အခန်း (၁၁၉၆)
Vol. 86 Ch. 1196
ဟယ်ရန်စွန်းက မတ်တပ်ရပ်ရန် ကြိုးစားနေသည်။ သို့သော် သူ၏ ညာဘက်လက်က ဓားတိုကို မကိုင်နိုင်တော့ပေ။
သူ့မှာ တိုက်ခိုက်ရန် ခွန်အားမရှိတော့ပေ။
“ယန်စွန်း၊ ခေါင်းမာမနေနဲ့ ....”
ဟယ်သခင်မက စကားအဆုံးအထိ မပြောလိုက်ရပေ။ ဟယ်ရန်စွန်းက ဟိန်းဟောက်လိုက်သည်။ အက်ကွဲနေသော ချပ်ဝတ်က အပြည့်အဝ ပြိုကွဲသွားသည်။ သူက ဘယ်ဘက်လက်ကိုမြှောက်ပြီး ချပ်ဝတ်အစိတ်အပိုင်းများဖြင့် ရုပ်သေးရုပ်ကို ရိုက်ချသည်။
“ဘန်း”
ရုပ်သေးရုပ်က အရိုက်ခံလိုက်ရသည်။ သို့သော် ဤတစ်ကြိမ်တွင် နောက်သို့ ဆုတ်မသွားရပေ။
ထိုရုပ်သေးရုပ်သည် အဆင့်တစ်ဖြစ်ပြီး ဟယ်ရန်စွန်းက အနိုင်မယူနိုင်ပေ။
ရုပ်သေးက တစ်ချက်လှုပ်ရှားလိုက်ပြီး ဟယ်ရန်စွန်းကို ကန်ထုတ်သည်။
ချပ်ဝတ်မရှိလျှင် ချပ်ဝတ်သခင်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်လျော့နည်းသွားလိမ့်မည်။
ထို့အပြင် ဟယ်ရန်စွန်းက တရားဝင်ချပ်ဝတ်သခင်တစ်ယောက် မဖြစ်သေးပေ။ ထို့ကြောင့် သူက အားနည်းသည်။
“အညံ့ခံလိုက်ပါသခင်လေးဟယ်”
ဝမ်ကျန်းရီက လဲကျသွားသော ဟယ်ရန်စွန်းကို အပြုံးတစ်ခုနှင့်အတူ ကြည့်နေသည်။
“ဒါမှမဟုတ် အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ဟယ်သခင်မက ငါတို့ဝမ်မိသားစုရဲ့ မျိုးဆက်သစ်တွေကို သင်ခန်းစားပေးတော့မှာလား”
“သခင်ဟယ်ကတော့ မျိုးဆက်သစ်တွေကို လမ်းညွှန်ပေးရတာ နှစ်သက်ခဲ့တယ်”
အဖေဖြစ်သူ၏အကြောင်းကို ကြားလိုက်ရသောအခါ ဟယ်ရန်စွန်း၏ မျက်လုံးများက နီရဲသွားသည်။
သူ့အဖေက သူ၏ စံပြပုဂ္ဂိုလ် ဖြစ်သည်။
ဟယ်ရန်စွန်းက ရုန်းကန်၍ မတ်တပ်ရပ်လိုက်ပြီး ပြေးထွက်သွားသည်။ သို့သော် သူ့မျက်နှာက ဖြူဖျော့နေပြီး သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရသည်။
သူ့အမေက လျင်မြန်စွာ ရှေ့တက်လာပြီး သူ့ကို ထောက်ပံ့ပေးသည်။ သူမက နောက်ကျောတွင် လက်ဝါးတင်ပြိး အစိမ်းရောင်ချီစွမ်းအင်ကို ထည့်သွင်းပေးလိုက်သည်။
“သခင်လေးဟယ်၊ အညံ့ခံလိုက်ပါတော့”
ရုပ်သေးရုပ်၏နောက်တွင် ရှိနေသော ဝမ်စန်းခွေ့က တီးတိုးပြောသည်။
သူက ရုပ်သေးသခင် မဟုတ်ပေ။
အတုအယောင်တိုက်ပွဲသည် မျှတပေ။
ဝမ်မိသားစုက ကျဆင်းသွားသော ဟယ်မိသားစုကို အခွင့်ကောင်းယူနေခြင်းသာ ဖြစ်သည်။
သူက ဟယ်ရန်စွန်းနှင့် ရင်ဆိုင်ရန် ရှက်ရွံ့မိသည်။
“အရှုံးပေးရမှာတဲ့လား။ ငါက အရှုံးပေးမယ့်အစား အသေခံလိုက်မယ်”
ဟယ်ရန်စွန်းက ဟိန်းဟောက်သည်။ သူက ဟယ်သခင်မဆီမှ ရုန်းထွက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။
ရုတ်တရက်ဆိုသလိုပင် လက်တစ်ဖက်သည် ဘေးမှထွက်လာပြီး သူ့ကို ဆုပ်ကိုင်ခဲ့သည်။
“သခင်လေးဟယ်၊ မင်းရဲ့ရုပ်သေးရုပ်ကို ပြင်ပြီးသွားပြီ”
ဟန်မူယဲ့က ညင်သာစွာ ပြောသည်။
ရုပ်သေးရုပ် ....
ဟယ်ရန်စွန်းက စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ခါနေပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ဆရာဟန် ....”
ရုပ်သေးရုပ်၏ အကူအညီနှင့်ဆိုလျှင် အခွင့်အရေးရှိသည်။
သူ၏ ချပ်ဝတ်က လျင်မြန်စွာ ကောင်းလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်ထဲတွင်ကိုင်ထားသော ဘဲဥပုံသံမဏိလုံးကို ထုတ်ပေးသည်။
‘ဒါကဘာလဲ’
ဟယ်ရန်စွန်းက နားမလည်နိုင်ဖြစ်နေသည်။
ပတ်ဝန်းကျင်တွင်ရှိသော လူများကလည်း ကြောင်အနေကြသည်။
‘အဲဒါက ရုပ်သေးရုပ်လား၊ ချပ်ဝတ်လား’
ဟယ်ရန်စွန်းက လက်ဝါးထဲတွင်ရှိသော သံမဏိလုံးကို ကြည့်လိုက်ပြီး အသွေးအသားနှင့် ဆက်သွယ်နေသည်ဟု ခံစားရသည်။
သူက မသိစိတ်အလျောက် ချီစွမ်းအင်ကို ထည့်သွင်းလိုက်သည်။
“ဘုန်း”
သံမဏိလုံးက ပျံထွက်သွားပြီး ခုနစ်ပေအရပ်မြင့်သော အနက်ရောင်ရုပ်သေးရုပ်အဖြစ် ပြောင်းလဲသည်။ ဓားမော့နှစ်လက်သည် ရုပ်သေးရုပ်၏နောက်ကျောတွင် ရှိနေသည်။
‘ဒါက ငါ့ရဲ့ ရုပ်သေးရုပ်လား’
သူ၏ သွေးမှတစ်ဆင့် သူနှင့်ဆက်သွယ်နေသော ရုပ်သေးရုပ်ဖြစ်ကြောင်း ပြောနိုင်သည်။
‘ဒါပေမဲ့ ငါ့ရုပ်သေးရုပ်က ဘယ်လိုလုပ်ပြီး ဒီပုံစံဖြစ်သွားတာလဲ’
‘ဒါက ဘယ်အဆင့်မှာလဲ’
သူ၏ ရုပ်သေးရုပ်က သာမန်မဟုတ်တော့ပေ။ အဆင့်တစ်ကိုပင် ကျော်လွန်နေသည်။
အနည်းဆုံး အဆင့်နှစ်ရုပ်သေးရုပ် ဖြစ်သည်။
“ရုပ်သေးရုပ်သိမ်းဆည်းခြင်း၊ ဒါက အနည်းဆုံး အဆင့်လေးပဲ”
ဟယ်သခင်မက ရုပ်သေးရုပ်ကို စိုက်ကြည့်နေပြီး တီးတိုးပြောလိုက်သည်။
တစ်ဖက်တွင်ရှိသော ဝမ်စန်းခွေ့၏မျက်နှာက ဖြူဖျော့သွားသည်။
ဝမ်ကျန်းရီ၏ မျက်နှာထားကလည်း ပြောင်းလဲသွားပြီး ဘေးတွင်ရှိသော သက်လတ်ပိုင်းအရွယ်လူကို တစ်ချက်ကြည့်သည်။
“ဟမ့်၊ အဲဒီရုပ်သေးရုပ်က သန်မာလိမ့်မယ်။ ဒါပေမဲ့ ရုပ်သေးသခင်ရဲ့ ထိန်းချုပ်မှုကို လိုအပ်နေတုန်းပဲ”
ထိုလူက နှာမှုတ်လိုက်သည်။ သူ၏ လက်ချောင်းများက တခြားလူများ မမြင်နိုင်သော လက်ဟန်ကို ပြုလုပ်လိုက်သည်။
ဝမ်စန်းခွေ့၏ ရှေ့တွင်ရပ်နေသော ရုပ်သေးရုပ်က ခြေလှမ်းကျဲကြီးများဖြင့် ရှေ့တက်သွားပြီး ဓားမော့နှစ်လက်နှင့် ရုပ်သေးရုပ်ကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်သည်။
လက်သီးချက်သည် လေထုကို ထိုးခွဲလိုက်ပြီး ချီစွမ်းအင်လှိုင်းနှင့်အတူ အစိမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။
ဟယ်ရန်စွန်းက လက်မြှောက်ပြီး လက်သီးဆုပ်၍ လက်ချောင်းထောင်သည်။
သူ့ရှေ့တွင်ရှိသော ရုပ်သေးရုပ်က ညာဘက်လက်ဖြင့် ဓားမော့ကို ဆွဲထုတ်ပြီး ခုတ်ချလိုက်သည်။
“ဘန်း”
ဓားမော့ချက်ကြောင့် လက်သီးထိုးနေသော ရုပ်သေးရုပ်က နှစ်ပိုင်းကွဲထွက်သွားသည်။
ဝမ်ကျန်းရီ၏ဘေးတွင်ရှိသော သက်လတ်ပိုင်းအရွယ်လူက တစ်ကိုယ်လုံး တုန်ခါနေပြီး မျက်လုံးများက သွေးရောင်သန်းလာသည်။
သူက သွေးတစ်လုပ်အန်ထုတ်လိုက်ပြီး ဒူးထောက်ကျသွားသည်။
သူ၏ ရုပ်သေးရုပ်က တိုက်ရိုက် အသတ်ခံလိုက်ရသည်။ သူက ရုပ်သေးရုပ်နှင့် အသွေးအသားချင်း ဆက်သွယ်နေသောကြောင့် ထိခိုက်သွားသည်။
သူက ရုပ်သေးရုပ်၏ ပိုင်ရှင်ဖြစ်ပြီး တစ်ချိန်လုံး ထိန်းချုပ်ထားကြောင်း အရူးတစ်ယောက်ပင် သိနိုင်သည်။
ဟယ်ရန်စွန်းက လက်မြှောက်သည်။ သူ့ရှေ့တွင်ရှိသော ရုပ်သေးရုပ်ကလည်း လက်မြှောက်လိုက်သည်။
သူက ရုပ်သေးရုပ်၏ စိတ်ဆန္ဒကို ခံစားနိုင်သည်။
သူက ခန္ဓာကိုယ်အစိတ်အပိုင်းကဲ့သို့ ရုပ်သေးရုပ်ကို အမိန့်ပေးနိုင်သည်။
ထိုရုပ်သေးရုပ်သည် အသိစိတ်တချို့ကို ပိုင်ဆိုင်ထားသည်။
ဟယ်ရန်စွန်းက ချပ်ဝတ်အား အမြဲတမ်း ဝတ်ဆင်ထားသော အဖေဖြစ်သူကို သတိရသွားသည်။
သူက အဖေဖြစ်သူ၏ ပခုံးပေါ်တွင်ထိုင်ပြီး နေဝင်ချိန်ကို အကြိမ်ပေါင်းများစွာ ကြည့်ဖူးသည်။
သူ့အဖေ၏ ချပ်ဝတ်က သူ့ကို အလိုလျောက် ပွေ့ဖက်နိုင်သည်။
ထိုချပ်ဝတ်က အဆင့်ငါး ဖြစ်သည်။
ရုပ်သေးရုပ်က ဓားမော့ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
သူ့ကို သတ်ဖြတ်ချင်သလားဟု မေးနေသည်။
အသက်တစ်ရာရှူကြိမ်အထိ တိုက်ခိုက်နိုင်ကြောင်း ပြောနေသည်။
ဟယ်ရန်စွန်းက လက်သီးဆုပ်ထားပြီး ဟိန်းဟောက်ချင်မိသည်။
“ငါ .... အရှုံးပေးတယ်”
ဝမ်စွန်းခွေ့က တီးတိုးပြောလိုက်ပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်သည်။
သူက ဆက်မနေရဲတော့ပေ။
ရုပ်သေးရုပ်၏ဓားမော့က သူ့ကို ခုတ်ပိုင်းတော့မည်ဟု ခံစားနေရသည်။
သူက အရှုံးမပေးဘဲ နေရာတွင် ဆက်ရှိနေလျှင် သေဆုံးသွားလိမ့်မည်။
သူက မသေချင်သေးပေ။
အရှက်ရသော သေခြင်းတရားကိုလည်း မလိုချင်ပေ။
“ဟယ်မိသားစုရဲ့ သခင်လေးဟယ်က အထင်ကြီးစရာပဲ”
ဝမ်ကျန်းရီက လက်ခုပ်တီးလိုက်ပြီး ပြောသည်။
“တကယ်ရှားပါးပြီး သန်မာတဲ့ ရုပ်သေးသခင်တစ်ယောက်ပဲ”
“ဒါပေမဲ့ ဟယ်မိသားစုရဲ့ ချပ်ဝတ်သခင်ရိုးရာက ပြတ်တောက်သွားတော့မှာ ထင်ပါတယ်”
သူက ရယ်လိုက်ပြီး လှည့်ထွက်သွားသည်။
ဟယ်ရန်စွန်းက နေရာတွင် ရပ်နေပြီး အေးစက်စွာ ပြောလိုက်သည်။
“ဝမ်မိသားစုခေါင်းဆောင်က လောင်းကြေးကို အမြန်ဆုံးပို့ပေးမယ်လို့ မျှော်လင့်တယ်။ ငါကိုယ်တိုင်လာပြီး ယူရအောင် မလုပ်ပါနဲ့”
ဝမ်ကျန်းရီက နှာမှုတ်လိုက်ပြီး လျင်မြန်စွာ ထွက်သွားသည်။
ဝမ်စန်းခွေ့နှင့် တခြားလူများက အပြင်းအထန် ထိခိုက်သွားသော သက်လတ်ပိုင်းအရွယ်လူကို ကူညီပေးလိုက်ပြီး နှစ်ပိုင်းကွဲထွက်သွားသော ရုပ်သေးရုပ်ကို ကောက်ယူသည်။ သူတို့က သနားစရာကောင်းသောပုံစံဖြင့် ထွက်သွားရသည်။
ဟယ်မိသားစုအိမ်တော်တွင် အားပေးသံများ ပေါ်ထွက်လာသည်။
မြို့ပြင်တွင်ရှိသော ဟယ်မိသားစုဝင်များအတွက် သခင်လေးဟယ်၏ အောင်ပွဲသည် ဂုဏ်ယူစရာ ဖြစ်သည်။
ဟယ်သခင်မက ဟယ်ရန်စွန်းနှင့် ရုပ်သေးရုပ်ကို ကြည့်လိုက်သည်. သူမ၏ မျက်နှာထားက ရှုပ်ထွေးနေပြီး သက်ပြင်းချသည်။ ထို့နောက် ချပ်ဝတ်ကို သိမ်းလိုက်ပြီး ခြံဝိုင်းထဲသို့ ပြန်ဝင်သွားသည်။
“ကျေးဇူးပါပဲဆရာဟန်”
ဟယ်ရန်စွန်းက တစ်ဖက်သို့လှည့်ပြီး ဟန်မူယဲ့ကို ဦးညွတ်သည်။
“ဝီ”
ရုပ်သေးရုပ်က စက်လုံးအဖြစ် ပြောင်းလဲပြီး သူ့လက်ထဲသို့ ပြန်ရောက်လာသည်။
သူက အသက်ရှူသွင်းလိုက်ပြီး စက်လုံးကို ဟန်မူယဲ့ဆီသို့ ပြန်ပေးသည်။
“ကျွန်တော်က ဒီရုပ်သေးရုပ်ကို ပြန်ပေးလိုက်ပါမယ်”
သူ့မျက်လုံးထဲတွင် တွန့်ဆုတ်မှုတချို့ ဖြတ်ပြေးသွားသည်။
ထိုရုပ်သေးက အလွန်သန်မာသည်။
သူက ထိုရုပ်သေးရုပ်နှင့် ချောမွေ့စွာ ဆက်သွယ်နိုင်ပြီး အသိစိတ်ကိုလည်း ခံစားမိသည်။
ဟန်မူယဲ့က စက်လုံးကို ကြည့်လိုက်သည်။
“အဲဒါက မင်းရဲ့ ရုပ်သေးရုပ်ပါပဲ။ ငါက ပြုပြင်ပေးလိုက်ရုံတင်ပါ”
ဟန်မူယဲ့၏ စကားကြောင့် ဟယ်ရန်စွန်းက မျက်လုံးပြူးသွားသည်။
ထိုရုပ်သေးရုပ်က သူ့အပိုင် ဖြစ်နေသည်။
သူက လက်ထဲတွင်ရှိသော စက်လုံးကို ကြည့်လိုက်ပြီး သွေးများ ဆူပွက်လာသည်။
ထိုသို့ဆိုလျှင် သူက သေချာပေါက် အဆင့်တစ်ရုပ်သေးသခင် ဖြစ်လာလိမ့်မည်။
မဟုတ်သေးပေ။ အဆင့်နှစ်ပင် ချက်ချင်းဖြစ်နိုင်သည်။
“ကျေးဇူးပါဆရာဟန်”
ဟယ်ရန်စွန်းက ဟန်မူယဲ့ကို ဦးညွတ်လိုက်ပြန်သည်။
“ငါက မင်းမှာမရှိတဲ့ ဝိညာဉ်သတ္တု ၁၈မျိုးကို အသုံးပြုထားတယ်။ မူလဒင်္ဂါး တစ်သိန်းခွဲ ကျလိမ့်မယ်”
ဟန်မူယဲ့က ရယ်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
‘မူလဒင်္ဂါး တစ်သိန်းခွဲလား’
ဟယ်ရန်စွန်းက ဟန်မူယဲ့ကို မော့ကြည့်လိုက်ပြီး နှုတ်ခမ်းတွန့်သွားသည်။
သူက ရုပ်သေးရုပ်ကို ဝယ်ယူရန်အတွက် မူလဒင်္ဂါး တစ်သောင်းသာ ကုန်ကျခဲ့သည်။
ယခု ပြုပြင်စရိတ်သည် တစ်သိန်းခွဲ ဖြစ်နေသည်။
ထိုပမာဏနှင့် အဆင့်သုံးရုပ်သေးရုပ်ကို ဝယ်နိုင်သည်။ ကံကောင်းလျှင် အဆင့်လေးရုပ်သေးရုပ်ကိုပင် ရလိမ့်မည်။
“သခင်လေးဟယ်မှာ မူလဒင်္ဂါးတွေ မရှိတော့ဘူးလား”
ဟန်မူယဲ့က ပြုံးလိုက်သည်။
ဟယ်ရန်စွန်းက ရှက်သွားပြီး လျင်မြန်စွာ ပြောသည်။
“မဟုတ်ပါဘူး။ မဟုတ်ပါဘူး”
“အရင်ဆုံး အနားယူလိုက်ပါအုံး ဆရာဟန်”
“ဆရာဟန်ရဲ့ ကျေးဇူးကြောင့် ဒီနေ့တိုက်ပွဲကို အနိုင်ရခဲ့တာပါ”
သူက အမှန်အတိုင်းပြောလိုက်သည်။
ဟန်မူယဲ့၏ ရုပ်သေးရုပ်ကြောင့် မဟုတ်လျှင် သူက ရှုံးနိမ့်သွားလိမ့်မည်။
သူက ဟန်မူယဲ့ပြောသော ဈေးနှုန်းကို သံသယမရှိပေ။
သူက ရုပ်သေးရုပ်၏ စွမ်းအားကို ခံစားကြည့်နိုင်သည်။
သို့သော် ထိုပမာဏကို ထုတ်မပေးနိုင်ပေ။
ဟယ်မိသားစုတစ်ခုလုံး ပေါင်းလိုက်လျှင်ပင် မူလဒင်္ဂါး တစ်သိန်းခွဲကို ရနိုင်မည်မဟုတ်ပေ။