← Chapters

အခန်း (၁၂၀၂)

Vol. 86 Ch. 1202

အခန်း (၁၂၀၂)

Vol. 86 Ch. 1202

ထောင်ရှို့က ခေါင်းညိတ်လိုက်ပြီး မျက်မှောင်ကြုတ်သည်။

“မမျှတတဲ့ အနိုင်ပွဲက ကျူးအာရဲ့ စိတ်အခြေအနေကို ထိခိုက်စေလိမ့်မယ်။ သူ့ရဲ့ ဂုဏ်သတင်းကလည်း ကျဆင်းသွားနိုင်တယ်”

ထောင်မိသားစု၏ သခင်လေး ထောင်မင်ကျူးက သက်တူရွယ်တူများကြားတွင် နံပတ်တစ် ဖြစ်သည်။

သူက လွန်ခဲ့သောတစ်လတွင် ချပ်ဝတ်သခင်အဖြစ် စာရင်းသွင်းခဲ့သော်လည်း အသိအမှတ်ပြုတံဆိပ်ပြားကို မရသေးပေ။

သို့သော် သူက အဆင့်ချပ်ဝတ်သခင် ဖြစ်နေသည်။

အကယ်၍ ထောင်မင်ကျူးက ဟယ်ရန်စွန်းနှင့် တိုက်ခိုက်ပြီး အနိုင်ရခဲ့လျှင်ပင် သတင်းထွက်သွားသောအခါ ရှက်စရာကောင်းနေလိမ့်မည်။

“ခေါင်းဆောင်၊ ထောင်မိသားစုရဲ့ ဈေးဆိုင်တွေကို ပေးပစ်ဖို့ ကြံစည်နေတာလား”

အောက်တွင်ထိုင်နေသော လူအိုကြီးတစ်ယောက်က စိုးရိမ်နေသောမျက်နှာထားဖြင့် ညင်သာစွာပြောသည်။

“ဒါက ထောင်မိသားစုရဲ့ ပိုင်ဆိုင်မှုပါ”

သူ့စကားကြောင့် လူတိုင်း၏ မျက်နှာထားက လေးနက်လာသည်။

မိသားစု၏ ပိုင်ဆိုင်မှုကို အလကားမဖြုန်းသင့်ပေ။

သူတို့က နှစ်ပေါင်းများစွာကြိုးစားပြီး စုဆောင်းခဲ့ရသည်။

“ခေါင်းဆောင်၊ သခင်လေးက ထောင်မိသားစုအတွက် အကျိုးပြုပေးဖို့ အချိန်ကျပါပြီ”

ထောင်ရှို့၏ဘေးတွင် ထိုင်နေသော အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က တည်ငြိမ်စွာပြောလိုက်သည်။

သူက ထောင်မိသားစု၏ ပထမအကြီးအကဲ ထောင်ယွင် ဖြစ်သည်။

သူက အဆင့်လေးချပ်ဝတ်သခင်ဖြစ်ပြီး ထောင်မိသားစုတွင် အသန်မာဆုံးလူ ဖြစ်သည်။ သူ့စကားကြောင့် ထောင်ရှို့က သက်ပြင်းချလိုက်ပြီး ပြောသည်။

“ကောင်းပြီ။ ငါကိုယ်တိုင် သူ့ကိုသွားပြောလိုက်မယ်”

သူက မတ်တပ်ရပ်လိုက်ပြီး လူတိုင်းကို ကြည့်သည်။

“ဒါပေမဲ့ တကယ်လို့ ကျူးအာက နိုင်သွားရင် ဈေးဆိုင်တစ်ဆိုင်ကို သူ့ဆီ ပေးရမယ်”

သူ့စကားကို ကြားရသောအခါ လူတိုင်းက ပြုံးလိုက်သည်။

“ခေါင်းဆောင်၊ သခင်လေးနိုင်သွားရင် ဆိုင်နှစ်ဆိုင်တောင် ပေးနိုင်ပါတယ်”

“ဟုတ်တယ်။ ထောင်မိသားစုရဲ့ လုပ်ငန်းတွေကို ခေါင်းဆောင်နဲ့ သခင်လေးက ပိုင်တာပဲမဟုတ်လား”

ချက်ချင်းဆိုသလိုပင် လူတိုင်းက ပေါ့ပါးစွာ စကားပြောနေကြသည်။

ထောင်မင်ကျူး၏ ခွန်အားနှင့်ဆိုလျှင် ရှုံးနိမ့်သွားမည်မဟုတ်ပေ။

အနိုင်ယူမည့် နည်းလမ်းကိုသာ စဉ်းစားရမည်။

ဟယ်ရန်စွန်းနှင့် ထောင်မိသားစု၏ ပြိုင်ပွဲသည် ဘုရားမြို့တွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ဟယ်မိသားစုကို စွန့်ပစ်ထားသောလူများက သူတို့၏အကြောင်းကို ပြန်မေးလာကြသည်။

သူတို့က နောက်တစ်ကြိမ်ယှဉ်ပြိုင်မည့် ဟယ်ရန်စွန်းကို စပ်စုချင်နေကြသည်။

နောက်တစ်နေ့မနက်တွင် လူအများအပြားသည် တိုက်ပွဲစင်မြင့်တွင် စုစည်းနေကြသည်။

နေ့လယ်တွင် လူပင်လယ်ကြီး ဖြစ်သွားသည်။

“ထောင်မိသားစု ရောက်လာပြီ”

တစ်ယောက်ယောက်က ပြောလိုက်သည်။

“ထောင်မိသားစုက ဘယ်သူ့ကို စင်ပေါ်လွှတ်မှာလဲ”

“ထောင်မိသားစုရဲ့ မျိုးဆက်သစ်တွေထဲမှာ ဟယ်ရန်စွန်းကို ဖိနှိပ်နိုင်တဲ့လူ ရှားတယ်”

လူအများက ဆွေးနွေးနေကြသည်။

မကြာခင်မှာပင် ထောင်မိသားစု၏ ကိုယ်စားပြုလူငယ်က စင်ပေါ်သို့ တက်လာသည်။

“ထောင်မိသားစုရဲ့ သခင်လေး ထောင်မင်ကျူး”

“ဘာဖြစ်နေတာလဲ။ ထောင်မင်ကျူးက အဆင့်တစ်ချပ်ဝတ်သခင်အဖြစ် စာရင်းသွင်းပြီးသားမဟုတ်လား။ သူက ပညာသင်အဆင့်ကို တိုက်ခိုက်တော့မလို့လား”

စင်အောက်တွင် ဆွေးနွေးသံများဖြင့် ဆူညံသွားသည်။

ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များသည် ဂုဏ်သိက္ခာရှိပြီး စည်းကမ်းလိုက်နာကြသည်။

ဘုရားမြို့တွင် လောင်းကြေးပြိုင်ပွဲနှင့် ပတ်သတ်သော စည်းကမ်းများကို လိုက်နာရသည်။

“သခင်လေးထောင်မင်ကျူးက အဆင့်တစ်ချပ်ဝတ်သခင်အဖြစ် စာရင်းသွင်းပြီးသား ဖြစ်ပေမဲ့ အသိအမှတ်ပြုတံဆိပ်ပြားကို မရသေးတဲ့အတွက် အဆင့်တစ်ချပ်ဝတ်သခင်အဖြစ် မသတ်မှတ်နိုင်ဘူး”

စင်မြင့်ပေါ်တွင် အပြာရောင်ဝတ်စုံနှင့် လူတစ်ယောက်က ပတ်ဝန်းကျင်ကို ဦးညွတ်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

‘ဒါက လက်ခံချင်စရာလား’ စင်အောက်တွင်ရှိသော လူများက စိတ်ရှုပ်ထွေးနေကြသည်။

‘လိမ်ညာတာ အရမ်းသိသာမနေဘူးလား’

စင်မြင့်ထက်တွင် အစိမ်းရောင်ဝတ်စုံနှင့် ထောင်မင်ကျူးက လေးနက်သောမျက်နှာထားဖြင့် ရှိနေသည်။

သို့သော် သူ့မျက်နှာက ရှက်ရွံ့မှုကြောင့် အနည်းငယ် နီရဲနေသည်။

သူက ထောင်မိသားစု၏ သခင်လေးဖြစ်ပြီး လေးစားခံရသော အဆင့်တစ်ချပ်ဝတ်သခင် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ပညာသင်အဆင့်နှင့် တိုက်ရတော့မည်။

သူက အလွန်အရှက်ရသည်။

“ဒီပြိုင်ပွဲမှာ ဟယ်ရန်စွန်းက အရူးမဟုတ်ရင် စင်ပေါ်တက်မှာမဟုတ်ဘူး”

စင်မြင့်အောက်တွင်ရှိသော လူများက အထင်သေးသောမျက်နှာထားဖြင့် လှောင်ပြောင်လိုက်ကြသည်။

“ထောင်မိသားစုက အရှက်မရှိဘူးပဲ။ အနိုင်ရဖို့အတွက် ဒီလိုမျိုး လုပ်နိုင်တယ်”

စည်းကမ်းကို လိုက်နာရမည်ဖြစ်သော်လည်း ဟာကွက်ရှိနေသည်။

ဥပမာအနေဖြင့် ယနေ့တွင် ထောင်မိသားစုက ဟာကွက်ကို ဆုပ်ကိုင်ပြီး အခွင့်အရေးယူခဲ့သည်။

‘ဟယ်ရန်စွန်းက အဆင့်တစ်ချပ်ဝတ်သခင်နဲ့ တိုက်ခိုက်နိုင်ပါ့မလား’

‘သူက သေချာပေါက် ရှုံးသွားလိမ့်မယ်’

“သခင်လေးဟယ် ရောက်လာပြီ”

ရုတ်တရက်ဆိုသလိုပင် လူတစ်ယောက်က အော်ဟစ်လိုက်သည်။

အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ပြီး ဆံပင်ကို သံမဏိဆံထိုးဖြင့် စည်းနှောင်ထားသော ဟယ်ရန်စွန်းက လျင်မြန်စွာ ရောက်လာသည်။

“ဟယ်ရန်စွန်းက တကယ်ပဲ တိုက်ခိုက်တော့မှာလား”

လူတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“ထောင်မိသားစုက အရှုံးပေးမှာမဟုတ်ဘူး။ ဒါပေမဲ့ ဟယ်ရန်စွန်းက အရှုံးပေးလို့ရတယ်။ သူက ဒီနေရာကို မလာခဲ့သင့်ဘူး”

လူတစ်ယောက်က ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ခေါင်းခါလိုက်ပြီး သက်ပြင်းချသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဟယ်ရန်စွန်းက ဒီနေရာကို ရောက်လာရဲတယ်။ သူ့ကို လေးစားမိပါတယ်”

တစ်ဖက်တွင် လူတစ်ယောက်က ပြောလိုက်သည်။

လူတိုင်း၏ အကြည့်အောက်တွင် ဟယ်ရန်စွန်းက စင်မြင့်ပေါ်သို့ တက်သွားသည်။

စင်မြင့်၏အောက်တွင် ဟယ်ယွီလင်းနှင့် ဟယ်မိသားစုဝင်များ၏ မျက်နှာထားက ရှုပ်ထွေးနေကြသည်။

“သခင်လေး ....”

လူတစ်ယောက်က ညင်သာစွာ ခေါ်လိုက်သည်။

သူတို့က ဟယ်မိသားစုဝင်များ ဖြစ်သောကြောင့် တိုက်ခိုက်ရန်အတွက် ရောက်လာသော ဟယ်ရန်စွန်းကို မြင်လိုက်သောအခါတွင် ရှက်ရွံ့မှုကို ခံစားရသည်။

ဟယ်ရန်စွန်းက ဘေးသို့မကြည့်ဘဲ စင်မြင့်ဆီ လျှောက်သွားသည်။ သူက စားပွဲခုံတွင် လောင်းကြေးတင်လိုက်ပြီး ထောင်မင်ကျူးဆီသို့ ရောက်လာသည်။

“ဟယ်ရန်စွန်း၊ ငါတို့က အချင်းချင်း သိကြတာပဲ။ မင်းက ငါ့ခွန်အားကို နားလည်သင့်တယ်”

ထောင်မင်ကျူးက ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။

“မင်းက အရှုံးပေးလိုက်လို့ ၇တယ်။ ငါက မင်းအတွက် ဆိုင်တစ်ဆိုင်ပြန်ပေးမယ်”

အရှုံးပေးရမည်။

ယနေ့အခြေအနေတွင် ဟယ်ရန်စွန်းက အရှုံးပေးလိုက်လျှင်ပင် အပြစ်တင်ခံရမည်မဟုတ်ပေ။

တစ်ဖက်တွင် ထောင်မိသားစုက မျက်နှာပျက်ရလိမ့်မည်။

“ညီအစ်ကိုထောင်၊ အနိုင်အရှုံးကို တိုက်ကြည့်မှသိမှာပေါ့”

ဟယ်ရန်စွန်းက တည်ငြိမ်စွာ ပြောလိုက်ပြီး ချပ်ဝတ်သံမဏိပြားကို လက်ထဲတွင် ကိုင်ထားသည်။

“ခလွပ်”

သူက သံမဏိပြားကို ညင်သာစွာ ဆုပ်ကိုင်လိုက်သောအခါ ငွေရောင်ချပ်ဝတ်သည် သူ့တစ်ကိုယ်လုံးကို လျင်မြန်စွာ လွှမ်းခြုံသွားသည်။

“ကောင်းလိုက်တဲ့ချပ်ဝတ်ပဲ”

“အရမ်းလှတယ်”

“ခန္ဓာကိုယ်ကို ချက်ချင်းလွှမ်းခြုံနိုင်တယ်ဆိုတော့ အနည်းဆုံး အဆင့်တစ်ချပ်ဝတ်ပဲ ဖြစ်လိမ့်မယ်”

စင်မြင့်၏အောက်တွင် ထိတ်လန့်စွာ အော်ဟစ်သံများကို ကြားနိုင်သည်။

ဟယ်ရန်စွန်း၏ ချပ်ဝတ်သည် အမှန်တကယ်ပင် လှပသည်။

ထောင်မင်ကျူးက သူ့ကို နားချချင်သော်လည်း ဟယ်ရန်စွန်းက ချပ်ဝတ်ကို ထုတ်ပြနေပြီဖြစ်သောကြောင့် ခေါင်းခါလိုက်သည်။ ထို့နောက် ကိုယ်ပိုင်ချပ်ဝတ်ကို အသက်သွင်းသည်။

“ခလွပ် .... ခလွပ် ....”

သံမဏိပြားများ ထိတွေ့သွားသောအသံကို ကြားနိုင်သည်။

အနက်ရောင်ချပ်ဝတ်သည် သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လွှမ်းခြုံလိုက်သည်။

ထိုအမြန်နှုန်းသည် ဟယ်ရန်စွန်းထက် နိမ့်ကျသည်။

ချပ်ဝတ်က သူ့ခန္ဓာကိုယ်ကို အပြည့်အဝ မလွှမ်းခြုံခင် ထောင်မင်ကျူးက အော်ဟစ်လိုက်ပြီး ဟယ်ရန်စွန်း၏ ရင်ဘတ်ကို လက်သီးဖြင့်ထိုးသည်။

သူ၏ လက်သီးချက်သည် လေပြင်းများကို ဖြစ်ပေါ်လာစေပြီး ဟိန်းဟောက်နေသော ဝံပုလွေပုံရိပ်ကို ဖန်တီးသည်။

သူက လက်သီးချက်ကို ပုံရိပ်အဖြစ် အသွင်ပြောင်းနိုင်သည်။ အဆင့်တစ် ချပ်ဝတ်သခင်များကြားတွင် အားကောင်းသည်။

ထောင်မိသားစု၏ သခင်လေးသည် အမှန်တကယ်ပင် ထူးခြားသည်။

ထိုလက်သီးချက်ကို မြင်လိုက်ရသောအခါ ဟယ်မိသားစု၏ လူများက မျှော်လင့်ချက်မဲ့သွားသည်။

ထောင်မင်ကျူးက အဆင့်တစ်ချပ်ဝတ်သခင်၏ ခွန်အားဖြင့် ဟယ်ရန်စွန်းကို လွှမ်းမိုးထားသည်။

တခြားလူများက ခေါင်းခါလိုက်ကြသည်။ လက်သီးတစ်ချက်ဖြင့် ရလဒ်ကို သိနိုင်သည်။

ထိုလက်သီးချက်အပြီးတွင် အဖြေထွက်လာလိမ့်မည်။

ဟိန်းဟောက်နေသော ဝံပုလွေပုံရိပ်ကို မြင်လိုက်ရသောအခါတွင် ဟယ်ရန်စွန်းက တည်ငြိမ်နေသည်။

လွန်ခဲ့သောတစ်လတွင် သူက အစွမ်းကုန်ထုတ်သုံးလျှင်ပင် ထိုလက်သီးချက်ကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် ထိုလက်သီးချက်က သူ့ကို စိတ်လှုပ်ရှားလာအောင် မလုပ်နိုင်ခဲ့ပေ။

အလွန်အားနည်းသည်။

သူက လက်ကိုဆန့်ထုတ်ပြီး အစိမ်းရောင်အလင်းဖြင့် ဝံပုလွေကို ရိုက်ချသည်။ ဝံပုလွေက ပေဆယ်ချီအထိ လွင့်ထွက်သွားသည်။

သူက မရပ်တန့်ဘဲ ရှေ့သို့ ခြေလှမ်းတစ်ဝက်တိုးပြီး ဘယ်ဘက်ပခုံးဖြင့် ဝင်တိုက်သည်။

ထောင်မင်ကျူးကလည်း လွင့်ထွက်သွားခဲ့သည်။

တစ်ချက်တည်းဖြင့် တိုက်ပွဲရလဒ်ကို ဆုံးဖြတ်နိုင်ခဲ့သည်။

ထောင်မင်ကျူးက စင်မြင့်၏ အစွန်အဖျားသို့ ရောက်လာပြီး မြေပြင်တွင် လိမ့်ဆင်းသွားသည်။ ထို့နောက် ဟယ်ရန်စွန်းကို ကြောက်ရွံ့စွာ ကြည့်သည်။

‘ဘယ်လိုဖြစ်သွားတာလဲ’

ပြိုင်ပွဲကို စောင့်ကြည့်နေသော ဒိုင်လူကြီးသုံးယောက်က အံ့အားသင့်နေသော မျက်နှာထားဖြင့် မတ်တပ်ရပ်လိုက်ကြသည်။

သူတို့က အဆင့်သုံးနှင့် အဆင့်လေး ပညာရှင်များ ဖြစ်သောကြောင့် ရှင်းလင်းစွာ မမြင်နိုင်သော်လည်း နားလည်လိုက်သည်။

ဟယ်ရန်စွန်း၏ တိုက်ခိုက်မှုသည် အချိန်ကိုက်ဖြစ်ပြီး ခွန်အားကောင်းသည်။

ပထမအဆင့် ချပ်ဝတ်သခင်များပင် ထိုသို့ မလုပ်နိုင်ကြပေ။

အောက်တွင် ပွဲကြည့်ပရိသတ်များက ဆူပွက်နေကြသည်။

ဟယ်ရန်စွန်းက အဆင့်တစ်ချပ်ဝတ်သခင်ဖြစ်နေသော သခင်လေးထောင်မင်ကျူးကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။

‘ဒါက ဖြစ်နိုင်ရဲ့လား’

ဟယ်ယွီလင်းအပါအဝင် ဟယ်မိသားစုဝင်များက ထိတ်လန့်နေကြသည်။

‘ဟယ်ရန်စွန်းက ဘယ်လိုလုပ်ပြီး အရမ်းသန်မာလာတာလဲ’

“ဒီတိုက်ပွဲမှာ ....”

ဒိုင်တစ်ယောက်က မတ်တပ်ရပ်ပြီး အနိုင်ရသူကို ကြေညာရန် ပြင်လိုက်သော်လည်း ထောင်မိသားစု‌ခေါင်းဆောင် ထောင်ရှို့က ဖြတ်ပြောသည်။

“နေပါအုံး”

ထောင်ရှို့က မည်းမှောင်နေသောမျက်နှာထားဖြင့် စင်မြင့်ပေါ်တွင်ရှိသော လူငယ်နှစ်ယောက်ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

“ဒိုင်လူကြီးတို့ ကျွန်တော့်သားက ညှာတာပြီး ခွန်အားအပြည့် မသုံးခဲ့တဲ့အတွက် အလစ်တိုက်တာကို ခံလိုက်ရတာပါ”

“အဆင့်နှစ်ချပ်ဝတ်သခင်တိုင်းက နားလည်နိုင်မယ်လို့ ထင်ပါတယ်”

ထောင်ရှို့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောသည်။

“ငါ့သားက မရှုံးသေးပါဘူး”

‘မရှုံးသေးဘူးတဲ့လား’

‘မြင်သာနေတာပဲမဟုတ်ဘူးလား’

ပတ်ဝန်းကျင်တွင်ရှိသော လူများက တီးတိုးပြောနေကြသည်။

All Chapters