← Chapters

အခန်း (၁၂၀၄)

Vol. 86 Ch. 1204

အခန်း (၁၂၀၄)

Vol. 86 Ch. 1204

အဆင့်ခြောက်ရုပ်သေးသခင်သည် မိုင်ထောင်ချီပတ်ဝန်းကျင်တွင် ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

ထိုမိသားစုမျိုးကို အလေးအနက်ထားရမည်။

“တကယ်လို့ ကျွန်တော်ကိုယ်တိုင် သွားမပို့ရင် ဒီချပ်ဝတ်အစိတ်အပိုင်းက သေချာပေါက် ပျောက်ဆုံးသွားလိမ့်မယ်”

ဟယ်ရန်စွန်း၏မျက်နှာထားက လေးနက်နေသည်။

လွန်ခဲ့သောနှစ်လတွင် သူက မြို့ထဲတွင်ရှိသော လူအများအပြားကို ရန်စခဲ့သည်။

အကယ်၍ သူတို့ကုန်သည်အဖွဲ့က ချပ်ဝတ်အစိတ်အပိုင်းကို ပျောက်ဆုံးသွားခဲ့လျှင် ကျန်းမိသားစုနှင့် အဆင့်ခြောက်ရုပ်သေးသခင်ကို မကျေမနပ်ဖြစ်စေလိမ့်မည်။

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါက အခု လုပ်စရာမရှိသေးဘူး။ မင်းနဲ့အတူ မေပယ်‌တောအုပ်မြို့ပျက်ကို လိုက်ခဲ့မယ်”

ဟန်မူယဲ့က စားပွဲခုံပေါ်တွင်ရှိ‌သော ပစ္စည်းများကို သိမ်းလိုက်ပြီး ဟယ်ရန်စွန်းကို ကြည့်သည်။

‘ဆရာဟန်လည်း လိုက်မှာလား’

ဟယ်ရန်စွန်းက ကြောင်အသွားပြီး ပျော်ရွှင်နေသည်။

သူ၏ လက်ရှိခွန်အားက အလွန်သန်မာပြီး အဆင့်သုံးပညာရှင်များနှင့် ယှဉ်နိုင်သော်လည်း ဆရာဟန်၏ ရုပ်သေးရုပ်ရှေ့တွင် အသက်ရှူကြိမ်ဆယ်ခါထက်ပို၍ တောင့်မခံနိုင်ခဲ့ပေ။

ထိုအချိန်သည် သူ၏ အကန့်အသတ် ဖြစ်သည်။

ဆရာဟန်၏ ရုပ်သေးရုပ်က မခန့်မှန်းနိုင်အောင် သန်မာသည်။

ဟယ်ရန်စွန်း၏ ကုန်သည်အဖွဲ့က ဘုရားမြို့မှ ထွက်လာသောအခါ လူတိုင်းက သိနေကြသည်။

ချက်ချင်းဆိုသလိုပင် လူနှစ်ရာက တိတ်ဆိတ်စွာ လှုပ်ရှားလိုက်ကြသည်။

မတတ်နိုင်ပေ။ လွန်ခဲ့သောနှစ်လတွင် ဘုရားမြို့၏ မိသားစုကြီးများက ဟယ်ရန်စွန်း၏ ပြင်းထန်သောဖိနှိပ်မှုကို ခံစားခဲ့ရသည်။

သူတို့၏ မျိုးဆက်သစ်လူငယ်များသည် ဟယ်ရန်စွန်းနှင့် မယှဉ်နိုင်ကြပေ။

ထိုလူမျိုးကို ရှင်းထုတ်ပစ်ရမည်။

မြို့ဂိတ်တံခါးတွင် အနက်ရောင်ဝတ်စုံနှင့် ဟယ်ယွီလင်းက နောက်တွင်ရှိသော လူအချို့ကို လှည့်ကြည့်သည်။

“ဟယ်ရန်စွန်းက ဟယ်မိသားစုကို ပြန်မလာချင်ပေမဲ့ ဟယ်မိသားစုအိမ်တော်ကို ပြန်ပေးခဲ့တယ်”

“ငါတို့က သူ့ကို သခင်လေးအဖြစ် အသိအမှတ်ပြုနေတုန်းပဲ”

ထိုစကားကြောင့် လူတိုင်း၏မျက်နှာထားက ရှုပ်ထွေးနေသည်။

ဟယ်ရန်စွန်းက ဟယ်အိမ်တော်ကို ပြန်ပေးခဲ့သော်လည်း ဟယ်မိသားစုဝင်ဖြစ်ကြောင်း ငြင်းဆန်နေခဲ့သည်။

ဟယ်ယွီလင်းက သူ့ကို သခင်လေးအဖြစ် ကိုယ်တိုင်သွားခေါ်ခဲ့သော်လည်း အကြောင်းမထူးပေ။

“ဒီတစ်ကြိမ်မှာ ဘုရားမြို့ရဲ့ မိသားစုတွေက သူ့ကိုသတ်ဖို့ ကြိုးစားလိမ့်မယ်။ ငါက ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူး”

ဟယ်ယွီလင်းက ပြတ်သား‌သောမျက်နှာထားဖြင့် ပြောလိုက်သည်။

“ငါက တိုက်ပွဲမှာ သေသွားပြီး ဟယ်ရန်စွန်းက လုံလုံခြုံခြုံ ပြန်ရောက်လာရင် မင်းတို့က သူ့ကို ထပ်ပြီး တောင်းပန်လို့ရတယ်”

“ဟယ်မိသားစုကို ဦး‌ဆောင်ပေးဖို့ သူ့ကို တောင်းဆိုလိုက်ပါ”

“ဒါပေမဲ့ သူက သေသွားခဲ့ရင် ....”

ဟယ်ယွီလင်းက အဝေးတစ်နေရာသို့ လှမ်းကြည့်ပြီး ခေါင်းခါသည်။

“အဲဒါဆိုရင်တော့ ငါတို့ ဟယ်မိသားစုရဲ့ ကံကြမ္မာက ဒီမှာပဲ အဆုံးသတ်သွားလိမ့်မယ်”

ထိုသို့ဖြင့် သူက အဝေးတစ်နေရာသို့ ဦးတည်လိုက်သည်။

တခြားလူများက စိုးရိမ်နေသောမျက်နှာထားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဤတစ်ကြိမ်တွင် အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန် ခက်ခဲလိမ့်မည်။

ဟယ်မိသားစု၏ ကုန်သည်အဖွဲ့တွင် လူဆယ့်ငါးယောက်သာ ရှိသည်။ သူတို့အားလုံးက ဟယ်ရန်စွန်း၏နောက်သို့ လိုက်သွား‌သော ဟယ်မိသားစုဝင်များ ဖြစ်ကြသည်။

ထိုထဲတွင် နှစ်ယောက်က အဆင့်တစ်ချပ်ဝတ်သခင်ဖြစ်ပြီး တခြားလူများက သိုင်းပညာရှင်များ ဖြစ်ကြသည်။ သူတို့က သန်မာသော်လည်း ချပ်ဝတ်နှင့်ရုပ်သေးများကို မထိန်းချုပ်နိုင်ပေ။

ကြယ်စင်စုစကြဝဠာတွင် ချပ်ဝတ်နှင့် ရုပ်သေးကို ထိန်းချုပ်နိုင်သော လူများသည် အဆင့်တူများထက် အဆပေါင်းများစွာ ပိုသန်မာသည်။

ချပ်ဝတ်နှင့် ရုပ်သေးသခင်များသည် လေးစားခံရသည်။

ကုန်သည်အဖွဲ့သည် ချပ်ဝတ်အပိုင်းအစကိုသာမက မေပယ်တောအုပ်မြို့ပျက်တွင် ရောင်းချမည့်ပစ္စည်းများကိုလည်း လှည်းသုံးစီးဖြင့် သယ်ဆောင်ထားသည်။

ဟန်မူယဲ့က လှည်းတစ်စီးထဲတွင် ရှိနေသည်။

သူ့လှည်းကို ဆွဲနေသောသားရဲက ချိုနှစ်ချောင်းမြင်းမဟုတ်ပဲ သွေးကျားသစ် ဖြစ်သည်။

ခမ်းနားသော သွေးကျားသစ်က တည်ငြိမ်စွာ လျှောက်လှမ်းလာသည်။ တခြားလှည်းများက အနားတွင် မနေရဲကြပေ။

ဆရာဟန်၏ဘေးတွင် ရှိနေသော သားရဲလေးက သွေးကျားသစ်ဖြစ်နေလိမ့်မည်ဟု ကုန်သည်အဖွဲ့သားများက ထင်မထားခဲ့ပေ။

အဝေးတစ်နေရာတွင် အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက လေးနက်သောမျက်နှာထားဖြင့် ကြည့်နေသည်။

“သွေးကျားသစ်က လှည်းကိုဆွဲနေတာလား။ ငါတို့ရထားတဲ့ အချက်အလက်တွေအရဆိုရင် အဲဒီလှည်းထဲမှာ ဆရာဟန်ရှိနေလိမ့်မယ်”

ဟယ်ရန်စွန်း၏ တိုးတက်လာသော အကြောင်းအရင်းကို သူတို့က ရှာဖွေနိုင်ခဲ့သည်။

သူ့ကို ထူးခြားဆန်းကြယ်သော ဆရာဟန်က ထောက်ပံ့ပေးထားသည်။

ချပ်ဝတ်၊ ရုပ်သေးရုပ် ....

ဟယ်ရန်စွန်း၏ဆိုင်သည် ဆရာဟန်ပြုလုပ်သော ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ရောင်းချသည်။ သို့သော် အတော်လေး ဈေးကြီးသည်။

ထို့အပြင် အဆင့်သုံးအထက်တွင်ရှိသော ချပ်ဝတ်များကိုပင် စိတ်တိုင်းကျမှာယူနိုင်သည်ဟု ပြောကြသည်။

မြို့ထဲတွင်ရှိသော မိသားစုနှစ်ခုက ဆရာဟန်ကို ဖိတ်ခေါ်ပြီး ချပ်ဝတ်နှင့် ရုပ်သေးရုပ်များ ဖန်တီးရန် စိတ်ဝင်စားနေကြသည်။

သို့သော် အဆင့်သုံးအထက်တွင်ရှိသော ချပ်ဝတ်နှင့် ရုပ်သေးရုပ်များက မူလဒင်္ဂါး သောင်းချီတန်ဖိုးရှိပြီး လွယ်ကူစွာ ဆွေးနွေးနိုင်မည်မဟုတ်ပေ။

အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက စဉ်းစားကြည့်လိုက်ပြီး တီးတိုးပြောသည်။

“တကယ်လို့ ဆရာဟန်ကို ရှောင်နိုင်ရင် ရှောင်ရမယ်”

သူ့နောက်တွင် အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူဆယ်ယောက်ကျော် ရှိနေသည်။ တချို့က အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ပြီး တချို့က ရုပ်သေးရုပ်များကို အသက်သွင်းထားသည်။

အဝေးတစ်နေရာတွင်ရှိသော တောအုပ်တွင် ပုံရိပ်တချို့ကို မြင်နိုင်သည်။

ကုန်သည်အဖွဲ့က တောအုပ်ထဲသို့ ဝင်ရောက်လာမည့်အချိန်ကို သူတို့အားလုံးက စောင့်ဆိုင်းနေကြသည်။

ကုန်သည်အဖွဲ့၏ရှေ့တွင် အဖွဲ့ခေါင်းဆောင် ဟယ်ရှန်းက လက်မြှောက်သည်။ ကုန်လှည်းများက ရပ်တန့်သွားခဲ့သည်။

“သခင်လေး၊ ရှေ့မှာ ထူးဆန်းနေပါတယ်။ ရန်သူတွေ ပုန်းအောင်းနေတာပဲ ဖြစ်လိမ့်မယ်”

သူက ဟယ်ရန်စွန်းကို လှည့်ကြည့်သည်။

ဟယ်ရှန်းက အဆင့်တစ်ချပ်ဝတ်သခင်ဖြစ်ပြီး ဟယ်မိသားစုခေါင်းဆောင် ဟယ်ကျူး၏ တပည့်တစ်ယောက် ဖြစ်သည်။

ယခုအချိန်တွင် သူက ဟယ်ရန်စွန်းကို သစ္စာရှိသည်။

“ဘုရားမြို့ရဲ့ မိသားစုကြီးတွေက စောင့်နေတာပဲ ဖြစ်ရမယ်”

ဟယ်ရန်စွန်းက မြင်းနှင့်အတူ ရှေ့သို့ ပြေးဝင်သွားသည်။

“မင်းတို့က ဒီမှာပဲ ပုန်းနေရဲတာလား။ သတ္တိမရှိလိုက်တာ”

ငွေအလင်းသည် သူ့ခန္ဓာကိုယ်တွင် ပေါ်လာသည်။

“ဟယ်ရန်စွန်း ရောက်လာပြီ။ ဘယ်သူက ငါ့အသက်ကို ယူနိုင်မလဲ ....”

သူက စိန်ခေါ်နေသည်။

“မင်းတို့တွေ ဒီမှာရှိနေတာကို ငါသိတယ်။ လာတိုက်ကြလေ”

တောအုပ်ထဲတွင်ရှိသော လူများ၏မျက်နှာထားက လေးနက်နေသည်။

‘ဟယ်ရန်စွန်းက နောက်ခံရှိလို့ ရဲတင်းနေတာလား။ ဒါမှမဟုတ် ဒီအတိုင်း သတ္တိရှိနေတာလား’

‘သူက သန်မာတယ်ဆိုရင်တောင် မိသားစုကြီးတွေရဲ့ ကျွမ်းကျင်သူတွေကို ကျော်ဖြတ်ဖို့ မဖြစ်နိုင်ဘူး’

ဤနေရာသည် တောအုပ်ဖြစ်ပြီး ဘုရားမြို့မဟုတ်ပေ။

ဤနေရာတွင် စည်းကမ်းမရှိပေ။

“သူက သေချင်နေမှတော့ သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပေါ့”

လူတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး ခုန်ထွက်လာသည်။

ခမ်းနားသောအလင်းသည် ချပ်ဝတ်အဖြစ် ပြောင်းလဲသွားသည်။ အဆင့်နှစ်ချပ်ဝတ်သခင် ဖြစ်သည်။

သူက တိုက်ရိုက် တိုက်ခိုက်လာသည်။

တခြားလူများက ရပ်တန့်လိုက်ပြီး အခြေအနေကို စောင့်ကြည့်နေသည်။

အဆင့်နှစ်ချပ်ဝတ်သခင်က ဓားမော့ကို ဆုပ်ကိုင်ပြီး ပေသုံးဆယ်ရှည်လျားသော ဓားမော့အလင်းကို ထုတ်လွှတ်သည်။ ဓားမော့အလင်းက အေးစက်နေပြီး ပတ်ဝန်းကျင်ကို ရပ်တန့်သွားစေသည်ဟု ထင်ရသည်။

“ဘန်း”

ဓားအလင်းက ပေတစ်ရာအကွာတွင်ရှိသော သစ်ပင်ကို ခုတ်ပိုင်းလိုက်သည်။ ထိုသစ်ပင်က မြင်းစီးလာသော ဟယ်ရန်စွန်းဆီသို့ လဲကျလာသည်။

ထို့နောက် သစ်ပင်က ပတ်ဝန်းကျင်တွင်ရှိသော ကျောက်တုံးကျောက်ခဲများကို စုစည်းလိုက်ပြီး ပေါင်သောင်းချီလေးသော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

အရှိန်အဟုန်ကို အသုံးပြုခြင်း ဖြစ်သည်။

အဆင့်နှစ်ချပ်ဝတ်သခင်သည် ကိုယ်ပိုင်ခွန်အားကိုသာမက တိုက်ခိုက်မှု၏ အရှိန်အဟုန်ကို အသုံးပြုပြီး သူနှင့်မသက်ဆိုင်သော စွမ်းအားကိုလည်း ထိန်းချုပ်နိုင်သည်။

ဓားမော့အလင်းသည် နဂါး၏‌နောက်တွင် ပေါက်ကွဲထွက်လာသည်။

ထိုတိုက်ခိုက်မှုသည် ဟယ်ရန်စွန်းကို တစ်ခါတည်းသတ်ဖြတ်ရန် ရည်ရွယ်သည်။

ပြတ်သားပြီး ပွင့်လင်းသည်။

“အဲဒီချပ်ဝတ်သခင်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို ကိုးကားလို့ရတယ်”

လှည်းထဲတွင် ဟန်မူယဲ့က ခေးအော့၏အသံကို ကြားလိုက်ရသည်။

“စစ်ပွဲအတွက် ကောင်းမွန်ပေမဲ့ သက်တမ်းအတွက် လိုအပ်နေသေးတယ်”

ရွှေရောင်ငှက်က ခေါင်းခါလိုက်သည်။

“ဒါပေမဲ့ သူတို့က မူလကမ္ဘာကို တစ်ခါတည်း ဖျက်ဆီးပစ်ခဲ့တယ်။ ပုန်းကွယ်နေတဲ့ ကျွမ်းကျင်သူတွေ ရှိလောက်တယ်”

အမှန်ပင်ဖြစ်သည်။

ကြယ်စင်စုစကြဝဠာသည် မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို မွေးထုတ်ပေးခဲ့သည်။ နတ်ဘုရားသားရဲများကပင် ရုပ်သေးရုပ်ထဲသို့ ရောက်သွားပြီး ထိန်းချုပ်ခံလိုက်ရသည်။ ကြယ်စင်စုစကြဝဠာနှင့် ရင်ဆိုင်ရသောအခါ သူတို့က ထွက်ပြေးသွားရုံသာ တတ်နိုင်ခဲ့သည်။

“ဒါက လက်နက်ထိန်းချုပ်ခြင်းရဲ့ ထိပ်တန်းအဆင့်နည်းလမ်းပဲ။ ပြီးတော့ လောကသဘာဝကို ဖိနှိပ်ထားတဲ့ လူသားစိတ်ဓာတ်လည်း ဖြစ်တယ်”

ဟန်မူယဲ့က တိုက်ခိုက်နေသော အဆင့်နှစ်ချပ်ဝတ်သခင်ကို ကြည့်လိုက်ပြီး ပြောသည်။

သူက လူသားများ လွှမ်းမိုးထားသော ကမ္ဘာတစ်ခုမှ ရောက်လာခဲ့သည်။ ထို့ကြောင့် ထိုကမ္ဘာမျိုးနှင့်ပတ်သတ်၍ နက်ရှိုင်းစွာ နားလည်သည်။

နတ်ဘုရား၊ ကောင်းကင်တာအိုနှင့် ကျွမ်းကျင်သူများကို မကြောက်ရွံ့မှသာ အံ့ဖွယ်ဖြစ်ရပ်များကို ဖန်တီးနိုင်မည်။

မူလစကြဝဠာ၏ အမွေအနှစ်သည် လိုအပ်ချက်မြင့်မားပြီး ဖိနှိပ်နိုင်သည်။

တစ်ဖက်တွင် ကြယ်စင်စုစကြဝဠာက ရုပ်သေးရုပ်၊ ချပ်ဝတ်များဖြင့် ကောင်းကင်ကို ဖီဆန်ခဲ့သည်။

လျော့နည်းနေသော သဘာဝစွမ်းအင်နှင့် အမွေအနှစ်စွမ်းအင်ကို မထိန်းသိမ်းနိုင်သောကြောင့် ကြယ်စင်စုစကြဝဠာသည် ကျဆင်းလာခဲ့သည်။

“ဘုန်း”

ရှေ့တွင် ဟယ်ရန်စွန်းက ဓားမော့နှစ်လက်ကို ကိုင်ထားပြီး လျင်မြန်စွာ ပြေးဝင်သွားသည်။

သူက ချိုနှစ်ချောင်းမြင်း၏ စွမ်းအားနှင့် ချိန်ညှိထားပြီး အဆင့်နှစ်ချပ်ဝတ်သခင်၏ရှေ့သို့ ချက်ချင်းရောက်သွားသည်။

ထိုအချိန်တွင် ဟယ်ရန်စွန်းက ချိုနှစ်ချောင်းမြင်းကို ရုပ်သေးရုပ်၊ ချပ်ဝတ်များကဲ့သို့ သဘောထားနေသည်။

အဆင့်နိမ့်ချပ်ဝတ်သခင်များက ထိုသို့ မလုပ်နိုင်ပေ။

သူက အလွန်လျင်မြန်သောကြောင့် အဆင့်နှစ်ချပ်ဝတ်သခင်က မတုံ့ပြန်နိုင်ခင် ရင်ဘတ်တွင် အခုတ်ခံလိုက်ရသည်။

“ရွှပ်”

ဓားမော့က ချပ်ဝတ်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခုကို ချန်ထားခဲ့သည်။

ထိုဓားချက်ကြောင့် အဆင့်နှစ်ချပ်ဝတ်သခင်က ထိတ်လန့်သွားပြီး ထွက်ပြေးရန် ကြိုးစားသည်။

တောအုပ်ထဲတွင်ရှိနေသော တခြားလူများက အံ့အားသင့်နေပြီး တိတ်ဆိတ်စွာ နောက်ဆုတ်သွားကြသည်။

တောအုပ်သည် အုပ်စုဖွဲ့တိုက်ပွဲအတွက် မသင့်တော်ပေ။

တစ်ဦးချင်းတိုက်ခိုက်လျှင်လည်း ဟယ်ရန်စွန်းကို ဖိနှိပ်နိုင်မည်မဟုတ်ပေ။

ဤနေရာတွင် ဟယ်ရန်စွန်းကို သတ်ဖြတ်ရန် အခွင့်အရေးနည်းသည်။

တောအုပ်ထဲတွင်ရှိသော ပုံရိပ်များ ပျောက်ကွယ်သွားသောအခါ ဟယ်ရန်စွန်းက လက်မြှောက်သည်။ ကုန်လှည်းများက လှုပ်ရှားလာကြသည်။

မေပယ်တောအုပ်မြို့သို့ သွားမည့်လမ်းတွင် တောင်တန်းနှင့် တောအုပ်များအပြင် လွင်ပြင်တစ်ခုလည်း ရှိနေသည်။

“သူတို့က နှင်းကျလွင်ပြင်မှာ သေချာပေါက် လှုပ်ရှားကြလိမ့်မယ်”

ဟန်မူယဲ့၏လှည်းထဲတွင် သိုးသားရေမြေပုံတစ်ခု ရှိနေသည်။ ဟယ်ရန်စွန်းက မြေပုံကို ထောက်ပြပြီး ပြောလိုက်သည်။

“နှင်းကျလွင်ပြင်ရဲ့ နှင်းတွေက တစ်နှစ်ပတ်လုံး အရည်ပျော်မသွားဘူး။ အဲဒါကြောင့် ကုန်လှည်းတွေက မြန်မြန်မသွားနိုင်ဘူး”

“ပြီးတော့ ကျယ်ပြန့်ပြီး မြင်သာတဲ့အတွက် တိုက်ခိုက်ဖို့ သင့်‌တော်တယ်”

ဟယ်ရန်စွန်းက ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ဆရာ၊ တကယ်လို့ ကုန်သည်အဖွဲ့ရဲ့ ညီအစ်ကိုတွေကို တိုက်ခိုက်လာရင် ဆရာက ကူညီပေးပါ”

“ကျန်တာကိုတော့ ကျွန်တော်က ကိုင်တွယ်လိုက်ပါမယ်”

ဟန်မူယဲ့က ဟယ်ရန်စွန်း၏ လေးနက်သောမျက်နှာထားကို ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။

All Chapters