အကန့်အသတ်မဲ့ တာအို ... ။
Vol. 148 Ch. 2071
နှစ်ရက် အကြာတွင် လင်းယွန်က ဖီးနစ်သစ်ပင် အောက်၌ မျက်လုံး မှိတ်ထားဆဲ ဖြစ်သည်။
အနက်ရောင် ပန်းတစ်ပွင့်သည် သူ့တင်ပါးအောက်၌ ဖြစ်ပေါ်နေ၏။ ပန်းပွင့်၏ အတွင်း အလွှာတွင်၊ ပွင့်ချပ် (၃၀)ရှိပြီး သဘာဝ သူတော်စင် ရူရ်များ ဖုံးလွှမ်းနေသည်။
ပထမ ပြင်ပ အလွှာတွင် ပွင့်ချပ် (၉၀)၊ ဒုတိယ ပြင်ပ အလွှာတွင် ပွင့်ချပ်ပေါင်း (၁၈၀) ပါရှိ၏။ ဤသည်မှာ ပြီးပြည့်စုံသော ငရဲပန်း ဖြစ်သည်။
လင်းယွန် ထိုင်နေရာ အရပ်သည် ပန်းနှလုံးသား၌ ဖြစ်ပြီး၊ ပန်းပွင့်လာသော အခါတွင် သူ့အသွင်မှာ တဖြည်းဖြည်း ထင်ရှားလာသည်။
ယင်းသည် ဓားတစ်လက်အား ဆွဲထုတ်ခြင်းနှင့် တူ၏။ ထက်ရှသော ရောင်ဝါ အောက်တွင် မျက်လုံးများ ပွင့်လာသည်။
ငရဲပန်းက အသက်ရှူ ထုတ်လိုက် သကဲ့သို့၊ အနက်ရောင် အခိုးအငွေ့များ ပေါက်ကွဲ ပျံ့ကျဲ လာသည်။
ပွင့်ချပ်များက ဝတ်ဆံဖိုများ အဖြစ် ဖွဲ့စည်းကာ၊ ငရဲပန်း တစ်ပွင့်စီ ထပ်မံ ပွင့်ဖူး လာစေ၏။ ထိုပန်းများတွင် ပွင့်ချပ်ပေါင်း (၃၀၀)ပါ ရှိသည်။
“ အသွင် ပြောင်းပြီ ... ။ ”
အတွေး တစ်ချက်ဖြင့် ငရဲ သူတော်စင် တံဆိပ်အား ဖန်တီးလိုက်၏။ ပန်းများ ပေါက်ကွဲ ကုန်ပြီး၊ ပွင့်ချပ် ရေအိုင်ကြီး အဖြစ် ဖွဲ့တည်ကာ၊ ပတ်ဝန်းကျင် အပေါ် ဝိညာဉ် စွမ်းအင်များ ထောက်ပံ ပေးသည်။
နိဗ္ဗာန် ရောင်ဝါကို ဖြန့်ကျက်လျက် အရိယာ ဓားသုတ္တန်အား ဖြန့်ချီ လိုက်၏။ နိဗ္ဗာန် ရောင်ဝါ များမှာ၊ ငရဲ စွမ်းအင် အဖြစ်သို့ ပြောင်းလဲ ကုန်သည်။
ငရဲ သူတော်စင် တံဆိပ်သည် ဆယ်ကြိမ် အထိ အဆင့် မြှင့်တင်နိုင်ပြီး၊ ရေကန်မှ ပင်လယ် အဖြစ် ပြောင်းလဲ နိုင်၏။
ပန်းတစ်ပွင့် စီသည် သုံးမကုန်သော စွမ်းအင်များ ဖြစ်လာသည်။ သူ့ဆံပင်များ ကိုပင် တဖျပ်ဖျပ် ခတ်လာသည် အထိ ရောင်ဝါ ပြင်းထန်၏။
လင်းယွန်က ပန်းပင်လယ် ပေါ်တွင် ထိုင်နေသည်။ အနက်ရောင် အလင်းများ ဖုံးအုပ်လျက် ငရဲမှ လာသော နတ်ဘုရား တစ်ပါးအလား ထင်မှားစေ၏။
အဆုံးတွင် အရိယာ ဓားသုတ္တန်အား ပြီးပြည့်စုံသော ကျွမ်းကျင်မှု ဆီသို့ ရောက်ရှိ သွားချေပြီ။
လက်ကို မြှောက်လိုက်သော အခါတွင်၊ အိုင်းရစ် သူတော်စင် တံဆိပ် ပွင့်လာပြီး ပန်း ပင်လယ်ကြီးက နံရံသဖွယ် သူ့နောက်၌ ဖြစ်တည် လာ၏။
“ ရွှပ် ... ။ ”
နတ်ဘုရား ပုံရိပ်ယောင်ဓားကို တောက်ထုတ် လိုက်သောအခါ ဓားရောင်ဝါ သုံးထောင် ပျံထွက် သွားသည်။
ဓားရောင်ဝါတိုင်းက လမ်းကြောင်း ပေါ်ရှိ သက်ရှိ ရုပ်သဏ္ဍာန်များ အားလုံးကို ငြိမ်းသတ် သွားခဲ့သည်။
စွမ်းအင်နှင့် ဓား ရည်ရွယ်ချက်အား ပေါင်းစပ်ခြင်းဖြင့်၊ ကောင်းကင်ကို ဖောက်ထွင်း ဝင်ရောက် ပျောက်ကွယ် သွား၏။
မိုးပြာ မူလ အမည်ခံ သူတော်စင်ပင် ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရန် အခက်အခဲ ရှိလာ နိုင်ပေမည်။
ကြယ်ဓားသည် သူတော်စင် ရောင်ဝါကို မခွဲထုတ် နိုင်သော်လည်း ငရဲ စွမ်းအားသည် ၎င်းရောင်ဝါအား တိုက်စား နိုင်သည်။
ထို့ကြောင့် ငရဲစွမ်းအင်ကို ကြယ်ဓားဖြင့် ပေါင်းစပ်ပြီးနောက်၊ သူတော်စင် ရောင်ဝါအား ဖြေရှင်းနိုင်ပြီ ဖြစ်သည်။
လင်းယွန်က ရုတ်တရက် ထရပ် လိုက်ရာ ပန်းပင်လယ်ရှိ ပန်းပွင့် သုံးထောင်က သူ့လက် နောက်သို့ ဝင်လာသည်။
လက်ညှိုးကို လက်မဖြင့် ထိန်းလိုက်စဉ် ပန်းပင်လယ်ကြီးက စကြာဝဠာ တွင်းနက်ကြီး အလား လည်ပတ် သွား၏။
နတ်ဘုရား ပုံရိပ်ယောင်ဓား ဟူသည် အထွတ် အထိပ်သို့ ရောက်သည့် အခါ လက်ညှိုး တစ်ချောင်းဖြင့် ကြယ်တစ်လုံးအား ဖျက်ဆီး ပစ်နိုင်သည်ဟု ဖော်ပြ ထား၏။
၎င်းသည် ယခင်က ချဲ့ကားမှု ဟုသာ ထင်ခဲ့ပြီး၊ ယခုမူ ဖြစ်နိုင်ချေ ရှိ၏။ အတွေးဖြင့် မိုင်တစ်ရာ အကွာရှိ ကျောက်တောင်ကြီး တစ်လုံးထံ ပစ်ထည့် လိုက်သည်။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
တောင်ကြီး တစ်ခုလုံး ဖုန်မှုန့် အဖြစ် ပေါက်ကွဲသွား၏။ ယင်းကြောင့် လင်းယွန် ခမျာ အံ့အားသင့် လာသည်။
ပြေးထွက် သွားသော ဓားအလင်း၏ အရှိန်ကို သူပင် လိုက်မမီချေ။ လက်ညှိုးအား လွှတ်လိုက် သည်နှင့် ကျောက်တောင်ကြီး ပျက်စီး သွားသည်။
သူ့နောက်ရှိ ပန်းပင်လယ် သည်လည်း အနည်းငယ် မှိန်ဖျော့ဖျော့လျက် နဖူး၌ ချွေးများ ထွက်နေခဲ့၏။
ခေါင်းမော့ကြည့် လိုက်သော အခါတွင်၊ အစီရင်များ ပါဝင်သည့် ငရဲပန်းကြီး တစ်ပွင့် သူ့ခေါင်းထက်၌ ဖြစ်ပေါ်နေ၏။
“ ဒါက တော်ဝင် ဓားကျမ်းနဲ့ ဆက်စပ် နေမလား။ ”
အစီရင်ပေါ်ရှိ ရူရ်များကို သူ နားမလည် နိုင်သော်လည်း ၎င်းမှာ တော်ဝင် ဓားကျမ်းနှင့် သက်ဆိုင် သည်ဟု ခံစား မိ၏။
“ ဟမ့် ... နင် ဘာလုပ် နေတာလဲ၊ ဘာလို့ ငါ့နေရာကို ဖျက်ဆီး ရတာလဲ။ ”
ရုတ်တရက် ခရမ်းငယ် ရောက်လာပြီး၊ သဘာဝ အတိုင်း ထိတ်လန့် တုန်လှုပ် သွား၏။ လင်းယွန်က ရှက်ရွံ့စွာဖြင့် ကောင်းကင်မှ ငရဲပန်းကို ချက်ချင်း ရုတ်သိမ်း လိုက်သည်။
“ ငါ့ရဲ့ အဖိုးတန် သစ်ပင်ကို ... မထိခိုက် ခဲ့တာ ကံကောင်းတယ်မှတ် .. မဟုတ်ရင် နင့်ကို ငါသတ်ပစ်မယ်။ ”
ဖီးနစ် သစ်ပင်သည် သူမ အတွက် များစွာ အဓိပ္ပါယ် ရှိ၏။
“ နင် ... အောင်မြင်မှု ရပြီလား။ ”
လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။ ငရဲပန်းကို သန့်စင်ပြီးနောက် သူ့ကျင့်ကြံမှုသည် နိဗ္ဗာန်-အဋ္ဌမမြောက် အသွင် ကူးပြောင်းမှုသို့ ရောက်ရှိလာ၏။
သို့တိုင် အမည်ခံ သူတော်စင် တစ်ပါးကို ရင်ဆိုင်ရန် နိုင်ခြေ နည်းပါး နေသေး လေရာ မပျော်နိုင်ချေ။
နိဗ္ဗာန်-နဝမ အသွင် ကူးပြောင်းရေး အဆင့်သို့ ရောက်ရှိ လျှင်ပင်၊ အဖြေမှာ အတူတူ ဖြစ်သည်။
“ ထိုင် ဦး ... ။ ”
ခရမ်းငယ်မှ လင်းယွန်အား ဆွဲချ လိုက်ပြီး၊
“ နင်က နိဗ္ဗာန်-အဋ္ဌမမြောက် အသွင် ကူးပြောင်းမှု ရောက်ပြီး ဆိုတော့ ... သူတော်စင် နယ်ပယ်နဲ့ တစ်လှမ်း နီးကပ်လာပြီ ... ၊ ဒါကြောင့် ငါ ပြောစရာ ရှိတယ်။ ”
ခရမ်းငယ်၏ လေးနက်သော အမူအရာကြောင့် လင်းယွန်မှ ထိုင်ချလိုက် လေသည်။
လင်းယွန် အတွက် စိုးရိမ်သဖြင့်၊ သူမ သိထားသော သူတော်စင်နှင့် ပတ်သက်သည့် အချက်အလက် အချို့ကို မျှဝေလိုခြင်း ဖြစ်သည်။
“ ငါ ... မေးပါရစေ ... ၊ သူတော်စင်လမ်း ဆိုတာ ဘာလဲ နင် သိလား၊ ကျင့်ကြံသူ တိုင်းက သူတော်စင် လမ်းကို ရောက်ဖို့ ... ရည်မှန်း ကြတယ်၊ ဘာလို့လဲ ဆိုတော့ သူတော်စင် တာအိုက ကမ္ဘာသစ် တစ်ခုမို့ပဲ၊ ...
... တနည်းအားဖြင့် သူတော်စင် တာအို ဆိုတာ လောကကြီး အလုပ်လုပ် ပုံပဲ၊ ပန်းတွေ ပွင့်မယ် ညှိုးနွမ်းမယ်၊ ခေတ်တွေ ဖြစ်ပေါ် လာမယ် ပျက်စီးမယ်၊ ...
... ဒီလိုပဲ အာကာသနဲ့ အချိန်တောင် သတ်မှတ်ထားတဲ့ ဥပဒေ အတိုင်း လိုက်နာပေး ရတယ်၊ မီးလောင်ခြင်း၊ ရေစီးခြင်း၊ လေတိုက်ခြင်းနဲ့ ...
... သစ်ရွက် ကြွေကျခြင်း တို့လို ... ရိုးရှင်းလှတဲ့ အရာတွေတောင် သတ်မှတ် ဥပဒေ အတိုင်း ဖြစ်ပျက်ရတယ် ... ၊ ဒါတွေ အားလုံးကို သဘာဝ တရားရဲ့ နိယာမ အဖြစ် သတ်မှတ်ပြီး သူတော်စင်များသာ နားလည် နိုင်တယ်။ ”
ခရမ်းငယ်က နေ့တစ်ဝက် ကြာအောင် ရှင်းပြပြောဆိုခဲ့သည်။ သူမသည် အရာအားလုံး သိနေပုံရပြီး၊ လောကကြီး၏ နိယာမ တိုင်းကို ရှင်းရှင်း လင်းလင်း နားလည်လာ စေ၏။
ဤအချင်းအရာ များကြောင့်၊ လင်းယွန် တစ်ယောက် ရုတ်တရက် ဉာဏ်အလင်း ရရှိပြီး ဓားပင်လယ်ပြင်၌ ရွှေရောင်များ တောက်ပ ပေါ်လွင် လာသည်။
သူမ၏ စကားများတွင် တာအို စည်းချက် ပါရှိ၏။
“ ခံစားရတာ အရမ်း ကောင်းတယ်။ ”
“ ဟုတ်တယ် ... အဲဒီတုန်းက သခင် တာအိုတရား ဟောတာ နားထောင် နေကြတဲ့ လူတွေ အနားမှာ ရွှေကြာပန်းတွေ မြေပြင်ကနေ ပေါက်လာတာ ငါမြင်ဖူးတယ်၊ နင့် နောက်ကို ကြည့်လိုက်။ ”
သူမ စကား အတိုင်း လင်းယွန် လှည့်ကြည့်ရာ ကြာပန်း (၁၃)ပွင့် ရှိနေသည်ကို မြင်လိုက်ရ၏။
ကြာပန်း တစ်ပွင့် စီတွင် မတူညီသော စည်းချက်များ ပါရှိသည်။ ၎င်းတို့သည် သူ့အား ရင်းနှီးစေ၏။
ကြာပန်းများကို ထိရန် လက်လှမ်း လိုက်သောအခါ ကွဲကြေ သွားတော့သည်။
“ ဒါက ဘာတွေလဲ ... ။ ”
“ သူတို့က ... နင် နားလည် သွားတဲ့ သူတော်စင် တာအိုတွေ၊ ဒါပေမယ့် သူတော်စင် လမ်းကို မရောက်သေးတဲ့ အတွက် ကိုင်တွယ်လို့ မရဘူး၊ မရဏ မူလ အမည်ခံ သူတော်စင် အဆင့်ကို ရောက်ရင် ထိကိုင်နိုင် လိမ့်မယ်။ ”
ခရမ်းငယ်မှ ရှင်းပြ လာသည်။
“ မရဏ မူလ အဆင့် ရောက်ပြီးမှ သူတော်စင် တာအိုကို ... ငါ နားလည်မှာလား။ ”
“ မှန်တယ် ... ဒါကြောင့် ဖုန်ရှောက်ယွီက ဝက်ခေါင်း ဖြစ်နေရင် တောင်မှ ... သူ့ကို လျှော့ မတွက်နဲ့ ... ။ ”
လင်းယွန်မှ ရယ်၏။ ခရမ်းငယ် ရည်ညွှန်း စကားကို ဖုန်ရှောက်ယွီ ကြားခွင့်ရပါက ရူးသွား ပေလိမ့်မည်။
လင်းယွန် ရယ်နေ သည်ကို မြင်ချိန်၌ ခရမ်းငယ်မှ သူ့စကားအား ပြန်ပြင် လိုက်သည်။
“ ဒါက ... ငါ ဥပမာ ပေးလိုက်တာပါ၊ ဘာပဲဖြစ်ဖြစ် သူမှာ သခင်ငယ် ဖြစ်လာရတဲ့ အကြောင်းရင်း ရှိရမယ်။ ”
“ အဆင် ပြေပါတယ် ... ဆက်ပြော။ ”
“ နိဗ္ဗာန် ရောင်ဝါတွေကို သူတော်စင် ရောင်ဝါအဖြစ် ပြောင်းလဲပြီး သွားရင်၊ တာအိုက သဘောတရား တွေကို လေ့လာ ရမယ်။ ”
“ ဒါနဲ့ တာအိုကို ... သာမန် တာအိုနဲ့ ထူးခြားသော တာအို ဆိုပြီး ခွဲခြားထားလား၊ အိုင်းရစ်ဓား သူတော်စင်က နိဗ္ဗာန် တာအိုဟာ အချိန်နဲ့ အာကာသ တာအိုတွေထက် အားကောင်းတဲ့ ထာဝရ တာအိုလို့ ...
... ပြောတာ ကြားဖူးတယ်၊ ဒါပေမယ့် ကံကြမ္မာ တာအိုက သူတို့ထက် စွမ်းထက် တယ်တဲ့။ ”
“ ဟုတ်တယ် ... ဒီကမ္ဘာပေါ်မှာ ထာဝရ တာအို ကိုးပါး ရှိတယ်၊ နိဗ္ဗာန်နဲ့ ကံကြမ္မာက ထာဝရ တာအိုပဲ၊ ကျန်တာတွေ ကတော့
... လောက တာအို၊ အချိန် တာအို၊ သစ္စာ တာအို၊ အာကာသ တာအို၊ ယင်-ယန် တာအို၊ မူလ ဖရိုဖရဲ တာအိုနဲ့ ... ဒြပ်စင် ငါးပါး တာအို ဆိုတဲ့ တာအိုတွေပဲ။ ”
“ ဓားတာအိုက ဘာလို့ ထာဝရ တာအို မဖြစ်ရတာလဲ။ ”
လင်းယွန်မှ မျက်မှောင်ကြုတ် လိုက်သည်။
“ ဓားတာအိုက အုပ်စိုးရှင် တာအို (၃၆)ပါး အနက်က တစ်ပါးပဲ၊ ဒါပေမယ့် အလားအလာက အကန့်အသတ် မရှိတာကြောင့် ...
... သူ့ကို ထာဝရ တာအိုနဲ့ အုပ်စိုးရှင် တအိုကြားက ‘ကြားအဆင့်’တာအို အဖြစ်လည်း သတ်မှတ် နိုင်တယ်။ ”
***