အခန်း (၁၁၉၃)
Vol. 86 Ch. 1193
အဆင့်ကိုးအပျက်အစီးနယ်မြေ ....
ထိုနေရာတွင် အားကောင်းသော အဆင့်ကိုးရုပ်သေးနှင့် အဆင့်ကိုးချပ်ဝတ်များ ရှိနေလိမ့်မည်။
စိတ်လှုပ်ရှားမှုတချို့ကို ဟန်မူယဲ့၏မျက်လုံးထဲတွင် မြင်နိုင်သည်။
အဆင့်ကိုးသည် ကမ္ဘာဦးချပ်ဝတ်နှင့် မယှဉ်နိုင်သော်လည်း ကောင်းကင်အဆင့်တွင် ရှိနေသည်။
ဟန်မူယဲ့က သူတို့နှင့်အတူ လိုက်မသွားပဲ သွေးကျားသစ်ကိုစီးနင်း၍ တစ်ယောက်တည်း သွားခဲ့သည်။
သူက သွေးကျားသစ်၏ဒဏ်ရာကို ကုသပေးလိုက်သောအခါတွင် ထိုကျားသစ်က အလွန်နာခံမှုရှိလာသည်။
သူက ဘုရားမြို့သို့ ရောက်သောအခါတွင် သွေးကျားသစ်ကို ချစ်စရာကောင်းသော သားရဲလေးတစ်ကောင်အဖြစ် ပြောင်းလဲခိုင်းလိုက်သည်။ တစ်ပေခန့်ရှိသော သွေးကျားသစ်လေးက သူနှင့် နီးကပ်စွာ လိုက်လာသည်။
သူက မြို့ထဲသို့ ရောက်သွားသောအခါတွင် မူလစကြဝဠာနှင့် မတူညီသောပုံစံကို မြင်လိုက်ရသည်။
သံမဏိတည်ဆောက်ပုံများညသည် နေရတိုင်းတွင် ရှိနေသည်။
ရုပ်သေးနှင့် ချပ်ဝတ်၏ အရိပ်အယောင်များကိုလည်း မြင်ရသည်။
ရိုးရှင်းသော ပစ္စည်းတချို့နှင့် စီးနင်းနိုင်သော စက်လှည်းများသည် ဟန်မူယဲ့ မေ့လျော့လုနီးပါး ဖြစ်နေသော ကမ္ဘာမြေ၏ စစ်ရထားများနှင့် ဆင်တူသည်။
လမ်းလျှောက်ခြင်း၊ ပျံသန်းခြင်းတို့တွင် ကူညီပေးနေသော ချပ်ဝတ်များကိုလည်း မကြာခဏ မြင်နိုင်သည်။
ထိုလူများသည် ရုပ်သေးသခင်၊ ချပ်ဝတ်သခင်များ မဟုတ်ကြပေ။ သူတို့က ရိုးရှင်းသောပစ္စည်းများကို အသုံးပြုနေရုံသာ ဖြစ်သည်။
ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်များသည် သူတို့ထက် အဆပေါင်းများစွာ ပိုသန်မာကြသည်။
ဥပမာအနေဖြင့် ဟန်မူယဲ့က မြို့ထဲသို့ ရောက်လာသောအခါတွင် ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်၏တိုက်ပွဲကို မြင်လိုက်ရသည်။
အစိမ်းရောင်သန်းနေသော ပေတစ်ရာကျယ်ဝန်းသည့်စင်မြင့်တွင် အစိမ်းရောင်ဝတ်စုံနှင့် ချပ်ဝတ်အပျော့ကို ဝတ်ဆင်ထားသော လူငယ်က လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။
သူ့ရှေ့တွင် ရှစ်ပေမြင့်မားသော သံမဏိရုပ်သေးရုပ် ရှိနေသည်။
ထိုရုပ်သေးက ကြံ့ခိုင်ပြီး လူငယ်၏ လမ်းညွှန်ချက်အတိုင်း လက်သီးချက်နှင့် လှုပ်ရှားမှုများကို ပြုလုပ်နေသည်။
ရုပ်သေးရုပ်က လူငယ်၏ ထိန်းချုပ်မှုအောက်တွင် သွက်လက်စွာ တိုက်ခိုက်နေသည်။
သူက ရုပ်သေးသခင် ဖြစ်သည်။
ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြု၍ ရုပ်သေးကို တိုက်ပွဲတွင် ထိန်းချုပ်သည်။
တစ်ဖက်တွင် အနက်ရောင်ချပ်ဝတ်ကို ခေါင်းအစခြေအဆုံး ဝတ်ဆင်ထားသော လူတစ်ယောက် ရှိနေသည်။
ရုပ်သေးရုပ်နှင့် ယှဉ်လိုက်လျှင် သူက ပိုမိုလျင်မြန်သည်။
သူက ချပ်ဝတ်သခင် ဖြစ်သည်။
ရုပ်သေးရုပ်၏ လက်သီးချက်တိုင်းကို သူက တားဆီးထားသည်။ ထို့နောက် ပြန်လည်တိုက်ခိုက်သည်။
သို့သော် ရုပ်သေးရုပ်က အလွန်ကြံ့ခိုင်သောကြောင့် ချပ်ဝတ်သခင်၏ လက်သီးချက်များသည် ရုပ်သေးရုပ်ကို အနည်းငယ်တုန်ခါသွားစေရုံသာ တတ်နိုင်သည်။
လက်သီးနည်းစနစ်၊ ခွန်အားနှင့် ခုခံနိုင်စွမ်းတွင် ရုပ်သေးရုပ်က အားသာချက်ရှိနေသည်။
သို့သော် လျင်မြန်သွက်လက်မှုတွင် အားနည်းသည်။
“ဟယ်ရန်စွန်းက ရှုံးတော့မယ်”
ဟန်မူယဲ့၏ ရှေ့တွင်ရှိသော အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
ထိုလူအိုကြီး၏ရင်ဘတ်တွင် အနက်ရောင်သံမဏိနှင့် ပြုလုပ်ထားသော တံဆိပ်ပြားတစ်ခု ရှိနေသည်။
ရုပ်သေးသခင်၏ တရားဝင်တံဆိပ်ပြား ဖြစ်သည်။
လူအိုကြီးက အဆင့်နှစ်ရုပ်သေးသခင် ဖြစ်သည်။
စင်မြင့်ပေါ်တွင်ရှိသော လူငယ်နှစ်ယောက်က ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်၏ တပည့်များ ဖြစ်ကြသည်။
သူတို့က တိုက်ခိုက်နိုင်စွမ်း တိုးမြှင့်ရန်အတွက် ကိုယ်ပိုင်စွမ်းအားကို မှီခိုပြီး ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို အသုံးပြုရန်သာ တတ်နိုင်သည်။ သူတို့က လောကတွင် လည်ပတ်နေသော သဘာဝစွမ်းအားကို မသုံးနိုင်ကြပေ။
အစစ်အမှန် ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်များကသာ သဘာဝစွမ်းအားကို အသုံးပြုနိုင်ကြသည်။
“ဘန်း”
စင်မြင့်ပေါ်တွင် အနက်ရောင်ရုပ်သေးရုပ်၏ ရင်ဘတ်သည် ထိုးနှက်ခံလိုက်ရသည်။ ရုပ်သေးရုပ်က တုန်ခါနေပြီး နှေးကွေးသွားသည်။
ချပ်ဝတ်နှင့်လူက လှုပ်ရှားလိုက်ပြီး ရုပ်သေးရုပ်ကို ကျော်ဖြတ်၍ ရုပ်သေးသခင်လူငယ်ဆီသို့ ရောက်လာသည်။
လူငယ်က ရုပ်သေးရုပ်ကို ထိန်းချုပ်ရန်အတွက် ရုန်းကန်နေရသည်။ သူ့မျက်နှာက ဖြူဖျော့ပြီး နဖူးတွင် ချွေးထွက်နေသည်။
ယခုအချိန်တွင် ပြိုင်ဘက်က သူ့ဆီသို့ ပြေးဝင်လာသောကြောင့် လူငယ်က ကြောက်ရွံ့သွားသည်။
ချပ်ဝတ်နှင့်လူက ရယ်လိုက်ပြီး လူငယ်၏ရင်ဘတ်ကို ထိုးချသည်။
ထိုလက်သီးချက်သည် ရုပ်သေးရုပ်ကိုပင် တုန်ခါသွားစေသည်။ အသွေးအသားနှင့် တည်ဆောက်ထားသော လူငယ်ဆိုလျှင် သေဆုံးသွားလိမ့်မည်။
စင်မြင့်၏အောက်တွင် လူအများက နှမြောတသဖြစ်နေကြသည်။
တချို့က တီးတိုးကျိန်ဆဲလိုက်ကြသည်။
လူငယ်က လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် သွယ်ယှက်လိုက်ပြီး အော်ဟစ်သည်။
“ဝီ”
လက်ဝါးအရွယ်အစားရှိသော အစိမ်းပုပ်ရောင်သံမဏိပြားသည် သူ့ရှေ့တွင် ပေါ်လာသည်။
ထိုသံမဏိပြားက ငွေအလင်းကို ထုတ်လွှတ်ပြီး အင်းကွက်များကို သယ်ဆောင်ထားသည်။
ဟန်မူယဲ့က ထိုသံမဏိပြားကို ကြည့်လိုက်ပြီး နှလုံးခုန်မှားသွားသည်။
ကောင်းကင်အဆင့် ချပ်ဝတ်၏ အဓိကအစိတ်အပိုင်း ဖြစ်သည်။
“ဘန်း”
ပြိုင်ဘက်၏ လက်သီးချက်က သံမဏိပြားနှင့် ထိတွေ့ပြီး လူငယ်က စင်မြင့်ပေါ်မှ လွင့်ထွက်သွားသည်။ သံမဏိပြားကလည်း တခြားနေရာသို့ ရောက်သွားသည်။
ဟန်မူယဲ့က သံမဏိပြားကို ဖမ်းယူလိုက်သည်။
“ဟယ်ရန်စွန်း၊ မင်းရဲ့ အရည်အချင်းက မလုံလောက်ဘူး။ မင်းတို့ ဟယ်မိသားစုက ကျဆင်းနေပြီ။ ဘုရားမြို့မှာ နေရာမရှိတော့ဘူး”
စင်မြင့်ပေါ်တွင်ရှိသော ချပ်ဝတ်နှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က အေးစက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
ထို့နောက် သူက ထိန်းချုပ်မှုမရှိသောကြောင့် ရပ်တန့်နေသော လူငယ်၏ရုပ်သေးရုပ်ကို လက်တစ်ဖက်ဖြင့် မယူပြီး စင်မြင့်ပေါ်တွင် ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။
ရုပ်သေးရုပ်၏ ခန္ဓာကိုယ်က တစ်ပိုင်းတစ်စစီ ဖြစ်သွားသည်။
အောက်တွင်ရှိသော ဟယ်ရန်စွန်းက ပြန်ထလာပြီး စင်မြင့်ပေါ်သို့ တက်လိုက်သည်။ သူက ပျက်စီးနေသော ရုပ်သေးရုပ်ကို ကြည့်လိုက်ပြီး လမ်းပျောက်နေသည်။
“ဒီပြိုင်ပွဲမှာ ဟယ်မိသားစုရဲ့ ဟယ်ရန်စွန်းက ရှုံးနိမ့်သွားတယ်။ ချန်မိသားစုရဲ ချန်ကျင်းဟွေက အနိုင်ရတယ်”
“ဟယ်မိသားစုရဲ့ ချန်လင်းလမ်းမှာရှိတဲ့ ဈေးဆိုင်သုံးဆိုင်ကို ချန်မိသားစုက ပိုင်သွားတယ်”
“ဟယ်မိသားစုက မြို့ထဲမှာ ဆိုင်တစ်ဆိုင်ပဲ ရှိတော့တဲ့အတွက် ဘုရားမြို့ရဲ့ ဂုဏ်ရေရှိမိသားစု မဟုတ်တော့ဘူး”
“အနာဂတ်မှာ ဟယ်မိသားစုရဲ့ အခွန်က တခြားကုန်သည်တွေနဲ့ အတူတူပဲ ဖြစ်မယ်။ လျော့ဈေး ၄၀%ကို ခံစားခွင့်မရှိတော့ဘူး”
စင်မြင့်ပေါ်မှ အသံများထွက်လာသည်။
ချန်ကျင်းဟွေက ရယ်လိုက်ပြီး ပြိုင်ပွဲလောင်းကြေးကို ထိန်းချုပ်ထားသော အဖြူရောင်ဝတ်စုံနှင့် အကြီးအကဲဆီမှ စာရွက်စာတမ်းများကို ယူသည်။ ထို့နောက် ပတ်ဝန်းကျင်ကို ဦးညွတ်ပြီး လှည့်ထွက်သွားသည်။
အောက်တွင် လူတချို့က ကျိန်ဆဲပြီး လောင်းကြေးဘောက်ချာများကို လွှင့်ပစ်လိုက်ကြသည်။
သူတို့က ဟယ်ရန်စွန်း၏ဘက်မှ လောင်းကြေးထပ်ထားခဲ့သည်။
“ချပ်ဝတ်နဲ့ရုပ်သေးကို တစ်ပြိုင်နက် လေ့ကျင့်လို့မရဘူး။ ဟယ်ရန်စွန်းက နှစ်ခုလုံးကို လေ့ကျင့်ဖို့ ကြိုးစားနေတယ်။ ငါက သူ့ဘက်ကနေ လောင်းကြေးမထပ်ခဲ့သင့်ဘူး”
“ဟုတ်တယ်။ ဟယ်မိသားစုရဲ့ နောက်ဆုံးပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားပြီ”
စင်မြင့်ပေါ်တွင်ရှိနေသော ဟယ်ရန်စွန်းက ထိုစကားများကို ကြားပုံမရပေ။
သူက ရုပ်သေးရုပ်၏ အပိုင်းအစများကို သေချာသိမ်းလိုက်ပြီး လက်နှစ်ဖက်ဖြင့် ကောက်ယူ၍ စင်မြင့်ပေါ်မှ ခက်ခဲစွာ ထွက်သွားသည်။
ပတ်ဝန်းကျင်တွင်ရှိသော လူများကလည်း ကျဲပါးသွားသည်။
အစိမ်းရောင်ဝတ်စုံနှင့် လူငယ်နှစ်ယောက်က ဟယ်ရန်စွန်းဆီသို့ ရောက်လာပြီး ထောက်ပံ့ပေးလိုက်သည်။
“သခင်လေး၊ အဆင်ပြေရဲ့လား”
“သခင်လေး၊ သခင်မက ပြန်လာဖို့ ပြောလိုက်ပါတယ်”
လူငယ်နှစ်ယောက်က ဟယ်ရန်စွန်းကို ကူညီပေးချင်သော်လည်း ဟယ်ရန်စွန်းက သူတို့ကို တွန်းထုတ်လိုက်သည်။
ထို့နောက် သူက ဟန်မူယဲ့ကို လှည့်ကြည့်သည်။ ချပ်ဝတ်သံမဏိပြားသည် ဟန်မူယဲ့၏လက်ထဲတွင် ရှိနေသည်။
သူက လက်ထဲတွင်ရှိသော ပျက်စီးနေသည့် ရုပ်သေးရုပ်ကို ကြည့်လိုက်ပြီး မျက်လုံးထဲတွင် စိတ်အားငယ်မှုတချို့ ဖြတ်ပြေးသွားသည်။
“ခင်ဗျားကို အဲဒါပေးလိုက်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အသုံးမလိုတော့ဘူးလေ ....”
ထို့နောက် ဟယ်ရန်စွန်းက ပျက်စီးနေသော ရုပ်သေးရုပ်ကိုသယ်ပြီး လှည့်ထွက်သွားသည်။
ဟန်မူယဲ့က လက်ထဲတွင်ရှိသော ချပ်ဝတ်အပိုင်းအစကို ကြည့်လိုက်သည်။ သူက ပြုံးလိုက်ပြီး မှိန်ဖျော့သော အလင်းရောင်က သံမဏိပြားကို လွှမ်းခြုံသွားသည်။
“ဝီ”
ပုံရိပ်များသည် သူ့စိတ်ထဲတွင် ပေါ်လာသည်။
ဒါဇင်ချီနေသော ရုပ်သေးရုပ်များက အပြင်းအထန် တိုက်ခိုက်နေကြသည်။ ချပ်ဝတ်နှင့်လူများလည်း ရှိနေသည်။
သူတို့အားလုံးက အနည်းဆုံး အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်တွင် ရှိနေသော အဆင့်ကိုးချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များ ဖြစ်ကြသည်။ သူတို့က ရွှေရောင်လက်မောင်းတစ်ဖက်ရှိနေသော မြို့တစ်မြို့အတွက် တိုက်ခိုက်နေကြသည်။
ကမ္ဘာဦးရုပ်သေးရုပ်၏ လက်မောင်း ဖြစ်သည်။
ဟန်မူယဲ့၏ မျက်လုံးများက တောက်ပသွားသည်။
ဤသံမဏိပြားသည် အဆင့်ကိုးချပ်ဝတ်သခင်၏ ချပ်ဝတ်အပိုင်းအစ ဖြစ်သည်။ အဆုံးတွင် သူက ရှုံးနိမ့်သွားပြီး သတ်ဖြတ်ခံလိုက်ရသည်။ သူ၏ ချပ်ဝတ်ကိုလည်း ယူသွားကြသည်။
ထိုချပ်ဝတ်နှင့်အတူ ကမ္ဘာဦးရုပ်သေးရုပ်၏ လက်မောင်းလည်း ရှိနေသည်။
အဆင့်ကိုးချပ်ဝတ်သခင်အား သတ်ဖြတ်လိုက်သော အားကောင်းသည့် ရုပ်သေးသခင်ကို ဟယ်ချန်ရှန်းဟု ခေါ်သည်။
သူက ယွင်လုံမြို့၏ ဟယ်မိသားစုမှ အကြီးအကဲတစ်ယောက် ဖြစ်သည်။
နောက်ပိုင်းတွင် ချပ်ဝတ်အပိုင်းအစက အမျိုးမျိုးသော အလှည့်အပြောင်းများနှင့် ကြုံခဲ့ရသည်။ ဟယ်မိသားစုကလည်း နိမ့်ကျသွားသည်။
ယွင်လုံမြို့က အတိတ်တွင် ပျောက်ကွယ်သွားပြီး အပျက်အစီးနယ်မြေ ဖြစ်လာသည်။ ယခုအချိန်တွင် ယုထောင်မြို့ပျက်ဟု ခေါ်သည်။
ကမ္ဘာဦးရုပ်သေးရုပ်၏ လက်တစ်ဖက်သည် ဟယ်မိသားစုတည်ရှိခဲ့သော ထိုမြို့ပျက်ထဲတွင် ရှိနေကြာင်း မည်သူမှ မသိကြပေ။
ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များသည် သူတော်စင်အဆင့်ကို ကျော်လွန်နေပြီး နတ်ဘုရားအဆင့်နှင့် တူညီသည်။
ကြယ်စင်စုစကြဝဠာ၏ အထွတ်အထိပ်အချိန်မှာပင် အားကောင်းသော နတ်ဘုရားအဆင့် ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များ သိပ်မရှိကြပေ။
ယခုအချိန်တွင် ထိုကျွမ်းကျင်သူများက မတည်ရှိတော့ပေ။
ကမ္ဘာဦးချပ်ဝတ်နှင့် ကမ္ဘာဦးရုပ်သေးရုပ်များကို ထိန်းချုပ်ရန်အတွက် ဆယ်ချီသော၊ ရာချီသော ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်များ ပူးပေါင်းရသည်။
‘ဟယ်မိသားစုလား’
‘ဟယ်ရန်စွန်းက ဟယ်မိသားစုဝင် မဟုတ်ဘူးလား’
ကမ္ဘာဦးရုပ်သေးရုပ်၏ လက်မောင်းကို ဟယ်မိသားစုက ပိုင်ဆိုင်ခဲ့သည်။
သို့သော် ဟယ်မိသားစု၏ လျှို့ဝှက်နယ်မြေကို ဖွင့်ချင်လျှင် ဟယ်မျိုးဆက်၏ သွေးကို လိုအပ်သည်။
ဟန်မူယဲ့က ချပ်ဝတ်အစိတ်အပိုင်းကို ဆုပ်ကိုင်လိုက်ပြီး လျင်မြန်စွာ လမ်းလျှောက်သွားသည်။
နာရီဝက်အကြာတွင် သူက ယိုယွင်းနေသော အိမ်တော်တစ်ခုသို့ ရောက်လာသည်။
ထိုအချိန်တွင် အိမ်တော်၏ရှေ့တွင် ဖရိုဖရဲဖြစ်နေသည်။
အစိမ်းပုပ်ရောင်ဝတ်စုံနှင့် ပုံစံမတူညီသော ဒါဇင်ချီနေသည့်လူများက လှည်းပေါ်သို့ သစ်သားသေတ္တာများကို တင်နေကြသည်။
သက်လတ်ပိုင်းအရွယ်လူကြီးများက စိုးရိမ်နေသောမျက်နှာထားဖြင့် ရှိနေသည်။
“မရီး၊ ဟယ်ရန်စွန်းက ဟယ်မိသားစုရဲ့ နောက်ဆုံးပိုင်ဆိုင်မှုကို ဆုံးရှုံးသွားစေတယ်”
“သူ့ကို မောင်းထုတ်လိုက်တဲ့အတွက် ကျွန်တော်တို့ကို အပြစ်မတင်ပါနဲ့”
အိမ်တော်၏ရှေ့တွင်ရှိနေသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က အော်ပြောလိုက်သည်။
သူ့ရင်ဘတ်တွင် အစိမ်းရောင်တံဆိပ်ပြားတစ်ခု ရှိနေသည်။
အဆင့်သုံးချပ်ဝတ်သခင် ဖြစ်သည်။
“ဟမ့်၊ ဒီပစ္စည်းတွေကျန်နေတာပဲ ကျေးဇူးတင်လိုက်အုံး”
“ငါတို့ ဟယ်မိသားစုရဲ့ ကြွယ်ဝမှုတွေအားလုံးကို ဟယ်ရန်စွန်းက ဖြုန်းတီးပစ်လိုက်တာပဲမဟုတ်လား”
လှေကားထစ်ရှေ့တွင်ရှိသော လူတစ်ယောက်က အပြစ်တင်လိုက်သည်။
ဟယ်ရန်စွန်းက လှည်းပေါ်သို့ တက်လိုက်သည်။ ပျက်စီးနေသော ရုပ်သေးရုပ်က သူ့ဘေးတွင် လှဲနေသည်။
လူခုနစ်ယောက်ရှစ်ယောက်နှင့် သေတ္တာများကိုသယ်ထားသော လှည်းက မြို့စွန်သို့ ဦးတည်လိုက်သည်။
ဟန်မူယဲ့ ရောက်လာသောအခါတွင် ဟယ်ရန်စွန်း၏ လှည်းရှေ့တွင် ရပ်လိုက်သည်။
သွေးကျားသစ်အဖြစ်မှ အသွင်ပြောင်းထားသော သားရဲလေးသည် ရှေ့တွင်ရှိသော ချိုနှစ်ချောင်းမြင်းကို ကြည့်လိုက်ပြီး ဟိန်းဟောက်သည်။
ချိုနှစ်ချောင်းမြင်းက နောက်သို့ အနည်းငယ်ဆုတ်သွားသည်။
ထိုမြင်းသည် တိုက်ခိုက်နိုင်စွမ်းမရှိပေ။ သူတို့က လျင်မြန်ရုံသာ ဖြစ်သည်။
“ခင်ဗျားလား”
ဟယ်ရန်စွန်းက လမ်းပိတ်ထားသော ဟန်မူယဲ့နှင့် လက်ထဲတွင်ရှိသော ငွေရောင်သံမဏိပြားကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။
“ခင်ဗျားက အဲဒီသံမဏိပြားကို မကြိုက်ဘူးလား”
“ရောင်းစားလိုက်ရင် အနည်းဆုံး မူလဒင်္ဂါး သုံးရာလောက် ရလိမ့်မယ်”
မူလဒင်္ဂါးသည် မူလကျောက်တုံးကို ကိုယ်စားပြုပြီး ကြယ်စင်စုစကြဝဠာတွင် အသုံးပြုသော ငွေကြေးဖြစ်သည်။
မူလကျောက်တုံးများကို အဆင့်ခွဲထားသည်။ သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် မူလကျောက်တုံးများပင် ရှိကြသည်။
မူလကျောက်တုံးကို အသုံးပြု၍ ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို အသက်သွင်းနိုင်သောကြောင့် ကျင့်ကြံခြင်းအတွက် မရှိမဖြစ် လိုအပ်သည်။