မဟာဧကရာဇ်၊ အနောက်နတ်မင်း၊ နတ်ဘုရင်
Vol. 80 Ch. 1034
“ရှေးဟောင်းနတ်ဘုရားတွေ သုတ်သင်ခံလိုက်ရင် ဖန်ဆင်းရှင်မျိုးနွယ်အတွက် နလန်ပြန်ထူနိုင်မယ့် အခွင့်အရေးမရှိတော့ဘူး”
ချင်မူ အဝေးကို လှမ်းကြည့်ပြီး ပြောသည်။ “အခုက ပြန်စဉ်းစားဖို့ အခွင့်အရေးရသေးတယ်... ရှေးဟောင်းနတ်ဘုရားတွေ မျိုးသုဉ်းသွားရင် ကောင်းကင်နတ်ဘုံကို ဘယ်နည်းနဲ့မှ ခုခံနိုင်တော့မှာ မဟုတ်ဘူး”
နတ်ဘုရင်လန်ဝူသည် ရထားလှည်းပေါ်တွင် ရပ်လျက် အသိစိတ်အလျဉ်အား ဖြန့်ကျက်လိုက်၏။ ချက်ချင်းဆိုသလို နတ်ခံတပ်ဆီ ရွေ့လျားနေသော ကျားဖြူကောင်းကင်နန်းတော်မှ နတ်ဘုရား၊ မိစ္ဆာသန်းနှင့်ချီကား မိုးရွာကျသကဲ့သို့ ကောင်းကင်ထက်မှ ပြုတ်ကျလာတော့သည်။
ကောင်းကင်နဂါး ရတနာရထားလှည်းက တန်းတန်းမတ်မတ် ဖြတ်ကျော်သွားသည်။ ရထားလှည်း ဖြတ်သွားလိုက်တိုင်း အနောက်ဝင်ရိုးစွန်း၏ နတ်ဘုရားများ၊ မိစ္ဆာများမှာ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာကြ၏။ သို့သော် မထိခိုက်ကြပေ။ စစ်ရေးအခင်းအကျင်းသာ ပြိုကွဲသွားခြင်း ဖြစ်သည်။
ကျားဖြူကောင်းကင်နန်းတော်၏ တောင်ကောာင်းကင်မုခ်ဝရှေ့ရှိ ဧရာမနတ်ဘုရားကြီးတစ်ပါးက ဗုံကို သုံးကြိမ် တီးသည်။ ချပ်ဝတ်ဝတ်ထားသော နတ်ဘုရားနောက်နှစ်ပါးက မုခ်ဝဆီ ရောက်လာကာ ချိတ်ဆွဲထားသည့် ရွှေရောင်ခေါင်းလောင်းကို လှုပ်ခါကြသည်။ ထိုအခါ မုခ်ဝအရှေ့ရှိ စစ်သည်တော်က အောင်လံတော်ကို နှိမ့်လိုက်၏။
ကျားဖြူကောင်းကင်နန်းတော်၏ နတ်ဘုရား၊ မိစ္ဆာစစ်တပ်ကြီးကား ချက်ချင်းဆိုသလို ရပ်တန့်သွားတော့သည်။
ထို့နောက် တောင်ကောင်းကင်မုခ်ဝအရှေ့ရှိ ဧရာမနတ်ဘုရားကြီးသည် ဗုံငါးကြိမ် တီးပြန်သည်။ ကျားဖြူကောင်းကင်နန်းတော်၏ နတ်ဘုရား၊ မိစ္ဆာအားလုံး တမုဟုတ်ချင်း နေရာပြန်ယူကြသည်။
ဧရာမနတ်ဘုရားကြီးက ဗုံကို ထပ်ထုပြန်သည်။ နတ်ဘုရား၊ မိစ္ဆာအားလုံး နေရာတွင် စနစ်တကျ ရပ်၍ အသင့်အနေအထား ပြင်ထားကြ၏။
ဗုံသံများ တိတ်ဆိတ်သွားသည်။ ကောင်းကင်နဂါး ရတနာရထားလှည်း၏ မျက်နှာချင်းဆိုင်တွင် အနောက်ဝင်ရိုးစွန်း၏ နတ်ဘုရား၊ မိစ္ဆာစစ်တပ်ကြီး ရှိသည်။ သူတို့သည် မားမားမတ်မတ် ရပ်လျက် ရှေ့သို့ စူးစူးစိုက်စိုက် ကြည့်နေကြ၏။ သူတို့၏ အသတ်အဖြတ်အရှိန်အဝါများက ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံထားလေသည်။
ဤသည်ကို မြင်လျှင် ကောင်းကင်နဂါးခြောက်ကောင် ရပ်လိုက်မိသည်။ ရှေ့ဆက်မတိုးရဲတော့ပေ။
နဂါးချီလင်၏ လောဆော်မှုကြောင့် ရဲဆေးတင်၍ ရှေ့ဆက်သွားကြသော်လည်း အမြန်နှုန်းမှာ သိသိသာသာ ကျဆင်းသွားသည်။
ချင်မူ ရှေ့သို့ကြည့်ကာ သက်ပြင်းချလိုက်သည်။ ကျားဖြူကောင်းကင်နန်းတော်၏ နတ်ဘုရား၊ မိစ္ဆာများအား အလွယ်တကူ အမိန့်ပေးထိန်းချုပ်နိုင်သည့် စွမ်းရည်မှာ စစ်တပ်တစ်တပ်တွင် အတော်လေး တွေ့ရခဲသည်။ သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်တပ်အနေဖြင့် အသိစိတ်အလျဉ်နှင့် မူလဝိညာဉ်သုံးသွယ် ညီလာခံမှတစ်ဆင့် စစ်သည်တော်များကို အမိန့်ပေးနိုင်ရာ အနောက်ဝင်ရိုးစွန်းထက် ပိုမိုထိန်းချုပ်နိုင်သည်။
နောက်ဆုံးတော့ ကောင်းကင်နဂါး ရတနာရထားလှည်းသည် တောင်ကောင်းကင်မုခ်ဝ၏အပြင်သို့ ရောက်လာ၏။ ချင်မူက ရထားလှည်းထက်၌ တိတ်ဆိတ်စွာ ရပ်ကာ စောင့်နေသည်။ အချိန်အနည်းငယ်ကြာသော် အမျိုးသမီးစစ်သူကြီးတစ်ယောက် ရောက်လာပြီး ဦးညွှတ်အရိုအသေပေးသည်။ “ကောင်းကင်နတ်အရှင်၊ အရှင်မင်းကြီးက ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်”
ချင်မူ တောက်ပစွာ ပြုံးလိုက်သည်။ “မြောက်ဝင်ရိုးစွန်းနဲ့ အရှေ့ဝင်ရိုးစွန်းကို သွားတုန်းက မြောက်နတ်မင်းရွှမ်းဝူနဲ့ အရှေ့နတ်မင်းချင်းလုံတို့ နှစ်ယောက်လုံး ကျွန်တော့်ကို ကိုယ်တိုင်လာကြိုခဲ့တယ်... ဒါပေမဲ့ အနောက်နတ်မင်းကတော့ သူ့ရဲ့ နတ်ကောင်းကင်ခန်းမထဲမှာပဲ ထိုင်နေတာပါလား... ကျွန်တော်နဲ့ မတွေ့ချင်လို့များလား”
ထိုအမျိုးသမီးစစ်သူကြီး၏ အမူအရာ တင်းမာသွားသည်။ “အရှင်မင်းကြီးက ချပ်ဝတ်တန်ဆာ အပြည့်အစုံနဲ့ စစ်သည်တော်တွေကို ကိုယ်တိုင် ဦးဆောင်နေတာမလို့ ကောင်းကင်နတ်အရှင်ကို လာကြိုဖို့ အဆင်မပြေပါဘူး”
ချင်မူ ဟက်ခနဲ ရယ်ကာ ပြောလိုက်မိ၏။ “ဒါဖြင့် ကျွန်တော် ပြန်တော့မယ်... အနောက်နတ်မင်း ကွယ်လွန်သွားတော့မှပဲ အလောင်း လာကြည့်ပေးပါ့မယ်... ဖက်တီးနဂါး၊ ရထားလှည်းကို ပြန်လှည့်... ငါတို့ ပြန်မယ်” ထို့နောက် သူက ရထားလှည်းကို ပြန်လှည့်၍ ထိုင်ချလိုက်သည်။
နဂါးချီလင်မှာ တခဏ တွန့်ဆုတ်နေပြီးနောက် ကောင်းကင်နဂါးခြောက်ကောင်ကို ရထားလှည်း ပြန်လှည့်ခိုင်းလိုက်သည်။ ထိုအခိုက်အတန့်တွင် မိန်းမအသံတစ်သံ ပျံ့လွင့်လာသည်။ “ကောင်းကင်နတ်အရှင်မူ၊ နေပါဦး”
နဂါးချီလင်လည်း ကြိုးကို ပြန်ဆွဲကာ ရထားလှည်းထဲရှိ ချင်မူ့ဆီ ကြည့်လိုက်သည်။ ကန့်လန့်ကာကြောင့် သူ၏အမူအရာကို မမြင်ရပေ။
ချင်မူ၏ ခပ်ပြတ်ပြတ်အသံက ရထားလှည်းထဲမှ ထွက်လာ၏။ “အနောက်နတ်မင်းလား”
ကျားဖြူကောင်းကင်နန်းတော်၏အတွင်းထဲမှ ချပ်ဝတ်တန်ဆာနှင့် အမျိုးသမီးတစ်ယောက် ထွက်လာသည်။ သူမအနောက်တွင် ကျားဖြူတစ်ကောင် ရှိ၏။ ၎င်းက ခေါင်းငုံ့လျက် လက်သည်းများ ထုတ်ကာ အချိန်မရွေး ခုန်အုပ်ရန် အသင့်ဖြစ်နေသည်။ အတိုင်းထက်အလွန်လည်း ခက်ထန်ရန်လိုနေသည်။ ၎င်း၏ခေါင်းကြီးက ကောင်းကင်နန်းတော်၏ တစ်ဝက်ကိုပင် အုပ်မိုးနေချေပြီ။
ထိုအမျိုးသမီးသည် ချပ်ဝတ်တန်ဆာအပြည့်အစုံဖြင့် ရဲတင်းခံ့ညားသော အသွင်အပြင် ရှိ၏။ သူမက ပြုံးနေသည်။ “ဟုတ်ပါတယ်... ကောင်းကင်နတ်အရှင် ကျွန်မကို တွေ့ဖို့ အပြင်ထွက်လာနိုင်မလား”
“ထွက်မလာနိုင်ပါဘူး”
ချင်မူ့အသံက ကန့်လန့်ကာအနောက်မှ ပျံ့လွင့်လာသည်။ “ကျွန်တော်က အလည်လာတဲ့ ကောင်းကင်နတ်အရှင်တစ်ယောက်ပါ... အနောက်နတ်မင်းက အိမ်ရှင်တစ်ယောက် မပီသစွာနဲ့ ကျွန်တော့်ကို နတ်ကောင်းကင်ခန်းမမှာ လာတွေ့ခိုင်းခဲ့တယ်... ဒီနေ့ ကျွန်တော် အနောက်ဝင်ရိုးစွန်းကို မဖျက်စီးမိစေဖို့ ရထားလှည်းပေါ်ကနေ မဆင်းတော့ဘူး... နတ်မင်းပဲ တက်လာရမယ်”
အနောက်နတ်မင်းသည် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ဘေးဘယ်ညာသို့ ကြည့်၏။ သူမက ဒေါသကို မြိုသိပ်ကာ ပြောသည်။ “ကောင်းကင်နတ်အရှင်၊ ကံကို သိပ်ယုံမနေပါနဲ့”
ချင်မူ တဟားဟား ရယ်လိုက်မိပြီးနောက် အေးအေးလူလူ ပြောလိုက်သည်။ “အနောက်ဝင်ရိုးစွန်းရဲ့ မြေပြင်မှာ ထိန်းသိမ်းရခက်တဲ့ ကျားရိုင်းတစ်ကောင် သောင်းကျန်းနေတာ ကြားတယ်.... အဲဒီကျားက စဉ်းလဲပြီး သံသယတွေ များတယ်တဲ့.... ဒါပေမဲ့ သားကောင်ကို မြင်ရင်တော့ ပတ်ဝန်းကျင်ကို သတိမမူတော့ဘဲ သားကောင်အပေါ်ပဲ အာရုံရှိတော့တယ်... ဒါကြောင့် မုဆိုးအနေနဲ့ အဲဒီကျားကို ဖမ်းချင်ရင် သိုးတစ်ကောင်နဲ့ မျှားလိုက်ရုံပဲ.... ကျား သိုးကို ခုန်အုပ်လိုက်တာနဲ့ မုဆိုးက ကျားကို သတ်ပစ်လိုက်ရောပေါ့ဗျာ”
အနောက်နတ်မင်းသည် ဒေါသအမျက်တစ်ချောင်းချောင်း ထွက်သွားသဖြင့် ရထားလှည်းထဲ ဝင်ရန် ကန့်လန့်ကာကို ဆွဲဖယ်လိုက်သည်။ “ကောင်းကင်နတ်အရှင်၊ အကြံပေးချင်ရင်လည်း ဘာကြောင့် ရှင်းရှင်းလင်းလင်း မပြောသလဲ”
ဤအခိုက်အတန့်တွင် ရထားလှည်းထဲ၌ အခြားတစ်ယောက်လည်း ရှိနေကြောင်း သူမ သတိထားမိသွားသည်။ သူမအကြည့်သည် နတ်ဘုရင်လန်ဝူအပေါ် ကျရောက်သွားကာ ဇဝေဇဝါ တွေးလိုက်မိ၏။ ‘ကောင်းကင်နတ်ဧကရီလား’
အနောက်နတ်မင်း အံ့အားသင့်သွားသည်။ သူမ ရထားလှည်းထဲ ဝင်လိုက်သည့်အခါ ရွှေရောင်ချပ်ဝတ်မှာ ရွှေထည်ချင်း ပွတ်တိုက်ရင်း တချွင်ချွင် မြည်သွား၏။ “ကောင်းကင်နတ်အရှင်မူနဲ့ ကောင်းကင်နတ်ဧကရီက အတူတူ ရောက်လာပြီး ငါ့ကို သတ်ချင်တာလား”
ချင်မူက လက်မြှောက်ကာ ပြောလိုက်သည်။ “အနောက်နတ်မင်း၊ ကျေးဇူးပြုပြီး ထိုင်ပါ”
အနောက်နတ်မင်းသည် နှာခေါင်းရှုံ့၍ နတ်ဘုရင်လန်ဝူဆီမှ အကြည့်မခွာဘဲ ထိုင်လိုက်၏။ ရုတ်တရက် သူမက ပြောသည်။ “နင်က ကောင်းကင်နတ်ဧကရီမဟုတ်ဘူးပဲ... နင့်ကိုယ်ပေါ်မှာ အဲဒီလိုအနံ့မျိုး မရှိဘူး”
နတ်ဘုရင်လန်ဝူ၏ အမူအရာကား ခံစားချက်မဲ့စွာ တည်ငြိမ်လျက် ရှိ၏။ “ဒါဆို ကျွန်မ ဘယ်သူလို့ အနောက်နတ်မင်း ထင်ပါသလဲ”
အနောက်နတ်မင်းက သူမ၏ဇစ်မြစ်ကို တူးဖော်နေသည့်အလား စိုက်ကြည့်နေသည်။
“အနောက်နတ်မင်း၊ နတ်မင်း ကံကုန်တော့မယ့် နေ့ ရောက်လာတာ သိလား”
ချင်မူက ပြုံးလျက် ပြောနေသည်။ “နတ်မင်းက စစ်သည်တော်တွေနဲ့အတူ အရှေ့က နတ်ခံတပ်ကို တိုက်ခိုက်ဖို့ ပြင်နေတယ်... စစ်တပ်နှစ်တပ် ဆုံတဲ့နေ့က နတ်မင်း ကံတော်ကုန်မယ့် နေ့ပဲ... ကောင်းကင်နတ်အရှင်ဟုန်က ဒီအတွက် အချိန်ပေး ပြင်ဆင်ထားပြီး သူ့ထောင်ချောက်ထဲ နတ်မင်း ဝင်လာမှာ စောင့်နေတာ... အနောက်ဝင်ရိုးစွန်းရဲ့ စစ်တပ် သူ့ခံတပ်ဆီ ရောက်တာနဲ့ သူ့မူလဝိညာဉ်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီရဲ့ ခန္ဓာကိုယ်ထဲ ဝင်လာလိမ့်မယ်... တစ်ချက်နှစ်ရက် တိုက်ခိုက်ပြီးတာနဲ့ နတ်မင်း နေရာမှာတင် ပွဲချင်းပြီး သေသွားနိုင်ပါတယ်”
အနောက်နတ်မင်းသည် နတ်ဘုရင်လန်ဝူဆီမှ အကြည့်လွှဲလိုက်၏။ သူမက ရထားလှည်း ပြတင်းပေါက်ကို ဖွင့်၍ နတ်ခံတပ်အနောက်ရှိ ကောင်းကင်လက်နတ် ကောင်းကင်နတ်အရှင်ယွီဆီ ကြည့်သည်။ “ကောင်းကင်နတ်အရှင်ဟုန် ဒီကို ရောက်နေပြီလို့ ဆိုလိုတာလား... နင် မှားတယ်... ငါ သတင်းရထားပြီပြီ... အခုအချိန်မှာ ကောင်းကင်နတ်အရှင်ဆယ်ယောက်က တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်နေကြပြီ... သူတို့ ထွက်လာနိုင်မှာမဟုတ်ဘူး... နင်ကတော့ ဒီတာအိုမိတ်ဆွေနဲ့ အတူ ရောက်လာပြီး တစ်ခုခု ကြံစည်နေတယ်.... နင် သူ့အကူအညီယူပြီး ငါ့ကို သုတ်သင်ပစ်မှာက ပိုယုံချင်စရာပဲ”
သူမက အေးစက်စက် ရယ်လျက် ပြောသည်။ “သူ့ဆီက သတ်ဖြတ်လိုစိတ်တွေကို ငါ ခံစားနေတယ်”
ချင်မူ အော်ဟစ်လိုက်မိသည်။ “ကျွန်တော်က ခင်ဗျားကို ဘာကြောင့် သုတ်သင်ချင်ရမှာလဲ... ခင်ဗျားနဲ့ ကျွန်တော့်မှာ ရန်ငြိုးမှ မရှိတာ... ခင်ဗျားအနေနဲ့ နောက်ပြန်ဆုတ်နိုင်ဖို့ ကျွန်တော့်အာဏာကို လိုတယ်... ကျွန်တော်လည်း ကောင်းကင်နတ်ဘုံကို ပြန်ခုခံဖို့ ခင်ဗျားရဲ့အင်အားကို လိုတယ်.. ကျွန်တော်တို့ အတူတူ အလုပ်လုပ်ရင် နှစ်ယောက်လုံး အမြတ်ထွက်မယ်.... မဟုတ်ရင် အတူတူ ကျဆုံးမှာပဲ... ကျွန်တော် ဒီကို လာရတဲ့ အကြောင်းရင်းက ခင်ဗျား ကိုယ့်သေတွင်းကိုယ် မတူးအောင် တားဖို့.. တကယ်တော့ ဒီထောင်ချောက်ကို ကျွန်တော် မြင်ခဲ့တာ မဟုတ်ဘူး... မြောက်နတ်မင်းရွှမ်းဝူက မြင်ခဲ့လို့ ခင်ဗျားကို သတိပေးဖို့ ကျွန်တော့် လွှတ်လိုက်တာဗျ”
အနောက်နတ်မင်းသည် သူမကို သတိပေးရန် သူ့အား မြောက်နတ်မင်းရွှမ်းဝူ လွှတ်လိုက်ကြောင်း ကြားလျှင် သံသယများ ပျောက်ကွယ်သွား၏။ သူမက သွေးတိုးစမ်းသည်။ “မြောက်နတ်မင်းရွှမ်းဝူက နင့်ကို တကယ် လာခိုင်းခဲ့တာလား”
ချင်မူက ပြုံးလျက် ခေါင်းညိတ်လိုက်၏။ “အနောက်နတ်မင်း မယုံရင် အတည်ပြုဖို့ မြောက်ဝင်ရိုးစွန်းဆီ လူလွှတ်လိုက်ပါ”
အနောက်နတ်မင်းက မယုံပေ။ သူမသည် ရထားလှည်း ပြတင်းပေါက်ကို ဖွင့်၍ အမျိုးသမီး နတ်စစ်သူကြီးတစ်ယောက် လှမ်းခေါ်ကာ အမိန့်ပေးလိုက်၏။
ထိုအမျိုးသမီး နတ်စစ်သူကြီးက အလျင်အမြန် အရိုအသေပေးကာ ထွက်သွားသည်။
ချင်မူ အေးအေးလူလူ ပြောလိုက်သည်။ “သူ ပြန်ရောက်လာဖို့ ရက်ပိုင်း ကြာလိမ့်မယ်... အရင်ဆုံး တပ်ပြန်ရုတ်လိုက်ရင် မကောင်းဘူးလား.... နတ်မင်းကို သတ်လို့မရတော့မှန်း ကောင်းကင်နတ်အရှင်ဟုန် သဘောပေါက်သွားရင် ထောင်ချောက်ကို နတ်မင်းမြင်သွားမှန်း သိသွားမှာပဲ... ဒီတော့ သူ့အတွက် ပုန်းနေစရာမလိုတော့ဘူး... ကျွန်တော် ထွက်လာဖို့ တောင်းဆိုလိုက်ရင် သူ သေချာပေါက် ကိုယ်ထင်ပြလိမ့်မယ်”
အနောက်နတ်မင်း၏ မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ သူမက ပြတင်းပေါက်ကို ဖွင့်လိုက်ပြန်ကာ အမိန့်ပေးလိုက်သည်။
တပ်ရုတ်သည့် ခရာသံများ အပြင်၌ ထွက်ပေါ်လာပြီး အနောက်ဝင်ရိုးစွန်း၏ နတ်ဘုရားမိစ္ဆာများ ဆုတ်ခွာလာကြသည်။ ဆုတ်ခွာလာသည့် ပုံစံကပင် အလွန်စည်းစနစ်ကျချေသည်။
ချင်မူက ထရပ်ပြီး နတ်ဘုရင်လန်ဝူအနားသို့ သွားသည်။ ထို့နောက် အခြားပြတင်းပေါက်ကို ဖွင့်ကာ အပြင်သို့ ကြည့်ရင် တလေးတစား စုပ်သပ်နေ၏။
“ကောင်းကင်နတ်အရှင်မူ၊ ငါ့ရဲ့ စစ်သည်တော်တွေကို ဘယ်လိုထင်လဲ” အနောက်နတ်မင်းက ပြုံးလျက် မေးလေသည်။
ချင်မူလည်း အမှန်အတိုင်း ဖြေလိုက်သည်။ “တကယ်ကို သန်မာအားကောင်းတဲ့ စစ်သည်တော်တွေပါပဲ... ကောင်းကင်နတ်ဘုံအောက်မှာ တွေ့ရခဲတယ်.... ထာဝရငြိမ်းချမ်းရေးအင်ပါယာအောက် အနည်းငယ် နိမ့်ကျပေမယ့် အားတော့ မနည်းပါဘူး”
အနောက်နတ်မင်း ဘဝင်မကျပေ။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာလို နေရာသေးသေးလေးမှာ သန်မာအားကောင်းတဲ့ စစ်သည်တော်တွေ ရှိလို့လား”
“အရှင်မင်းကြီး၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ခိုင်ဧကရာဇ်ရဲ့ အယူအဆတွေကို ဆင့်ကမ်းကျင့်သုံးပြီး တပည့်က ဆရာထက် လက်စောင်းထက်သွားသလိုပေါ့ဗျာ.... အတိုက်အခိုက်စွမ်းရည်မှာတော့ အနောက်ဝင်ရိုးစွန်းကို ဘယ်ယှဉ်နိုင်ပါ့မလဲ... ဒါပေမဲ့ စစ်ရေးအခင်းအကျင်းတွေမှာတော့ အနောက်ဝင်ရိုးစွန်းက အများကြီး ခေတ်နောက်ကျတယ်”
ချင်မူ ရတနာရထားလှည်းအပြင် ထွက်ကာ ကျယ်လောင်စွာ ခေါ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ဟုန်၊ ဒီကို ရောက်နေမှတော့ ကိုယ်ထင်ပြပြီး ကျွန်တော်တို့နဲ့ တွေ့ပါလား”
သူက အသိစိတ်အလျဉ်ကို စေစားလိုက်ဖြင့် အသံသည် နတ်ခံတပ်ဆီသို့ မိုးခြိမ်းသံကြီးသဖွယ် လိမ့်ထွက်သွား၏။
အနောက်နတ်မင်းက ပြတင်းပေါက်ဘေးတွင် ထိုင်လျက် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ကြည့်နေသည်။ ကောင်းကင်လက်နက်ကား တုတ်တုတ်မှ မလှုပ်ပေ။ ထို့ကြောင့် အနောက်နတ်မင်းမှာ ရထားလှည်းအပြင်ရှိ ချင်မူ့ဆီ ကြည့်ကာ မျက်ဝန်းများ ကျဉ်းမြောင်းသွား၏။
နတ်ဘုရင်လန်ဝူက ချောင်းဟန့်လိုက်သည်။ ထိုအခါ အနောက်နတ်မင်း၏ မျက်ဝန်းများ ပုံမှန်ပြန်ဖြစ်သွားပြီး သူမက ပြုံးလေသည်။ “တာအိုမိတ်ဆွေက ရင်းနှီးနေသလိုပဲ ... အရင်က တွေ့ဖူးလား မသိဘူး”
နတ်ဘုရင်လန်ဝူက ဖြေသည်။ “တွေ့ရင်လည်း တွေ့ဖူးမယ်... မတွေ့ရင်လည်း မတွေ့ဖူးလောက်ဘူး”
အနောက်နတ်မင်း၏ မျက်ဝန်းများ လင်းလက်လာသည်။ “ရှင်က ထူးဆန်းတယ်... ရှင့်ကို ကြည့်လေလေ၊ ရှင်က ...”
ရုတ်တရက် သူမ၏မျက်ဝန်းများ ကျဉ်းမြောင်းသွားပြန်သည်။ သူမ အလျင်အမြန် ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ မျက်လုံးများ ပွင့်လာသည်ကို မြင်လိုက်ရသည်။ အဖြူရောင်အလင်းတန်းသည် နေတစ်ထောင်ကျော်ထက် တောက်ပလင်းထိန်စွာ ဖြာထွက်လာ၏။
အလင်းတန်းက တံတားတစ်စင်းသဖွယ် ဖွဲ့တည်လျက် ကျားဖြူကောင်းကင်နန်းတော်၏ တောင်ကောင်းကင်မုခ်ဝဆီ ဆန့်ထွက်လာကာ မုခ်ဝ၏အပေါ်၌ ဖိတင်သွားသည်။
အနောက်နတ်မင်းမှာ လက်သီးတင်းတင်းဆုတ်ကာ မဲ့ပြုံးလိုက်၏။
အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော မုတ်ဆိတ်ဖြူ၊ မျက်ခုံးဖြူနှင့် အဘိုးအိုတစ်ယောက်က အလင်းတံတားအပေါ် နင်းလျက် သူတို့ဆီ လျှောက်လာသည်။
သူ၏အင်္ကျီလက်အိုးများသည် လေထဲတွင် လွတ်လပ်ပေါ့ပါးစွာ လှုပ်ခတ်နေ၏။ သို့သော် သူ့ခန္ဓာကိုယ်ကမူ အတိုင်းထက်အလွန် လေးလံမည့်ပုံရသည်။ သူ တံတားအလယ်သို့ ရောက်သည့်အခါ ကျားဖြူကောင်းကင်နန်းတော်၏ တောင်ကောင်းကင်မုခ်ဝမှာ မြေကြီးထဲသို့ ကျွံကျသွားသည်။ ဖိအားကြောင့် ကျားဖြူကောင်းကင်နန်းတော်တစ်ခုလုံး ယိုင်စောင်းသွားပြီး ဆက်တိုက် နိမ့်ဆင်းလာသည်။
ကောင်းကင်နဂါး ရတနာရထားလှည်းအရှေ့သို့ အဖြူရောင်ဝတ်ရုံနှင့် အဘိုးအို ရောက်လာသည့်အခါ ကျားဖြူကောင်းကင်နန်းတော်မှာ မြေကြီးပေါ် ကျသည်အထိ ဖိနှိပ်ခံထားရပြီး တောင်ကောင်းကင်မုခ်ဝဆိုလျှင် မြေကြီးထဲ နစ်ဝင်သွားချေပြီ။
အနောက်နတ်မင်းမှာ ချဉ်းကပ်လာနေသော အဘိုးအိုကို ကြောင်တောင်တောင်ကြည့်ရင်း တုန်ရီနေတော့သည်။
ချင်မူက ဦးညွှတ်အရိုအသေပေးကာ သူ့ကို ကြိုဆိုသည်။ “ကောင်းကင်နတ်အရှင်ဟုန် အေးအေးချမ်းချမ်း တရားထိုင်နေတာကို ကျွန်တော် နှောင့်ယှက်လိုက်မိတယ်... တောင်းပန်ပါတယ်ဗျာ”
ကောင်းကင်နတ်အရှင်ဟုန်သည် ကပျာကယာ အရိုအသေ ပြန်ပေးပြီး တဟားဟား ရယ်မောလျက် ပြော၏။ “တာအိုနောင်တော်က ကောင်းကင်မဟာမိတ်အဖွဲ့မှာ သက်ရှိထင်ရှား ရှိနေတဲ့ တည်ထောင်သူအကြီးအကဲတစ်ယောက်ပါ... ကျုပ်ကို နောင်တော် ခေါ်မှတော့ မထလာလို့ ဘယ်ဖြစ်ပါ့မလဲ”
ချင်မူက လက်ကာရင်း ရယ်သည်။ “တာအိုမိတ်ဆွေဟုန်၊ ရထားလှည်းထဲမှာ ပြောကြစို့လား.. အနောက်နတ်မင်းလည်း အထဲမှာ စောင့်နေတယ်”
ကောင်းကင်နတ်အရှင်ဟုန်က ဦးညွှတ်အရိုအသေ ပေးကာ ပြောသည်။ “တာအိုနောင်တော်၊ အရင်ဝင်ပါ”
ချင်မူလည်း ရထားလှည်းထဲ ဝင်လိုက်၏။ ကောင်းကင်တန်အရှင်ဟုန်က နောက်မှ လိုက်ဝင်လာသည်။
ချင်မူ သူ့ကို ထိုင်ရန် ဖိတ်ခေါ်သော်လည်း ကောင်းကင်နတ်အရှင်ဟုန်သည် ချင်မူထိုင်ခုံ၌ ဝင်ထိုင်ပြီးနောက်မှ အရိုအသေပေးကာ ထိုင်လေ၏။ သူက လက်ယှက်လျက် အနောက်နတ်မင်းဆီ နှုတ်ဆက်ပြီး နတ်ဘုရားလန်ဝူဆီ နှုတ်ဆက်ကာ ရယ်သည်။ “တာအိုနောင်တော်၊ ဒီရတနာ ရထားလှည်းလေးထဲမှာ ရှေးဟောင်းကမ္ဘာဦးခေတ်၊ အတိတ်ခေတ်နဲ့ မျက်မှောင်ခေတ်ရဲ့ အဓိကပုဂ္ဂိုလ်တွေ စုဝေးနေတာပါလား... တကယ် ထူးခြားပါပေတယ်... အနောက်နတ်မင်းက ရှေးဟောင်းကမ္ဘာဦးခေတ်က နတ်ဘုရား၊ နတ်ဘုရင်လည်း အတူတူပဲ... တာအိုနောင်တော်ကတော့ မျက်မှောင်ခေတ်က ဖြစ်ပြီး ကျုပ်က အတိတ်ခေတ်က ဖြစ်တယ်”
ဖြောင်း
အနောက်နတ်မင်းက ဝုန်းခနဲ ထရပ်လိုက်သဖြင့် သူမ၏ ခုံလက်ရန်းမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားသည်။ သူမသည် သူမအရှေ့ရှိ နတ်ဘုရင်လန်ဝူထံ စိုက်ကြည့်ရင်း အက်ကွဲနေသောအသံဖြင့် ပြော၏။ “ရှေးဟောင်းကမ္ဘာဦးနတ်ဘုရင်လား”
“ပြန်ထိုင်” ချင်မူက သူ၏လက်ရန်းကို ဝုန်းခနဲ ရိုက်ကာ ဒေါသတကြီး အော်ငေါက်လိုက်သည်။
အနောက်နတ်မင်းသည် နတ်ဘုရင်လန်ဝူကို ကြည့်ပြီးနောက် ကောင်းကင်နတ်အရှင်ဟုန်ဆီ ကြည့်ရင်း သူမအတွက် ဤကျဉ်းထဲကြပ်ထဲမှ လွတ်မြောက်ရန် ခက်ခဲမှန်း သဘောပေါက်သွား၏။ သူမမှာ ဒေါသတကြီး နှာခေါင်းရှုံးရင်း ပြန်ထိုင်လိုက်ရတော့သည်။
ကောင်းကင်ရတနာ ရထားလှည်းမှာ ဒုန်းခနဲ လှုပ်ခါသွာသည်။ အပြင်ရှိ ကောင်းကင်နဂါးခြောက်ကောင်ဆီမှလည်း အော်ဟစ်သံများ ထွက်လာသည်။
ချင်မူမှာ ရင်ထဲ အောင့်သွား၏။ ‘ငါ့ရထားလှည်းတော့ သူ့ကြောင့် ပျက်စီးပါပြီ... တိုင်လုံးတစ်လုံးလည်း ကျိုးသွားပြီ... ဘီးတွေလည်း ပြားကုန်ပြီ ထင်ပါရဲ့... ဒီမိန်းမရဲ့ တင်ပါးက သံမဏိထက်တောင် မာတယ် ထင်ပါ့”
သူက စိတ်အားပြန်တင်းရင်း ကောင်းကင်နတ်အရှင်ဟုန်ကို ကြည့်လိုက်သည်။ “မဟာဧကရာဇ်အကြည့်က တကယ် စူးရှလှပါပေတယ်.... နတ်ဘုရင်ကိုတောင် မှတ်မိတယ်ပေါ့”
ဤသည်ကို ကြားလျှင် အနောက်နတ်မင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ကျားမွှေးများ ထောင်မတ်သွားပြီး ရွှေရောင်သံချပ်အား ဇကာပေါက်လို ထိုးဖောက်လိုက်သည်။
သူမ၏ဆံပင်မွှေးများပင် မတ်မတ်ထောင်သွားကာ အရပ်ရှစ်မျက်နှာသို့ ဖြာထွက်သွားတော့၏။