ပြင်းထန်သော တိုက်ပွဲတစ်ခု
Vol. 009 Ch. 832
ရီဖူရှင်းက သူ့ရှေ့မှ တိုက်ပွဲကို ကြည့်သည်။ နန်းတော်တပည့်များ အားလုံးက တစ်ဖက်ရန်သူ၏ ဝင်္ကပါကို ဖျက်ဆီးရန် အစွမ်းကုန် ကြိုးစား နေကြသည်။
သူတို့အားလုံးက တော်ဝင်ကျဲ နန်းတော်၏ အားသာချက် အားနည်းချက်များကို နားလည်ကြသည်။ အကယ်၍ မိမိတို့က တကွဲတပြား တိုက်ခိုက်ပါက သံသယရှိစရာ မလိုအောင်ပင် အလွယ် ရှုံးနိမ့်သွားမည် ဖြစ်သည်။ တစ်ဖက်ရန်သူက အရေအတွက်အားဖြင့် အသာစီးရထား၏။ သို့သော်လည်း သည်နေရာကား သူတို့၏နေရာဖြစ်ကာ နန်းတော်၏ တပည့်များကလည်း နောက်ဆုတ်စရာ မရှိပေ။ ယခု တိုက်ပွဲဝင် နေကြသူများ အားလုံးက ခိုင်မာသော စိတ်ဓာတ်များဖြင့် ဝင်္ကပါကို လေ့ကျင့်ထားကြသူများ ဖြစ်ကြသည်။
သို့သော်လည်း ရန်သူများမူကား ကွဲပြား ခြားနားပေသည်။ ကျောက်ပြည်ထောင်က သူတို့ ဒေသအတွင်းမှ အင်အားစုများကို လုံးဝဥဿုံ ထိန်းချုပ်နိုင်သော်လည်း ထိုအင်အားစုများက အမှန်တကယ်အားဖြင့် သေသေရှင်ရှင် ဟူသော စိတ်ဓာတ်မျိုးကို ပိုင်ဆိုင်ထားခြင်း မရှိကြပေ။ သူတို့က အမိန့်ကို နာခံနေကြခြင်းမျှသာ ဖြစ်ရာ ကျောက်ပြည်ထောင်၏ အဓိက အင်အားစုက ဖီးနစ်စစ်တပ် ဖြစ်နေဆဲဖြစ်သည်။
ကျောက်ပြည်ထောင်၏ စစ်တပ်ကား မြေရိုင်းပြည်နယ်ကဲ့သို့ စုစည်း ကျစ်လျစ်ခြင်း မရှိပေ။ ထို့ကြောင့် မိမိတို့က ရန်သူကို အန္တရာယ်ပေးနိုင်သော အခိုက်အတန့်ကပင် ကျောက်ပြည်ထောင်၏ ကျဆုံးခန်း သေချာပေါက် ဖြစ်လာမည်ဟု ရီဖူရှင်း ယုံကြည်သည်။ ထို့ကြောင့်ပင် စစ်ပွဲစကတည်းက သူတို့က ဝင်္ကပါလေးခုဖြင့် ရန်သူကို အပြင်းအထန် ထိုးခွင်း တိုက်ခိုက်ခြင်း ဖြစ်သည်။
သည်တိုက်ပွဲတွင် သူတို့အတွက် နောက်ဆုတ်စရာ မရှိပေ။ သူတို့က တစ်ကြိမ်တည်းဖြင့် ရန်သူ၏စိတ်ဓာတ်ကို ပျက်ပြား စေရပေမည်။
ကျောက်ပြည်ထောင် စစ်တပ်က သည်နေရာကို ရောက်လာသောအခါ သူတို့က တော်ဝင်ကျဲ နန်းတော်ကို အလုံးအရင်းဖြင့် အနိုင်ယူနိုင်မည်ဟု ယူဆခဲ့ကြသည်။ သူတို့ပထမဆုံး လုပ်ရမည်ကား ကျောက်ပြည်ထောင်မှ လူများ၏စိတ်ထဲကို အကြောက်တရားများ ရိုက်သွင်းရန် ဖြစ်သည်။
စစ်ပွဲအတွင်း၌ပင် သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ မည်သူကမှ အကြောက်တရား ကင်းမဲ့သည် မဟုတ်ပေ။
ယန်ကျန်း၏ မာန်သွင်းသံနှင့်အတူ သူ့ကို ဗဟိုပြုထားသော ဝင်္ကပါကလည်း စွမ်းအားများ ပေါက်ကွဲထွက်လာဟန် ရသည်။ သူ၏ခန္ဓာကိုယ်က အကန့်အသတ် ရောက်သည်အထိ ကြီးထွားသွားပြီး ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်ဖြင့် တိုက်ခိုက်သလို သူ၏နောက်မှ တန်ခိုးရှင်များကလည်း မှော်စွမ်းအင်များ ထုတ်လွှတ်ကာ တိုက်စစ်နှင့်ခံစစ် လုပ်ဆောင်ချက်များကို ဆောင်ရွက်ကြသည်။
ဘန်း…
ကျယ်လောင်သော အသံနှင့်အတူ ရွှေဖီးနစ်စစ်တပ်၏ ဝင်္ကပါကြီးက ကြေပျက် သွားသည်ကို ထိတ်လန့်ဖွယ် မြင်တွေ့ ကြရတော့သည်။ ဒေါမာန် ပြင်းထန်နေသော ယန်ကျန်းကား လူဝံနတ်ဘုရား တစ်ပါးလို ကောင်းကင်မှ ဆင်းသက်လာကာ ဝှေ့ယမ်း တိုက်ခိုက်သည်တွင် သူ့နောက်မှ တန်ခိုးရှင်များ ကလည်း ဖီးနစ်စစ်တပ်ထဲကို တစ်ဟုန်ထိုး ပြေးဝင် ရမ်းကား ကြတော့သည်။
“ဝင်္ကပါကို ပြန်တည်ပြီး သူတို့ကို သတ်…” ကျောက်ယို၏ အသံက ရေခဲတမျှ အေးစက်နေသည်။ သူကား ပြည်နယ်ကိုးခု ညီလာခံ၌ပင် မျက်နှာတစ်ကြိမ် ပျက်ခဲ့ရပြီးဖြစ်ကာ ယခု ယန်ကျန်းက တစ်ဖန် သူ့ရှေ့၌ ဟန်ရေး ပြန်ပြနေသည်။
ရွှေဖီးနစ်စစ်တပ်က ဖြန့်ကျက်ကာ ယန်ကျန်းတို့အဖွဲ့အား ဝိုင်းရံလိုက်ကြသည်။ ဖီးနစ်၏အတောင်ပံများမှ ဓားသွားများအလား သားမွေးများ ထွက်လာကာ မြေရိုင်းပြည်နယ်မှ လူများအား သွေးမြေခစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ယန်ကျန်း၏ နှင်တံရိုက်ချက်ကြောင့် ဖီးနစ်စစ်တပ်မှ များစွာသော တန်ခိုးရှင်များ တဝုန်းဝုန်း ပေါက်ကွဲ ပျောက်ကွယ်ကြရ၏။ မြင်ကွင်းကား ကြောက်မက်ဖွယ် ရက်စက် ကြမ်းတမ်းပေသည်။
ယိရှောင်ရှီ၏ တိုက်ခိုက်ရေး ဝင်္ကပါကလည်း ကျောက်ပြည်ထောင်၏ စစ်တပ်ထဲကို ရု့န်ရင်းကြမ်းတမ်းစွာ ဝင်ရောက် တိုက်ခိုက်တော့သည်။
ယခုကား သေရေးရှင်ရေး အချိန်အခါ ဖြစ်သည်။
နောက်တွင် ကိုးယောက် ဝင်္ကပါအဖွဲ့က စတင်၍ လှုပ်ရှားကြပြီ ဖြစ်သည်။ သူတို့က မြန်ဆန်စွာပင် လေဓာတ် သဘာဝများဖြင့် အစီအစဉ်တကျ ဖြန့်ကြက်ကြသည်။ ချက်ချင်းပင် သူတို့က ပုံရိပ်ယောင်များ အသွင်ဖြင့် အရပ်မျက်နှာ မျိုးစုံသို့ ရွေ့လျား သွားကြ၏။
ဓားရောင်များ ဝင်းလက် သွားသည်တွင် သွေးနီရောင်များ ထသွားသည်။ သူတို့၏ ရည်ရွယ်ချက်ကား နောက်မှ သတ်ဖြတ်ရန် ဖြစ်သည်။
လေထဲတွင် ကျောက်မင်က တိုက်ပွဲနေရာကို ကြည့်ပြီး အေးစက်စွာ ပြောသည်… “မင်းက အရေအတွက် နည်းနည်းနဲ့ ကျောက်ပြည်ထောင် စစ်တပ်ကို ဝန်းရံရဲတယ်… ဘယ်လောက် အတင့်ရဲ လိုက်သလဲ.. ရီဖူရှင်း… မင်းက နန်းတော် တပည့်တွေရဲ့ အသက်ကို စတေးနေတာပဲ…”
သူ၏အသံကား လေထုတစ်ခုလုံးကို တုန်ခါ လှုပ်ယမ်းသွားသည်။ ရီဖူရှင်းအနီးမှ လူများက ကျောက်မင်ကို ဓားသွားတမျှ ထက်ရှသော အကြည့်များဖြင့် ကြည့်ကြသည်။
အမှန်တကယ်အားဖြင့် ဤသို့သော နည်းဗျူဟာက အလွန် အားကောင်းပေသည်။ ကျောက်မင်ကလည်း ပုံမှန်အားဖြင့် ထိုအချက်ကို သိနားလည်ပေသည်။ သို့သော်လည်း သူကား တစ်ဖက်ရန်သူများ၏ စိတ်ဓာတ်ကို မသိမသာအားဖြင့် ချိုးနှိမ်ရန် ကြိုးစားခြင်းလည်း ဖြစ်သည်။ ရီဖူရှင်း၏ လူများက ရီဖူရှင်း၏ နည်းဗျူဟာကို သံသယ ဝင်လာသည်တွင် တိုက်ပွဲရလဒ်က သူတို့ဘက်ကို သေချာပေါက် ပြန်လည်၍ အလေးသာ လာနိုင်ပေသည်။
ရီဖူရှင်း၏ အကြည့်က ကျောက်မင်ထံကို ရောက်လာပြီးမှ သူက ရှေ့ကိုထွက်ကာ လေထဲ၌ တင်ပျဉ်ခွေ ထိုင်လိုက်သည်။
အလင်း တစ်ချက်နှင့်အတူ ကု့ချင်းဝိညာဉ် ပေါ်လာ၏။ ရီဖူရှင်းက စစ်မြေပြင်ကို ကြည့်သည်တွင် နန်းတော်၏ တပည့် အများအပြားက သေဆုံးနေသည်ကို မြင်ရ၏။ ထို့အပြင် တိုက်ပွဲကား ယခုမှ စတင်ခြင်းဖြစ်ကာ နောက်ထပ် များစွာသော လူများ သေကြရဦးမည် ဖြစ်သည်။
အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီးမှ ရီဖူရှင်းက ကု့ချင်းကို စတင်၍တီးခတ်သည်။
ကု့ချင်းသံစဉ်ကား ကျယ်လောင်ကာ အလွန်အမင်း စူးရှပေသည်။ တီးလုံးများက ပတ်ဝန်းကျင်ကို ပျံ့နှံ့သည်တွင် စစ်မြေပြင် တစ်ခုလုံးမှ ကြားကြရပေသည်။
သည်အချိန် ကာလတွင် သူသည်လည်း အလယ်အလတ် ရှီအဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူ၏ ကု့ချင်းပညာ ကလည်း အားကောင်းလာပြီး ဖြစ်၏။
ကု့ချင်းသံစဉ်က နားထောင်သူကို ပုံရိပ်ယောင်ကမ္ဘာထဲသို့ တိုက်ရိုက် ကျဆင်း သွားစေနိုင်ပေသည်။ တိုက်ပွဲ ကွင်းပြင်ထဲ၌ မြေရိုင်းပြည်နယ်မှ လူများကား အပြင်းအထန် တိုက်ခိုက် နေကြသည်။
ပုံရိပ်ယောင် ကမ္ဘာထဲတွင် ဝင်လုဆဲဆဲနေကား သွေးနီရောင် ထနေသည်။ စစ်သည်များက အသက်ပေးကာ ရန်သူများကို ချေမှုန်းကြ၏။ သူတို့အားလုံးတွင် တူညီသော ဦးတည်ချက် ရှိကြသည်။
စစ်သူကြီး အမိန့်တော်သံစဉ်ကား အကြီးအကဲချင်ထံမှ ရီဖူရှင်း လက်ဆင့်ကမ်း ရရှိခဲ့ခြင်းဖြစ်သည်။ ယခု ရီဖူရှင်းက ထိုသံစဉ်ကို ပိုမို၍ အဆင့်မြင့်အောင် မွမ်းမံထားပြီး ဖြစ်သည်။ ကု့ချင်းသံစဉ်က နားထောင်သူ၏ နှလုံးသားထဲအထိ စိမ့်ဝင်စေ၏။ ရီဖူရှင်းက မှော်စွမ်းအင်ကို လုံးဝသုံးထားခြင်း မရှိရာ သူက တိုက်ပွဲတွင် ပါဝင်သည်ဟု ပြော၍ မရပေ။ ကု့ချင်းသံစဉ်ကား နားထောင်သူ၏ စိတ်သဏ္ဌာန်ကိုသာ လွှမ်းမိုးစေသည်။
ထိုအခိုက်တွင် နန်းတော်၏ တပည့်များ အားလုံးက ရီဖူရှင်း၏ စိတ်ဓာတ်ခိုင်မာမှုကို ခံစားမိကြရသည်။ သူတို့ အားလုံးကလည်း သေဆုံးရန် ကြောက်ရွံ့ခြင်း မရှိကြတော့ပေ။
သူတို့အား ယခင်က ပြောခဲ့သလိုပင် နန်းတော် ရှိနေသရွေ့ သူရှိနေမည် ဖြစ်သည်။ နန်းတော် ကျဆုံးမည်ဆိုလျှင် သူသေဆုံးမှ ဖြစ်မည်။
ကု့ချင်းသံစဉ်၏လွှမ်းမိုးမှုအောက်တွင် တော်ဝင်ကျဲ နန်းတော်မှ တပည့်များက ပိုမိုပြင်းထန်စွာ တိုက်ခိုက်ကြသည်။ အထူးသဖြင့် ယန်ကျန်း၏ ရုန့်ရင်းကြမ်းတမ်းသော တိုက်ခိုက်မှုက အတားအဆီးမဲ့စေကာ သူရောက်ရာ နေရာတိုင်း၌ အလောင်းများ ပြန့်ကျဲစေ၏။ သူ၏ နှင်တံအောက်တွင် သိပ်မကြာသော အချိန်အတွင်း၌ပင် ကျောက်ပြည်ထောင်၏ လူတစ်ရာခန့် သေဆုံးသွားရပြီး ဖြစ်သည်။ သူ၏ရွှေရောင် ခန္ဓာကိုယ်ကလည်း ရန်သူများ၏ သွေးများဖြင့် ခြင်းခြင်းနီ နေသည်။
ယန်ကျန်း၏ တိုက်ပွဲ အားမာန်ကလည်း သူ့အပေါင်း အဖော်များကို ပိုမို အားတက်စေသည်။ သူတို့အတွက် သေခြင်းတရားကို ကြောက်ရွံ့သည် ဆိုသည့်တိုင် တစ်ဖက်မှလည်း ပြင်းထန်သော အားမာန်နှင့် စိတ်ဓာတ်တို့က သူတို့၏ သွေးများကို ပွက်ပွက် ဆူစေ၏။
နောက်ထပ် ကျယ်လောင်သော အသံတစ်သံနှင့်အတူ ရွှေဖီးနစ်စစ်တပ်မှ လူအများအပြား အသက်ပျောက် သွားကြရပြန်သည်။ ကျောက်ပြည်ထောင်၏ ဝင်္ကပါမှာလည်း တဖြည်းဖြည်းဖြင့် ပျက်စီး ယိုယွင်း လာတော့၏။
ကျောက်မင်နှင့် သူ့လူများ၏ အမူအရာများက သိပ်မကောင်းတော့ပေ။ မြေရိုင်းပြည်နယ်မှ လူများက တက်ညီလက်ညီ တိုက်ခိုက်နေသော အချိန်တွင် ကျောက်ပြည်ထောင်မှ လူများ၏ စွမ်းဆောင်ရည်က မပြောပလောက် တော့ပေ။ အချို့ကား တမင်ပင် နောက်မှာ ပုန်းအောင်း နေကြကာ တိုက်ခိုက်ရန် ကြောက်လန့် နေကြသည်။
ကျောက်မင်နှင့် သူ့လူများက ရီဖူရှင်းကို လှမ်းကြည့်ကြသည်။ ရီဖူရှင်း၏ ကု့ချင်းပညာက ထိုမျှ အားကောင်းမည်ဟု သူတို့ မထင်ထားကြပေ။ သာမန် ကု့ချင်းသံစဉ် တစ်ခုကပင် သူ၏လူများ၏ စိတ်နှလုံးကို ကြီးစွာ လွှမ်းမိုးနိုင်သည်။
“ဦးလေး… ဒီအတိုင်း ဆက်သွားရင် ဝင်္ကပါက ပျက်လိမ့်မယ်…” ထိုအခိုက်တွင် ကျောက်မင်၏ဘေးမှ တီးတိုးအသံ တစ်သံကို ကြားရသည်။ သူကား ကျောက်ဟောင် ဖြစ်ကာ ရှီနှင့်ရှန့်ထိုအဆင့်၌ ပါဝင်သူတစ်ယောက် ဖြစ်သည်။ သူကား ကျောက်ပြည်ထောင် ဘုရင်၏ အကြီးဆုံးသား ဖြစ်ပြီး အလွန် အားကောင်း၏။ ကျောက်ပြည်ထောင် ဘုရင်၏ ညီဖြစ်သော ကျောက်မင်က စစ်သူကြီးဖြစ်ကာ ကျောက်ဟောင်က လက်ထောက်စစ်သူကြီး ဖြစ်သည်။
“ကျုပ်တို့က ကု့ချင်းသံစဉ်ကို တားဆီးရမယ်…” ကျောက်ဟောင်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။
အကယ်၍ သူတို့က ရီဖူရှင်းကို သတ်ဖြတ်နိုင်လျှင် မြေရိုင်းပြည်နယ်က ခေါင်းဆောင် ကင်းမဲ့သွားပေမည်။
သို့သော်လည်း ရီဖူရှင်းအနီးတွင် များစွာသော ထိပ်သီး တန်ခိုးရှင်များရှိကာ လုပ်ကြံ သတ်ဖြတ်ရန် လွယ်ကူမည့် အနေအထား မရှိပေ။
“အင်း..” ကျောက်မင်က ခေါင်းညိတ်ကာ ပြောသည်… “သူ့ကို ဖိအား ပေးကြည့်လိုက်…”
“နားလည်ပါပြီ…” ကျောက်ဟောင်က ခေါင်းညိတ်ကာ သူ့နောက်ဘက်မှ လူများကို ကြည့်သည်။ သူက လက်ဝှေ့ယမ်း လိုက်သည်တွင် ရှီတန်ခိုးရှင် တစ်စုက ရှေ့ကို တက်လာကာ ရီဖူရှင်းကို အေးစက်စွာ ကြည့်ကြသည်။
ရွှေဖီးနစ် တစ်ကောင် ဖြစ်ပေါ်လာခြင်းနှင့်အတူ သူတို့က ရီဖူရှင်းထံသို့ ကြီးမားသော အမြန်နှုန်းဖြင့် ပျံသန်းလာကြ၏။ ရီဖူရှင်းနောက်မှ ယန်ဟောင်က တက်လာသည်။ သူ၏ရွှေရောင်ခန္ဓာက ဧရာမ ကြီးမားလာကာ ဖီးနစ်အား လက်သီးဖြင့် ထိုးသွင်းလျက် ကြေပျက်စေသည်။
သို့သော်လည်း ရွှေဖီးနစ် စစ်သူရဲများက ရီဖူရှင်းထံကို တိုးဝင်လာကြသည်။ ယန်ဟောင်က ရီဖူရှင်းအား ကြည့်သည်။ သူကလည်း တစ်ဖက် ရန်သူများ၏ ရည်ရွယ်ချက်ကို ရိပ်မိပေသည်။
ရီဖူရှင်းက ရပ်တန့်ခြင်း မပြုပေ။ သူက တစ်ဖက်မှ တက်လာသူများကို ကြည့်ပင် မကြည့်ဘဲ ကု့ချင်းကိုသာ ဆက်လက် တီးခတ်နေသည်။
မြေပြင်စစ်ပွဲ၌ မြေရိုင်းပြည်နယ်မှ ဝင်္ကပါသုံးခုမှာ တစ်ဖက်စစ်တပ်၏ ဝန်းရံခြင်းခံရသလို သူတို့၏စတုတ္ထမြောက် ဝင်္ကပါမူကား ကျောက်ပြည်ထောင် စစ်တပ်ကို ပြင်ပမှ လုပ်ကြံ သတ်ဖြတ်နေကြသည်။ ထိုအထဲတွင် ထင်းဆွေအိမ်တော်မှ လူများနှင့် မီးတောက် အင်ပါယာနန်းတော်မှ လူများပါဝင်သည်။ သူတို့အထဲ အားအကောင်းဆုံး လူများမှာ လီဖူတုဖြစ်သည်။
သူတို့ဖက်မှ လူအများအပြား သေကြသည်ကို မြင်လျင် ရီဖူရှင်းကလည်း စိတ်မသက်မသာ ခံစားရသည်။ သည်လူများက သူတို့အတွက် မဟုတ်ဘဲ မြေရိုင်းပြည်နယ် အတွက်… နန်းတော်အတွက်.. တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
***