← Chapters

တော်ဝင်စစ်ပွဲ စတင်ခြင်း

Vol. 009 Ch. 830

တော်ဝင်စစ်ပွဲ စတင်ခြင်း

Vol. 009 Ch. 830

တော်ဝင်ကျဲနန်းတော်၏ တပည့်များအားလုံးက နန်းတော်အဝင်ဝသို့ ရောက်လာကြသည်။

အားလုံးက အစီအစဉ်တကျ နေရာယူကာ အဝေးကို လှမ်းကြည့်ကြ၏။ ကျွမ်းစုတစ်ထောင် တော်ဝင်မြေကား ယခင်အတိုင်း ကောင်းကင်ထက်တွင် ပျံဝဲနေသော ကျွန်းမြို့ကလေးများအလား ထင်မှတ်ရ၏။ မကြာမှီ ကောင်းကင်ဘုံအလား ဤနေရာက စစ်တလင်း ဖြစ်ရပေတော့မည်။

သည်တော်ဝင်စစ်ပွဲက တော်ဝင်ကျဲ နန်းတော်အတွက်သာ မဟုတ်ဘဲ မြေရိုင်းပြည်နယ် အတွက်ပါ တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေကာ အားလုံး၏ မျက်လုံးထဲတွင်ကား ခိုင်မာ ပြတ်သားမှုများကို မြင်ရမည် ဖြစ်သည်။

လာမည့်စစ်ပွဲကား သူတို့၏ စိတ်ဓာတ် ကြံ့ခိုင်မှုကို စမ်းသပ်ခြင်းလည်း ဖြစ်ပေမည်။

အဝေးမှ ရွှေရောင်အလင်းများက ကောင်းကင်တစ်ခွင်ကို ဝါထိန်စေသည်။ မြေရိုင်းပြည်နယ်မှ လူများ၏ မျက်လုံးများက စူးရှလာကြသည်။

ကျောက်ပြည်ထောင် စစ်တပ်ကား နောက်ဆုံးတွင် ရောက်လာပြီ ဖြစ်သည်။ အဝေးမှ လာ​သော အရှိန်အဝါများအား အားလုံးက ခံစားမိနေကြသည်။

ကောင်းကင်ထက်တွင် ရွှေဖီးနစ်ငှက်များက အတောင်ပံများကို ဖြန့်ကာ ပျံဝဲနေကြသည်။ ဖီးနစ် အမှတ်အသားပါ ဝတ်စုံများဖြင့် စစ်သူရဲများကား နတ်ဘုရား စစ်တပ်အလား ဟန်ချက်ညီစွာ ချီတက်လာကြ၏။

“ကျောက်ပြည်ထောင် စစ်တပ်…” လူအများအပြားက လက်သီးကို တင်းတင်း ဆုပ်ထားကြသည်။ သူတို့ကား မကြာခင် ကြီးမြတ်သော ကျောက်ပြည်ထောင် တော်ဝင်စစ်တပ်ဖြင့် ရင်ဆိုင် တိုက်ခိုက် ရပေတော့မည်။

စစ်တပ်က သူတို့နှင့် အလွန် နီးကပ်နေပြီ ဖြစ်သည်။ ကျောက်ပြည်ထောင်မှ လူများက တော်ဝင်ကျဲနန်းတော်မှ လူများကို အေးစက်စွာ ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် လူသတ်လိုသော အငွေ့အသက်များသာ ရှိနေ၏။

“ရပ်…” ဘုရင်မင်းမြတ်ဘေးမှ လိုက်ပါလာသော စစ်တပ်ခေါင်းဆောင်က အော်ဟစ်လိုက်သည်။ စစ်တပ်က ရှေ့ကို သွားနေရာမှ ပြိုင်တူ ရပ်လိုက်ကြ၏။ နှစ်ဖက်လုံးက အလွန်ဝေးသော အကွာအဝေး၌ ရှိနေသော်လည်း စွမ်းအားမြင့် တန်ခိုးရှင်များ အတွက်မူ စက္ကန့်ပိုင်းအတွင်း ကျော်ဖြတ် နိုင်ပေသည်။

ငယ်ရွယ်ကာ လှပသေသပ်စွာ ဝတ်စားထားသော စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက်က ရှေ့ကို တက်လာကာ သူ၏ပုဆိန်ရှည်အား ဝှေ့ယမ်းလျက် မြေရိုင်းပြည်နယ်မှ လူများဘက်ကို အော်ဟစ် ပြောဆိုသည်… “ဘုရင်မင်းမြတ်က မင်းတို့ ရှေ့ကို ရောက်လာပြီ… မင်းတို့ မြေရိုင်းပြည်နယ်က လူတွေအကုန်လုံး ဦးညွှတ်သင့်တယ်…” သူ၏အသံကား ကျယ်လောင်ကာ လေထုတစ်ခုလုံးကို တုန်ခါသွား၏။ သူကား ကျောက်ပြည်ထောင် ဘုရင်၏အရှိန်အဝါကို အသုံးချကာ မြေရိုင်းပြည်နယ်မှ လူများ၏စိတ်ဓာတ်ကို ချိုးနှိမ်ရန် ကြိုးစားခြင်း ဖြစ်သည်။

“ကျောက်ပြည်ထောင် ဆိုတာ တစ်ချိန်က အရှေ့ဘက် ပြည်နယ်ကို အုပ်ချုပ်ဖူးတယ်လို့ ကျုပ်ကြားဖူးတယ်…” မြေရိုင်းပြည်နယ်မှ တစ်ယောက်က ပြောသည်။ ပြောလိုက်သူကား ဂူတုံးလျိုဖြစ်သည်။

ထိုစကားများကို ကြားသည်တွင် ကျောက်ပြည်ထောင်မှ လူများအားလုံးက ဝင့်ကြွားဟန်များ ဖြစ်လာကြသည်။ သူတို့၏စစ်တပ်က လှိုင်းလုံးအလား အရှေ့ဘက်ပြည်နယ်ကို လွှမ်းမိုးဖူးပေသည်။ သူတို့ကား အရှေ့ဘက်ပြည်နယ်၏ပြိုင်ဘက်ကင်းစစ်တပ်ဖြစ်၏။

“သနားစရာကောင်းတာကတော့ ကျောက်ပြည်ထောင်က ကျေးရွာငယ်တစ်ခုကို အနိုင်ကျင့်၊ နိမ့်ကျတဲ့အခြေအနေကို ရောက်နေတဲ့ မြေရိုင်းပြည်နယ်ကို စစ်ကြေညာဖို့ အင်ပါယာရှားဆီမှာ အသနားခံတဲ့အဆင့်ကို ရောက်သွားတာပဲ… ဒါကို ခင်ဗျားတို့က ရှက်စရာလို့ မမြင်ဘဲ ဂုဏ်ယူနေကြတယ်… ဘယ်လောက် သနားစရာ ကောင်းလိုက်လဲ…” ဂူတုံးလျိုက ဆက်ပြောသည်… “မကြာခင် ကျောက်ပြည်ထောင်က ဒီထက် ဆုတ်ယုတ် သွားတော့မယ်လို့ ကျုပ်မြင်တယ်…”

ထိုအချိန်တွင် ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က အမိုးဖွင့် အဆောင်ငယ်မှ ထွက်လာကာ လေထဲတွင် နတ်ဘုရားတစ်ပါး အလား ရပ်လျက် ဂူတုံးလျိုကို တစ်ချက် ကြည့်သည်။ သူက ဂူတုံးလျို၏ စကားများကို စိတ်မဆိုးပေ။ သူ့အား ဆန့်ကျင်သူ မည်သူမဆို မကြာခင် သေကျေရပေမည်။

သူက ရီဖူရှင်းဘေးမှ ကျေးရွာ ခေါင်းဆောင်ကို ကြည့်သည်။ ထို့နောက် နာမည်တစ်ခုကို ခေါ်လိုက်သည်… “ကျောက်မင်…”

“အရှင်မင်းကြီး…” ဖီးနစ်စစ်သူရဲတို့၏ စစ်သူကြီးဖြစ်သော ကျောက်မင်က ဦးညွှတ်သည်။

“မင်းက ဒီစစ်ပွဲကို ဦးဆောင်ပါ…” ကျောက်ပြည်ထောင် ဘုရင်က ပြောကာ ကျေးရွာ ခေါင်းဆောင်ကို ကြည့်သည်… “ကျုပ်တို့ တစ်နေရာမှာ စစ်တုရင် ကစားရအောင်…”

“သေချာတာပေါ့…” ကျေးရွာ ခေါင်းဆောင်က ခေါင်းညိတ်သည်။ စည်းကမ်းများကို အင်ပါယာရှား ကိုယ်တိုင် ထုတ်ပြန်ထားခြင်း ဖြစ်ရာ ထိုစည်းကမ်းများကို ကျောက်ပြည်ထောင် ဘုရင်ပင် မလိုက်နာရဲဘဲ မနေဝံ့ပေ။

ထို့ကြောင့် ကျောက်ပြည်ထောင် ဘုရင်ကား ရှန့်ထိုအဆင့်တွင့် ကျေးရွာခေါင်းဆောင် တစ်ယောက်တည်း ကိုသာ တိုက်ခိုက် နိုင်ပေသည်။ သို့သော်လည်း လတ်တလောတွင် ကျောက်ပြည်ထောင် ဘုရင်က ကျေးရွာခေါင်းဆောင်နှင့် တိုက်ခိုက်လိုခြင်း ရှိဟန် မရသေးပေ။ သူက တော်ဝင်ကျဲနန်းတော် ပြာပုံဖြစ်သွားသည်ကို ဦးစွာ ကြည့်လိုပေသည်။

ကျောက်ပြည်ထောင် ဘုရင်က ကောင်းကင်ထက်ကို ပျံတက်သွားကာ လက်ဝှေ့ယမ်း သည်တွင် တိမ်များ ဖြစ်ပေါ်လာသည်။ သူက တိမ်တိုက်တစ်ခု ထက်တွင် ထိုင်လိုက်သည်တွင် သူ့ရှေ့၌ စစ်တုရင်ခုံတစ်ခု ဖြစ်ပေါ်လာ၏။

ကျေးရွာ ခေါင်းဆောင်ကလည်း သူ့ရှေ့တွင် လာရောက်ထိုင်သည်။

လူအများအပြားက လှမ်းကြည့်ကြသည်။ တိုက်ပွဲကို လာကြည့်သူများ ကလည်း စိတ်လှုပ်ရှား နေကြသည်။ မြေပြင်မှ တန်ခိုးရှင်များက တိုက်ခိုက်နေစဉ် ရှန့်ထိုနှစ်ပါးက စစ်တုရင် ကစားကြမည် ဖြစ်သည်။

ရီဖူရှင်းက အပေါ်ကို တစ်ချက် ကြည့်လိုက်ပြီးမှ ရှေ့ကို လှမ်းကြည့်သည်။ ဖီးနစ်စစ်တပ်၏ စစ်သူကြီးဖြစ်သူ ကျောက်မင်ကား ကျောက်ပြည်ထောင် ဘုရင်၏ညီငယ် ဖြစ်သည်။ သူကား ပြည်နယ်ကိုးခု ရှီအဆင့်တွင် အဆင့်၁၆ ရှိပေသည်။

ပြည်နယ်ကိုးခု၏ ရှီအဆင့်တွင် ပါဝင်သော ၈၁ယောက်မှာ ပြည်နယ်ကိုးခု၏ အတော်ဆုံးများ ဖြစ်ကြသည်။ ထိပ်သီး တန်ခိုးရှင်များအကြား စွမ်းရည် ကွာဟချက်က နည်းပါးရာ ခွန်ယိုက အဆင့်၉၌ ရှိသည့်တိုင် ကျောက်မင်ကား ခွန်ယိုထက် သိပ်အားနည်းခြင်း မရှိပေ။

ထို့အပြင် ကျောက်ပြည်ထောင် စစ်တပ်၌ ပြည်နယ်ကိုးခု ရှီအဆင့်တွင် ဝင်သောသူ နောက်ထပ် သုံးယောက် ပါဝင်ပေသေးသည်။

ထို့အပြင် တခြား ကျောက်ပြည်ထောင် အင်အားစုမှ ခေါင်းဆောင်များနှင့် စစ်တပ်၏ ထိပ်သီး တန်ခိုးရှင်များ အားလုံးက ရှီအဆင့်အမြင့်ဆုံးတွင် ရှိကြကာ သူတို့၏ စွမ်းရည်များက ကောင်းကင်မြေရိုင်း အဆင့်မှ လူများထက် အားကောင်းသည်မှာ သေချာပေသည်။

ထို့အပြင် ထိုးစစ်ဆင်လာသော စစ်တပ်က ယခု ခုခံသောဘက်ထက် အင်အား ပိုကြီးခြင်းကပင် စစ်ပွဲရလဒ်ကို ကြိုတင်ခန့်မှန်း ရနိုင်ပြီဖြစ်သည်။

ကျောက်မင်က ရှေ့ကို တက်သွားသည်။ သူ၏စူးရှသော မျက်လုံးများက တော်ဝင်ကျဲ နန်းတော်ဘက်မှ လူများကို ကြည့်ကာ ပြောသည်… “နိုဘယ်တွေက မြေပြင်က ချီတက်ပြီးတော့ ရှီတန်ခိုးရှင်တွေက ကောင်းကင်က ချီတက်မယ်… နေရာယူကြ…”

ရီဖူရှင်းက တစ်ဖက်ကို လှမ်းကြည့်ကာ ခေါ်လိုက်သည်… “ယူချင်း..”

“အင်း…” ယူချင်းက ပြန်ထူးသည်။

“ဒီကိုလာ..” ရီဖူရှင်းက ပြောသည်။

ယူချင်းက ရှေ့ကို တက်လာကာ တစ်ဖက် အင်အားစုကို ကြည့်သည်။ ကျောက်ပြည်ထောင်မှ လူမျာကလည်း အေးစက်စွာဖြင့် ပြန်ကြည့် ကြသည်။

ဤသို့ဆိုလျှင် သူက ပြည်နယ်ကိုးခု ညီလာခံ၏နံပါတ်တစ် ဖြစ်ရပေမည်။

“မြေရိုင်းပြည်နယ်က ယူချင်း… အဆင့်နိမ့် ရှီတန်ခိုးရှင်… ကျုပ်က ကျောက်ပြည်ထောင်က မင်းသား ကျောက်ရာကို စိန်ခေါ်တယ်… လက်ခံမလား…” ယူချင်းက အားလုံး၏ အရှေ့တွင် စိန်ခေါ်သည်။

သူ၏ခန့်ထည်သော အသံက လေထုကို တုန်ခါ သွားစေသည်။

စစ်ပွဲမစတင်မီ စိန်ခေါ်ခြင်းက လုပ်ရိုးလုပ်စဉ် ဖြစ်သည်။ ဤနည်းဖြင့် မိမိတို့ဘက်မှ လူများ၏ စိတ်ဓာတ်ကို တက်ကြွ စေနိုင်သည်။

ယူချင်းကား ပြည်နယ်ကိုးခု ညီလာခံ၏ ပထမဆုရှင်ဖြစ်ကာ ရှီအဆင့်ကို တက်လှမ်းသွားပြီး ဖြစ်သည်။ အကယ်၍ ကျောက်ရာကသာ စိန်ခေါ်မှုကို လက်ခံပါက သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။ ထို့အပြင် ယခုစိန်ခေါ်မှုက ပြည်နယ်ကိုးခု ညီလာခံကဲ့သို့ အနိုင်အရှုံးမျှဖြင့် အဆုံးသတ်မည် မဟုတ်ပေ။ ယခုကား စစ်ဖြစ်နေခြင်း ဖြစ်သည်။

ကျောက်ရာ၏ မျက်နှာက ရှက်ရွံ့ဟန်များ အထင်းသား မြင်ရသည်။ သူကား ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်၏ ဆက်ခံသူဖြစ်ကာ သူ့မျိုးဆက်တွင် ပြိုင်ဘက်ကင်း ပါရမီကို ပိုင်ဆိုင်သူဟု နာမည်ကြီးသည်။ ယခု တော်ဝင်စစ်ပွဲတွင် သူက ပြည်နယ်ကိုးခု ညီလာခံ၏ ပထမဆုရှင်ကို ရင်ဆိုင် တိုက်ခိုက်ရဲခြင်း မရှိပေ။

“မင်းက တိုက်ခိုက်မလား… မတိုက်ခိုက်ဘူးလား….” တစ်ဖက်လူက တိတ်ဆိတ်နေသည်ကို မြင်လျှင် ယူချင်းက အော်ဟစ်လိုက်သည်။ ကျောက်ရာက လက်သီးကို တင်းတင်း ဆုပ်လိုက်သည်။

“ကျောက်ပြည်ထောင်ရဲ့ မင်းသားကို စိန်ခေါ်ရဲရအောင် မင်းက ဘယ်သူလဲ…” ဖီးနစ်စစ်တပ်မှ တစ်ယောက်က ထွက်လာသည်။ သူကား ပါရမီရှင်တစ်ယောက် ဖြစ်ကာ အဆင့်မြင့် ရှီတန်ခိုးရှင် တစ်ယောက်လည်း ဖြစ်သည်။ သူက ယူချင်းကို ဒေါသတကြီး ကြည့်ကာ ပြောသည်… “ကျောက်ပြည်ထောင်က ကျောက်ယွာ… ကျုပ်ကလည်း ရှီတန်ခိုးရှင်ပဲ… မင်းနဲ့တိုက်မယ်…” သူက ရှီတန်ခိုး အဆင့်တွင်သာ ရှိသည်ဟု ပြောကာ အဆင့် အတိအကျ မပြောပေ။

ဝုန်း..

နတ်ဆိုး အတောင်ပံတစ်စုံ ပြန့်ကား ထွက်လာသည်။ ယူချင်းက စွမ်းအားများကို သူ၏ခြေထောက်၌ ​စုစည်းကာ ရှေ့ကို တက်လာ၏။ နတ်ဆိုး တစ်ပါးအလား ရှေ့ကို တက်သွားလျှင် လေထုက တုန်ခါသွားသည်။

ကျောက်ယွာ၏နောက်တွင် ဖီးနစ် အတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။ ဖီးနစ်စစ်တပ်ကား တော်ဝင်သွေး စီးဆင်းသူများဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အလွန်အမင်း စွမ်အားမြင့် ကြပေသည်။

နှစ်ယောက်က မြန်ဆန်စွာဖြင့် တစ်ဟုန်ထိုး ပြေးလာကြသည်။ ကျောက်ယွာ၏ လက်ထဲတွင် ပုဆိန်ရှည်တစ်လက် ပေါ်လာကာ ရွှေရောင် အလင်းများ ဖြာထွက်လာသည်။ ကောင်းကင်တွင် ဖီးနစ်ပုံရိပ် ဖြစ်ပေါ်လာပြီး ပုဆိန်ရှည်က ယူချင်းထံကို တိုက်ရိုက် ရောက်လာသည်။

ယူချင်း၏လက်တွင်လည်း ပုဆိန်တစ်လက် ပေါ်လာသည်။ မြင့်မြတ် ထည်ဝါသော စွမ်းအားက ယူချင်းကို လှည့်ပတ်သွားကာ အချိန်မဖြုန်းတော့ဘဲ ပုဆိန်ဖြင့် တိုက်ရိုက် ခုတ်ချလိုက်သည်။

သစ်သားကို ခွဲသည့်အလား အသံတစ်သံနှင့်အတူ ပုဆိန်ရှည်ကား ယူချင်း၏ ပုဆိန်အောက်တွင် နှစ်ခြမ်း ဖြစ်သွားသည်။ ထို့အတူ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကလည်း နှစ်ခြမ်းဖြစ်သွားကာ သွေးစိမ်းများနှင့်အတူ မြေပြင်ပေါ်ကို ကျဆင်း သွား၏။

နတ်ဆိုး အတောင်ပံများကို ခတ်လျက်ပင် ယူချင်းက မြေရိုင်းပြည်နယ် ဘက်ကို ပြန်ရောက် သွားသည်။

ရန်သူအား ဖြတ်တောက်ရန် တစ်ကွက်သာ လိုအပ်ပေသည်။

“တော်ဝင်ရတနာ..” ကျောက်ပြည်ထောင်မှ လူများအားလုံး၏ အမူအရာများက အေးစက် သွားကြသည်။

တော်ဝင်ကျဲနန်းတော်မှ လူများ၏သွေးများ ဆူပွက်လာကြသည်။ ယူချင်းကား တစ်ဖက်ရန်သူကို ပုဆိန်တစ်ချက်မျှဖြင့် သေရွာသို့ ပို့ဆောင်ခဲ့သည်။

“နိုဘယ်စစ်တပ်… ရှေ့တက်ပြီး တိုက်ခိုက်မယ်…” ကျောက်မင်က အေးစက်စွာ ပြောသည်။ သူတို့တွင် အရေအတွက် ပိုမိုများပြားသော ထိပ်သီး တန်ခိုးရှင်များကို ပိုင်ဆိုင်သည်။ သူတို့က ရီဖူရှင်းတို့ဘက်မှ စိန်ခေါ်မှုများကို လက်ခံတိုက်ခိုက်၍​ အချိန်ဖြုန်းနေစရာ မလိုပေ။

ဤကား တော်ဝင်စစ်ပွဲဖြစ်သည်။ မျှတသော စီးချင်းပွဲများ မလိုအပ်ပေ။

စစ်ပွဲကား အမြဲတမ်းအားဖြင့် ရက်စက် ကြမ်းတမ်းပေသည်။ စစ်ပွဲအတွင်း တစ်ခုတည်းသော ရည်ရွယ်ချက်မှာ တစ်ဖက်ရန်သူအား သတ်ဖြတ်ရန် ဖြစ်သည်။

ကျောက်မင်က အမိန့်ပေးသည်တွင် ကျောက်ပြည်ထောင်၏ နိုဘယ်စစ်တပ်က ရှေ့ကို ညာသံများပေး၍ ချီတက် လာကြသည်။ သူတို့က ချီတက်လျှင် မြေပြင်က သိမ့်သိမ့်တုန်၏။ သူတို့အားလုံးက လေးထောင့် ဝင်္ကပါ အသွင်ဖြင့် ခင်းကျင်းကြသည်။

ဝင်္ကပါအပြင်မှ လူများက ဘေးကို ဖြန့်ကြက်ကြသည်။ အားလုံးက ကွဲပြားခြားနားသော နေရာတွင် ယူကာ မိမိတို့အားသန်ရာ မှော်ပညာနှင့် သိုင်းပညာကို အသုံးချရန် အဆင်သင့် ပြင်ထားကြ၏။

လင်းလက်သော သက်စောင့်ဝိညာဉ်များ ထွက်ပေါ် လာကြသည်။

တော်ဝင်စစ်ပွဲ၏ စည်းမျဉ်းများအရ ရှီများက နိုဘယ်များကို တိုက်ခိုက်၍ မရပေ။ တော်ဝင်ကျဲ နန်းတော်မှလည်း မတတ်သာဘဲ သူတို့၏ နိုဘယ် တန်ခိုးရှင်များအား စေလွှတ်ကာ ကျောက်ပြည်ထောင် စစ်တပ်အား တိုက်ခိုက် ရတော့သည်။

***

All Chapters