အနောက်ဝင်ရိုးစွန်းမှ မိန်းကလေး
Vol. 80 Ch. 1035
ကောင်းကင်နတ်အရှင်ဟုန်က ရယ်သည်။ “မဟာဧကရာဇ်ဟုတ်လား... ဘယ်သူက မဟာဧကရာဇ်လဲ”
ချင်မူ ပြုံးလျက်သာ နေပြီး မည်သည်ကိုမျှ မပြောပေ။
ကောင်းကင်နတ်အရှင်ဟုန်က ဟက်ခနဲ ရယ်လိုက်ကာ ပြော၏။ “မဟာလေဟာနယ်ကနေ ပြန်ရောက်လာတုန်းက တာအိုနောင်တော်ရဲ့ ဘေးမှာ အမျိုးသမီးတစ်ယောက် ပါလာခဲ့တယ်... ဒါပေမဲ့ အဲဒီအမျိုးသမီးက ကောင်းကင်နတ်ဧကရီ မဟုတ်ဘူး... မဟာလေဟာနယ်ထဲမှ ဖန်ဆင်းရှင်တွေ နေထိုင်ကြတာမဟုတ်လား... အဲဒါကြောင့် ဒီအမျိုးသမီးက ကမ္ဘာဦးနတ်ဘုရင်တစ်ပါးပဲ ဖြစ်မယ်လို့ ရဲရဲတင်းတင်း တွေးလိုက်မိတာပါ.... မဟာဧကရာဇ်ကိစ္စကတော့ တာအိုနောင်တော်ပဲ ပြောတာနော်”
သူက သက်ပြင်းချသည်။ “မဟာဧကရာဇ်က ကျုပ်တို့ကောင်းကင်နတ်အရှင်ဆယ်ယောက်ကြားမှာ ပုန်းနေတယ်လို့ တာအိုနောင်တော် ပြောခဲ့တယ်.... ဒါပေမဲ့ ဘယ်သူမှန်း မပြောခဲ့တော့ ကျုပ်တို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သံသယဝင်ကြရရော... ကျုပ်က မဟာဧကရာဇ်ဖြစ်နေတယ်လို့ တာအိုနောင်တော် ထင်နေတာတော့ မဟုတ်လောက်ပါဘူး ဟုတ်တယ်မလား”
ချင်မူ ချီးကျူးလိုက်မိသည်။ “ကောင်းကင်နတ်အရှင်ဟုန်ရဲ့ ဖြေရှင်းချက်က ဟာကွက်မရှိဘူးပဲဗျ..... အထင်ကြီးမိပါပေတယ်”
ကောင်းကင်နတ်အရှင်ဟုန်က တဟားဟား ရယ်လိုက်သည်။ သူက နတ်ဘုရင်လန်ဝူဆီသို့ ကြည့်၍ မျက်လုံးများမှေးကျဉ်းကာ ပြုံးလေသည်။ “ဒါဖြင့် ဒီအမျိုးသမီးက ရှေးကမ္ဘာဦးနတ်ဘုရင်တစ်ပါးလား”
နတ်ဘုရင်လန်ဝူသည် ခေါင်းခါယမ်းလျက် နူးညံ့သိမ်မွေ့သောအသံဖြင့် ဖြေ၏။ “ကျွန်မက ရှေးဟောင်းအတိတ်ခေတ်က ဆိုပေမယ့် ကမ္ဘာဦးခေတ်ကတော့ မဟုတ်ပါဘူး”
ကောင်းကင်နတ်အရှင်ဟုန်က ပြောသည်။ “နဂါးဟန်ခေတ်ရဲ့ ပထမနှစ်က ကမ္ဘာဦးခေတ်ကနေ ရှေးဟောင်းအတိတ်ခေတ်ကို ကွဲထွက်လာစေခဲ့တဲ့ အချိန်ပဲ... နဂါးခေတ်ရဲ့ ပထမနှစ်မှာ ကောင်းကင်နတ်ဘုံ တည်ထောင်ခဲ့တာဟာ ရှေးဟောင်းအတိတ်ခေတ်ကို စတင်စေခဲ့တယ်..... ချိဧကရာဇ်ခေတ်ကို ရောက်တော့ အဆင့်မြင့်ရှေးဟောင်းခေတ်ရဲ့ အစဖြစ်နေပြီ... ရှေးဟောင်းအတိတ်ခေတ်ဟာ နှစ်ပေါင်း ငါးသိန်းခြောက်သောင်း တည်တံ့ခဲ့ပြီး အဆင့်မြင့်ရှေးဟောင်းခေတ်ကတော့ နှစ်ပေါင်း လေးသိန်း တည်တံ့ခဲ့တယ်... အဲဒီနောက်တော့ ရှေးခေတ်လို့လည်း အသိများတဲ့ နှောင်းပိုင်းရှေးဟောင်းခေတ်ဆီ ရောက်လာတယ်... နှောင်းပိုင်းရှေးဟောင်းခေတ်က နှစ်နှစ်သောင်း ကြာခဲ့တယ်.... မျက်မှောက်ခေတ်ကတော့ ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းသွားတဲ့အချိန်ကနေ ဒီနေ့အထိ အကျုံးဝင်တော့ နှစ်တစ်သန်းလောက် ရှိမှာပေါ့လေ... မိန်းကလေးက နဂါးဟန်ခေတ်မှာ မွေးဖွားခဲ့တဲ့ ဖန်ဆင်းရှင်တစ်ယောက်များလား”
နတ်ဘုရင်လန်ဝူသည် လှပစွာ ပြုံးလိုက်ရာ ရထားလှည်းထဲရှိ လူတိုင်း ရင်သပ်ရှုမောသွားမိ၏။ “ကျွန်မက ဖန်ဆင်းရှင်တစ်ယောက်ပါလို့ ဘာကြောင့် ထင်နေတာလဲ ကောင်းကင်နတ်အရှင်”
ကောင်းကင်နတ်အရှင်ဟုန်က လက်မပေါ်ရှိ လက်ဗွေရာများကို ပွတ်ရင်း မဆိုစလောက် ပြုံးသည်။ “ဘာကြောင့်ဆို အရှင်မက မဟာလေဟာနယ်ကမလို့ပါ... မဟာလေဟာနယ်မှာ ဖန်ဆင်းရှင်တွေအပြင် ရွှင်ပျော်ပျော်ကျေးရွာပဲ ရှိတယ်... မိန်းကလေးက ရှေးဟောင်းကမ္ဘာဦးခေတ်မှာ မွေးဖွားခဲ့တာ မဟုတ်လား.... ခိုင်ဧကရာဇ်ခေတ်က နှောင်းပိုင်းရှေးဟောင်းခေတ်၊ လွန်ခဲ့တဲ့ နှစ်နှစ်သောင်းကမှ တည်ထောင်ခဲ့တာ ... ဒါကြောင့် မိန်းကလေးက ရွှင်ပျော်ပျော်ကျေးရွာက မဟုတ်နိုင်ဘူး”
အနောက်နတ်မင်းသည် နတ်ဘုရင်လန်ဝူကို တစ်ချိန်လုံး စိုက်ကြည့်နေခဲ့၏။ ဤစကားများကိုကြားလျှင် သူမ မနေနိုင်မထိုင်နိုင် ဖြစ်လာတော့သည်။
ချင်မူက အားပါးတရ ရယ်မောရင်း အေးအေးဆေးဆေး ပြောသည်။ “ကောင်းကင်နတ်အရှင်ဟုန်၊ ကျွန်တော် ခင်ဗျားကို ဖိတ်ခေါ်လိုက်တာက ကျွန်တော့်အစ်မ ဘယ်ကလာလဲဆိုတာ ဆွေးနွေးဖို့ မဟုတ်ပါဘူး... ခင်ဗျားက မဟာဧကရာဇ်မဟုတ်ဘူးဆိုရင် သူက ဖန်ဆင်းရှင်ပဲဖြစ်ဖြစ်၊ နတ်ဘုရင်တစ်ပါးပဲဖြစ်ဖြစ် ခင်ဗျားနဲ့ မဆိုင်တော့ပါဘူး.... ကျွန်တော် ခင်ဗျားကို ဒီနေရာဆီ ဖိတ်ခေါ်လိုက်တဲ့ အကြောင်းရင်းက အနောက်နတ်မင်း ခင်ဗျားရဲ့ နတ်ခံတပ်ကို တိုက်ခိုက်ပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကိုသာ လုဖို့ လုပ်ခဲ့ရင် အခုလောက်ဆို သူ သေနေလောက်ပြီလို့ ပြောမလို့ပါ”
အနောက်နတ်မင်းမှာ ရင်ထဲ တင်းကြပ်သွားကာ တိတ်ဆိတ်စွာသာ နေလိုက်သည်။
ကောင်းကင်နတ်အရှင်ဟုန်သည် ရထားလှည်းထဲ ဝင်လိုက်ကတည်းက အသာစီးရနေခဲ့၏။ သူက သူ့အစီအစဉ်ကို ဘေးချိတ်ပြီး ချင်မူနှင့် နတ်ဘုရင်လန်ဝူအကြား အောင်မြင်စွာ ရန်တိုက်ပေးနိုင်ခဲ့သည်။
သို့သော် ချင်မူက စကားလမ်းကြောင်းကို ပြန်လွှဲနိုင်ခဲ့လေသည်။
ဤမြေခွေးအိုကြီးနှစ်ဘောက်နှင့် ရင်ဆိုင်ရသည့်အခါ အနောက်နတ်မင်းမှာ မည်သည်ကိုမျှ မပြောခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ခံစားရသည်။
စကားများများပြောလေလေ၊ အမှားများများ ပါလိမ့်မည်။ အမှားများများ ပါလေလေ၊ မြန်မြန်သေရလေလေပင်။
တိတ်ဆိတ်စွာ ထိုင်နေသော နတ်ဘုရင်လန်ဝူကိုပင် သူမ ထိုးဖောက်မမြင်နိုင်ပေ။
ယခုတွင် ဤရထားလှည်းထဲရှိ လေးယောက်အနက် သူမက အရိုးရှင်းဆုံးဖြစ်ကြောင်း အနောက်နတ်မင်း သဘောပေါက်သွား၏။
ချင်မူက ထရပ်ပြီး ပြောသည်။ “ကဲ အခုတော့ ကပ်ဘေးတွေ ပျောက်ကွယ်ပြီး ဘာမှမရှိတော့ပါဘူး... ကောင်းကင်နတ်အရှင်လည်း ပြန်သင့်ပြီ”
ကောင်းကင်နတ်အရှင်ဟုန်ကလည်း ကြင်နာတတ်သော အဘိုးအိုအသွင်ဖြင့် ထရပ်သည်။ “တာအိုနောင်တော်က ကျုပ်အစီအစဉ်တွေကို ဝင်နှောင့်ယှက်ခဲ့တယ်... ဒါပေမဲ့ ကျုပ်ထက် အကြီးဆိုတော့လည်း ဘာတတ်နိုင်ပါ့မလဲ... နောင်ကျရင်တော့ ကျုပ်အတွက် တာအိုနောင်တော် လျော်ကြေးပေးဖို့ လိုပါတယ်”
“သိပ်ကောင်းတယ် သိပ်ကောင်းတယ်”
ချင်မူက သူ့ကို လိုက်ပို့ပေးရင်း ပြောလိုက်၏။ “တာအိုမိတ်ဆွေရဲ့ အစီအစဉ်တွေကို ကျုပ် ဖျက်စီးခဲ့မိမှတော့ လျော်ကြေးအနေနဲ့ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်... ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က ကောင်းကင်နတ်အရှင်ဆယ်ယောက်ကြားမှာ ရှိတယ်... ကောာင်းကင်နတ်ဧကရီနဲ့ အရှင်မယွမ်မုရောပဲ”
ကောင်းကင်နတ်အရှင်ဟုန်၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူက လှည့်လာသည်။ ထို့နောက် တောက်ပစွာ ပြုံးသည်။ “ဒီသတင်းက ကျုပ်ကို သိပ်တော့ မအံ့ဩစေဘူး... အမိကမ္ဘာမြေကို သတ်ဖို့တင် ခက်နေပြီမဟုတ်လား... အများကြီး အင်အားကြီးမားတဲ့ ကောင်းကင်နတ်ဧကရာဇ်ဆို ဆိုဖွယ်တောင် မရှိတော့ဘူး.... ဒီသတင်းက အဖိုးတန်ပေမယ့် ကျုပ်ရဲ့ဆုံးရှုံးမှုအတွက် ကာမိဖို့တော့ မလုံလောက်ဘူး... အနောက်ဝင်ရိုးစွန်းက အစွန်းကောင်းကင်ဘုံလေးဘုံထဲက တစ်ဘုံပဲ.... စကြဝဠာရဲ့ ဝင်ရိုးစွန်းလေးခုထဲက တစ်ခုလည်း ဖြစ်တော့ သေချာပေါက် သေးသေးမွှားမွှားတော့ မဟုတ်ပါဘူး”
ချင်မူ လေသံအေးအေးဖြင့် မေးလိုက်သည်။ “ကုန်းယွင်ကလည်း ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲမှာ ရှိတယ်ဆိုရင်ရော... လုံလောက်မလား”
“ဘယ်သူက ကုန်းယွင်လဲ”
ကောင်းကင်နတ်အရှင်ဟုန်သည် ဇဝေဇဝါ မေး၏။ “ကောင်းကင်နတ်အရှင်ကုန်းလား”
ချင်မူက သူ၏အမူအရာများကို အသေးစိတ် အကဲခတ်နေသော်လည်း ဟန်ဆောင်နေကြောင်း မတွေ့ရပေ။ “ကုန်းယွင်ကို ရှင်းဖူလို့လည်း ခေါ်တယ်.. သူက ရှေးဟောင်းကမ္ဘာဦးခေတ်ရဲ့ နတ်ဘုရင်သုံးပါးထဲက တစ်ယောက်ပဲ... မဟာဧကရာဇ်ရဲ့ ဇနီး ဖြစ်ပြီး ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နဲ့ ဖောက်ပြန်ရင်း နတ်ဧကရာဇ်လန်ရွှမ်ကို မွေးခဲ့တယ်”
ကောင်းကင်နတ်အရှင်ဟုန် ရင်ထဲ တုန်ရီသွား၏။ သူက ဟက်ခနဲ ရယ်သည်။ “ကောင်းကင်နတ်အရှင်ဆယ်ယောက်က အင်မတန် မသင်္ကာစရာကောင်းပါပေတယ်... ကျုပ် သူတို့ကို တာအိုမိတ်ဆွေတွေလို့ ခေါ်နေခဲ့တာ နှစ်ပေါင်းသိန်းသောင်းချီပြီ သူတို့ဇာတ်ကြောင်းကို မသိသေးဘူး... တာအိုနောင်တော်ဆီက အများကြီး သင်ယူလိုက်ရပါတယ်”
ချင်မူမှာ ကောင်းကင်နတ်အရှင်မူ၏ အမူအရာ ပြောင်းလဲသွားသည်ကို မမြင်ရသေးသဖြင့် တိတ်တဆိတ် တွေးလိုက်မိသည်။ ‘ရွာလူကြီးပြောတဲ့ အသက်ကြီးပြီး အတွေ့အကြုံများတယ်ဆိုတာ ဒါမျိုးနေမှာ... လုံးဝကစားမခံဘူး... တော်တော်အထင်ကြီးစရာပဲ’
“တာအိုမိတ်ဆွေဟုန်၊ ကျွန်တော် ခင်ဗျားရဲ့ အစီအစဉ်ကို ဒီတစ်ခေါက် ဖျက်စီးခဲ့မိတယ်... သတင်းလေးနှစ်ခုတည်းနဲ့ လျော်ကြေးပေးဖို့က ခက်ပါတယ်... နောင်ကျ သေချာပေါက် ပြန်ဆပ်ပါ့မယ်”
ချင်မူသည် ရိုးသားပွင့်လင်းစွာ ပြောနေ၏။ “တာအိုမိတ်ဆွေ၊ အနောက်ဝင်ရိုးစွန်းကို ခဏလောက် ဖယ်ထားပေးပြီး နောင်ကျမှ အလည်ပြန်လာလှည့်ပါ”
ကောင်းကင်နတ်အရှင်ဟုန်က ပြုံးသည်။ “တာအိုနောင်တော်ကို မယုံတာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ကျုပ်အပေါ် အကြွေးတင်နေတဲ့အကြောင်း လက်ရေးနဲ့ရေးထားတာ လိုချင်တယ်”
ချင်မူ စာရွက်နှင့် စုတ်တံထုတ်ကာ ချရေးပေးလိုက်သည်။
ကောင်းကင်နတ်အရှင်ဟုန်သည် စာရွက်ကို ယူပြီးနောက် ထွက်သွား၏။
ချင်မူလည်း သူ ထွက်သွားသည်ကို ကြည့်ပြီးနောက် ရထားလှည်းထဲ ပြန်လာသည့်အခါ နတ်ဘုရင်လန်ဝူကို စိုက်ကြည့်နေဆဲဖြစ်သော အနောက်နတ်မင်းအား တွေ့လိုက်ရသည်။ နတ်ဘုရင်လန်ဝူသည် မည်သည်ကိုမျှ အရေးမစိုက်သည့် အမူအရာဖြင့် အနောက်နတ်မင်းအား ခွင့်ပြုထား၏။
ချင်မူ သုန်မှုန်စွာ ထိုင်ချလိုက်သည်။ အနောက်နတ်မင်းက အေးစက်စက် ပြောလေသည်။ “ဒါဆို ကောင်းကင်နတ်အရှင်မူ၊ ဒီအမျိုးသမီးက ဖန်ဆင်းရှင်...”
“တော်စမ်း”
ချင်မူ အမျက်တချောင်းချောင်း ထွက်သွား၏။ “ခင်ဗျား ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖမ်းဖို့ တစွတ်ထိုး မကြိုးစားခဲ့ရင် ကျုပ် ကောင်းကင်နတ်အရှင်ဟုန်ရှေ့မှာ အဲဒီလောက် ခယနေဖို့ လိုပါ့မလား... ကျုပ် သူ့အပေါ် အကြွေးတင်နေတဲ့အကြောင်း လက်ရေးနဲ့တောင် ရေးပေးရတဲ့အပြင် နောက်တစ်ချိန်ကျ သူ့ကို ဘာနဲ့ ပြန်ဆပ်ရမလဲ မသိသေးဘူး... ခင်ဗျားနဲ့ ခင်ဗျားရဲ့ အနောက်ဝင်ရိုးစွန်းကို ကာကွယ်ဖို့ ကျုပ် ကူညီပေးခဲ့တာတောင် ဘာတွေ ထပ်လိုချင်နေတာလဲ”
အနောက်နတ်မင်းမှာ ရှက်သွားသဖြင့် အရှက်ပြေ ပြုံးနေသည်။ “ကောင်စုတ်လေး၊ ဘာလို့ ဒီလောက် စိတ်ဆတ်ရတာလဲ... နည်းနည်းလေးမှကို မနူးညံ့ဘူး... ကောင်းကင်နတ်အရှင်မူက မြေခွေးလို ကောက်ကျစ်ပြီး ယုန်လို ဉာဏ်များတယ် ပြောကြပေမယ့် ငါ့အတွက်တော့ ရင်တဒိန်းဒိန်း တုန်လာတဲ့အထိ ခြောက်လှန့်နိုင်တဲ့ ခြင်္သေ့ကြီးလိုပဲ”
ချင်မူ့အမူအရာ ပျော့ပျောင်းသွားပြီး နူးညံ့ညင်သာသော အသံဖြင့် ပြောလိုက်သည်။ “ကျွန်တော် စိတ်ဆိုးတာတော့ မဟုတ်ပေမယ့် မမကြီးအနောက်နတ်မင်းရဲ့ ဘေးကင်းလုံခြုံမှုအတွက် စိတ်ပူလို့ပါ.... မဟုတ်ရင် ကောင်းကင်နတ်အရှင်ဟုန်ကို ထိပ်တိုက်ရင်ဆိုင်ပြီး သူ့အစီအစဉ်တွေကို နှောင့်ယှက်ပါ့မလား... မမကြီး၊ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့”
အနောက်နတ်မင်းက ထရပ်ပြီး အလေးအနက် ပြောသည်။ “ဒီတစ်ခေါက် ငါလည်း တကယ် လောသွားမိတယ်.. ငါ့အမှားပါ... နင် အချိန်မှီ ရောက်လာလို့သာပေါ့ မဟုတ်ရင် အကျိုးဆက်တွေက စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး... ငါ တောင်းပန်တာကို ကျေးဇူးပြုပြီး လက်ခံပေးပါ” ထိုသို့ပြောပြီးနောက် သူမသည် ချင်မူ့ဆီမှ ခွင့်လွှတ်မှု တောင်းခံရန် အမှန်တကယ် အရိုအသေပေး၏။
ချင်မူ အံ့အားသင့်သွားသည်။ သူက အလျင်အမြန် ရှေ့တိုးကာ သူမကို ဆွဲထူပေးလိုက်သည်။
ရှေးဟောင်းနတ်ဘုရားများသည် များသောအားဖြင့် မာနကြီးကြ၏။ မြေအောက်ဘုံအရှင်သခင်နှင့် ချင်မူမှာ ရင်းနှီးသော်လည်း မြေအောက်ဘုံအရှင်သခင်က ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ မာနက အရိုးထဲ စွဲနေသဖြင့် ကမ္ဘာခေတ်နှောင်းသတ္တဝါများအား အထင်မကြီးပေ။ သူ့အမှားကိုလည်း မည်သို့မျှ ဝန်ခံလိမ့်မည်မဟုတ်။
အရှေ့နတ်မင်းချင်းလုံကဲ့သို့ လူတချို့လည်း ရှိသည်။ ကမ္ဘာခေတ်နှောင်းသတ္တဝါများအပေါ် အထင်သေးရုံသာာမက သူ့ကလေးသူကိုလည်း အသုံးချစရာ နယ်ရုပ်များအဖြစ်သာ မြင်သည်။
အနောက်နတ်မင်းကျားဖြူကတော့ ရှေးဟောင်းနတ်ဘုရားများအနက် ထူးခြားသည်ဆိုရမည်။ သူမသည် ဒဲ့သမားတစ်ယောက် ဖြစ်သည့်အလျောက် ရဲရဲတင်းတင်း ပြုမူသည်၊ ပွင့်ပွင့်လင်းလင်း ပြောသည်။ မှားလျှင် အမှားကို ဝန်ခံသည်။ ထို့ကြောင့် ပိုမိုသဘောကျစရာကောင်း၏။
“ဒါက မမကြီးရဲ့အမှားလည်း မဟုတ်ပါဘူး... ကောင်းကင်နတ်အရှင်ဆယ်ယောက်ကိုက ဉာဏ်များလွန်းတာ”
ချင်မူ သူမကို ထိုင်ခိုင်းသည်။ “မမကြီးရဲ့ အသက်အန္တရာယ်အတွက် အစိုးရိမ်လွန်သွားတာနဲ့ မမကြီးရဲ့ ခံစားချက်တွေကို ထည့်မတွက်ဘဲ စော်ကားခဲ့မိတယ်... ကျွန်တော့်ကိုလည်း ခွင့်လွှတ်ပေးပါ”
အနောက်နတ်မင်းက မထိုင်ဘဲ အပြုံးလေးဖြင့် ပြောသည်။ “ဟိုဟာ... နင့်ရဲ့ခုံလေ ငါ့ကြောင့် ကျိုးသွားပြီသိလား... သုံးလို့မရတော့ဘူး” သူမ ပြောပြီးသည့်အချိန်မှာပဲ သူမထိုင်ခဲ့သော ခုံမှာ အမှုန့်ကြေသွားတော့သည်။
အနောက်နတ်မင်း၏မျက်နှာ အနည်းငယ် နီမြန်းသွား၏။ “အဲဒီအတွက် ပြန်လျော်ပေးပါ့မယ်... ကောင်းကင်နတ်အရှင်၊ အလောတကြီး မပြန်ပါနဲ့ဦး.... ငါ့အနောက်ဝင်ရိုးစွန်းမှာ လက်ရာကောင်းတဲ့ ပညာရှင်တွေ ရှိတယ်... န်ရဲ့ ခုံကို ပြင်ပေးဖို့ စက်မှုလုပ်သားတွေ ခေါ်ပေးမယ်.... အရင်ထက် ပိုပြီး ခမ်းနားသွားစေရမယ်လို့ အာမခံပါတယ်”
ချင်မူ စိတ်သက်သာရာရသွားသည်။ “ဒါဆို မမကြီးကို ဒုက္ခပေးရတော့မယ်.... ဒီအန္တရာယ်တွင်းကနေ မမကြီးကျူချွဲ လွတ်သွားရဲ့လား ကြည့်ချင်လို့ တောင်ဝင်ရိုးစွန်းဆီ မြန်မြန်သွားမှ ဖြစ်မှာ”
“ကျူကျူက ငါ့ထက် အများကြီး ထက်မြက်တယ်... ငါက မမြင်နိုင်ခဲ့ပေမယ့် သူကတော့ သေချာပေါက် မြင်မှာပါ... သူ့အတွက် စိတ်ပူစရာမလိုပါဘူး”
အနောက်နတ်မင်းသည် ရထားလှည်းထဲမှ ထွက်၍ အောက်ငုံ့ကြည့်၏။ သူမကြောင့် ဘီးများလည်း ပြားနေသည်ကို မြင်လျှင် လျှာလေး ပြူတစ်ဖြစ်သွားတော့သည်။
ရထားလှည်းထဲတွင် ချင်မူက မလှုပ်မယှက် ထိုင်နေသော နတ်ဘုရင်လန်ဝူဆီ လက်ကမ်းပေးလိုက်သည်။ နတ်ဘုရင်လန်ဝူသည် လက်ပြန်ကမ်းပေးခြင်း မရှိသလို၊ အလိုမကျနေပုံရ၏။ ချင်မူလည်း လက်ကို ဆက်ကမ်းပေးထားသော်လည်း နတ်ဘုရင်လန်ဝူက မျက်လုံးပိတ်လိုက်သည်။ တခဏကြာသော် မျက်လုံးပြန်ဖွင့်ပြီး လက်ဝါးပေါ် သူမလက်အား တင်ပေးလေသည်။
ချင်မူ သူမအား အသာအယာ ဆွဲထူပေးလိုက်သည်။ နတ်ဘုရင်လန်ဝူက လက်ပြန်ရုတ်၍ ရထားလှည်းအပြင် ထွက်သွား၏။ “လူကြီးမင်းချင်ကို အထွတ်အမြတ်ကလေးငယ်လို့ ခေါ်ရမလား... ကောင်းကင်နတ်အရှင်မူလို့ ခေါ်ရမလား”
ချင်မူက ကန့်လန့်ကာကို ဖယ်ရင်း ပြုံးသည်။ “မမကြီးက စိတ်ဆိုးနေတာပဲ... စိတ်ဆိုးတော့မှပဲ လူနဲ့ တူတော့တယ်ဗျာ”
နတ်ဘုရင်လန်ဝူက သက်ပြင်းချကာ ရထားလှည်းအပြင် ထွက်လာသည်။ “နင် ငါ့မေးခွန်းကို မဖြေရသေးဘူး”
အနောက်နတ်မင်းသည် မြေကြီးအောက် နစ်ဝင်သွားခဲ့သော တောင်ကောင်းကင်မုခ်ဝကို ပြန်ဆွဲထုတ်ရန် ကျားဖြူကောင်းကင်နန်းတော်၏ နတ်ဘုရားများအား ညွှန်ကြားနေ၏။ စစ်သည်တော်များက မူလဝိညာဉ်များကိုလည်း တစ်ပြိုင်တည်း ထုတ်ဖော်ရင်း လှုပ်ရှားကြသည်။ နောက်ဆုံးတော့ ကောင်းကင်နန်းတော်ကို ပြန်ဆွဲတင်နိုင်သွားသည်။
ကောင်းကင်နန်းတော်က လေပေါ် ဖြည်းဖြည်းချင်း မြောက်တက်လာသည်။ အနောက်နတ်မင်းက နန်းတော်အထဲသို့ ဦးစွာဝင်ရောက်ပြီး ချပ်ဝတ်တန်ဆာများ ချွတ်နေသည်။ “မောင်လေးနဲ့ ဟိုညီမငယ် အထဲ ဝင်လာပါဦး.... ငါ အဝတ်အစား သွားလဲလိုက်ဦးမယ်... စောစောက စိတ်လှုပ်ရှားလွန်းမိလို့ အဝတ်အစားတွေ ပြဲကုန်တယ်လေ... အစောင့်တို့၊ ငါ့မောင်နဲ့ညီမကို နဂါးသွဲ့ရေကန်ဆီ လိုက်ပို့ပေးလိုက်”
သူမ ခပ်သုတ်သုတ် ပျံထွက်သွားသည့်အချိန် ချင်မူ၊ နတ်ဘုရင်လန်ဝူ၊ နဂါးချီလင်နှင့် ယန်အာက ကျားဖြူကောင်းကင်နန်းတော်ထဲ ဝင်လာကြသည်။ အမျိုးသမီးစစ်သည်တော်များက သူတို့အရှေ့မှ လမ်းပြပေးနေသည်။
ဤအမျိုးသမီးစစ်သည်တော်များလည်း လမ်းလျှောက်ရင်း ချပ်ဝတ်တန်ဆာများကို ချွတ်နေကြ၏။ အောက်တွင် သူတို့၏အဝတ်အစားများမှာ အရောင်အသွေးစုံလင်နေပြီး ကိုယ်လုံးကိုယ်ပေါက်တို့ကလည်း တင့်တယ်လှသည်။
ထိုအခါမှ ကောင်းကင်နန်းတော်ထဲတွင် အမျိုးသမီးအများစုရှိပြီး အမျိုးသားနည်းပါးကြောင်း ချင်မူ သတိထားမိသွားသည်။ စစ်သည်တော်များကို ဦးဆောင်ကွပ်ကဲသူများကပင် အမျိုးသမီးစစ်သူကြီးများ ဖြစ်ကြသည်။ အချောလေးများ စုစည်းနေသော စစ်တပ်မဟာတစ်ခုဟုပင် တင်စားရပေမည်။
“မမကြီး၊ ကျွန်တော်က ကောင်းကင်နတ်အရှင်မူလည်း ဟုတ်ပါတယ်... အထွတ်အမြတ်ကလေးငယ်လည်း ဟုတ်ပါတယ်”
ချင်မူက ကျားဖြူကောင်းကင်နန်းတော်၏ ရှုခင်းများကို ကြည့်ရှုရင်း မိဖုရားဆောင်ထဲ ဝင်လာမလိုသလို ခံစားနေရသည်။ ဤကောင်းကင်နန်းတော်အား အရောင်အသွေး စုံလင်တောက်ပစွာ အလှဆင်ထား၏။ မည်သည့်နေရာတွင်မဆို အမျိုးသမီးတစ်ယောက်၏ စေ့စပ်တိကျသော အတွေးအမြင်တို့ ကိန်းဝပ်နေသည်။ နန်းတော်ခန်းမပင် ခမ်းနားတင့်တယ်စွာ လှပနေသည်။ ထောင့်တိုင်းထောင့်တိုင်း၌ ပန်းအိုးများ မြင်ရပြီး နန်းတော်နံရံများထက်တွင် နွယ်ပင်များ တွဲလျားကျနေကြသည်။
“ဖန်ဆင်းရှင်တွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေကြားမှာ ရန်ငြိုးရှိတာ သိပါတယ်... ဒါပေမဲ့ အခုအချိန်မှာ အသက်ရှင်ဖို့ ရုန်းကန်ဖို့အပြင် ရွေးစရာမရှိဘူး... ကျွန်တော့်အနေနဲ့ ရှေးဟောင်းနတ်ဘုရားတွေကို ကူညီရုံတင်မကဘူး ဖန်ဆင်းရှင်တွေ အသက်ရှင်နိုင်မယ့် လမ်း ရှာတွေ့အောင်လည်း ကူညီရမယ်... အဲဒီလိုပဲ လူသားမျိုးနွယ်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက်လည်း ကူညီရလိမ့်မယ်”
ချင်မူ ပြုံးလိုက်သည်။ “ဖန်ဆင်းရှင်တွေအတွက် ကျွန်တော်က အထွတ်အမြတ်ကလေးငယ်၊ လူသားမျိုးနွယ်အတွက်တော့ ကောင်းကင်နတ်အရှင်မူပါ”
နဂါးသွဲ့ရေကန်သို့ သူတို့ ရောက်သည့်အခါ စက်မှုလက်မှုပညာသည်များ ခပ်သုတ်သုတ် ထွက်လာနေကြသည်ကို မြင်လိုက်ရသည်။ ကောင်းကင်နဂါး ရတနာရထားလှည်းဆီ သွားနေကြခြင်း ဖြစ်မည်။ အနောက်ဝင်ရိုးစွန်း၏ စက်မှုလက်မှုအလုပ်သမားများကလည်း အမျိုးသမီးများ ဖြစ်နေကြောင်း တွေ့လိုက်ရသဖြင့် ချင်မူ အံ့အားသင့်သွားသည်။ သူတို့က ကျောတွင် မီးဖိုကြီးများ ပိုးလျက် သေတ္တာများ သယ်ထားကြ၏။ အဝတ်အစားများက ဘိုးဘိုးရွှေအနှင့် အလွန်ဆင်သည်။
‘ဘိုးဘိုးရွှေအကတော့ ဒီလို ဖွံ့ဖွံ့ထွားထွား ကြံ့ကြံ့ခိုင်ခိုင် မိန်းကလေးတွေကို သေချာပေါက် သဘောကျမှာပဲ... ငါ ငယ်ငယ်ကတည်းက သန်မာကြံ့ခိုင်တဲ့ မိန်းကလေးတွေကသာ အလှဆုံးလို့ သူ သင်ပေးခဲ့တာ’
သူ ဤသို့ တွေးနေစဉ် အနောက်နတ်မင်းသည် အဝတ်အစားအသစ်များဖြင့် ပြန်ထွက်လာ၏။ သူမကို ကြည့်ရင်း ချင်မူမှာ မျက်လုံးများ တောက်ပလာပြီး ကြိတ်တွေးလိုက်မိသည်။ ‘ဒီလောက်ချစ်စရာကောင်းတဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါး တကယ် ရှိသေးတယ်လား’