← Chapters

အခန်း (၁၂၀၁)

Vol. 86 Ch. 1201

အခန်း (၁၂၀၁)

Vol. 86 Ch. 1201

တိုက်ပွဲက အတုအယောင်ဖြစ်စေ၊ အစစ်အမှန်ဖြစ်စေ ဟယ်မိသားစု၏ ဆုံးရှုံးသွားသော ခြံဝိုင်းသည် ဟယ်ရန်စွန်း၏လက်ထဲသို့ ပြန်ရောက်သွားသည်။

ဟယ်ရန်စွန်းက ခြံဝိုင်းစာချုပ်ကို အတည်ပြုလိုက်ပြီး ချိုင်းကြားတွင်ညှပ်၍ စင်ပေါ်မှ ပျော်ရွှင်စွာ လှည့်ထွက်သွားသည်။

“ဟယ်ရန်စွန်း၊ ထပ်ပြီး တိုက်ခိုက်ရဲလား”

ထောင်ရှို့က အော်ဟစ်လိုက်ပြီး လမ်းပိတ်ထားသည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် လူအုပ်က ဆူညံသွားပြန်သည်။

သူတို့က ဟယ်ရန်စွန်း၏ တိုက်ခိုက်မှုကို ရှင်းလင်းစွာ မမြင်ခဲ့ရပေ။

အကယ်၍ နောက်တစ်ပွဲတိုက်လျှင် ပိုကောင်းသည်။

“ထပ်တိုက်ရမှာလား”

ဟယ်ရန်စွန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး လည်ချောင်းရှင်းသည်။

“ကျွန်တော်က တစ်ကြိမ်တိုက်ပြီးပြီ။ အဲဒီတော့ စည်းကမ်းတွေအရ ငြင်းဆန်နိုင်သလို ဆိုင်းငံ့ထားနိုင်တယ်”

လောင်းကြေးပြိုင်ပွဲ၏ စည်းကမ်း ဖြစ်သည်။

စိန်ခေါ်မှုကို ငြင်းဆိုလိုက်လျှင် ဂုဏ်သိက္ခာထိခိုက်နိုင်သော်လည်း စိန်ခေါ်ပွဲတိုင်းကို လက်ခံရမည်ဟု သတ်မှတ်မထားပေ။

ထို့ကြောင့် တစ်ရက်တွင် တစ်ပွဲတိုက်ခိုက်လျှင် လုံလောက်သည်။

ဆိုင်းငံ့ခြင်းကတော့ တခြားအကြောင်းအရာ ဖြစ်သည်။

“မနက်ဖြန်ကျမှ အချိန်ရှိရင် တိုက်ခိုက်ကြတာပေါ့။ လောင်ကြေးက ဘာတွေဖြစ်မလဲ”

ဟယ်ရန်စွန်းက ရှေ့ဆက်လျှောက်သွားပြီး ရေရွတ်လိုက်သည်။ လောင်ကြေး ကောင်းမွန်လျှင် သူက တိုက်ခိုက်မည်။

ထိုသို့မဟုတ်လျှင်တော့ တိုက်ခိုက်မည်မဟုတ်ပေ။

ထောင်ရှို့၏မျက်နှာက ဒေါသကြောင့် နီရဲသွားသည်။

ဟယ်ရန်စွန်းက သူနှင့် ထောင်မိသားစုကို လှည့်စားရန် ကြိုးစားနေသည်။

“ငါ့ရဲ့ ထောင်မိသားစုက မင်းတို့ ဟယ်မိသားစုခြံဝိုင်းနဲ့ ဆိုင်နှစ်ဆိုင်အတွက် ဆိုင်ငါးဆိုင်လောင်းမယ်”

ထောင်ရှို့က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ယခင်တိုက်ပွဲတွင် ဟယ်ရန်စွန်းက ဟယ်မိသားစုခြံဝိုင်းအတွက် ဆိုင်နှစ်ဆိုင်ကို လောင်းကြေးထပ်ခဲ့သည်။

ယခုအချိန်တွင် ထောင်မိသားစုက ဆိုင်ငါးဆိုင်ကို လောင်းကြေးထပ်တော့မည်။

ဟယ်ရန်စွန်း၏ ရည်ရွယ်ချက်ကို မြင်ထားသော ထောင်ရှို့က ပွင့်လင်းစွာ လောင်းကြေးထပ်ခဲ့သည်။

“ဆိုင်ငါးဆိုင်လား”

ဟယ်ရန်စွန်းက အပြုံးတစ်ခုနှင့်အတူ နောက်သို့ လှည့်ကြည့်သည်။

“ကျွန်တော်က လောဘမကြီးပါဘူး။ အခု ဆိုင်နှစ်ဆိုင်နဲ့ ဟယ်မိသားစုခြံဝိုင်းကို ပိုင်ထားပြီ။ ဘာဖြစ်လို့ ထောင်မိသားစုရဲ့ ဈေးဆိုင်တွေကို လိုချင်ရမှာလဲ”

“လောင်းကြေးတိုက်ပွဲအကြောင်းကို နောက်ကျမှ ထပ်ပြီး ဆွေးနွေးကြတာပေါ့”

ထိုသို့ဖြင့် သူက ရှေ့သို့ ဆက်လျှောက်သွားသည်။

‘မလောင်းဘူးလား’

အကယ်၍ ထောင်မိသားစုက နောက်ဆုတ်ပေးရလျှင် ဘုရားမြို့၏ ဟာသတစ်ခု ဖြစ်လာလိမ့်မည်။

ထောင်ရှို့က အံကြိတ်ထားပြီး အော်လိုက်သည်။

“မူလဒင်္ဂါးတစ်သိန်း ထပ်ထည့်မယ်”

“ကောင်းပြီ။ မနက်ဖြန်နေ့လယ်မှာ နောက်ထပ်တစ်ပွဲ တိုက်ကြတာပေါ့”

ဟယ်ရန်စွန်း၏အသံ ပေါ်ထွက်လာသည်။ လူကတော့ ပျောက်ကွယ်သွားသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး အလင်းလွှာကို သိမ်းသည်။

“သူ့အမြန်နှုန်းက မဆိုးဘူး။ ဒါပေမဲ့ ခွန်အားက လိုအပ်နေသေးတယ်”

ဟန်မူယဲ့က သုံးသပ်လိုက်သည်။

ဟယ်ရန်စွန်း ထွက်သွားသောအခါ လူတိုင်းက ဆူညံ့စွာ ဆွေးနွေးနေကြသည်။

ယနေ့တွင် ဟယ်ရန်စွန်း၏ ခွန်အားက သူတို့ကို ထိတ်လန့်သွားစေသည်။

‘အရင်တုန်းက ပြိုင်ပွဲတိုင်းကို ရှုံးခဲ့တဲ့ သခင်လေးဟယ် ဟုတ်ရဲ့လား’

ဟယ်ယွီလင်းက နောက်သို့ လှည့်ကြည့်သည်။ ဟယ်မိသားစုဝင်များ၏ မျက်နှာထားက ရှုပ်ထွေးနေကြသည်။

သခင်လေးဟယ်က အနိုင်ရသွားသည်။

ဟယ်မိသားစုက အနိုင်ရခဲ့သည်။

သို့သော် ဟယ်မိသားစု၏အနိုင်ပွဲ မဟုတ်ပြန်ပေ။

“သွားကြစို့”

ဟယ်ယွီလင်းက အနိုင်ရထားသော လောင်းကြေးများကို ယူလိုက်ပြီး လက်မြှောက်သည်။

သူတို့က ဟယ်မိသားစုခြံဝိုင်းကို ဆုံးရှုံးသွားသည်။ ထို့ကြောင့် ဟယ်အိမ်တော်သို့ ပြန်မသွားနိုင်တော့ပေ။

သို့သော် သူတို့က ကြိုတင်ပြင်ဆင်ထားသောကြောင့် တခြားတွင် နေစရာရှိသည်။

“မနက်ဖြန်ကျ ပြန်လာပြီး ကြည့်ရအောင်။ ဟယ်ရန်စွန်းမှာ အစစ်အမှန်စွမ်းရည်ရှိရင် ထပ်ပြီး စကားပြောကြတာပေါ့”

ဟယ်ရန်စွန်းက ဆိုင်သို့ပြန်လာပြီး တုံ့ဆိုင်းမနေဘဲ မြို့ပြင်သို့ ထွက်သွားသည်။

ဟယ်မိသားစု၏ အိမ်တော်အဟောင်းတွင် ဟယ်သခင်မက အနည်းငယ် အံ့အားသင့်နေသည်။

“အမေ၊ ကြည့်လိုက်”

ဟယ်ရန်စွန်းက စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် ခြံဝိုင်းစာချုပ်ကို ပြလိုက်သည်။

“ခြံဝိုင်းစာချုပ်လား”

ဟယ်သခင်မ၏ မျက်နှာထားက ရှုပ်ထွေးနေသည်။

“ဘယ်လိုလုပ်ပြီး ရလာတာလဲ”

ဟယ်သခင်မက သားဖြစ်သူကို ကြည့်သည်။

ဟယ်ရန်စွန်းက လေ့ကျင့်မှုအကြောင်းကို ပြောပြလိုက်ပြီး ထောင်မိသားစု၏ ထောင်မင်ဟွာနှင့် တိုက်ခိုက်ခဲ့ကြောင်း ဆက်ပြောသည်။ ထိုသို့ဖြင့် ခြံဝိုင်းကို ပြန်ရလာသည်။

သူက တီးတိုးပြောသည်။

“မနက်ဖြန်ကျ နောက်တစ်ပွဲတိုက်ဖို့ သဘောတူထားသေးတယ်”

ထိုစကားကို ကြားလိုက်ရသောအခါ ဟယ်သခင်မက မျက်မှောင်ကြုတ်သည်။

သို့သော် သူမက မတားဘဲ မတ်တပ်ရပ်လိုက်သည်။

“အမေနဲ့လိုက်ခဲ့။ နည်းနည်းလောက် တိုက်ကြည့်ရအောင်”

‘တိုက်ပွဲလား’

ဟယ်ရန်စွန်းက နောက်မှ စိတ်လှုပ်ရှားစွာ လိုက်လာပြီး ခြံဝိုင်းထဲသို့ ရောက်သွားသည်။

“ဝီ”

အနီရောင်ချပ်ဝတ်နှင့် ဟယ်သခင်မက လှံတစ်ချောင်းကိုင်ထားသည်။

ဟယ်ရန်စွန်းက တည်ငြိမ်စွာမနေနိုင်ခင် လှံရှည်က တိုးဝင်လာခဲ့သည်။

လှံချက်က ပြင်းထန်ပြီး လျင်မြန်သည်။

ဟယ်သခင်မက ချပ်ဝတ်၏စွမ်းအားကို အသုံးပြုပြီး ခွန်အားနှင့် အမြန်နှုန်းကို ဟန်ချက်ညီအောင် ပြုလုပ်ခဲ့သည်။

ဟယ်သခင်မက လှံချက်တွင် အစွမ်းကုန်မသုံးသော်လည်း အဆင့်နှစ်နှင့် အလွန်နီးကပ်နေသည်။

အဆင့်တစ်တွင် အခြေခိုင်နေသော ချပ်ဝတ်သခင်ကသာ သူမ၏လှံချက်ကို တားဆီးနိုင်လိမ့်မည်။

ဟယ်ရန်စွန်းက တိုးဝင်လာသော လှံချက်ကို ကြည့်လိုက်ပြီး စိုးရိမ်စိတ်များ ပျောက်ကွယ်သွားသည်။

သူက လက်မြှောက်ပြီး ဓားမော့ဖြင့် ခုတ်ချသည်။ ဓားမော့က လှံရှည်နှင့် ထိတွေ့ပြီး သိမ်မွေ့သော ဆွဲငင်အားဖြင့် လမ်းကြောင်းပြောင်းပေးလိုက်သည်။

ထိုဓားချက်ကြောင့် သခင်မဟယ်က ထိတ်လန့်သွားသည်။

ခွန်အားကို အသုံးပြု၍ ခွန်အားကို ခုခံသည်။ ခွန်အားကို အသုံးပြု၍ တိုက်ခိုက်မှုကို လမ်းကြောင်းလွှဲသည်။

ထိုနည်းလမ်းမျိုးကို ပညာသင်အဆင့်က မသုံးနိုင်ပေ။

သခင်မဟယ်က လက်ကို လှုပ်ရှားသည်။ လှံက ဓားမော့ကို တွန်းထုတ်လိုက်ပြီး ဟယ်ရန်စွန်းဆီသို့ ပြန်ဝင်လာသည်။

လှံချက်က ပိုမိုလျင်မြန်ပြီး အေးစက်သောအလင်းဖြင့် တောက်ပနေသည်။

ဟယ်ရန်စွန်း၏ ဓားမော့က ချက်ချင်း အေးခဲသွားသည်။

သူက ဓားမော့ကို မစွန့်ပစ်လျှင် ဒဏ်ရာရသွားလိမ့်မည်။

ဟယ်သခင်မက ဟယ်ရန်စွန်းကို ကြည့်လိုက်သည်။

သူက ထိုလှ့ကို မည်သို့ ခုခံမည်နည်း။ ဓားသွားက အေးစက်နေသည်။ ဟယ်ရန်စွန်းက လက်ကို ခါလိုက်ပြီး ဓားသွားက တောက်ပသွားသည်။

“လှုပ်ခါစမ်း”

ဟယ်ရန်စွန်းက အော်ဟစ်လိုက်သည်။ ဓားမော့က တုန်ခါနေပြီး ရေခဲများအားလုံးကို ခါချသည်။

သူက ဓားတစ်ချက်ဖြင့် လှံချက်တွင်ပါဝင်သော ရေခဲစွမ်းအားကို ချေဖျက်သည်။ ထို့နောက် ခြေတစ်လှမ်းဆုတ်ပြီး ဓားမော့ကို ဆွဲယူသည်။

သူက ခြေသုံးလှမ်း လှမ်းလိုက်ပြီး ငွေရောင်ချပ်ဝတ်သည် ခန္ဓာကိုယ်တွင် ပေါ်လာသည်။

ချပ်ဝတ် ပေါ်လာသောအချိန်တွင် သူ့ခန္ဓာကိုယ်က မှုန်ဝါးသွားသည်။

ဟယ်သခင်မက လှံဖြင့် ထိုးလိုက်သောအခါ ဟယ်ရန်စွန်း၏ ပုံရိပ်က သူမနှင့် သုံးပေအကွာတွင် ပေါ်လာသည်။ သူက ဓားဖြင့် ခုတ်ချလိုက်ပြီး ဓားအလင်းက သူမနှင့် ညင်သာစွာ ဖြတ်တိုက်သွားသည်။

ထိုဓားချက်က အလွန်နီးကပ်နေသည်။ ဟယ်သခင်မ၏ လှံရှည်က အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ သူမက လှံရိုးဖြင့် ကာကွယ်လိုက်ရသည်။

“ရွှပ်”

ဓားမော့က လှံရှည်နှင့် ထိတွေ့ပြီး ရွှေအလင်းတန်းကို ဖြစ်ပေါ်လာစေသည်။

ဟယ်ရန်စွန်းက အလင်းတန်းအဖြစ် ပြောင်းလဲပြီး ဓားမော့အလင်းသည် တောက်ပနေသည်။ သူက ဟယ်သခင်မနှင့် သုံးပေအကွာတွင် ဆက်ရှိနေပြီး ဓားမော့ဖြင့် ရေပြင်ညီအတိုင်း ခုတ်ချသည်။

ဟယ်သခင်မက အကွာအဝေးတစ်ခု ခြားချင်သော်လည်း ဟယ်ရန်စွန်းက အခွင့်အရေးမပေးခဲ့ပေ။

ခုတ်ပိုင်းနေသော ဓားမော့အလင်းသည် သူမကို ချုပ်နှောင်ထားပြီး ‌ရှောင်တိမ်းနိုင်သော အကွာအဝေးကို ကျဉ်းမြောင်းလာစေသည်။

“ခလွမ်”

အသက်ရှူကြိမ်ဆယ်ခါအကြာတွင် ဟယ်သခင်မက ဟာကွက်တစ်ခု ရှာတွေ့သွားပြီး ဟယ်ရန်စွန်းကို လှံဖြင့် ထိုးချသည်။

ဟယ်ရန်စွန်းက နောက်သို့ ဆုတ်လိုက်သည်။ သူက ဦးညွတ်လိုက်ပြီး ပြောသည်။

“အမေ၊ ကျွန်တော့်ခွန်အားက ဘယ်လိုနေလဲ”

‘ဘယ်လိုနေလဲ ....”

ဟယ်သခင်မက ခေါင်းညိတ်သည်။ သူမ၏ကိုယ်ပေါ်တွင်ရှိသော ချပ်ဝတ်က ပျောက်ကွယ်ပြီး သူမက လှည့်ထွက်သွားသည်။

ဟယ်ရန်စွန်းက အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းနေလိမ့်မည်။

ဘုရားမြို့ ....

ထောင်မိသားစုအိမ်တော် ....

ခြံဝိုင်း၏သည် ပဥ္စဂံပုံဖြစ်ပြီး လေ့ကျင့်ရေးကွင်းများသည် နေရာတိုင်းတွင် ရှိနေသည်။

ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ပြုပြင်ဖန်တီးရန်အတွက် ပန်းပဲဖိုများလည်း ရှိသည်။

“ခေါင်းဆောင်၊ သေချာစစ်ဆေးပြီးပါပြီ”

ထောင်မိသားစုခေါင်းဆောင် ထောင်ရှို့နှင့် တခြားအကြီးအကဲများသည် အလယ်ခန်းဆောင်တွင် ရှိနေကြသည်။

အစိမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က လမ်းလျှောက်ဝင်လာပြီး လေးနက်စွာပြောသည်။

“ဟယ်ရန်စွန်းက ချပ်ဝတ်နဲ့ ရုပ်သေးရုပ်တွေကို ပြုပြင်ဖို့အတွက် ဆိုင်ဖွင့်ထားပါတယ်”

“အဲဒီဆိုင်က အခုချိန်အထိ အရောင်းအဝယ်မရှိပါဘူး”

ဘုရားမြို့သည် သိပ်မကြီးပေ။ ထို့ကြောင့် ပုန်းကွယ်နေနိုင်သော အရာများ မရှိပေ။

ဟယ်ရန်စွန်း၏ ဆိုင်က ထင်ရှားစွာ ရှိနေသည်။ သူတို့က အနည်းငယ် စုံစမ်းလိုက်လျှင် အရာအားလုံးကို သိလာလိမ့်မည်။

ဟယ်ရန်စွန်းက သခင်လေးဟယ် မဟုတ်တော့ဘဲ ဆိုင်ရှင်ဟယ် ဖြစ်သွားသည်။

“အဲဒါပဲလား”

အကြီးအကဲတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။

“အဲဒါပဲဆိုရင် သူက ဘာဖြစ်လို့ အရမ်းတိုးတက်လာတာလဲ”

မြို့ထဲတွင်ရှိသော လူအများစုသည် ဟယ်ရန်စွန်း၏စွမ်းရည်ကို သိကြသည်။ သူက ထောင်မင်ဟွာကို တစ်ချက်တည်း အနိုင်ယူရန် မဖြစ်နိုင်ပေ။

“ဟယ်ရန်စွန်းရဲ့ ချပ်ဝတ်နဲ့ ရုပ်သေးရုပ်က အရမ်းအားကောင်းတယ်လို့ ပြောကြပါတယ်”

လူငယ်က တီးတိုးပြောသည်။

“ကျွန်တော်က ရင်းမြစ်ဒင်္ဂါး ငါးဆယ်ပေးပြီး အဲဒီသတင်းကို ဝယ်ခဲ့ရပါတယ်”

‘အရမ်းအားကောင်းတဲ့ ချပ်ဝတ်နဲ့ ရုပ်သေးရုပ်လား’

ဟယ်ရန်စွန်းက ထောင်မင်ဟွာနှင့် တိုက်ခိုက်ခဲ့သောအချိန်တွင် ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကို မသုံးခဲ့ပေ။

သို့မဟုတ် သူက ချပ်ဝတ်၏ စွမ်းအားအနည်းငယ်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်နိုင်သည်။

ခန်းဆောင်ထဲတွင်ရှိသော လူတိုင်း၏မျက်နှာထားက လေးနက်လာသည်။

ဟယ်ရန်စွန်း၏ တိုက်ခိုက်နိုင်စွမ်းအပြင် ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကို ပေါင်းထည့်လိုက်လျှင် ထောင်မိသားစုတွင် သူ့ကို ဖိနှိပ်နိုင်သော လူငယ်များ မရှိတော့ပေ။

“ခေါင်းဆောင်၊ သခင်လေးက အဆင့်တစ်ရုပ်သေးသခင် ဖြစ်လာပြီး အသိအမှတ်ပြုတံဆိပ်ပြားကို မယူရသေးဘူးမဟုတ်လား”

ရုတ်တရက်ဆိုသလိုပင် လူအိုကြီးတစ်ယောက်က ပြောလိုက်သည်။

ထိုစကားကြောင့် လူတိုင်း၏မျက်လုံးများက တောက်ပလာသည်။

All Chapters