← Chapters

အနောက်နတ်မင်း၏ ဘေးအန္တရာယ်

Vol. 80 Ch. 1033

အနောက်နတ်မင်း၏ ဘေးအန္တရာယ်

Vol. 80 Ch. 1033

“မိဘမေတ္တာဆိုတာ အဆုံးမရှိဘူးတဲ့... မြောက်နတ်မင်းရွှမ်းဝူက မင်းသားယိုမင်ရဲ့ မိဘတွေပီပီ သူ့ကို နှစ်ပေါင်းခြောက်သိန်းတိုင်တိုင် ဖမ်းချုပ်ပေးထားရင် ကာကွယ်ပေးခဲ့တယ်”

ကောင်းကင်နဂါးရတနာ ရထားလှည်းထဲတွင် ချင်မူက နတ်ဘုရင်လန်ဝူအား ပြောပြနေသည်။ “သူတို့က သားဖြစ်သူကို ကာကွယ်ပေးဖို့ အဲဒီအတိုင်းအတာအထိ သွားခဲ့ကြတာဗျ..... ကောင်းကင်ယင်သားတော်ကလည်း ဇွဲကောင်းကောင်းနဲ့ နှစ်လေးသောင်းတိုင်တိုင် အကွက်ချထားခဲ့တယ်... ဒါပေမဲ့ အခုတော့ မအောင်မြင်တော့ဘဲ ရှုံးသွားပါပြီ.... ဘူးနွယ်တွေ စားခိုင်းဖို့ ပိုးတီကောင်တွေ ဆက်တိုက် လွှတ်နေခဲ့တာကို မြင်လိုက်ကတည်းက သူ့ရည်ရွယ်ချက်က မိုးကြိုးငါးသွယ်အိုး မဟုတ်မှန်း ကျွန်တော် သိလိုက်တာပဲ”

နတ်ဘုရင်လန်ဝူ၏ မျက်ဝန်းများ လှုပ်ခတ်သွား၏။ “ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီရဲ့ အနား ရှိတဲ့ နတ်ဘုရားမြို့ကနေ သတင်းတချို့ ရခဲ့တယ်..... ကောင်းကင်နတ်အရှင်ဆယ်ယောက် အချင်းချင်း စတိုက်နေကြပြီတဲ့..... မြောက်ဝင်ရိုးစွန်းကို စောင့်နေတဲ့ နတ်ဘုရားတွေ၊ မိစ္ဆာတွေဆီကနေ ဒီသတင်း ကြားခဲ့ရတာ.... တကယ် ကြောက်စရာကောင်းတယ်”

ချင်မူ အကြီးအကျယ် တက်ကြွသွားတော့သည်။ “ကောင်းကင်နတ်အရှင်ဆယ်ယောက် လုံးဝ ခွာပြဲပြီပေါ့”

“ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥခွံကြောင့်ပေါ့... အစတုန်းက ကောင်းကင်နတ်အရှင်ခြောက်ယောက်ပဲ လုနေကြတာဆိုတော့ အရမ်းကြီးခွာမပြဲသေးဘူး... ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဟောင်က ဝင်လည်း တိုက်ခိုက်ရော သူ ဘယ်သူဘယ်ဝါဆိုတာ ဖုံးကွယ်မထားဘူးတဲ့လေ... သူက ကောင်းကင်နတ်အရှင်ခြောက်ယောက် ဥခွံကို သူ့ဆီ ပေးတာ လိုချင်နေတာ.... သူတို့ကလည်း သူတို့လက်ထဲ ရောက်နေမှတော့ ဘယ်ပေးချင်ပါ့မလဲ... ဒါကြောင့် ကောင်းကင်နတ်အရှင်ဟောင်က သူတို့ခန္ဓာကိုယ်တွေကို ရှာချင်နေတယ်တဲ့”

နတ်ဘုရင်လန်ဝူသည် အေးအေးဆေးဆေး ပြောနေသော်လည်း သူမစကားထဲရှိ အန္တရာယ်ကို ချင်မူ ခံစားကြည့်နိုင်၏။

ကောင်းကင်နတ်အရှင်ဟောင်က သူတို့၏ခန္ဓာကိုယ်များကို ရှာချင်သည်တဲ့လော။

ကောင်းကင်နတ်အရှင်ဟောင်၊ နတ်အရှင်မချန်းနှင့် နတ်အရှင်မယန်တို့သည် ထင်ရှားကျော်ကြားသော ကောင်းကင်နတ်အရှင်များ ဖြစ်ကြ၏။ သူတို့က ထိုကဲ့သို့ စော်ကားမှုမျိုးကို အဘယ်သို့ သည်းခံပါမည်နည်း။ ထို့အပြင် သူတို့ကြား၌ အမျိုးသမီးများလည်း ရှိသေးသည်။ အရေးအကြီးဆုံးက ကောင်းကင်နတ်ဧကရာဇ်၏ မိဖုရားများ ဖြစ်နေကြသည် မဟုတ်ပါလော။

“ကောင်းကင်နတ်အရှင်ခြောက်ယောက်က ကောင်းကင်နတ်အရှင်ဟောင်ရဲ့ တောင်းဆိုမှုကို သည်းမခံကြဘူး... ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဟွေ့ ရောက်လာပြီး ကောင်းကင်နတ်အရှင်ဟောင်ကို ထောက်ခံခဲ့တယ်... ကောင်းကင်နတ်အရှင်ဟောင်က သူတို့အထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့အပြင် ကောင်းကင်နတ်အရှင်ဟွေ့ကလည်း ထောက်ခံပေးထားတော့ ကျန်တဲ့ကောင်းကင်နတ်အရှင်တွေအနေနဲ့ သူတို့ကို မယှဉ်နိုင်ကြတော့ဘူး”

နတ်ဘုရင်လန်ဝူက ပြောသည်။ “အခုလောလောဆယ် ကောင်းကင်နတ်ဘုံမှာ အင်မတန်မှ အန္တရာယ်များတဲ့ မုန်တိုင်းတစ်လုံး အစပျိုးနေပြီ... ကောင်းကင်နတ်အရှင်ဆယ်ယောက်က ကောင်းကင်ဘုံအသီးသီးကို ဖိနှိပ်ဖို့ လွှတ်ထားတဲ့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတွေကို ကောင်းကင်နတ်ဘုံဆီ ပြန်ခေါ်ပြီး တိုက်ခိုက်ဖို့ ပြင်နေကြတယ်... ပြီးတော့ ဒီကောင်းကင်နတ်အရှင်တွေရဲ့ လက်အောက်က ကောင်းကင်ဘုံတွေကလည်း စစ်သည်အင်အား စုဆောင်းနေကြပြီ... ကောင်းကင်ဘုံတွေက နတ်စစ်တပ်၊ မိစ္ဆာစစ်တပ်တွေ ကောင်းကင်နတ်ဘုံဆီ အလွှတ်ခံထားရတယ်... ကောင်းကင်နတ်ဘုံရဲ့ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့တောင် လှုပ်ရှားနေပြီတဲ့”

“ကောင်းကင်နတ်ဘုံရဲ့ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့ လှုပ်ရှားနေပြီဟုတ်လား”

ချင်မူ ရင်ထဲတွင် အေးစိမ့်သွားသည်။ သူက မတ်တပ်ထရပ်ပြီး ရှေ့လျှောက်နောက်လျှောက်ရင်း စဉ်းစဉ်းစားစား ပြောနေသည်။ “မဟုတ်သေးဘူး မဟုတ်သေးဘူး... ကောင်းကင်နတ်ဘုံရဲ့ အ‌စောင့်တပ်ဖွဲ့ဆယ်ဖွဲ့... လက်ဝဲလက်ယာ ယွီလင်နန်းစောင့်တပ်ဖွဲ့၊ နဂါးသိုင်းတပ်ဖွဲ့၊ နတ်ဗျူဟာတပ်ဖွဲ့၊ နတ်ရှိန်ဝါတပ်ဖွဲ့နဲ့ နတ်သိုင်းတပ်ဖွဲ့တွေက ကောင်းကင်နတ်ဧကရာဇ်ရဲ့ အမိန့်တော်ကို နာခံကြတာ... ကောင်းကင်နတ်အရှင်ဆယ်ယောက်အနေနဲ့ သူတို့အပေါ် အမိန့်မပေးနိုင်ဘူး... ဒီကောင်းကင်နတ်အရှင်ဆယ်ယောက်က ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို ထိန်းချုပ်နိုင်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် မတည့်တော့ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့ကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူး... ထူးဆန်းတာ တစ်ခုခုတော့ ဖြစ်နေပြီ”

နတ်ဘုရင်လန်ဝူက မျက်လုံးလေး ကလယ်ကလယ်ဖြင့် သူ လမ်းလျှောက်နေသည်ကို ကြည့်နေသည်။ “ဘာကို ပြောချင်တာလဲ”

“ကောင်းကင်နတ်အရှင်ဆယ်ယောက် အချင်းချင်း တိုက်ခိုက်နေတာက အပေါ်ယံသက်သက်ပဲ... တကယ့်ရည်ရွယ်ချက်က မြွေကို အသိုက်ထဲက ထွက်လာအောင် ဆွဲထုတ်ဖို့”

ချင်မူ လမ်းလျှောက်နေသည်ကို ရပ်၍ လက်ဝါးပေါ် လက်သီးဖြင့် ရိုက်လိုက်ရင်း ဖြန်းခနဲ မြည်သွားစေသည်။ သူက အလေးအနက် ပြောသည်။ “ကောင်းကင်နတ်ဘုံရဲ့ အစောင့်တပ်ဖွဲ့ ဆယ်ဖွဲ့ မလှုပ်ရှားရင် ဒီပဋိပက္ခက ကောင်းကင်နတ်အရှင်ဆယ်ယောက်အကြားပဲ ဖြစ်နိုင်ခြေ ရှိလိမ့်မယ်.... ဒါပေမဲ့ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့နဲ့ဆို အဲဒီဖြစ်နိုင်ခြေ မရှိတော့ဘူး”

ကောင်းကင်နတ်ဘုံ၏ အစောင့်တပ်ဖွဲ့ ဆယ်ဖွဲ့သည် ကောင်းကင်နတ်ဘုံ၏ အင်အားအကြီးဆုံး တပ်ဖွဲ့ဆယ်ဖွဲ့ ဖြစ်၏။ တပ်ဖွဲ့တစ်ဖွဲ့နှင့် တစ်ဖွဲ့ ကျွမ်းကျင်ရာချင်း ကွဲပြားကြသလို ကောင်းကင်နတ်ဧကရာဇ်၏ အာဏာစက်အောက်၌ ရှိကြလေသည်။ သူတို့သည် တပ်မှူးချုပ်အမိန့်ပြားကိုသာ အသိအမှတ်ပြု၏။ တပ်မှူးချုပ်ကို အသိအမှတ်ပြုခြင်းမဟုတ်။ အလားတူစွာပဲ ကောင်းကင်နတ်ဧကရာဇ်ကိုသာ သစ္စာခံသည်။ ကောင်းကင်နတ်အရှင်ဆယ်ယောက်အပေါ် သစ္စာခံခြင်းမရှိ။

အစောပိုင်း နဂါးဟန်ခေတ်တုန်းက နတ်ဘုရား, မိစ္ဆာ အင်အားတစ်‌သောာင်းပါသော ယွီလင်နန်းစောင့်တပ်ဖွဲ့နှင့်အတူ ဝေစွေ့ဖုန်းသည် ကောင်းကင်နတ်ဧကရီကို အဆုံးသတ်မြို့ပျက်တွင် ပိတ်လှောင်ခဲ့သည့် နဂါးအရှင်စီရင်စုကို ဖျက်စီးခဲ့၏။

ထိုကိစ္စတွင် မသင်္ကာစရာများစွာ ရှိခဲ့သည့်အပြင် ကောင်းကင်နတ်ဧကရီ၏ အင်အားက နောင်အင်အားလောက် မကြီးမားခဲ့သေးသော်လည်း အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့၏ အတိုက်အခိုက်စွမ်းရည်ကို မြင်တွေ့နိုင်ပေသည်။

အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့ကို ထိန်းချုပ်ရန် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကိုယ်တိုင် အမိန့်ထုတ်ပြန်ရမည်။ ထိုသို့လုပ်ရန် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ထိန်းချုပ်နေသော ကောင်းကင်နတ်အရှင်ဆယ်ယောက်သည် သဘောတူညီမှုတစ်ခု ရယူရလိမ့်မည်။ မဟုတ်လျှင် ကမောက်ကမ ဖြစ်ကုန်လိမ့်မည်။

ကောင်းကင်နတ်အရှင်ဆယ်ယောက်အကြား မတည့်ကြလျှင် ကောင်းကင်နတ်ဘုံ၏ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့ကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

ယခုတွင် ကောင်းကင်နတ်ဘုံ၏ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့က လှုပ်ရှားနေချေပြီ။ ထို့ကြောင့် အခြေအနေက မြွေကို အသိုက်ထဲမှ မြှားထုတ်ရန်အတွက်သာ ဖြစ်လိမ့်မည်။

“ဒါက ရှေးဟောင်းနတ်ဘုရားတွေကို ထောင်ချောက်ဆင်ထားတာပဲ... ကောင်းကင်နတ်အရှင်ဆယ်ယောက် အချင်းချင်း တိုက်ခိုက်နေကြပြီဆိုတာ အပေါ်ယံပဲ လုပ်ပြနေတာ... တကယ်က အသိုက်ထဲက မြွေကို မြှားထုတ်ချင်နေကြတာကိုး”

ချင်မူ မျက်မှောင်ကြုတ်သွား၏။ “ဒါကို မမြင်ဘဲ ကောင်းကင်နတ်အရှင်ဆယ်ယောက် ခွာပြဲသွားပြီလို့ ထင်တဲ့ ဘယ်ရှေးဟောင်းနတ်ဘုရားမဆို သေချာပေါက် သေရလိမ့်မယ်”

ရုတ်တရက် ကောင်းကင်နဂါး ရတနာရတနာလှည်း ယမ်းသွားသည်။ အနောက်ဝင်ရိုးစွန်းသို့ သူတို့ ရောက်လာခဲ့ချေပြီ။

ဤအခိုက်အတန့်တွင် အပြင်မှ ကောင်းကင်နဂါးများ၏အသံ ပျံ့လွင့်လာသည်။ “ကောင်းကင်နတ်အရှင်၊ ကျုပ်တို့ ရှေ့ဆက်သွားလို့ မရတော့ဘူး.... ဒီမှာ စောင့်ကြပ်နေတဲ့ နတ်ဘုရား၊ မိစ္ဆာတွေက လမ်းပိတ်ထားတယ်”

ချင်မူ ရထားလှည်းအပြင်ထွက်၍ အရှေ့သို့ ကြည့်လိုက်သည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ပတ်ပတ်လည်တွင် နတ်ဘုရားမိစ္ဆာများစွာ ဝိုင်းအုံနေကြပြီး နတ်ခံတပ်တစ်ခု တည်ဆောက်နေကြောင်း မြင်လိုက်ရ၏။

မြင့်မားလှသော ခံတပ်တံတိုင်းတို့က ကောင်းကင်နှင့်မြေပြင်ကို ဆက်သွယ်လျက် ခမ်းနားကြီးကျယ်နေသည်။ အနောက်ဝင်ရိုးစွန်းတွင် သတ္ထုများစွာ ရှိသည့်အလျောက် ဤနတ်ခံတပ်ကိုလည်း သတ္ထုစစ်စစ်ဖြင့် တည်ဆောက်ထားသည်။ အမြင့်ကား ရင်သပ်ရှုမောဖွယ် ကောင်းပေသည်။ အနောက်ဝင်ရိုးစွန်း၏ တောင်တန်းများထက်ပင် မြင့်မားလှသည့်အပြင် အထူကလည်း အံ့အားသင့်ဖွယ်ရာ ဖြစ်သည်။

မရေမတွက်နိုင်သော နတ်ဘုရားများ၊ မိစ္ဆာများသည် လက်ကောက်ဝတ်ကို လှီး၍ နတ်သွေးတို့ကား သတ္တုတံတိုင်းထက်သို့ ညှစ်ချနေကြ၏။ အဆောင်စက္ကူအရာတွင် ကျွမ်းကျင်သူတို့က ဧရာမစုတ်တံကြီးများ ကိုင်ကာ တံတိုင်းတစ်လျှောက် ပျံသန်းရင်း သွေးဖြင့် အင်းကွက်များ ရေးဆွဲနေကြသည်။

အမျိုးမျိုးသော အင်းကွက်၊ အဆောင်တို့မှာ တံတိုင်းများအပေါ် ခတ်နှိပ်ခံနေရပြီး အနီရောင်လင်းလျှင် လင်း၊ မလင်းလျှင် ရွှေရောင်တောက်နေကြသည်။

နတ်ခံတပ်အတွင်း၌ စစ်သင်္ဘောများ၏ မီးဖိုတို့ကိုလည်း ထွန်းလင်းထားကြသည်။ ဧရာမကြေးသားရဲကြီးများက ဆယ်မိုင်ရှည်လျားသော မီးတောက်များကို မှုတ်ထုတ်ရင်း စစ်သင်္ဘောများကို လေပေါ် ပင့်မြှောက်ပေးနေကြ၏။

စစ်သင်္ဘောများအပေါ်ရှိ နတ်ဘုရား၊ မိစ္ဆာများက သွက်သွက်လက်လက် သွားလာရင်း ချပ်ဝတ်များ ဝတ်၍ နတ်လက်နက်များ ဆွဲကိုင်ကာ တပ်မှူးတို့၏ အမိန့်အတိုင်း နေရာယူနေကြသည်။

ခံတပ်အထဲတွင် ဧရာမသားရဲကြီးများသည် ဧရာမတိမ်ရထားလှည်းများကို ဆွဲလျက် ခံတပ်တံတိုင်းဆီသို့ အားသွန်ခွန်စိုက် ရွေ့နေကြ၏။ ရထားလှည်းများတွင်ကား နတ်လက်နက်များ ပြည့်နေချေသည်။

လမ်း၏ဘေးနှစ်ဖက်လုံးတွင်လည်း ဆေးဆရာများက လူဆယ်ယောက်ကျော် ဝိုင်းမရမည့် ‌ဆေးမီးဖိုကြီးများကို အသက်သွင်းနေကြသည်။ မီးဖိုများအောက်၌ နတ်နဂါးများက မီးမှုတ်နေကြသည်။ ကောင်းကင်နတ်ဘုံ၏ ဆေးဆရာတစ်ယောက်ချင်းစီသည် ကျင့်စဉ်သိုင်းကွက်များကို ကိုယ်စီထုတ်ဖော်လျက် ဆေးလုံးများ အသည်းအသန် ဖော်နေကြ၏။ မီးဖိုထဲသို့ ဆေးပင်အမျိုးမျိုး တရစပ် ပစ်ထည့်ပေးနေသော ‌ဆေးအကူကောင်လေးများလည်း တွေ့မြင်ရသည်။

စွမ်းအင်ဆေးလုံးများ အဆင်သင့်ဖြစ်သည့်အခါ စစ်ပွဲအတွင်း ကုသရန် ခံတပ်ဆီသို့ ပို့‌ဆောင်ကြ၏။

ချင်မူ အဝေးသို့ လှမ်းကြည့်လိုက်သည်။ အနောက်ဝင်ရိုးစွန်းထဲရှိ ကောင်းကင်နတ်ဘုံ၏ စစ်တပ်အင်အားကား သန်းနှင့်ချီ၏။

ကောင်းကင်နတ်ဘုံအနေဖြင့် အကျင့်ပျက်ခြစားနေသော်လည်း ယခုလိုလျင်မြန်စွာ စစ်ချီတက်နိုင်စွမ်းက အံ့အားသင့်ဖွယ်ပင်။

ကောင်းကင်နတ်ဘုံ၏ စစ်တပ်တည်ဆောက်နိုင်နှုန်းက မြန်လွန်းသည်။

နတ်ခံတပ်ကို မျက်နှာမူနေသည်ကား အနောက်ဝင်ရိုးစွန်း၏ ကျားဖြူကောင်းကင်နန်းတော် ရှိသည်။ ဤအခိုက်အတန့်တွင် ကျားဖြူကောင်းကင်နန်းတော်ကား စတင်လှုပ်ရှားနေပြီး ခံတပ်ဆီ ရွေ့နေချေပြီ။

သိသိသာသာပင် အနောက်နတ်မင်း ကျားဖြူသည် ကောင်းကင်နတ်အရှင်ဆယ်ယောက်၏ ပဋိပက္ခအကြောင်း သတင်းရခဲ့လိမ့်မည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံး လက်နက်၊ ကောင်းကင်နတ်အရှင်ယွီ ကောင်းကင်နတ်ဘုံသို့ ပြန်ဆင့်ခေါ်မခံရခင် ဖမ်းဆီးရန် ပြင်ဆင်ထား၏။

‘ဒါက ထောင်ချောက်မှန်း ‌ရှေးဟောင်းနတ်ဘုရားတိုင်း သိမှာမဟုတ်ဘူး... သူတို့က ဖိနှိပ်ခံထားရတာ ကြာပြီမလို့ အခွင့်အရေးစောင့်နေကြတာနဲ့ အံကိုက်ဖြစ်သွားတယ်... အဲဒါကြောင့် ဒီအခွင့်အရေး ရုတ်တရက် ပေါ်လာတော့ သူတို့ပြန်တွန်းလှန်ဖို့ အချိန်ကျပြီ တွေးလိုက်မှာပဲ’

ချင်မူ စိတ်အားတင်းကာ တွေးလိုက်သည်။ ‘မြောက်နတ်မင်းရွှမ်းဝူကတော့ ဒါကို မြင်လိမ့်မယ်.... ဒါပေမဲ့ အနောက်နတ်မင်း ကျားဖြူ၊ အရှေ့နတ်မင်း ချင်းလုံ၊ တောင်နတ်မင်း ကျူချွဲတို့ကတော့ မြင်လောက်မှာမဟုတ်ဘူး... သူတို့ တိုက်ခိုက်ရင် မုချသေရလိမ့်မယ်’

အနောက်ဝင်ရိုးစွန်းရှိ ကျားဖြူကောင်းကင်နန်းတော်ထဲမှ အနောက်နတ်မင်း၏ လက်အောက်ရှိ စစ်တပ်ကြီးကား အပြင်သို့ ပျံထွက်လာချေပြီ။

အနောက်ဝင်ရိုးစွန်းတွင် သတ္ထု၊ ကျောက်စိမ်းနှင့် ဆန်းကြယ်သားရဲများ ပေါများ၏။ ထို့ကြောင့် အနောက်ဝင်ရိုးစွန်း၏ နတ်ဘုရား၊ မိစ္ဆာများက ဆန်းကြယ်သားရဲများကို စီးနင်းထားကြသည်။ သူတို့လက်ထဲရှိ နတ်လက်နက်များကလည်း နတ်သတ္ထုများ၊ နတ်ကျောက်စိမ်းတို့မှ သွန်းလုပ်ထားခြင်း ဖြစ်ပေသည်။

ဤဆန်းကြယ်သားရဲများက ရောင်စုံတိမ်တိုက်များအပေါ် နင်းရင်း ကောင်းကင်ထဲတွင် အသော့ပြေးနေကြသည်။ သိုင်းအဆင့်များကလည်း အလွန်မြင့်မားကြပြီး ဆန်းပြားသော မိုးလေဝသ အရိပ်အယောင်များအား ဖန်တီးနေကြ၏။ ထိုအရိပ်အယောင်တို့အတွင်း၌ အနောက်ဝင်ရိုးစွန်း၏ နတ်ဘုရားမိစ္ဆာတို့၏ လက်နက်များက ကောင်းကင်နှင့် မြေပြင်အပေါ် အုပ်စိုးနိုင်သော အရှိန်အဝါ ထုတ်လွှတ်လျက် နတ်ခံတပ်ဆီ တန်းတန်းမတ်မတ် ပျံသန်းသွားကြသည်။

“အနောက်နတ်မင်းကျားဖြူတော့ သေဘေးက လွတ်ဖို့ ခက်လိမ့်မယ်” နတ်ဘုရင်လန်ဝူသည် ချင်မူ့ဆီ ပြောရင်း ကျေနပ်နေသံပေါက်၏။

ချင်မူ သူမကို ကြည့်ပြီးနောက် အကြည့်ပြန်လွှတ်လိုက်သည်။ “ဖက်တီးနဂါး၊ ယန်အာ၊ ကောင်းကင်နဂါးတွေကို ပုံစံအစစ် ပြောင်းခိုင်းပြီး ရထားလှည်းကို နတ်ခံတပ်ဆီ ဆွဲသွားခိုင်းချည်”

နဂါးချီလင်က သူခိုင်းသည့်အတိုင်း အလျင်အမြန် ခိုင်းသည်။ ကောင်းကင်နဂါးခြောက်ကောင်သည် ခံ့ညားသော တွန်သံများ ထုတ်လွှတ်လျက် ခန္ဓာကိုယ်များ ကြီးထွားလာကြပြီး မိုင်တစ်ထောင် ရှည်သော ရွှေနဂါးများအသွင် ပြောင်းသွား၏။ သူတို့က ကောင်းကင်နဂါး ရတနာရထားလှည်းကို ဆွဲလျက် တိမ်တိုက်များအပေါ် နင်း၍ လျှပ်စီးလို လျင်မြန်စွာ ပြေးသွားကြသည်။

ရထားလှည်းသည်လည်း အဆက်မပြတ် ပြန့်ကားလာပြီး လေးသထက် လေးလာကာ တိမ်တိုက်များ၊ ‌ရေခိုးရေငွေ့များဖြင့် ဝန်းရံခံလာရသည်။ ထီးမိုးသည် ကောင်းကင်ဘုံအသွင် ဖွဲ့တည်လျက် တလက်လက် တောက်ပနေသည့် ကြယ်အစုအဝေးများဖြင့် ရထားလှည်းအပေါ်မှ အုပ်မိုးသွား၏။

အောက်ရှိ လေထဲတွင် ရေလှိုင်းတစ်လှိုင်း ဖြစ်တည်လာပြီး ကောင်းကင်နတ်မြစ် အသွင်ပြောင်းလဲသွားသည်။ မြစ်သည် မျက်စိတစ်ဆုံး တစ်ဖြောင့်တည်း စီးဆင်းသွား၏။ ရွှမ်းဝူလိပ်များနှင့် မြွေများလည်း ရထားလှည်းအောက်၌ ပေါ်လာကြကာ ရထားလှည်းနှင့်အတူ ချီတက်လာကြသည်။

ရထားလှည်းအနောက်၌ မီးငှက်များသည် မြင့်မြင့်ပျံသန်းရင်း ရထားလှည်း၏အမြန်နှုန်းအား အားဖြည့်ပေးနေကြသည်။

မီးငှက်များ တောင်ပံဖြန့်ကားလိုက်သည့်အခါ ရထားလှည်းအနောက်တွင် မီးလှိုင်းများ တောက်ပလာသည်။ မီးလှိုင်းတို့သည် ပေသုံးထောင် မြင့်မားပြီး အတိုင်းထက်အလွန် ခမ်းနားတင့်တယ်နေ၏။

ရထားလှည်းအတွင်း၌ ကျားဖြူသင်္ကေတအမှတ်အသားများ တလက်လက် တောက်ပလာကာ ကျားဖြူနှစ်ကောင် ဖွဲ့တည်၍ ချင်မူ၏ပလ္လင် ဖြစ်လာသည်။ ချင်မူ့တွင်လည်း ကောင်းကင်နှင့်မြေပြင်အား အုပ်စိုးနိုင်သော နတ်ဘုရားတစ်ပါးပမာ ကြီးမားလှသည့် ရုပ်ခန္ဓာကိုယ်ကြီး ရှိနေ၏။ သူ့လက်ဝါးနှစ်ဖက်က ကျားဖြူတို့၏ ဦးခေါင်းအပေါ် ဖိတင်ထားပြီး သူ့မျက်နှာသည် တည်ကြည်ခံ့ညားနေချေသည်။

နတ်ခံတပ်ကို စောင့်ကြပ်နေသော နတ်ဘုရားများမှာ လုပ်လက်စများ ရပ်၍ ပျံသန်းလာသော ရထားလှည်းအား ရင်သပ်ရှုမောစွာ ကြည့်နေမိကြသည်။

“ဘယ်နတ်ဘုရား ကြွမြန်းတော်မူလာသလဲ” ခံတပ်အစောင့် နတ်စစ်သူကြီးက ကောင်းကင်သို့ ကပျာကယာ ပျံတက်၍ ရထားလှည်းအရှေ့တွင် ပိတ်ရပ်ပြီး ဦးညွှတ်အရိုအသေပေးကာ မေးသည်။

ချင်မူ၏မျက်နှာသည် နတ်ရောင်ဝါတို့ဖြင့် ဝင်းလက်နေ၏။ သူက အမိန့်ပေးလိုက်သည်။ “ယန်အာ၊ လုံပိ၊ ကောင်းကင်နတ်အရှင်မူရဲ့ အလံကို ဖြန့်လိုက်ချည်”

နဂါးချီလင်နှင့် ယန်အာလည်း ရထားလှည်းအပြင်သို့ အလျင်အမြန် ထွက်လိုက်ကြသည်။ နဂါးချီလင်က အလံတစ်ခု ထုတ်ပြီး လေထဲတွင် ဝင့်ယမ်းလိုက်သည်။ ယန်အာ၏ အားကောင်းသော ချီစွမ်းအင်က အလံထဲ ဝင်ရောက်သွားသည်။

‘မူ’ စာလုံး ရေးထိုးထားသည့် အလံကား လေထဲတွင် တလွင့်လွင့် လှုပ်ခတ်နေချေပြီ။

ဤသည်ကို မြင်လျှင် နတ်စစ်သူကြီး၏ မျက်နှာအမူအရာ တွန့်သွားသည်။ သူက ဦးညွှတ်ပြီးနောက် လျှောက်တက်၏။ “‌ဪ ကောင်းကင်နတ်အရှင်မူပါလား.. ကျုပ် ခင်ဗျားကို တွေ့ဖူးတယ် ကောင်းကင်နတ်အရှင်... ကျုပ်က အနောက်ဝင်ရိုးစွန်းကို ကိုယ်စား‌စောင့်ကြပ်ပေးနေတဲ့ ကောင်းကင်နတ်အရှင်ဟုန်ရဲ့ တပည့်ပါ... လောလောဆယ် အနောက်နတ်မင်းကျားဖြူက ပြဿနာ ရှာနေတယ်.... ကောင်းကင်နတ်အရှင်အနေနဲ့ အခုလို အန္တရာယ်များတဲ့ နေရာဆီ မလာသင့်ပါဘူး.... ကောင်းကင်နတ်အရှင် ဝေးဝေးမှာ သွားနေဖို့ ကျုပ် တောင်းဆိုလိုပါတယ်”

ချင်မူသည် လက်ဆန့်ပြီး ကန့်လန့်ကာကို ဖယ်လိုက်၏။ သူ့အကြည့်က နတ်စစ်သူကြီး၏မျက်နှာအပေါ် ကျရောက်သွားသည်။ သူက ပလ္လင်၏အမြင့်ထက်၌ နေ၍ ခပ်ပြတ်ပြတ် ပြောလိုက်သည်။ “မင်းကို ဘာလုပ်ပါလို့ ငါ ပြောရဦးမှာလား ... နောက်ဆုတ်”

နတ်စစ်သူကြီး ချွေးပြန်လာသည်။ သို့သော် သူက နေရာတွင်သာ နေကာ လျှောက်တင်သည်။ “ကောင်းကင်နတ်အရှင်၊ တောင်းပန်ပါတယ်... ကောင်းကင်နတ်အရှင်က နတ်ဘုရားပဲ ရှိသေးတာ ကျုပ် ကြားထားလို့ပါ... အဆင့်အတန်းက မြင့်မားပေမယ့် ကောင်းကင်နတ်အရှင်ရဲ့ အစွမ်းအစတွေက အားမကောင်းသေးပါဘူး... အနောက်ဝင်ရိုးစွန်းရဲ့ နတ်မိစ္ဆာတွေက သိပ်ကြမ်းကြုတ်တယ်... သူတို့ ကောင်းကင်နတ်အရှင်ကို အန္တရာယ်ပြုမှာ ကျုပ် စိတ်ပူမိလို့ပါ”

သူက နောက်မဆုတ်ပေးပေ။ “ကောင်းကင်နတ်အရှင်ရဲ့ ဘေးကင်းလုံခြုံမှုအတွက် ပြောနေတာပါခင်ဗျာ”

ချင်မူက အေးစက်စက် ပြောသည်။ “အနောက်နတ်မင်း ပုန်ကန်တာ ဟုတ်လား၊ မဟုတ်လား အခုထိ အတည်မပြုရသေးဘူး... မင်းက ဘယ်သူမလို့ ငါ့ကို ဒီလိုတွေ လာပြောနေတာလဲ... နောက်ဆုတ်... ကောင်းကင်နတ်အရှင်ဟုန်ရဲ့မျက်နှာကို ထောက်ထားပြီး သက်ညှာပေးလိုက်မယ်... မင်း နောက်မဆုတ်ရင်တော့ ကောင်းကင်နတ်အရှင်ဟုန်တောင် ဘာမှမပြောနိုင်အောင် ငါ လုပ်ပစ်လိုက်လို့ရတယ်”

နတ်စစ်သူကြီး ထိတ်လန့်သွား၏။ သူ့မှာ ချင်မူ့ကို ခွင့်ပြုသင့်၊ မပြုသင့် မဆုံးဖြတ်တတ်‌တော့ပေ။

ချင်မူမှာ နတ်မိစ္ဆာစစ်တပ် နီးကပ်နေပြီကို မြင်လျှင် စိုးရိမ်လာတော့သည်။ သူက ဒေါသတကြီး ပြောလိုက်၏။ “မင်းလိုကောင်က ဘာသတ္တိနဲ့ ကောင်းကင်နတ်အရှင်ရဲ့ လမ်းကို ပိတ်ရဲတာလဲ... ယန်အာ၊ သူ့ကို ဖယ်ပစ်လိုက်”

ယန်အာသည် ပျံတက်သွားပြီး နဂါးစာကလေးအသွင်ဖြင့် ထိုနတ်ဘုရားအပေါ် ခုန်အုပ်လိုက်၏။

နတ်စစ်သူကြီးက ချင်မူ့ကို မထိရဲသော်လည်း ယန်အာကိုမူ မကြောက်ပေ။ သူက ချက်ချင်းဆိုသလို မာန်သွင်းအော်ဟစ်ပြီး ခြင်္သေ့ခေါင်းမိစ္ဆာနတ်ဘုရားအသွင် ပြောင်းလိုက်သည်။ သူ့ခေါင်းအား လှုပ်ယမ်းလိုက်သည့်အခါ ခြင်္သေ့ခေါင်းများစွာ ပွားထွက်သွား၏။ “ကျုပ်က ကောင်းကင်နတ်အရှင်ရဲ့ ဘေးကင်းလုံခြုံမှုအတွက် ပြောနေတာ... ဒါကြောင့် သူပုန်တွေကြောင့် ကောင်းကင်နတ်အရှင် မထိခိုက်အောင် တားရလိမ့်မယ်... အခုလို ဖိအားပေးမိလို့ တောင်းပန်ပါတယ် ကောင်းကင်နတ်အရှင်”

သူ၏အစွမ်းအစများသည် အတိုင်းထက်အလွန် အားကောင်းပြင်းထန်ပြီး သူ့အနောက်၌ ကောင်းကင်နန်းဆောင်များစွာ ဖွဲ့တည်လာ၏။ သူ့သိုင်းအဆင့်က ယန်အာထက် မြင့်ချေသည်။

ခေါင်းကိုးလုံးခြင်္သေ့သည် ကောင်းကင်နန်းဆောင်ကိုးဆောင်အထိ အထင်ကြီးဖွယ်ကောင်းစွာ ကျင့်ကြံထား၏။ သို့ဖြစ်၍ မယှဉ်သာလောက်အောင် အစွမ်းထက်ပေသည်။ သူ ယန်အာကို အနိုင်ယူတော့မည့်အချိန် ရုတ်တရက် ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားမှ တောက်ပသော အလင်းရောင် ထုတ်လွှတ်လိုက်သည်။ အလင်းရောင်ကြောင့် ခေါင်းကိုးလုံးခြင်္သေ့မှာ ငေးကြောင်သွားပြီး ယန်အာ့တိုက်ကွက်အား မတုံ့ပြန်နိုင်လိုက်သဖြင့် ဒဏ်ရာအပြင်းအထန် ရသွားသည်။ သူ့ခေါင်းကိုးလုံးမှ သွေးအန်လျက် ကောင်းကင်ထက်မှ ပြုတ်ကျသွားသည်။

“မင်းက ရာရာစစ ကောင်းကင်နတ်အရှင်တစ်ယောက်ရဲ့ ရထားလှည်းကို တားရဲရတယ်လို့.... မင်းလိုကောင်မျိုးတွေ သေသင့်တယ်”

နဂါးချီလင်က ကောင်းကင်နဂါးတစ်ကောင်၏ ခေါင်းပေါ်တွင် ရပ်နေသည်။ သူ့အသံသည် မိုးခြိမ်းသံကြီးသဖွယ် ဟိန်းနေပြီး နတ်ခံတပ်တစ်လျှောက် ပျံ့လွင့်သွား၏။ “ကောင်းကင်နတ်အရှင်ဟုန်ရဲ့ တပည့်ဆိုတာ ထောက်ထားပြီး မင်းကို သက်ညှာပေးလိုက်မယ်.... ကောင်းကင်နတ်အရှင်မူရဲ့ လမ်းကို ပိတ်ရဲတဲ့သူမှန်သမျှ သေရမယ်သာမှတ်”

ယန်အာ တောင်ပံဖြန့်လိုက်သည့်အခါ မီးတောက်မီးလျှံများသည် ကောင်းကင်တစ်လျှောက် လွှမ်းခြုံသွား၏။ မီးငှက်အထွတ်အမြတ်မီးလျှံက အရှိန်ပြင်းပြင်း တောက်လောင်ရင်း ကောင်းကင်တစ်ပြင်လုံးအား အရည်ပျော်လာစေသည်။ သူမသည် နဂါးအမြီးကို ယမ်း၍ အောက်ရှိ သင်္ဘောများထံ ငုံ့ကြည့်နေ၏။

နတ်ခံတပ်အတွင်းရှိ စစ်သည်တော်များမှာ ကျောချမ်းကုန်ကြသည်။ ယန်အာကို ကြောက်ချင်းမဟုတ်၊ ကောင်းကင်နတ်အရှင်မူ၏ နာမည်ကြောင့်ပင်။

“သွားစို့” ချင်မူ့အသံက ရထားလှည်းထဲမှ ထွက်လာသည်။

ကောင်းကင်နဂါးခြောက်ကောင်က ရထားလှည်းကို တရှိန်ထိုး ဆွဲသွားပြီး မကြာခင် နတ်ခံတပ်ကို ဖြတ်ကျော်ကာ အနောက်ဝင်ရိုးစွန်း၏ နတ်ဘုရား၊ မိစ္ဆာစစ်တပ်ဆီ တန်းတန်းမတ်မတ် ဝင်ရောက်သွားလေသည်။

ချင်မူ နီးကပ်လာနေသည့် အနောက်ဝင်ရိုးစွန်းတပ်မတော်ကို ကြည့်နေစဉ် သူ့အရှေ့မှ မိုးပြိုကျစေလောက်သော တိုက်ခိုက်သံများ ကြားလိုက်ရသည်။ ချင်မူမှာ ဒေါသများဖြင့် ရယ်လိုက်ပြီး အသံမြည်သည်အထိ အံကြိတ်လိုက်သည်။

ကျားဖြူကောင်းကင်နန်းတော်ရှိ အနောက်နတ်မင်းကျားဖြူသည် သူ၏ရထားလှည်းနှင့် အလံကို မြင်သော်လည်း တပ်ပြန်မရုတ်ပေ။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ရင်ဆိုင်ရန် ယုံကြည်ချက်ရှိခြင်း ဖြစ်မည်။

နတ်ဘုရင်လန်ဝူက ခံစားချက်မရှိသော အသံဖြင့် ပြောသည်။ “အနောက်နတ်မင်းက သူ့သေတွင်းသူ တူးနေတာပါ... အထွတ်အမြတ်ကလေးငယ်အတွက်လည်း ဘာအကျိုးအမြတ်မှ ရှိမှာမဟုတ်ဘူး... သူ သေသေရှင်ရှင် ဘာကြောင့်ဂရုစိုက်နေတာလဲ”

ချင်မူ ထရပ်ပြီး ရထားလှည်းအပြင် ထွက်လိုက်၏။ သူက ရထားလှည်းအပေါ်၌ ရပ်လျက် အသိစိတ်အလျဉ်ကို ကျားဖြူကောင်းကင်နန်းဆောင်ထံ ဖြန့်ကျက်လိုက်သည်။ “အနောက်နတ်မင်း၊ ကောင်းကင်နတ်အရှင်မူ အလည်လာပါတယ်... ကျေးဇူးပြုပြီး တပ်ရုတ်ပေးပါ”

ကျားဖြူကောင်းကင်နန်းတော်အတွင်းရှိ အနောက်နတ်မင်းဆီမှ တုံ့ပြန့်မှုမရှိ။ ထိုအစား စစ်ဗုံသံများသာ ပိုမိုကျယ်လောင်လာသည်။ ခပ်စူးစူး ခရာသံတစ်သံသည် စူးရှပြင်းထန်သော အင်အားဖြင့် ထွက်ပေါ်လာ၏။ ခရာသံ မြေပြင်တစ်လျှောက် ပျံ့လွင့်သွားသည့်အခါ စစ်သည်တော်တို့၏ တိုက်ခိုက်လိုစိတ်များ နိုးကြွလာကြတော့သည်။

ချင်မူ မျက်မှောင်ကြုတ်သွားသည်။ သူက နတ်ဘုရင်လန်ဝူဆီ ခေါင်းလှည့်ကြည့်ကာ အလေးအနက် ပြောသည်။ “ကျွန်တော် ဘိုးဘေးနန်းတော်ရဲ့ တည်နေရာကို ရှာတွေ့ထားပြီးပြီ”

နတ်ဘုရင်လန်ဝူက သက်ပြင်းမျှင်းမျှင်း ချကာ ထရပ်သည်။ သူမသည် နူးညံ့ချိုသာစွာ ပြောလေ၏။ “အထွတ်အမြတ်ကလေးငယ်၊ ရှေးဟောင်းနတ်ဘုရားတွေက ငါ့မျိုးနွယ်ကို မျိုးတုံးသတ်ဖြတ်ခဲ့တဲ့သူတွေဆိုတာ နင် နားလည်ရမယ်... အနောက်နတ်မင်းလည်း သူတို့ထဲမှာ ပါတယ်... သူ့ကို ကယ်စေချင်တာ သေချာလား”

All Chapters