်တရာ ရက်စက်ကြမ်းတမ်းလှသည်ဖြစ်ရာ ရန်သူများကိုသတ်ဖြတ်ရာတွင် များစွာအသာစီးရနိုင်သော်လည်း ၊ ထိုဓားသိုင်းပညာရပ်များက ကျင့်ကြံသူ၏ရုပ်ခန္ဓာကို များစွာ ထိခိုက်စေသည်။
ကျင့်ကြံရာတွင် သတိတစ်ချက်လွတ်သည်နှင့် ခန္ဓာကိုယ် အပြင်းအထန် ထိခိုက်သွားနိုင်ပေ၏။
ကျင့်ကြံသူတစ်ယောက်သည် လင်ပေါင်ဓားသိုင်း (၄)မျိုးကိုသာ သီးသန့်ကျင့်ကြံမည်ဆိုလျှင် ပြင်းထန်လှသော ဓားဝိညာဉ်များကို ထိန်းသိမ်းထားရန်အတွက် ရုပ်ခန္ဓဦကြီးမားစွာထိခိုက်ခြင်းအား ခံစားရမည် ဖြစ်သည်။
ဓားသိုင်း၏ ထူးကဲသောစွမ်းအားကိုပိုင်ဆိင်နိုင်မည်ဖြစ်သော်လည်း ရှည်လျားသောတိုက်ပွဲများအတွက် ရုပ်ခန္ဓာက ခံနိုင်ရည် ရှိတော့မည် မဟုတ်ပေ။ သာမန်အားဖြင့် တိုက်ပွဲအတိုများအတွက်သာ အဆင်ပြေနိုင်သည်။
လင်ပေါင်ဓားသိုင်း (၄)မျိုးကို ခေတ်သစ်ဂန္ထဝင်ကျမ်းစာ (၅)စောင်ဖြင့် တွဲဖက်ကျင့်ကြံမည်ဆိုလျှင်တော့ ရုပ်ခန္ဓာတည်ငြိမ်စေပြီး အသက်ဓာတ်စွမ်းအားကိုလည်း ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့် ကြီးမားသည့် ရုပ်ခန္ဓာထိခိုက်ခြင်းနှင့် စွမ်းအားလောင်ကျွမ်းခြင်းမှ ကာကွယ်ပေးနိုင်သည်။
သို့တိုင် ယွိချင်အဆက်အနွယ်နှင့် ထိုက်ချင်အဆက်အနွယ်များထက် ရုပ်ခန္ဓာစွမ်းအား အားနည်းနေဦးမည်သာပင်။
တိမ်လွှာဧကရာဇ်နှင့် ဟယ်မြန်တို့က ရန်ကျောက်ကဲရေးဆွဲနေသည့် အင်းသင်္ကေတများကို အာရုံစိုက်ပြီး ကြည့်နေကြသည်။
ရန်ကျောက်ကဲမေးခွန်းကိုကြားတော့ ဟယ်မြန်က...
“ရွှမ်ဟွမ်ဧကရီနဲ့ လုန်ချွမ်ဧကရာဇ်ရော ၊ တည်ထောင်သူဆရာဘွားဘွားရော တံခါးပိတ်ကျင့်ကြံရာက ထွက်မလာသေးဘူး ၊ သူတို့ အမီထွက်လာနိုင်ရင်တော့ ဒီကိုလိုက်လာကြမယ်ထင်တယ် ၊ ဒါပေမဲ့...”
သူက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ...
“စုန်းဟွမ်ခမ်းနားခြင်းဧကရာဇ် ရောက်လာတယ်”
ထိုစကားကြားတော့ အင်းသင်္ကေတများရေးဆွဲနေသည့် ရန်ကျောက်ကဲ၏လက်ချောင်းများ ခဏမျှ တုံ့ဆိုင်းသွားသည်။
“စုန်းဟွမ်ခမ်းနားခြင်းဧကရာဇ် ဟုတ်လား...”
“စုန်းဟွမ်ခမ်းနားခြင်းဧကရာဇ် ‘ကျန်းပုရွှီး’ ကို ပြောတာလား”
ရန်ကျောက်ကဲက ‘ကျန်းပုရွှီး’ ဆိုသောအမည်ကို တိုက်ရိုက်ခေါ်လိုက်ခြင်းအား ဟယ်မြန်က မကြားချင်ယောင်ဆောင်နေလိုက်သည်။
တိမ်လွှာဧကရာဇ်က ခေါင်းညိတ်ရင်း...
“အမှန်ပဲ ၊ အဲဒါက တာအိုရောင်းရင်း’ကျန်း’ ပဲ”
စုန်းဟွမ်ခမ်းနားခြင်းဧရာဇ်’ကျန်းပုရွှီး’ ဆိုသည်က ရွှမ်ဟွမ်ဧကရီ’ကောင်းချင်းရွှမ်’ ၊ တိမ်လွှာခွင်းဧကရာဇ်တို့ကဲ့သို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုတည်ထောက်ခဲ့သော အပြာရောင်ခရီးရှည်အရှင်သခင် (၇)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး စန့်ချင်အဆက်အနွယ်မှ နက်ရှိုင်းနတ်ဘုရားတစ်ပါး ဖြစ်သည်။
သို့သော် အမတခုံရုံးနှင့်ပတ်သက်ပြီး အထက်ဘုံကမ္ဘာတွင် သဘောထားကွဲလွဲမှုများရှိသကဲ့သို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင်လည်း အလားတူဖြစ်ရပ်မျိုး ရှိခဲ့သည်။
ခြုံပြောရလျှင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက အမတခုံရုံးအပေါ် အတော်လေး သဘောထားပြင်းထန်တင်းမာသည်။
သို့သော် အမတခုံရုံးအပေါ် သဘောထားပျော့ပြောင်းသော စန့်ချင်အဆက်အနွယ်အချို့လည်း ရှိကြသည်ပင်။
သူတို့က အထက်ဘုံကမ္ဘာကဲ့သို့တွေးခေါ်ပြီး လက်ရှိအချိန်တွင် သိုသိုသိပ်သိပ်နေထိုင်ကာ အင်အားကြီးမားအောင်ကြိုးစားလိုပြီး အမတခုံရုံးဖြင့် အပြင်းအထန် တိုက်ခိုက်လိုခြင်း မရှိကြပေ။
ထိုသို့သောသဘောထား ရှိသူများထဲတွင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ‘စုန်းဟွမ်ခမ်းနားခြင်းဧကရာဇ်’ သည်လည်း တစ်ယောက်အပါအဝင် ဖြစ်၏။
နောက်ပိုင်းတွင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပြီး စုန်းဟွမ်ခမ်းနားခြင်းဧကရာဇ် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထွက်ခွာသွားပြီးနောက် သဘောထားကွဲလွဲမှုများ အဆုံးသတ်သွားခဲ့သည်။
သို့ပေသိ အမတခုံရုံးအပေါ် သဘောထားပြင်းထန်သော အထက်ဘုံကမ္ဘာမှ တန်ခိုးစွမ်းအားရှင်များဖြစ်သည့် မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ရှောက်ကျွင်းဟွမ်’ နှင့် အခြားသူများက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ဆက်သွယ်ကြခြင်းမရှိသလို စုန်းဟွမ်ခမ်းနားခြင်းဧကရာဇ်သည်လည်း အထက်ဘုံကမ္ဘာနှင့် ပူးပေါင်းခဲ့ခြင်း မရှိပေ။
စန့်ချင်အဆက်အနွယ်မှ ဤဧကရာဇ်မင်းက ရွှမ်ဟွမ်ဧကရီ’ကောင်းချင်းရွှမ်’ ၊ ရန်ကျောက်ကဲ၏အဘွား တိချင်းလျန်တို့နှင့် မျိုးဆက်တူညီသူ ဖြစ်သည်။ သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ တည်ထောင်သူဆရာဘွားဘွား နွယ်ပင်ဧကရီ၏ တပည့်ရင်းလည်း ဖြစ်၏။
စိတ်မကောင်းဆရာမှာ ဆရာတပည့်နှစ်ယောက်က ခံယူချက်ခြင်းမတူသဖြင့် မတူညီသောလမ်းကိုလျှောက်လှမ်းခဲ့ကြပြီး ၊ ဤသည်က သူတို့နှစ်ယောက်လုံးအတွက် အလွန်စွန့်စားရသည့်ကိစ္စ ဖြစ်ခဲ့သည်။
အတိတ်တစ်ချိန်ကဆိုလျှင် နွယ်ပင်ဧကရီသည် သူမ၏တပည့်များအားလုံးကို မောင်းထုတ်ချင်လုနီးပါး ဖြစ်ခဲ့ရသည်။
တိချင်းလျန်က အသက်ငယ်ငယ်ဖြင့် ဆုံးပါးသွားခဲ့ပြီး စုန်းဟွမ်ခမ်းနားခြင်းဧကရာဇ်ကတော့ သူမအား သစ္စာဖောက်သွားခဲ့သည်။
ရွှမ်ဟွမ်ဧကရီသည်လည်း နွယ်ပင်ဧကရီနှင့် မတူညီသော သဘောထားများစွာရှိလေရာ ဤအချက်က ဆရာဖြစ်သူ နွယ်ပင်ဧကရီကို အလွန်တရာ ဝမ်းနည်းစေခဲ့သည်။
ထို့ကြောင့် သူမက အငယ်ဆုံးတပည့်လေးအပေါ် အတော်ပင် အာရုံစိုက်ကာ မျှော်လင့်ချက်များစွာ ထားခဲ့သည်။
သို့သော် သူမ၏အငယ်ဆုံးတပည့်သည်လည်း ကျန့်ဟွမ်ဓားဧကရာဇ် ယွဲ့ကျန့်ပေ၏ဓားအောက်တွင် အသက်ငယ်ငယ်ဖြင့် ဆုံးပါးသွားခဲ့လေရာ နွယ်ပင်ဧကရီမှာ ယွဲ့ကျန့်ပေအပေါ် အမုန်းကြီး မုန်းသွားလေတော့၏။
စုန်းဟွမ်ခမ်းနားခြင်းဧကရာဇ်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ဘယ်သောအခါမှ ခြေမချစေရန် တားမြစ်ခြင်းခံထားရသူတစ်ယောက် ဖြစ်လာခဲ့သည်။
စုန်းဟွမ်ခမ်းနားခြင်းဧကရာဇ် အဂ္ဂိရတ်ခန်းမသို့ ရောက်ရှိလာကြောင်း ကြားသိရသည့်အခါ ရန်ကျောက်ကဲ အံ့အားသင့်သွားရသည်။
သူက တိမ်လွှာဧကရာဇ်တို့ ဆရာတပည့်နှစ်ယောက်အား လှည့်ကြည့်လိုက်လေသည်။
ဟယ်မြန်က...
“စုန်းဟွမ်ခမ်းနားခြင်းဧကရာဇ်က သူ့ဟာသူသဲလွန်စရှာပြီး ဒီနေရာကို ရောက်လာတာ ၊ သူရတဲ့သဲလွန်စကလည်း ငါတို့ရတာထက်တော့ မပိုလောက်ဘူး”
တိမ်လွှာဧကရာဇ်က တည်ငြိမ်စွာဖြင့်...
“ကျုပ်က မျိုးဆက်တူသူတွေနဲ့ အတွေးအမြင်မတူသလို တာအိုရောင်းရင်း’ကျန်း’ ရဲ့ ရွေးချယ်မှုကိုလည်း သဘောတူတဲ့သူ မဟုတ်ပါဘူး ၊ ဒါပေမဲ့ သူက အမတခုံရုံးကလူ မဟုတ်ဘူးဆိုတော့ မပတ်သက်နိုင်စရာတော့ မရှိဘူးလေ “
သူက ဆက်ပြောသည်။
“ကြည့်ရတာ အဂ္ဂိရတ်ခန်းမအကြောင်း အမတခုံရုံးက မိစ္ဆာတွေ မသိလောက်သေးဘူး ၊ တာအိုရောင်းရင်း’ကျန်း’ ကတော့ ဒီနေရာကို စိတ်ဝင်စားတဲ့အတွက် သဲလွန်စရသွားတာ ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲမျက်နှာအမူအရာ ပြေလျော့သွားပြီး သူက တစ်ဖက်သို့ပြန်လှည့်ကာ အင်းသင်္ကေတများ ဆက်လက်ရေးဆွဲရင်း စကားဆက်ပြောသည်။
“သူ ဒီနေရာကိုလာတာအတွက် ကျွန်တော် မစိုးရိမ်ပါဘူး ၊ အမတခုံရုံးကမိစ္ဆာတွေ ဒီအကြောင်းသတင်းမရသရွေ့ ပြဿနာမရှိဘူး ၊ ကျွန်တော်တို့ လမ်းမှန်တာအိုက ကျင့်ကြံသူတွေဆိုရင်တော့ ဘယ်သူမဆို ဒီနေရာက အကျိုးအမြတ်တွေကို အစွမ်းရှိသလောက် ရယူနိုင်ခွင့် ရှိတာပဲလေ”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက နောက်ဆုံးစုတ်ချက်ကိုဆွဲကာ လက်ဖဝါးကို အရှေ့သို့ တွန်းထုတ်လိုက်သည်။
လှပသော အင်းသင်္ကေတများက အလင်းတန်းများအဖြစ်ပြောင်းလဲသွားပြီး တောက်ပသောကြယ်စင်များရှေ့သို့ ကျရောက်သွားသည်။
ခဏအကြာမှာတော့ ကြယ်စင်ကောင်းကင်ထက်မှ အလင်းရောင်များလှည့်ပတ်သွားပြီး ကြယ်စင်အလင်းတန်းများက အလွန်တရာကျယ်ပြန့်စွာဖြင့် စတင်ပြီး နိမ့်လိုက်မြင့်လိုက် ဖြစ်ပေါ်လာသည်။
ထို့နောက်မှာတော့ ကြယ်စင်ကောင်းကင်အလယ်တွင် ရေဝဲဂယက်တစ်ခု ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို တစ်ဖန်ပြန်လည်ဆင့်ခေါ်လိုက်ပြီး ရေဝဲဂယက်အလယ်ဗဟိုသို့ ပစ်ချလိုက်သည်။
ထို့နောက်မှာတော့ ရေဝဲဂယက်အောက်ခြေမှ အဆုံးမရှိသော အလင်းတန်းများ ထွက်ပေါ်လာပြီး မှောင်မိုက်နေသော စကြာဝဠာတစ်ခုလုံး အလင်းရောင်များ တောက်ပသွားပြီး အရာအားလုံး ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲက ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် ခရမ်းရောင်အလင်းတန်းများကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီးနောက် ခရမ်းရောင်အလင်းတန်းများအတွင်းသို့ ဆင်းသက်သွားကာ ထိုအလင်းတန်းများနှင့်အတူ ရေဝဲဂယက်အတွင်းသို့ နစ်မြုပ်သွားသည်။
တိမ်လိုက်ဧကရာဇ်က မည်သည့်စကားမှမဆိုဘဲ ရန်ကျောက်ကဲနောက်သို့ လိုက်ပါသွား၏။
ဒါကိုမြင်တော့ ဟယ်မြန်သည်လည်း ဆရာဖြစ်သူနောက် လိုက်ပါသွားလေသည်။
ခရမ်းရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည့်အခါ ရန်ကျောက်ကဲရှေ့တွင် အဆောင်ငယ်တစ်ခု ထွက်ပေါ်လာသည်။
ထိုအဆောင်က အလွန်တရာ ကြီးမားခြင်း မရှိသလို ပုံစံကလည်း ရိုးရှင်းလှသည်။ အပြင်ဘက်မှ ခမ်းနားလှသော ကြယ်စင်ကောင်းကင်ကြီးနှင့်ယှဉ်လျှင် အတော်လေးပင် သာမန်ဆန်လွန်းသည်။
ထိုနေရာတွင် အောက်သိုးသိုးငွေ့အသက်တစ်ခု ထွက်ပေါ်နေပြီး ရန်ကျောက်ကဲတို့အုပ်စု ရောက်လာမှသာ သက်ရှိအငွေ့အသက်များ ထွက်ပေါ်လာရသည်။
ရန်ကျောက်ကဲက သိမ်မွေ့သည့်မျက်နှာအမူအရာဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။
“ဒါက မဟာကပ်ဘေးကြီးမတိုင်ခင်က ကောင်းကင်ဘုံနန်းတော် ၊ အဂ္ဂိရတ်ခန်းမရဲ့ ပင်မဗဟိုချက်ဖြစ်တဲ့ ‘ခရမ်းရောင်ဝိညာဉ်ခန်းမ’ ပဲ”
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် လက်ရှိ အမြင့်ဆုံးအဆင့် တန်ခိုးစွမ်းအားရှင်ဖြစ်သော တိမ်လွှာခွင်းဧကရာဇ်အနေဖြင့် လျှို့ဝှက်ချက်များစွာ ၊ သတင်းအချက်အလက်များစွာဖြင့် ထိတွေ့မှုရှိသည်မှာ မဆန်းပေ။
သူက ခန်းမဆောင်အပြင်ဘက်ကို အကဲခတ်ကြည့်ရှုလိုက်ရင်း...
“အဂ္ဂိရတ်ခန်းမရဲ့ ခန်းမဝိညာည် ပျက်ဆီးမသွားသေးဘူးဆိုရင် ဒီနေရာမှာ ရှိရမှာ မဟုတ်လား”