← Chapters

အခန်း (၁၁၉၇)

Vol. 86 Ch. 1197

အခန်း (၁၁၉၇)

Vol. 86 Ch. 1197

ဟန်မူယဲ့က အနားယူရန်အတွက် အခန်းသို့ပြန်သွားသောအခါ ဟယ်ရန်စွန်းက အားတင်းပြီး မိခင်ဖြစ်သူဆီသို့ သွားလိုက်သည်။

“မူလဒင်္ဂါး တစ်သိန်းခွဲလား”

ဟယ်သခင်မက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

သူမက စက်လုံးကို ကောက်ယူပြီး သေချာစစ်ဆေးကြည့်သည်။ ထို့နောက် မျက်နှာထား ပြောင်းလဲသွားသည်။

အချိန်ခဏအကြာတွင် သူမက စက်လုံးကို ချလိုက်ပြီး ဟယ်ရန်စွန်းကို ကြည့်သည်။

“ဟယ်မိသားစုရဲ့အခြေအနေကို သားလည်းသိပါတယ်။ ဘာလုပ်မယ်လို့ စိတ်ကူးထားလဲ”

လက်ရှိအချိန်တွင် ဟယ်မိသားစုက မူလဒင်္ဂါး ခုနစ်သောင်း၊ ရှစ်သောင်းခန့် တန်ကြေးရှိသော အိမ်ခြံ‌မြေတချို့ကိုသာ ပိုင်ဆိုင်တော့သည်။

ဟယ်ရန်စွန်းက တီးတိုးပြောသည်။

“အမေ့မှာ ဈေးဆိုင်နှစ်ဆိုင်နဲ့ ကုန်သည်တစ်ဖွဲ့ ရှိသေးတယ်မဟုတ်လား”

အပေါ်ယံတွင် ဟယ်ရန်စွန်းက ဟယ်မိသားစု၏ ပိုင်ဆိုင်မှုများကို ဖြုန်းပစ်ခဲ့သည်။

သို့သော် သူက ပိုင်ဆိုင်မှုအများအပြားကို တိတ်ဆိတ်စွာ ရွှေ့ပြောင်းပြီး အမျိုးမျိုးသော ကျင့်ကြံခြင်းအရင်းအမြစ်များအဖြစ် ပြောင်းလဲခဲ့သည်။ တစ်ဖက်တွင်လည်း အင်အားစုများ၏ အာရုံစိုက်မှုကို ဆွဲယူထားသည်။

ထိုအရင်းအမြစ်များကို ငွေသားအဖြစ်ပြောင်းလဲရန် ခက်ခဲသည်။

ဟယ်သခင်မ၏ ပိုင်ဆိုင်မှုများက တင်တောင်းကြေးဖြစ်ပြီး ဟယ်မိသားစုနှင့် မသက်ဆိုင်ပေ။

“အမေက ဈေးဆိုင်နဲ့ ကုန်သည်အဖွဲ့ကို ပေးနိုင်ပါတယ်”

သူမက ခေါင်းညိတ်လိုက်ပြီး မေးသည်။

“သားက ဘယ်လိုစီစဉ်ထားလဲ”

ဟယ်သခင်မက သဘောတူလိုက်သောအခါ ဟယ်ရန်စွန်းက ပြုံးသည်။

“ကျွန်တော်က လုံလောက်တဲ့ဒင်္ဂါးပြားတွေ ရဖို့အတွက် ဈေးဆိုင်နဲ့ ကုန်လှည်းတွေကို အပေါင်ထားလိုက်မယ်”

“ဆရာဟန်ရဲ့ ပန်းပဲစွမ်းရည်က တကယ်ထူးခြားတယ်”

ဟယ်သခင်မက ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

“သူက ထူးခြားတယ်ဆိုရင် မင်းက ဘာဖြစ်လို့ အပြည့်ပေးချင်နေတာလဲ”

‘အပြည့်မပေးရဘူးလား’

ဟယ်ရန်စွန်းက မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။

“ကျွန်တော်က မူလဒင်္ဂါး တစ်သိန်းခွဲကို မပေးနိုင်ရင် ဆရာဟန်က မကျေမနပ်ဖြစ်နေလိမ့်မယ်”

“ဘုရားမြို့မှာ သူ့လိုပန်းပဲပညာရှင်မျိုးကို မြင်ဖူးလား”

ဟယ်သခင်မက စားပွဲပေါ်တွင်ရှိသော စက်လုံးကို ညွှန်ပြလိုက်ပြီး ပြောသည်။

“မမြင်ဖူးဘူး”

ဟယ်ရန်စွန်းက ခေါင်းခါသည်။

“အဲဒါဆိုရင် ဈေးဆိုင်နှစ်ဆိုင်နဲ့ ကုန်လှည်းတွေကို ဆရာဟန်ဆီ တိုက်ရိုက်ပေးလိုက်သင့်တယ်”

ဟယ်သခင်မ၏စကားကြောင့် ဟယ်ရန်စွန်းက အံ့အားသင့်သွားသည်။

“ဒီအတိုင်းပေးရမှာလား”

သူက ရေရွတ်သည်။

“ဒါပေမဲ့ အဲဒါက အမေ့ပစ္စည်းတွေလေ။ အနည်းဆုံး မူလဒင်္ဂါး သုံးသိန်းတန်တယ်”

“ငတုံးလေး၊ ဆရာဟန်ရဲ့ ကျွမ်းကျင်မှုနဲ့ဆိုရင် မူလဒင်္ဂါးသုံးသိန်းကို ဂရုစိုက်မယ်ထင်နေတာလား”

ဟယ်သခင်မက လက်ကို ဝှေ့ယမ်းလိုက်ပြီး စာအုပ်တစ်အုပ်ကို ထုတ်ပေးသည်။

“ဒါက ဆိုင်နှစ်ဆိုင်နဲ့ ကုန်သည်အဖွဲ့ရဲ့ ပိုင်ဆိုင်မှုစာချုပ်တွေပဲ။ ယူသွားလိုက်ပါ”

“ဆရာဟန်က လက်ခံထားတယ်ဆိုရင် ဒီမှာ ဆက်နေလိမ့်မယ်။ သားက သူနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်လိမ့်မယ်”

“ဟယ်မိသားစု ပြန်တိုးတက်လာဖို့အတွက် ဆရာဟန်ကို မှီခိုရနိုင်တယ်”

ဟယ်ရန်စွန်းက မတုံးအပေ။

ဟယ်မိသားစုက ကျဆင်းနေပြီး နောက်ခံမရှိခြင်းသာ ဖြစ်သည်။

အမေဖြစ်သူ၏ သုံးသပ်ချက်ကို ကြားလိုက်ရသောအခါတွင် သူက အကြံရသွားသည်။ ထို့ကြောင့် ပိုင်ဆိုင်မှုစာချုပ်များကိုယူပြီး ထွက်သွားသည်။

ဟန်မူယဲ့၏အခန်းဆီသို့ ရောက်လာသောအခါတွင် သူက ပိုင်ဆိုင်မှုစာချုပ်များကို ပေးလိုက်ပြီး လေးစားစွာ ဦးညွတ်သည်။

“ဆရာဟန်၊ ကျွန်တော်တို့မိသားစုက ကျဆင်းနေတဲ့အတွက် မူလဒင်္ဂါး တစ်သိန်းခွဲကို ချက်ချင်း ထုတ်မပေးနိုင်သေးပါဘူး”

“ဒါတွေက ဘုရားမြို့ထဲမှာရှိတဲ့ ဆိုင်နှစ်ဆိုင်နဲ့ ကုန်သည်အဖွဲ့ရဲ့ ပိုင်ဆိုင်မှုစာချုပ်တွေပါ”

“ကျေးဇူးပြုပြီး လက်ခံပေးပါ”

ဆိုင်နှစ်ဆိုင်နှင့် ကုန်သည်အဖွဲ့ ....

မူလဒင်္ဂါး တစ်သိန်းခွဲထက် တန်ဖိုးရှိသည်။

“သခင်လေးဟယ်၊ ဒါက မများလွန်းဘူးလား”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ဟယ်ရန်စွန်းကို ကြည့်သည်။

“ဆရာဟန်ရဲ့ အကူအညီအတွက်ဆိုရင် မများပါဘူး”

ဟယ်ရန်စွန်းက ဦးညွတ်လိုက်ပြီး ပိုင်ဆိုင်မှုစာချုပ်များကို စားပွဲပေါ်တွင်တင်၍ ထွက်သွားသည်။

သူက ခြေလှမ်းအနည်းငယ်အကွာသို့ ရောက်လာသောအခါတွင် ဟန်မူယဲ့က ပြောလိုက်သည်။

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါက ဒီဆိုင်နှစ်ဆိုင်နဲ့ ကုန်သည်အဖွဲ့ကို မယူတော့ဘူး”

“အနာဂတ်မှာ ဟယ်မိသားစုရဲ့ စီးပွားရေးလုပ်ငန်းက အမြတ် ၇၀%ကို ယူမယ်။ ကျန်တဲ့ ၃၀%ကိုတော့ ဟယ်မိသားစုက ယူလို့ရတယ်”

သူတို့က အမြတ်ကို ခွဲယူမည်။

ထိုသို့ဆိုလျှင် ဟယ်မိသားစုနှင့် ဆရာဟန်၏ ဆက်ဆံရေးက ခိုင်မာလာလိမ့်မည်။

“ကျေးဇူးပါဆရာဟန်”

ဟယ်ရန်စွန်းက တစ်ဖက်သို့လှည့်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် ပြောသည်။

လဝက်အကြာတွင် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ပြုပြင်ဖန်တီးပေးသော ဆိုင်နှစ်ဆိုင်သည် ဘုရားမြို့တွင် တိတ်ဆိတ်စွာ ပေါ်လာသည်။

ထိုဆိုင်နှစ်ဆိုင်ကို စီမံနေသော မိသားစုက မြို့ထဲမှ ထွက်သွားရသော ဟယ်မိသားစု ဖြစ်နေသည်။

ဟယ်မိသားစု၏ သခင်လေး ဟယ်ရန်စွန်းသည် ဧည့်သည်များကို ကိုယ်တိုင်ဧည့်ခံနေသည်။

ဆိုင်၏ ဒုတိယထပ်သည် သန့်ရှင်းသပ်ရပ်နေပြီး ပန်းပဲဆိုင်နှင့် မတူပေ။

ဆိုင်ဖွင့်ပြီး ငါးရက်၊ ခြောက်ရန်ခန့် ကြာသည်အထိ အလုပ်မဖြစ်သေးပေ။

ဟန်မူယဲ့က အလျင်မလိုသောကြောင့် ဒုတိယထပ်တွင် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို လေ့လာနေသည်။

ကြယ်စင်စုစကြဝဠာ၏ ချပ်ဝတ်နှင့် ရုပ်သေးရုပ်အမွေအနှစ်သည် ဟန်မူယဲ့မြင်ထားသော ကမ္ဘာဦးချပ်ဝတ်၏ မှတ်ဉာဏ်များနှင့် ကွဲပြားနေသည်။

မူလစကြဝဠာတွင် မူလကမ္ဘာခေတ်၏ ရုပ်ခန္ဓာကျင့်ကြံခြင်းမှ မဟာတောရိုင်းကမ္ဘာ၏ အစစ်အမှန်ဝိညာဉ် ကျင့်ကြံခြင်းအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သည်။

နောက်ဆုံးတွင် အင်မော်တယ်ကျင့်ကြံခြင်းနှင့် နတ်ဘုရားကလန်၏ ကျင့်ကြံခြင်းနည်းစနစ်များ ပေါ်ထွက်လာသည်။

ကြယ်စင်စုစကြဝဠာ၏ ချပ်ဝတ်နှင့် ရုပ်သေးရုပ်များသည်လည်း အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဆင့်ကဲပြောင်းလဲခဲ့သည်။

သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ဖန်တီးသောနည်းလမ်းသည် သမိုင်းကြောင်းတွင် ပျောက်ကွယ်သွားခဲ့သည်။

ယနေ့အချိန်တွင် သတ္တုများ၏စွမ်းရည်ကို အဓိကထား၍ ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ဖန်တီးကြသည်။

“ဝီ”

တုန်ခါသံနှင့်အတူ ငွေရောင်ချပ်ဝတ်သည် ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

ထိုချုပ်ဝတ်သည် တစ်ကိုယ်လုံးကို ကာကွယ်ပေးထားသည်။ ငွေအလင်းသည် သူ၏ ခြေလက်များတွင် စီးဆင်းနေသည်ဟု ထင်ရသည်။

သူက လက်သီးဆုပ်လိုက်ပြီး လှုပ်ရှားကြည့်သည်။

ငွေရောင်ပုံရိပ်များသည် စံအိမ်ထဲတွင် ပေါ်ထွက်လာသည်။

သူက အလွန်လျင်မြန်သောကြောင့် နောက်တွင်ကျန်ခဲ့သော ပုံရိပ်ကိုသာ မြင်ရသည်။

ဟန်မူယဲ့က ဓားရှည်တစ်လက်ကို ထုတ်ယူပြီး ခုတ်ချလိုက်သည်။

“ရွှပ်”

အနက်ရောင်အက်ကွဲကြောင်းသည် သူ့ရှေ့တွင်ပေါ်လာပြီး ဖြည်းဖြည်းချင်း ပြန်ပိတ်သွားသည်။

ဤစကြဝဠာတွင် ကောင်းကင်တာအို၏ဖိအား မရှိပေ။ ထို့ကြောင့် ကောင်းကင်နှင့်မြေကြီးက လုံလောက်အောင် မသန်မာပေ။

ဟန်မူယဲ့က ချပ်ဝတ်၏အကူအညီဖြင့် ဤလောကတွင် အဆင့်ခြောက်ဖြစ်သော ရွှေအင်မော်တယ်အဆင့် ခွန်အားကိုသာ ထုတ်သုံးခဲ့သည်။ သို့သော် လေဟာနယ်ကို ထိုးခွဲနိုင်သည်။

အဆင့်ခြောက်အထက်တွင် ရှိနေသောလူများက ကောင်းကင်နှင့်မြေကြီးကို တိုက်ရိုက်ကျော်ဖြတ်ပြီး တည်နေရာရွှေ့ပြောင်းနိုင်သည်ဟု ဟယ်ရန်စွန်းက ပြောခဲ့သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

ဟန်မူယဲ့က ရပ်တန့်လိုက်သည်။

သူ့ခန္ဓာကိုယ်တွင်ရှိသော ချပ်ဝတ်က ပျောက်ကွယ်သွားပြီး လက်သီးဆုပ်အရွယ်အစားရှိသော အစိတ်အပိုင်းတစ်ခုကိုသာ ချန်ရစ်ခဲ့သည်။

သူက ခွန်အားနှင့် အမြန်နှုန်းကို အသားပေး၍ ထိုချပ်ဝတ်ကို ဖန်တီးထားသည်။

ဟယ်ရန်စွန်းပေးခဲ့သော ချပ်ဝတ်အပိုင်းအစကို မှီခို၍ ထိုချပ်ဝတ်ကို ဖန်တီးခဲ့သည်။

သို့သော် ဟန်မူယဲ့က ဝိညာဉ်သတ္တုတချို့ကို ချိန်ညှိပြီး တိုးတက်လာအောင် ပြုပြင်ခဲ့သည်။

ဤချပ်ဝတ်သည် အဆင့်ခြောက်ဖြစ်သော်လည်း အဆင့်တူများထက် ပိုမိုအားကောင်းသည်။

အဆင့်ခြောက်တွင် အထူးအဆင့်ဟု ပြောနိုင်သည်။

အရေးအကြီးဆုံးအနေဖြင့် ဤချပ်ဝတ်သည် အသုံးပြုသူ၏ ကျင့်ကြံခြင်းစွမ်းအားကို မလိုအပ်ပေ။

လိုက်ဖက်ညီသော ကျင့်ကြံဆင့်ဖြင့် ထိန်းချုပ်ရသည့် ရုပ်သေးရုပ်၊ ချပ်ဝတ်များနှင့် မတူညီဘဲ ဤချပ်ဝတ်ကို အဆင့်ခြောက်၊ အဆင့်ငါး၊ အဆင့်လေး .... အဆင့်တစ် ချပ်ဝတ်သခင်များကပင် အသုံးပြုနိုင်သည်။

ချပ်ဝတ်၏စွမ်းအားက လျော့နည်းသွားမည်မဟုတ်ပေ။

ချပ်ဝတ်အများစုတွင် ထိုစွမ်းရည်မျိုး မရှိပေ။

ထို့ကြောင့် ဤချပ်ဝတ်သည် ဈေးကောင်းရလိမ့်မည်။

ဟန်မူယဲ့က ချပ်ဝတ်ကို သိမ်းလိုက်ပြီး အောက်ထပ်သို့ ဆင်းသွားသည်။ သူက စားပွဲတွင် ထိုင်နေသော ဟယ်ရန်စွန်းကို မြင်ရသည်။

“ဧည့်သည်မလာသေးဘူးလား”

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ မေးသည်။

ဟယ်ရန်စွန်းက ခေါင်းညိတ်လိုက်ပြီး အကူအညီမဲ့စွာ ခေါင်းခါသည်။

“ဆရာဟန်က ကျွန်တော်အကြံပေးတဲ့အတိုင်း ဘုရားမြို့ရဲ့ ပန်းပဲအစည်းအရုံးကို သွားလိုက်ရင် ဧည့်သည်ရှိလာလိမ့်မယ်”

ဘုရားမြို့တွင် ရုပ်သေးရုပ်နှင့် ချပ်ဝတ်စီးပွားရေးကို ပန်းပဲအစည်းအရုံးက လက်ဝါးကြီးအုပ်ထားသည်။

ထိုပန်းပဲပညာရှင်များက တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြသည်။

ဘုရားမြို့တွင် စီးပွားရေးလုပ်ချင်သော တခြားပန်းပဲပညာရှင်များက သူတို့နှင့် ဆက်ဆံရမည်။

တခြားမြို့များတွင်လည်း ထိုသို့ပင်ဖြစ်သည်။

“အဲဒီလိုလုပ်ဖို့ မလိုပါဘူး”

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ခေါင်းခါလိုက်ပြီး ဟယ်ရန်စွန်းကို ကြည့်သည်။ သူက လက်မြှောက်ပြီး ချပ်ဝတ်အပိုင်းအစကို ထုတ်ပေးသည်။

“မင်းက အဆင့်တစ်ချပ်ဝတ်သခင်နဲ့ ရုပ်သေးသခင် ဖြစ်ချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား”

“ဒီချပ်ဝတ်ကို ယူသွားလိုက်ပါ”

ဟယ်ရန်စွန်းတွင် အဆင့်နှစ်အထိ ရောက်နိုင်သော ရုပ်သေးရုပ် ရှိနေသည်။

သို့သော် ချပ်ဝတ် မရှိသေးပေ။

သူက အဆင့်တစ်ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်ဖြစ်ရန် အမြဲ အိပ်မက် မက်ခဲ့ရသည်။

အကယ်၍ သူက ထိုသို့ ဖြစ်လာလျှင် ဘုရားမြို့တွင် နာမည်ကြီးသွားလိမ့်မည်။

သူ၏ ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကို ထုတ်ပြလိုက်လျှင် ‌ဈေးဆိုင်က သေချာပေါက် အခြေအနေကောင်းလာမည်။

ဟယ်ရန်စွန်းက လက်ထဲတွင်ရှိသော ချပ်ဝတ်အပိုင်းအစကို ကြည့်လိုက်သည်။

သူက ချပ်ဝတ်ကို အသက်မသွင်းရသေးသော်လည်း အားကောင်းပြီး ပြင်းထန်သော စွမ်းအားကို ခံစားနိုင်သည်။

လူတစ်ယောက်ကို တိမ်တိုက်များပေါ်တွင် လွင့်မျောသွားစေနိုင်သော ပုံရိပ်ယောင်ဆန်သည့် စွမ်းအားမျိုး ဖြစ်သည်။

သူက တင်းကျပ်စွာ လက်သီးဆုပ်လိုက်သည်။

“ဝီ”

ငွေအလင်းသည် သူ့လက်ဝါးမှတစ်ဆင့် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

ချက်ချင်းဆိုသလိုပင် ငွေရောင်ချပ်ဝတ်သည် သူ့ခန္ဓာကိုယ်တွင် ပေါ်လာသည်။

ကြေးခွံများနှင့် ဖုံးကွယ်ထားသော ရင်ဘတ်သံမဏိပြားက ထူးခြားသောအလင်းကို ထုတ်လွှတ်နေသည်။

အားကောင်းသော ချပ်ဝတ်တစ်မျိုး ဖြစ်သည်။

သူက ခြေထောက်မြှောက်လိုက်‌သောအခါ စားပွဲနှင့် တိုက်မိပြီး တစ်ပိုင်းတစ်စစီ ဖြစ်သွားစေသည်။

သူက ဘေးတွင်ရှိသော သစ်သားစင်ကို ထပ်တိုက်မိပြီး စင်ပေါ်တွင် တင်ထားသော ချပ်ဝတ်အပိုင်းအစနှင့် ရုပ်သေးအစိတ်အပိုင်းများကို ပြုတ်ကျလာစေသည်။

သူက လက်မြှောက်ပြီး စင်ကို ပြန်ထူလိုက်သော်လည်း အက်ကွဲသံနှင့်အတူ စင်က ကျိုးကျသွားသည်။

သူက မတ်တပ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို စိုးရိမ်စွာ ကြည့်သည်။ ထို့နောက် လက်ကို ညင်သာစွာ လှုပ်ရှားလိုက်သည်။

သူက ဦးခေါင်းတွင်ရှိသော ငွေရောင်မျက်နှာဖုံးကို ဖယ်လိုက်ပြီး စိတ်လှုပ်ရှားနေသော မျက်နှာထားကို ဖော်ပြသည်။

ချပ်ဝတ်က သူထိန်းချုပ်နိုင်ရန်အတွက် အလွန်အားကောင်းနေသည်။

All Chapters