← Chapters

အခန်း (၁၁၉၄)

Vol. 86 Ch. 1194

အခန်း (၁၁၉၄)

Vol. 86 Ch. 1194

မူလကျောက်တုံးနှင့် ဟန်မူယဲ့တွင်ရှိနေသော များပြားလှသည့် ဝိညာဉ်ကျောက်တုံး၊ အင်မော်တယ်ကျောက်တုံး၊ နတ်စွမ်းအားသလင်းကျောက်များသည် ဆင်တူသည်။ သူတို့က ကျင့်ကြံခြင်းစွမ်းအင်ကို သယ်ဆောင်ထားသော ကျောက်တုံးများဖြစ်ကြသည်။

စွမ်းအင်ပြောင်းလဲခြင်းအစီအရင်ဖြင့် ထိုကျောက်တုံးများကို မူလကျောက်တုံးအဖြစ် ပြောင်းလဲနိုင်သည်။

အင်မော်တယ်ကျောက်တုံးများသည် သူတော်စင်အဆင့် မူလကျောက်တုံးဖြစ်ပြီး နတ်စွမ်းအားသလင်းကျောက်သည် နတ်ဘုရားအဆင့် ဖြစ်သည်။

“ငါက မင်းရဲ့ရုပ်သေးရုပ်ကို ပြင်ပေးနိုင်တယ်”

ဟန်မူယဲ့က ဟယ်ရန်စွန်း၏ ဘေးတွင်ရှိသော ပျက်စီးနေသည့်ရုပ်သေးရုပ်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

‘ရုပ်သေးရုပ်ကို ပြင်ပေးမှာလား’

“ခင်ဗျားက ရုပ်သေးဖန်တီးသူလား”

ဟယ်ရန်စွန်း၏မျက်နှာထားက ပြောင်းလဲသွားသည်။

သို့သော် ချက်ချင်းဆိုသလိုပင် လေးနက်စွာ ပြောလိုက်သည်။

“ကျွန်တော်တို့ရဲ့ မိသားစုက ပိုင်ဆိုင်မှုတွေကို ဆုံးရှုံးသွားပြီ။ ခင်ဗျားကို အခကြေးငွေ ပေးစရာမရှိတော့ဘူး”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ‌ခေါင်းခါလိုက်ပြီး ပြောသည်။

“မလိုပါဘူး”

“ဒီချပ်ဝတ်အစိတ်အပိုင်းက လုံလောက်တယ်”

‘ပေးစရာမလိုဘူးလား’

ဟယ်ရန်စွန်းက အနည်းငယ် အံ့အားသင့်သွားသည်။ ခဏအကြာတွင် သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“အဲဒါဆိုရင် မြို့ပြင်မှာရှိတဲ့ ဟယ်မိသားစုအိမ်တော်ကို ကျွန်တော်နဲ့အတူလိုက်ခဲ့ပါဆရာ”

ဟယ်မိသားစုအိမ်တော်သည် ဘုရားမြို့နှင့် မိုင်သုံးဆယ်အကွာတွင် တည်ရှိနေသည်။ ထိုနေရာသည် အစွန်အဖျားဖြစ်သော်လည်း သန့်ရှင်းသပ်ရပ်သည်။

ထို့အပြင် လေ့ကျင့်ရေးကွင်း၊ ရုပ်သေးဖန်တီးရန် ပန်းပဲဖိုနှင့် ဝိညာဉ်သတ္တုများလည်း အဆင်သင့်ရှိနေသည်။

ထိုနေရာသည် ဟယ်မိသားစု ကြိုတင်ပြင်ဆင်ထားသော အရံအစီအစဉ် ဖြစ်လိမ့်မည်။

လမ်းတစ်လျှောက်တွင် ဟန်မူယဲ့က ဘုရားမြို့မှ ဟယ်မိသားစု၏အကြောင်းကို အကြမ်းဖျင်း နားလည်လာခဲ့သည်။

ဟယ်ရန်စွန်း၏ဖခင် ဟယ်ကျူက အဆင့်ငါးချပ်ဝတ်သခင်ဖြစ်ပြီး အလွန်အားကောင်းသည်။

သူက ဟယ်မိသားစု၏ ခေါင်းဆောင်အဖြစ် မိသားစုကို စောင့်ကြပ်ပေးနေသောကြောင့် ဟယ်မိသားစုက ဘုရားမြို့တွင် တိုးတက်လာခဲ့သည်။

သို့သော် အပျက်အစီးနယ်မြေအား စူးစမ်းရှာဖွေသော ခရီးစဉ်တစ်ခုတွင် သူက ဒဏ်ရာရပြီး ပျောက်ကွယ်သွားသည်။

ခေါင်းဆောင်ဖြစ်သော ဟယ်ကျူက ပျောက်ဆုံးသွားသောကြောင့် ဟယ်မိသားစုက ဖြည်းဖြည်းချင်း ကျဆင်းလာသည်။

ဟယ်မိသားစု၏ သခင်လေးဖြစ်သော ဟယ်ရန်စွန်းက အတွင်းရန်သူနှင့် အပြင်ရန်သူများကို မထိန်းချုပ်နိုင်ခဲ့ပေ။ သူက အမျိုးမျိုးသော လောင်းကြေးတိုက်ပွဲများတွင် ပါဝင်နေရပြီး မောပန်းနေသည်။

မြို့များ၏ စည်းကမ်းအရ အဆင့်တူချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်တို့သည် စိန်ခေါ်ပွဲကို မငြင်းဆန်နိုင်ပေ။

ထိုသို့ ငြင်းဆန်လိုက်လျှင် မိသားစုနှင့် မိမိကိုယ်တိုင်၏ ဂုဏ်သိက္ခာသည် ကျဆင်းသွားလိမ့်မည်။

စိန်ခေါ်ပွဲကို လက်မခံရဲသော ကျင့်ကြံသူများက အထင်သေးခံရသည်။

ဟယ်မိသားစု၏ အတွင်းပိုင်းပြဿနာများကြောင့် ကျွမ်းကျင်သူများက ထွက်သွားကြသည်။

စိန်ခေါ်ပွဲများနှင့် ရင်ဆိုင်နေရသော ဟယ်ရန်စွန်းက ထပ်ကာတလဲလဲ ရှုံးနိမ့်လာသည်။

သူက ရွေးချယ်စရာမရှိဘဲ ချပ်ဝတ်နှင့် ရုပ်သေးကို တစ်ပြိုင်နက်ကျင့်ကြံရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် အကျိုးရလဒ် မရှိခဲ့ပေ။

၂နှစ်အကြာတွင် ဟယ်ရန်စွန်းက မိသားစု၏ ပိုင်ဆိုင်မှုများအားလုံးကို ဆုံးရှုံးသွားစေခဲ့သည်။

ဟန်မူယဲ့၏အမြင်တွင် ဟယ်ရန်စွန်းက အစီအစဉ်ချထားသည်။

သူက မိသားစု၏ အရင်းအမြစ်များကို ကျင့်ကြံရန်အတွက် အသုံးပြုခဲ့သည်။ သူ၏ ရုပ်သေးနှင့် ချပ်ဝတ်အတွက် အသုံးပြုထားသော ဝိညာဉ်သတ္တုများသည် အရည်အသွေးကောင်းမွန်သည်။

သူက အရင်းအမြစ်တချို့ကို မြို့အပြင်ဘက်တွင် လျှို့ဝှက်စွာ သိမ်းဆည်းထားခဲ့သည်။

မြို့ထဲတွင်ရှိသော ပိုင်ဆိုင်မှုများကို မထိန်းသိမ်းနိုင်သောကြောင့် လက်လွှတ်လိုက်လျှင် ပိုကောင်းသည်။

ဟယ်ရန်စွန်းကို မြို့ပြင်သို့ နှင်ထုတ်ပြီး ဟယ်မိသားစု၏အနေအထားကို ထိန်းသိမ်းနိုင်မည်ဟု ထင်နေသော လူများသည် စိတ်ကူးယဉ်နေခြင်း ဖြစ်သည်။

ဟယ်မိသားစုတွင် ကျွမ်းကျင်သူမရှိသောကြောင့် သူတို့က ကြာမြင့်စွာ နေနိုင်မည်မဟုတ်ပေ။

“ဆရာဟန်၊ ဒီရုပ်သေးရုပ်ကို ဆရာ့ဆီမှာ အပ်ခဲ့ပါမယ်”

ပန်းပဲဖို၏ အပြင်ဘက်တွင် ဟယ်ရန်စွန်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

ဟန်မူယဲ့က ရုပ်သေးဖန်တီးသူ အဆင့်အတန်းကို ထုတ်မပြောသော်လည်း သူ၏ ပုံစံက တည်ငြိမ်ပြီး ဂုဏ်သိက္ခာရှိသည်။

ထိုလူမျိုးသည် သာမန်မဟုတ်ပေ။

ဟန်မူယဲ့က ဟယ်ရန်စွန်း၏ လေးစားမှုကို ရခဲ့သည်။

“စိတ်ချပါ”

ဟန်မူယဲ့က ပျက်စီးနေသော ရုပ်သေးရုပ်ကိုယူပြီး ပန်းပဲဖိုထဲသို့ ဝင်သွားသည်။

အခန်းသည် ပေသုံးဆယ်ခန့် ကျယ်ဝန်းပြီး ဝိညာဉ်သတ္တုများနှင့် ကြံ့ခိုင်သောစားပွဲတစ်လုံး ရှိနေသည်။

ဟန်မူယဲ့က ရုပ်သေးရုပ်ကို စားပွဲပေါ်တွင် ထားလိုက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၊ ရွှေရောင်ငှက်နှင့် ခေးအော့၏ ပုတီးစေ့တို့သည် သူ့ဘေးတွင် ပေါ်လာကြသည်။

“ဒီရုပ်သေးရုပ်က အကြမ်းထည်ဆန်ပေမဲ့ ဝိညာဉ်သတ္တုတွေက မဆိုးဘူးပဲ”

ခေးအော့က လှောင်ပြောင်လိုသောလေသံဖြင့် ပြောသည်။

“ရွှေအစစ်သံမဏိနဲ့ မူလအလင်းကျောက်တုံးကို ကျောက်စိမ်းဖြူချည်မျှင်၊ မဟူအင်းကွက်ကျောက်တုံးနဲ့ တွဲသုံးထားတယ်။ ဒီရုပ်သေးရုပ်ကို ဖန်တီးခဲ့တဲ့လူက ကုန်ကြမ်းတွေရဲ့ ဓာတ်သဘာဝကို သေချာနားလည်ရဲ့လားမသိဘူး”

ရွှေရောင်ငှက်ကလည်း ခေါင်းခါသည်။

တစ်ဖက်တွင် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က လက်ဆန်ု့ထုတ်ပြီး ပျက်စီးနေသော ရုပ်သေးရုပ်ကို ညင်သာစွာ ဖိချသည်။

ရုပ်သေးရုပ်က ရုန်းကန်ရန် ကြိုးစားလိုက်သော်လည်း ထိခိုက်ထားသောကြောင့် မလှုပ်ရှားနိုင်ခဲ့ပေ။

“အဆင့်နိမ့်ရုပ်သေးရုပ်တွေရဲ့ အသိဉာဏ်က နိမ့်ကျတယ်”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က တောက်ပနေ‌သော မျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“ဒါပေမဲ့ ဒီလိုရုပ်သေးရုပ်မျိုးက ဖန်တီးဖို့ လွယ်ကူတယ်။ ထိန်းချုပ်ဖို့လည်း လွယ်တယ်”

ရုပ်သေးရုပ်၏ အသိဉာဏ်က နိမ့်ကျသော်လည်း ဖန်တီးရန်၊ ထိန်းချုပ်ရန် လွယ်ကူသွားသည်။

ထိုသို့ဆိုလျှင် လူအများက အသုံးပြုနိုင်မည်။

ထို့ကြောင့် ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်များသည် ကြယ်စင်စုစကြဝဠာ၏ နေရာအနှံ့တွင် ရှိနေခဲ့သည်။

ဟန်မူယဲ့က ပျက်စီးနေသော ရုပ်သေးရုပ်ဆီသို့ ချဉ်းကပ်လိုက်ပြီး တစ်စစီဖြုတ်သည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ် ပြောခဲ့သည့်အတိုင်း ထိုရုပ်သေးရုပ်သည် မဟူရာချပ်ဝတ်ဂိုဏ်း၏ ရုပ်သေးရုပ်များထက် ပိုမိုရိုးရှင်းသည်။

ရုပ်သေးရုပ်သည် အပိုင်းအစသုံးထောင် ဖြစ်သွားသည်။ ဗဟိုချက်တွင် မူလကျောက်တုံးတစ်ခု ရှိနေသည်။

မူလကျောက်တုံးသည် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးနှင့် တူညီသည်။

ထိုကျောက်တုံးသည် ရုပ်သေးရုပ်ကို နာရီနှစ်ဆယ်ခန့် ထောက်ပံ့ပေးနိုင်သည်။

ပုံမှန်အတိုင်းဆိုလျှင် မူလကျောက်တုံးနှင့် အားဖြည့်ထားသော ရုပ်သေးရုပ်သည် အဆင့်သုံးစွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည်။

သို့သော် ဤရုပ်သေးရုပ်၏ ဝိညာဉ်သတ္တုများပေါင်းစပ်မှုက အလွန်ဆိုးဝါးသောကြောင့် အဆင့်နှစ်စွမ်းအားကိုပင် ထုတ်မသုံးနိုင်ပေ။

ထို့အပြင် ဟယ်ရန်စွန်း၏ ကျင့်ကြံခြင်းကလည်း မလုံလောက်သောကြောင့် ပညာသင်အဆင့် ချပ်ဝတ်သခင်ကိုပင် အနိုင်မရခဲ့ပေ။

ဟန်မူယဲ့က ပြန်ကျဲနေသော အစိတ်အပိုင်းများကို ကြည့်လိုက်ပြီး မီးတောက်တစ်ခုကို ဖော်ထုတ်သည်။

အံ့ဖွယ်ကောင်းကင်မီးတောက် ဖြစ်သည်။

မဟူရာချပ်ဝတ်ဂိုဏ်းက ထိုမီးတောက်ကို ရုပ်သေးရုပ်များ ဖန်တီးရန် အသုံးပြုခဲ့သည်။

ထိုမီးတောက်သည် ဖီးနစ်ငှက်၏ ပြန်လည်မွေးဖွားခြင်းမီးတောက်၊ ရွှေကျီးကန်းမီးတောက်တို့နှင့် ယှဉ်နိုင်သည်။

ဟန်မူယဲ့ပိုင်ဆိုင်ထားသော ဖီးနစ်မီးတောက်နှင့် ရွှေကျီးကန်းမီးတောက်တို့သည် အံ့ဖွယ်ကောင်းကင်မီးတောက်ထက် ပိုအဆင့်မြင့်သည်။

သို့‌သော် အံ့ဖွယ်ကောင်းကင်မီးတောက်က ရုပ်သေးဖန်တီးရာတွင် သင့်တော်သည်။

အစိတ်အပိုင်းများကို တစ်ခုပြီးတစ်ခု သန့်စင်လိုက်သည်။

တချို့ကို ဖြိုခွဲပစ်လိုက်ပြီး တချို့ကို အသစ်ဖန်တီးလိုက်သည်။

ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ဝိညာဉ်သတ္တုများ ရှိနေသော သစ်သားစင်ဆီသို့ လျှောက်သွားသည်။

သူက ထိုသတ္တုများကို မတူညီသော အစိတ်အပိုင်းတစ်ထောင်ကျော်အဖြစ် ပုံသွင်းလိုက်သည်။

ထို့ကြောင့် ပြန်လည်ဖန်တီးထားသော ရုပ်သေးရုပ်၏ အစိတ်အပိုင်းများက တိုးပွားလာသည်။

“မင်းမသိတာ ရှိသေးလား”

ခေးအော့၏ ပုတီးစေ့က စကားပြောလိုက်သည်။

“တကယ်လို့ ဒီရုပ်သေးရုပ်ကို နတ်ဘုရားအင်းကွက်တချို့ ထည့်သွင်းလိုက်ရင် အင်မော်တယ်ရတနာ ဖြစ်လာလိမ့်မယ်”

ရွှေရောင်ငှက်က ဆက်ပြောသည်။

‘အင်မော်တယ်ရတနာလား’

ဟန်မူယဲ့က ခေါင်းခါသည်။

ဝိညာဉ်သတ္တုများက အရည်အသွေးကောင်းသော်လည်း နတ်ဘုရားအင်းကွက်များကို တောင့်မခံနိုင်ပေ။

ဟယ်မိသားစု၏ နောက်ခံနှင့်ဆိုလျှင် ပိုမိုကောင်းမွန်သော ဝိညာဉ်သတ္တုများကို ရှာနိုင်မည်မဟုတ်ပေ။

ယခု အသုံးပြုထားသော ဝိညာဉ်သတ္တုများသည် အင်းကွက်တစ်ဝက်ကိုသာ ခံနိုင်ရည်ရှိသည်။

ထိုအင်းကွက်သည် ရုပ်သေးရုပ်၏ အမြန်နှုန်းကို အဆပေါင်းသုံးရာ တိုးလာစေလိမ့်မည်။

ထိုအရာသည် အကန့်အသတ်ဖြစ်သည်။

သို့သော် ဟယ်ရန်စွန်းကတော့ အများဆုံး ဆယ်ဆခန့်သာ အမြန်နှုန်းတိုးနိုင်လိမ့်မည်။

ဟန်မူယဲ့က နတ်ဘုရားအင်းကွက် တစ်ဝက်အပြင် ဝိညာဉ်အင်းကွက်များကိုလည်း အစိတ်အပိုင်းတိုင်းတွင် ထည့်သွင်းခဲ့သည်။

အစပိုင်းတွင် သူက အင်မော်တယ်အင်းကွက်များ ထည့်သွင်းချင်သော်လည်း တွေးကြည့်လိုက်ပြီး ပယ်ချခဲ့သည်။

အကယ်၍ နတ်ဘုရားအင်းကွက်တစ်ဝက်နှင့် အင်မော်တယ်အင်းကွက်များကို ပေါင်းစပ်လိုက်လျှင် ဟယ်ရန်စွန်းက ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်တော့မည်မဟုတ်ပေ။

တစ်ရက်အကြာတွင် ပြုပြင်ထားသော ရုပ်သေးရုပ်ကို ပြန်လည်တပ်ဆင်လိုက်သည်။

ယခုအချိန်တွင် ရုပ်သေးရုပ်က ခုနစ်ပေခန့်သာ အရပ်မြင့်ပြီး ယခင်ပုံစံနှင့် ယှဉ်လိုက်လျှင် ပိုမိုသွက်လက်လာသည်။

ရုပ်သေးရုပ်က အနက်ရောင်ဖြစ်ပြီး ရင်ဘတ်နှင့် နောက်ကျောကို ချပ်ဝတ်ဖြင့် ကာကွယ်ထားသည်။ သွယ်လျပြီး ရှည်လျားသော လက်နှစ်ဖက်အပြင် ဓားမော့နှစ်လက်သည်လည်း နောက်ကျောတွင် ရှိနေသည်။

ဟန်မူယဲ့၏ မျက်လုံးများက ရွှေရောင်တောက်သွားသည်။

“ဝီ”

ရုပ်သေးရုပ်က ရွေ့လျားလိုက်ပြီး ဓားမော့နှစ်လက်ကို ရွှပ်ခနဲ ဆွဲထုတ်သည်။

ဓားမော့များက အသံပေးလျက် ရှေ့တွင်ရှိ‌‌သော လေထုကို ခုတ်ပိုင်းသည်။

ဓားသွားများက ပိုမိုလျင်မြန်လာပြီး ဓားချက်တိုင်းသည် လေထုကို အက်ကွဲသွားစေသည်။

ယခုအချိန်တွင် ဓားမော့၏အသံကို မကြားရတော့ပေ။

ဓားချက်တိုင်းသည် အဆုံးမရှိသော လေးနက်မှုကို သယ်ဆောင်ထားသည်။

“တကယ်လို့ ဒီရုပ်သေးရုပ်က ဓားမော့နည်းစနစ်ကို လေ့ကျင့်မယ်ဆိုရင် တာအိုကို ရရှိနိုင်တယ်”

ရွှေရောင်ငှက်က ရုပ်သေးရုပ်၏ ဓားမော့အလင်းကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

ခေးအော့၏ ပုတီးစေ့ကလည်း အသံပေးပြီး ထောက်ခံလိုက်သည်။

ဟန်မူယဲ့က လက်မြှောက်ပြီး ရုပ်သေးရုပ်ကို ရပ်တန့်စေသည်။

“ဒီရုပ်သေးရုပ်က လူသားအင်မော်တယ်နဲ့ ကောင်းကင်အင်မော်တယ်အဆင့်ကြားမှာရှိတဲ့ စွမ်းရည်ကို ပိုင်ဆိုင်တယ်။ ဒီလောကရဲ့ အဆင့်လေးနဲ့ အဆင့်ငါးကြားမှာ ရှိနေလိမ့်မယ်”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က သုံးသပ်သည်။

“တကယ်လို့ အသိစိတ်တချို့ ရလာရင် စံနှုန်းမီတဲ့ အဆင့်ငါးရုပ်သေးရုပ် ဖြစ်လာလိမ့်မယ်”

အဆင့်ငါးချပ်ဝတ်နှင့် အဆင့်ငါးရုပ်သေးရုပ်များသည် အဆင့်လေးနှင့် မတူတော့ပေ။ သူတို့တွင် ကိုယ်ပိုင်အသိစိတ်ရှိပြီး တိုက်ပွဲများကို လွယ်ကူစွာ ရင်ဆိုင်နိုင်သည်။

အဆင့်မြင့်လေ အလိုလျောက်တိုက်ခိုက်နိုင်စွမ်းမြင့်လေ ဖြစ်သည်။

ဥပမာအနေဖြင့် ကောင်းကင်အဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များသည် အလွန်အားကောင်းသော စွမ်းရည်ကို ကိုယ်တိုင် ထုတ်လွှတ်နိုင်သည်။ ပိုင်ရှင်နှင့် ပေါင်းစပ်လိုက်လျှင် သူတို့၏စွမ်းအားက ဆယ်ဆခန့် ပိုတိုးလာလိမ့်မည်။

ဟန်မူယဲ့က ရုပ်သေးရုပ်ဆီသို့ လျှောက်သွားလိုက်ပြီး ပခုံးကို ဖိချသည်။

“ကလစ်”

ရုပ်သေးရုပ်က ဟန်မူယဲ့ကို လွှမ်းခြုံထားသော ချပ်ဝတ်တစ်ခု ဖြစ်သွားသည်။

ဟန်မူယဲ့က ရုပ်သေးရုပ်အား ချပ်ဝတ်အဖြစ် ပြောင်းလဲနိုင်သော ကောင်းကင်အဆင့် စွမ်းရည်ကို ကမ္ဘာမြေအဆင့်တွင် ထည့်သွင်းခဲ့သည်။

ကမ္ဘာမြေအဆင့် ရုပ်သေးရုပ်များသည် ချပ်ဝတ်အဖြစ် မပြောင်းလဲနိုင်ကြပေ။

ကောင်းကင်အဆင့် ရုပ်သေးရုပ်များသည် ချပ်ဝတ်အဖြစ် ပြောင်းလဲပြီး ပိုင်ရှင်နှင့် ပေါင်းစပ်နိုင်ကြသည်။

ဥပမာအနေဖြင့် ရှန့်လင်းရွှမ်းနှင့် ‌‌နဂါးရုပ်တုသားရဲသည် ရုပ်သေးရုပ်များနှင့် ပေါင်းစပ်ထားကြသည်။

ယခုအချိန်တွင် အဆင့်လေး၊ အဆင့်ငါးခန့်သာဖြစ်သော ရုပ်သေးရုပ်က ချပ်ဝတ်အဖြစ် ပြောင်းလဲပြီး ဟန်မူယဲ့၏ကိုယ်ပေါ်တွင် ရှိနေသည်။

ထိုချပ်ဝတ်သည် ရင်ဘတ်ကို အဓိက ကာကွယ်ထားသည်။ ရင်ဘတ်တွင် သွေးအလင်းအား ထုတ်လွှတ်နေသည့် ဝံပုလွေတစ်ကောင်၏မျက်နှာကို မြင်နိုင်သည်။

“ခလွမ်”

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး မှုန်ဝါးသွားသည်။

သူ၏ ပုံရိပ်များက နေရာတိုင်းတွင် ရှိနေသည်။

ထို့နောက် ရပ်တန့်လိုက်ပြီး ချပ်ဝတ်က ရုပ်သေးရုပ်အဖြစ် ပြန်ပြောင်းသွားသည်။

ဟန်မူယဲ့က ‌ခေါင်းခါလိုက်ပြီး ရေရွတ်သည်။

“အရမ်းအားနည်းတယ်”

ရွှေရောင်ငှက်က တကျီကျီ အော်လိုက်သည်။ ခေးအော့၏ ပုတီးစေ့က အနည်းငယ် တုန်ခါသွားသည်။

‘မင်းက အရမ်းသန်မာနေတာလေ’

All Chapters