အခန်း (၁၁၉၈)
Vol. 86 Ch. 1198
“ဆရာ ဒီချပ်ဝတ်က ဘယ်အဆင့်မှာလဲ”
‘ဘယ်အဆင့်လဲ’
ဟန်မူယဲ့၏ သတ်မှတ်ချက်အရ အသုံးပြုထားသော ဝိညာဉ်သတ္တုနှင့် ပန်းပဲနည်းစနစ်များကို ထည့်တွက်လိုက်လျှင် အဆင့်လေးသာ ဖြစ်လိမ့်မည်။
သို့သော် တခြားချပ်ဝတ်များနှင့် ယှဉ်ကြည့်လိုက်လျှင် အရည်အသွေးမြင့်မားသော အဆင့်ခြောက်ချပ်ဝတ် ဖြစ်နေသည်။
“ဒီချပ်ဝတ်ကို ငါက အသစ်ဖန်တီးထားတာပဲ။ အခုတော့ အဆင့်ငါးလို့ပဲ သတ်မှတ်လိုက်တာပေါ့။ ချပ်ဝတ်ရဲ့ အသိစိတ်က ချို့ယွင်းနေသေးတယ်”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး အပေါ်ထပ်သို့ ပြန်တက်သွားသည်။
“ချပ်ဝတ်နဲ့ အသားကျအောင် ကြိုးစားလိုက်အုံး”
သူ့အသံသည် အပေါ်ထပ်မှ ထွက်ပေါ်လာသည်။
‘အသစ်ဖန်တီးထားတာလား’
ဟယ်ရန်စွန်းက အချိန်အတော်ကြာအောင် ငေးမောနေပြီး သတိဝင်လာသည်။
ဆရာဟန်က ချပ်ဝတ်ကို ဖန်တီးနိုင်သော ပန်းပဲပညာရှင်တစ်ယောက် ဖြစ်သည်။
ချပ်ဝတ်ကို ဖန်တီးနိုင်သော ပန်းပဲပညာရှင်နှင့် ပြုပြင်နိုင်သော ပန်းပဲပညာရှင်များသည် အဆင့်မတူကြပေ။
ဖန်တီးနိုင်စွမ်းရှိသော ပန်းပဲပညာရှင်များကို လူတိုင်းက လေးစားကြသည်။
ထို့အပြင် ဤချပ်ဝတ်က အဆင့်ငါး ဖြစ်နေသည်။
သူ၏ ကျင့်ကြံဆင့်အရ အဆင့်ငါးချပ်ဝတ်ကို ထိန်းချုပ်နိုင်မည်မဟုတ်သော်လည်း ယခုအချိန်တွင် ထိန်းချုပ်နိုင်ခဲ့သည်။
အဆင့်ငါး ....
သူ့အဖေက အဆင့်ငါးချပ်ဝတ်သခင်တစ်ယောက် ဖြစ်သည်။
‘ငါက အဖေရဲ့အဆင့်ကို ရောက်သွားပြီး ဟယ်မိသားစုကို ကယ်တင်နိုင်မှာလား’
သူက ခန္ဓာကိုယ်တွင်ရှိသော ချပ်ဝတ်ကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားမှုကို ဖိနှိပ်သည်။ ထို့နောက် တံခါးဝသို့ ကြည့်လိုက်သည်။
“ဟယ်ချွမ်၊ ဟယ်ရီ၊ ဆိုင်ကို ရှင်းလိုက်ပါအုံး။ ငါက နောက်ဖေးမှာ လေ့ကျင့်လိုက်အုံးမယ်”
ဟန်မူယဲ့ပြောခဲ့သည့်အတိုင်း သူက ချပ်ဝတ်နှင့် အသားကျအောင် ပြုလုပ်ရန် လိုအပ်သည်။
ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များသည် ချပ်ဝတ်နှင့် ရုပ်သေးများကိုသာ မှီခိုနေခြင်းမဟုတ်ပေ။
သူတို့က ကိုယ်ပိုင်စွမ်းအားကို ထိန်းချုပ်ပြီး ချပ်ဝတ်၊ ရုပ်သေးရုပ်များနှင့် ပေါင်းစပ်၍ အထိရောက်ဆုံး တိုက်ခိုက်မှုကို ဖော်ထုတ်ရသည်။
ဟန်မူယဲ့က ခြံဝိုင်းထဲသို့ ရောက်လာသောအခါ အပြင်းအထန်လေ့ကျင့်နေသော ဟယ်ရန်စွန်းကို မြင်ရသည်။
ချပ်ဝတ်က အမြန်နှုန်းကို အသားပေးသောကြောင့် ဟယ်ရန်စွန်း၏ပုံရိပ်က မှုန်ဝါးနေသည်။
သူက လက်ထဲတွင် ဓားမော့ကိုင်ထားပြီး ဝမ်စန်းခွေ့နှင့် တိုက်ခိုက်ခဲ့သော အချိန်ကထက် အဆပေါင်းများစွာ တိုးတက်လာသည်။
ဟန်မူယဲ့က စောင့်ကြည့်လိုက်ပြီး ခေါင်းခါသည်။
သူ့အမြင်တွင် ဟယ်ရန်စွန်း၏ ပါရမီက မဆိုးပေ။ သူက ချပ်ဝတ်နှင့် ရုပ်သေးကို တစ်ပြိုင်နက် လေ့ကျင့်နေသော်လည်း အခြေခိုင်သည်။
သို့သော် ဟယ်မိသားစုဖြစ်စေ၊ ဘုရားမြို့၏ ကျင့်ကြံခြင်းနည်းစနစ်များဖြစ်စေ အလွန်အားနည်းသည်။ တိုက်ခိုက်ရေးနည်းလမ်းများကလည်း ရိုးရှင်းသည်။
“ချပ်ဝတ်ကို အသုံးပြုပြီး အမြန်နှုန်းတိုးလိုက်”
ဟန်မူယဲ့က ကျယ်လောင်စွာပြောသည်။
ဟယ်ရန်စွန်းက တွန့်ဆုတ်နေပြီး အမြန်နှုန်းတိုးလိုက်သည်။ ခြံဝိုင်းထဲတွင်ရှိသော ပုံရိပ်က ပိုမိုမှုန်ဝါးလာသော်လည်း သူက ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။
ထိုအမြန်နှုန်းသည် သူ၏ တိုက်ခိုက်နိုင်စွမ်းကို လျော့ကျသွားစေပြီး စွမ်းအင်ကုန်ဆုံးမှုကို မြန်ဆန်စေသည်။
ဆရာဟန်က ပန်းပဲပညာရှင်တစ်ယောက်သာ ဖြစ်လိမ့်မည်ဟု ဟယ်ရန်စွန်းက တွေးမိသည်။ သူက ချပ်ဝတ်ထိန်းချုပ်ရာတွင် လူသစ်တစ်ယောက်သာ ဖြစ်သည်။
“လေတိုးသံကို နားထောင်ကြည့်”
ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။
‘လေတိုးသံလား’
ဟယ်ရန်စွန်းက နားမလည်နိုင်ဖြစ်နေပြီး လေတိုးသံကို အာရုံစိုက်လိုက်သည်။
လေတိုးသံသည် စူးရှပြီး ကျယ်လောင်သည်။
ချက်ချင်းဆိုသလိုပင် သူက ငေးမောသွားပုံရပြီး အမြန်နှုန်းကို ထပ်မံတိုးမြှင့်လိုက်သည်။
ချပ်ဝတ်သည် လေဓာတ်သဘောကို သယ်ဆောင်ထားသည်။
သူက ချပ်ဝတ်၏ ဓာတ်သဘာဝကို ခံစားမိသောအခါ အမြန်နှုန်းကို ထိန်းချုပ်နိုင်ခဲ့သည်။
“မင်းက ချပ်ဝတ်ကို နားထောင်ပြီး ရဲဘော်ရဲဘက်တစ်ယောက်အဖြစ် သဘောထားရမယ်။ ချပ်ဝတ်က ပစ္စည်းတစ်ခု မဟုတ်ဘူး”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
ဟယ်ရန်စွန်းက နှေးကွေးသွားသည်။
ထိုအရာသည် သူ၏ ကိုယ်ပိုင်အပြုအမူ မဟုတ်ပေ။ ချပ်ဝတ်က သူ၏ ခန္ဓာကိုယ်နှင့် လိုက်ဖက်ညီအောင် ချိန်ညှိပေးလိုက်ခြင်း ဖြစ်သည်။
ထိုအမြန်နှုန်းက ဟယ်ရန်စွန်းအတွက် အသင့်တော်ဆုံးဖြစ်ပြီး သက်တောင့်သက်သာရှိစေသည်။
“ဓားမော့ကိုဆွဲထုတ်၊ ချပ်ဝတ်ရဲ့စွမ်းအားကို အသုံးပြု”
“အစွမ်းကုန်သုံးပြီး ခုတ်ပိုင်းနေစရာမလိုဘူး။ မင်းက ဓားမော့ကို အသုံးပြုပြီး ချပ်ဝတ်ရဲ့စွမ်းအားကို လမ်းညွှန်ပေးရမယ်။ ထိုးမယ်၊ ခုတ်မယ်။ တစ်ချက်လွဲသွားရင် မိုင်တစ်ထောင်အထိ နောက်ပြန်ဆုတ်မယ်”
ဟန်မူယဲ့၏ စကားအဆုံးတွင် ဟယ်ရန်စွန်း၏ ဓားမော့က မျဉ်းတစ်ကြောင်းအဖြစ် ပြောင်းလဲသွားသည်။ ထိုဓားက ထူးခြားသောအလင်းကို ထုတ်လွှတ်နေပြီး ပုံရိပ်ယောင်များကို ထိုးနှက်သည်။
ငွေရောင်နှင့် မီးခိုးရောင်သည် သွယ်ယှက်နေသည်။
ဟယ်ရန်စွန်းက အဖေဖြစ်သူ၏ တိုက်ပွဲများကို မြင်ဖူးသည်။
ချပ်ဝတ်၏စွမ်းအားနှင့် ပေါင်းစပ်နေသော ခံစားချက်သည် အလွန်ယစ်မူးစရာကောင်းသည်။
ယခုအချိန်တွင် ဟယ်ရန်စွန်းက ထိုခံစားချက်ကို ဆုပ်ကိုင်နိုင်ခဲ့သည်။
သူက ပတ်ဝန်းကျင်ကိုပင် မေ့လျော့သွားသည်။
“ဝီ”
ဓားမော့သည် အလင်းကွေးကို ထုတ်လွှတ်လိုက်ပြီး ခြံဝိုင်းထဲတွင်ရှိသော သုံးပေထူထဲသည့် သစ်ပင်ကို လွယ်ကူစွာ ဖြတ်တောက်ခဲ့သည်။
သူက ကြည်လင်သောမျက်နှာထားဖြင့် နေရာတွင် ရပ်တန့်လိုက်သောအခါ ဟန်မူယဲ့က ပျောက်ကွယ်သွားခဲ့သည်။
“ဆရာဟန်က ရှားပါးတဲ့ ချပ်ဝတ်သခင်တစ်ယောက်ပဲ’
ဟယ်ရန်စွန်းက ဓားမော့ကို ပြန်သိမ်းလိုက်ပြီး တီးတိုးရေရွတ်သည်။
အဆင့်ငါးချပ်ဝတ်သခင်ဖြစ်သော သူ့အဖေကပင် ထိုသို့ လမ်းညွှန်မပေးနိုင်ပေ။
ထို့အပြင် ဟန်မူယဲ့၏ စကားအနည်းငယ်ကြောင့် သူက ချပ်ဝတ်နှင့် ပေါင်းစပ်နိုင်ပြီး အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။
သူက လက်သီးဆုပ်လိုက်ပြီး မျက်လုံးများ တောက်ပလာသည်။
‘ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် အဆင့်တူကြားမှာ ပြိုင်ဘက်မရှိတော့ဘူး’
‘အဲဒီလိုဆိုမှတော့ လောင်းကစားပြိုင်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ပြန်ယူလိုက်ရမလား’
ဟယ်ရန်စွန်းက ပန်းပဲစံအိမ်ကို ကြည့်လိုက်ပြီး မျက်လုံးမှိတ်ထားသည်။ ငွေရောင်ချပ်ဝတ်က ငွေရောင်သံမဏိပြားအဖြစ် ပြောင်းလဲသွားသည်။ ရုပ်သေးရုပ်စက်လုံးသည် သူ့ရှေ့တွင် ပေါ်လာသည်။
“ဘုန်း”
စက်လုံးက ဓားမော့နှစ်လက်သယ်ထားသော အနက်ရောင်ရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားသည်။
ရုပ်သေးရုပ်က ဓားမော့နှစ်လက်ကို ထုတ်လိုက်သည်။ ဓားမော့အလင်းများသည် ခြံဝိုင်းထဲတွင် ပြန်ပေါ်လာသည်။
“ခံစားကြည့်လိုက် ....”
“ရုပ်သေးရုပ်ကို ပစ္စည်းတစ်ခုလို အသုံးမချဘဲ အတူတူတိုက်ခိုက်နေတဲ့ ရဲဘော်တစ်ယောက်လိုမျိုး သဘောထားရမယ်”
ဟယ်ရန်စွန်းက မျက်လုံးမှိတ်ထားပြီး လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်သည်။ ထို့နောက် လက်ဝါးကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
ရုပ်သေးရုပ်၏ ပုံစံက မှုန်ဝါးလာသည်။ အမြန်နှုန်း ဖြစ်သည်။
အမြန်နှုန်းက တိုးတက်လာပြီး ဓားမော့နှစ်လက်သည် ရုပ်သေးရုပ်နှင့်အတူ လိုက်ပါလှုပ်ရှားနေသည်။
ထိုခံစားချက်က အလွန်စိတ်လှုပ်ရှားစရာကောင်းသည်။
ဟယ်ရန်စွန်းက ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ ဟိန်းဟောက်သည်။ ဓားနှစ်လက်သည် လျင်မြန်စွာ ခုတ်ပိုင်းနေသည်။
“ရွှပ်”
သူ့ရှေ့တွင်ရှိသော ကျောက်စားပွဲသည် ပေါက်ကွဲသွားသည်။
ထိုစွမ်းအားသည် အနည်းဆုံး အဆင့်သုံးရုပ်သေးသခင်နှင့် တူညီသည်။
ရုပ်သေးရုပ်က ဓားမော့နှစ်လက်ကို ပြန်သိမ်းလိုက်သည်။ ဟယ်ရန်စွန်းက အဝေးတစ်နေရာတွင် ရပ်နေပြီး ဖြည်းဖြည်းချင်း ပြန်လျှောက်လာသည်။
“ဟယ်ချွမ်၊ ဟယ်ရီ၊ ခြံဝိုင်းကို ရှင်းလိုက်ပါအုံး”
ဟယ်ရန်စွန်းက ဆိုင်ထဲသို့ ပြန်ရောက်လာသောအခါတွင် ဧည့်သည်တချို့ကို မြင်လိုက်ရသည်။
ဟယ်ရန်စွန်းကို မြင်လိုက်ရသောအခါ အစိမ်းရောင်ဝတ်စုံနှင့် လူသန်ကြီးက တစ်ဖက်သို့ လှည့်လာသည်။
“သခင်လေးလား”
လူသန်ကြီးက ခပ်ဟဟရယ်လိုက်ပြီး ကိုယ့်ခေါင်းကိုယ် ပြန်ပုတ်၍ ပြောသည်။
“မင်းက သခင်လေးမဟုတ်တော့ပါဘူး။ အခု ဆိုင်ရှင်ဟယ်လို့ ခေါ်ရတော့မှာပေါ့”
လူသန်ကြီး၏နာမည်က ဟယ်ချန်းမင် ဖြစ်သည်။ သူက ဟယ်မိသားစု၏ အစောင့်ခေါင်းဆောင်ဖြစ်ပြီး အဆင့်နှစ်ချပ်ဝတ်သခင် ဖြစ်သည်။
“အမြဲတမ်း စည်းစိမ်ချမ်းသာတွေ ခံစားနေတဲ့ သခင်လေးက ဒီလိုမျိုး သနားစရာကောင်းနေမယ်လို့ ထင်မထားမိဘူး”
ဟယ်ချန်းမင်က ပြုံးလိုက်ပြီး ခေါင်းခါသည်။
“မင်းရဲ့ဆိုင်က အခြေအနေမကောင်းဘူးထင်တယ်”
ဟယ်ရန်စွန်းတို့ သားအမိက ဘုရားမြို့မှ မောင်းထုတ်ခံလိုက်ရပြီး မြို့ထဲတွင်ရှိသော ဟယ်မိသားစုနှင့် မသက်ဆိုင်တော့ပေ။
ဟယ်ရန်စွန်းက ဟယ်ချန်းမင်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“ဧည့်သည်က ရုပ်သေးရုပ်ကို ပြုပြင်ချင်တာလား ဒါမှမဟုတ် ချပ်ဝတ်ကို ဖန်တီးချင်တာလား”
“ကျွန်တော်တို့ဆိုင်က ဈေးကြီးပေမဲ့ ပစ္စည်းတွေကတော့ စစ်မှန်ပါတယ်”
သူ့စကားကြောင့် ဟယ်ချန်းမင်၏အပြုံးက ပိုမိုနက်ရှိုင်းလာသည်။
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး နှာမှုတ်သည်။
“ဂုဏ်သရေမြင့်မားခဲ့တဲ့ သခင်လေးက လှည့်ကွက်တွေရှိနေအုံးမယ်လို့ ထင်မထားခဲ့ဘူး”
“အခုအချိန်မှာ ဟယ်မိသားစုက ဈေးဆိုင်တစ်ဆိုင်ပဲ ရှိတော့ပေမဲ့ မင်းကတော့ ဒီလိုဆိုင်မျိုးကို ဖွင့်ထားနိုင်တယ်”
ဟယ်ရန်စွန်းက ပြန်မပြောပေ။
သူက သူတို့သားအမိအား နှင်ထုတ်ခဲ့သော ဟယ်မိသားစုကို မကျေမနပ်မဖြစ်မိပေ။
ထိုအရာသည် သူစီစဉ်ထားသော လွတ်လမ်း ဖြစ်သည်။
ဘုရားမြို့၏ ဟယ်မိသားစုတွင် ပိုင်ဆိုင်မှုတချို့ ရှိနေသေးသည်။ ထို့အပြင် ဈေးဆိုင်တစ်ဆိုင်လည်း ကျန်နေသောကြောင့် ရှင်သန်နိုင်လိမ့်မည်။
သို့သော် မိသားစုကြီးတစ်ခု မဟုတ်သောကြောင့် အမျိုးမျိုးသော အကျိုးအမြတ်များကို စွန့်လွှတ်ရလိမ့်မည်။ သူတို့က အတော်လေး ခက်ခဲနေလိမ့်မည်။
ဟယ်ရန်စွန်း၏ မျက်နှာထားကို ကြည့်လိုက်ပြီး ဟယ်ချန်းမင်က ဒေါသထွက်လာသည်။
လက်ရှိအချိန်တွင် ဟယ်မိသားစုက အမှန်တကယ်ပင် သနားစရာကောင်းနေသည်။
မြို့ထဲတွင်ရှိသော မိသားစုကြီးများက သူတို့ကို အထင်သေးကြသည်။
“သခင်လေး၊ ရုပ်သေးရုပ်အတွက် လက်မောင်းအကာ လိုအပ်နေပါတယ်”
ဟယ်ချန်းမင်က စင်ပေါ်တွင်ရှိသော လက်မောင်းအကာကို ညွှန်ပြသည်။
ဟယ်ရန်စွန်းက ခေါင်းညိတ်လိုက်သည်။
“လက်မောင်းအကာက မူလဒင်္ဂါး ၁၅၀ကျပါတယ်။ အရစ်ကျပေးမယ်ဆိုရင်တော့ ဒင်္ဂါးပြားသုံးဆယ် ပိုပေးရပါမယ်”
ဤဆိုင်တွင်ရှိသော အစိတ်အပိုင်းများအားလုံးကို ဟန်မူယဲ့က ဖန်တီးထားခြင်း မဟုတ်ပေ။
ဟယ်သခင်မတွင် ကုန်သည်အဖွဲ့တစ်ခု ရှိနေသည်။
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ မူလဒင်္ဂါး ၂၀၀ပေးခဲ့မယ်။ ဟယ်မိသားစုအိမ်တော်ကို လာပို့ပေးပါ”
ဟယ်ချန်မင်က သုံးလက်မအရွယ်အစားရှိသော ဒင်္ဂါးနှစ်ပြားကို စားပွဲပေါ်တွင် တင်လိုက်ပြီး ကျေနပ်စွာ ရယ်သည်။
“ဆိုင်ရှင်ဟယ်က ဟယ်မိသားစုရဲ့အိမ်တော်ကို သိမှာပါ”
“ဟယ်ချန်းမင်၊ မင်းက ဟယ်မိသားစုဝင်ပဲ။ သခင်လေးကို ဘယ်လိုလုပ်ပြီး ရိုင်းရိုင်းစိုင်းစိုင်းပြောနေတာလဲ။ မင်းက ခေါင်းဆောင်ရဲ့ သင်ပြမှုနဲ့ မထိုက်တန်ဘူးပဲ”
ဟယ်ရန်စွန်း၏နောက်တွင်ရှိသော လူငယ်တစ်ယောက်က အံကြိတ်ထားပြီး ဒေါသတကြီး ပြောသည်။
“ကျေးဇူးကန်းတဲ့လူပဲ”
နောက်ထပ် လူငယ်တစ်ယောက်ကလည်း ပြောလိုက်သည်။
ဟယ်ချန်းမင်က နှာမှုတ်လိုက်ပြီး စားပွဲပေါ်တွင်ရှိသော မူလဒင်္ဂါးပြားကို ညွှန်ပြသည်။ သူက ဂရုမစိုက်စွာ ပြောသည်။
“ဒါက မင်းတို့ရဲ့ ပထမဆုံးစီးပွားရေး မဟုတ်လား။ အရောင်းအဝယ်လုပ်ဖို့ မင်းတို့အပေါ်မှာပဲ မူတည်နေတယ်”
သူက ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး အေးစက်စွာပြောသည်။
“သခင်လေးဟယ်က မူလဒင်္ဂါးနှစ်ရာကို တန်ဖိုးထားရဲ့လား’
ဟယ်ရန်စွန်း၏ နောက်တွင်ရှိသော လူငယ်နှစ်ယောက်က ဒေါသထွက်နေသည်။ သူတို့က စကားပြောချင်သော်လည်း ဟယ်ရန်စွန်းက တားလိုက်သည်။
“ဆိုင်ကို ကြည့်ထားလိုက်။ ငါသွားပို့လိုက်မယ်”
ဟယ်ရန်စွန်းက သစ်သားစင်တွင်ရှိသော လက်မောင်းအကာကို ယူလိုက်ပြီး ဆိုင်ထဲမှ ထွက်သွားသည်။
ဟယ်ချန်းမင်က ကျေနပ်စွာ ရယ်လိုက်ပြီး နောက်မှ လိုက်လာသည်။