ချင်းလင်လက်ဖက်ရည်ကိုဝန်းရံခြင်း! ဘယ်သူ့ကိုအထင်သေးနေတာလဲ? ၂
Vol. 25 Ch. 363
ဒါကြောင့်လည်း ချင်းလင်လက်ဖက်ရည်ကိုစောင့်ကြည့်ဖို့ဖြစ်လာသည်။
လက်ရှိ ဒီဖျော်ရည်အသစ်ကရေပန်းစားပြီး အလွန်နာမည်ကြီးနေသည်။ ဒါကိုမဖြေရှင်းရင် တဖြည်းဖြည်းနှင့် သူတို့စျေးကွက်ရှယ်ယာကိုဝါးမြိုသွားလိမ့်မည်။
ထို့ကြောင့် ပြည်နယ်စီရင်စုအတွင်းတွင် ထိုဘရန်းသုံးခု၏ကိုယ်စားလှယ်များ ခါတိုင်းလိုစုဝေးလိုက်ကြသည်။
သူတို့သုံးဦးမှာ Red Bull ကိုယ်စားလှယ်ယွီဖေး၊ Pulse ကိုယ်စားလှယ်ဖန်စန်းနှင့် East Roc အထူးဖျော်ရည်၏ကိုယ်စားလှယ်ရှစ်လဲ့တို့ဖြစ်သည်။
သူတို့သုံးဦးထိုင်ပြီးပြီးချင်း Pulse ကိုယ်စားလှယ်ဖန်စန်းက_ ''ဥက္ကဌယွီ... ချင်းလင်လက်ဖက်ရည်ကုမ္ပဏီက အခုတလောအရမ်းအလုပ်ဖြစ်နေတယ်... စန်ဖန်း ၇ လမ်းကြားတဝိုက်မှာ ငါတို့အော်ဒါတွေကျလာတယ်''
ရှစ်လဲ့ကမျက်မှောင်ကြုတ်ပြီး_ ''ဒီချင်းလင်လက်ဖက်ရည်က နည်းနည်းတော့မယုံချင်စရာပဲ... ဘာလို့ရုတ်တရက်ကြီး အရမ်းနာမည်ကြီးလာတာလဲ? လူတွေအငိုက်မိသွားတာ... နောက်ပြီး ဒီနောက်ကွယ်ကချင်းလင်အစားအသောက်ကုမ္ပဏီဆိုတာကလည်း လုံးဝမယုံနိုင်စရာကောင်းတယ်... အရင်ချင်းလင်ဆော့ထွက်တုန်းက ထိပ်တန်းဘရန်း ၁၀ ခုကိုမဟန်အောင်လုပ်ခဲ့တာ''


Red Bull ကိုယ်စားလှယ်ယွီဖေးက နှာခေါင်းရှုံ့လိုက်ပြီး_ ''ငါစစ်ဆေးပြီးပြီ... သူတို့ကံကောင်းသွားတာ... တိုက်တိုက်ဆိုင်ဆိုင် ဦးနှောက်မရှိတဲ့အင်တာနက်ဆယ်လီက ချင်းလင်ဆော့ကိုနာမည်ဖျက်ပြီး အင်တာနက်တစ်ခုလုံးသိအောင်လုပ်ပစ်လိုက်တာ... နောက်ဆုံး ချင်းလင်ဆော့က ထိပ်တန်းဘရန်း ၁၀ ခုထက်ပိုကောင်းမှန်း အားလုံးသိသွားကြတယ်... အဲဒါကြောင့် ထိပ်တန်းဘရန်း ၁၀ ခုက ဘာမှမတတ်နိုင်တာ''
''အခုကမတူဘူး... မင်စီရင်စုရဲ့ပြည်နယ်မြို့တော်အားဖြည့်ဖျော်ရည်စျေးကွက်မှာ ငါတို့နောက်ဆုံးပြောစရာရှိသေးတယ်... အရင်အတိုင်း ချင်းလင်လက်ဖက်ရည်ကိုဝန်းရံပြီး ဖိနှိပ်တဲ့နည်းကိုသုံးလိုက်ရုံပဲ... သူတို့ကိုယ်စားလှယ်မှာ တို့နဲ့လိုက်ဖြုန်းဖို့ ငွေအင်အားမရှိဘူး''
ကျန်နှစ်ယောက်က ခေါင်းညိမ့်လိုက်ကြသည်။
သူတို့အတွက်နည်းလမ်းဟောင်းက လက်လီရောင်းချသူများကိုဝင်ခွင့်ပေးပြီး သူတို့ဖျော်ရည်ကိုရောင်းရင်ဝင်ငွေပိုကောင်းတဲ့အကြောင်း ထိုလက်လီရောင်းချသူများကိုသိစေခြင်းပင်။
တစ်ချိန်တည်းမှာ ကုမ္ပဏီသုံးခုက လက်လီရောင်းချသူများထဲမှတစ်ဦးစီကို ရွေးချယ်ဖို့လည်းသတိပေးသည်။ သူတို့ထုတ်ကုန်သုံးခုကိုရွေးရင် ချင်းလင်လက်ဖက်ရည်ကိုမရွေးရ။ ချင်းလင်လက်ဖက်ရည်ကိုရွေးရင် သူတို့ကိုယ်စားပြုထားသောထုတ်ကုန်သုံးခုကိုရွေးချယ်ဖို့မေ့လိုက်ဟူ၍။
သုံးယောက်တစ်ယောက်အခြေအနေနှင့်ရင်ဆိုင်ရလျှင် ထိုလက်လီရောင်းချသူများက ဘယ်ဟာကိုရွေးရမလဲသိမည်။
ချင်းလင်လက်ဖက်ရည်ကိုယ်စားလှယ်အတွက်မူ ရွေးချယ်စရာမရှိပေ။ လက်လီရောင်းချသူတွေကိုပိုက်ဆံပေးပြီး သူတို့နှင့်ယှဉ်နိုင်ကယှဉ်။ သုံးစရာပိုက်ဆံမရှိလျှင် အရှက်ရပြီးမှေးမှိန်ပျောက်ကွယ်သွားဖို့သာရှိသည်။
သူတို့သုံးယောက်မှာ ချင်းလင်လက်ဖက်ရည်၏ အာနိသင်နှင့်နောက်ခံကို လုံးဝမသိကြ။ မဟုတ်ရင် ဒီလိုအကြမ်းနည်းနှင့် ချင်းလင်လက်ဖက်ရည်ကိုဖိနှိပ်နိုင်သည်ဟုတွေးမည်မဟုတ်ချေ။
သို့ရာတွင် သူတို့သုံးယောက်ဆုံးဖြတ်ချက်ချပြီးနောက် သူတို့ဖုန်းများထုတ်၍တပြိုင်တည်းဖုန်းဆက်လိုက်ကြသည်။
…
စန်ဖန်း ၇ လမ်းကြားမှာ မင်စီရင်စုတွင် ရှုမျှော်ခင်း 5A နေရာဖြစ်သည်။ ပြည်နယ်မြို့တော်တွင် လူအစည်ဆုံးနေရာတစ်ခုလည်းဖြစ်သည်။ ထို့အတူပင် ဝမ်ရန်၏မိန်းမလှတပ်ကလည်း ချင်းလင်လက်ဖက်ရည်ကြော်ငြာထွက်နေလေသည်။
ချန်ချွမ်းကျန်းမှာ စန်ဖန်း ၇ လမ်းကြားဘေးတွင် မိသားစုစူပါမားကတ်ကြီးကြီးဖွင့်ထားသည်။ စန်ဖန်း ၇ လမ်းကြားမှခရီးသည်များတွင် စီးပွားကောင်းကောင်းရှိတတ်ကြသည်။
ချွေးတလုံးလုံးနှင့်လူငယ်လေးငါးဦး ဆိုင်ထဲဝင်လာသည်။
သူတို့ထဲမှတစ်ယောက်က_ ''ဆိုင်ရှင်... ချင်းလင်လက်ဖက်ရည်ဆိုတာများရှိလား? တခြားဆိုင်နှစ်ဆိုင်သွားတာ အကုန်ရောင်းကုန်သွားပြီတဲ့''


ချန်ချွမ်းကျန်းကအပြုံးနှင့်ချက်ချင်းပြောလိုက်သည်_ ''ရှိတယ် ရှိတယ်... ဒီရာသီဥတုနဲ့ရေခဲမရှိဘူး... အကုန်ဘယ်ဘက်ထောင့်မှာ... တစ်ပုလင်း ၇ ယွမ်''
လူငယ်များကချက်ချင်း ဘယ်ဘက်ထောင့်ကိုလျှောက်သွားသည်။ သူတို့က ချင်းလင်လက်ဖက်ရည်တစ်ပုလင်းစီနှင့်မုန့်တချို့ယူလိုက်ကြသည်။
ဦးဆောင်လာသောလူငယ်က ငွေရှင်းကောင်တာရောက်လျှင်_ ''ဆိုင်ရှင်... ကြိုးကြာဝါနှစ်ထုပ်ရော''
''ဟုတ်ပြီ'' ချန်ချွမ်းကျန်းကပြုံးပြီး လူငယ်အတွက်ကြိုးကြာဝါစီးကရက်နှစ်ထုပ်ယူလိုက်သည်။ လူငယ်များကငွေရှင်းပြီးထွက်သွားသောအခါ သက်ပြင်းမချဘဲမနေနိုင်တော့။ ဒီချင်းလင်လက်ဖက်ရည်က တကယ်ရောင်းရလွယ်တာပဲ။
သူ့သားကတောင် Red Bull မသောက်တော့ဘူး။ ချင်းလင်လက်ဖက်ရည်ပဲသောက်တော့မယ်လို့ပြောနေပြီ။ ဆရာက PE ချိန်မှာ မီတာ ၄၀၀ ပြေးခိုင်းမှာ လုံးဝမကြောက်တော့။
အရင်မိန်းမလှလေးမစ္စကျန်းလာကြော်ငြာတော့ သူကစမ်းကြည့်ချင်ရုံသက်သက်သာ။ အခုတော့ သူ့ဆိုင်မှာရောင်းအကောင်းဆုံးဖျော်ရည်ဖြစ်လာပြီ။
နောက်ပြီး ဖျော်ရည်၏အမြတ်တင်မက။ လူငယ်များက ချင်းလင်လက်ဖက်ရည်၊မုန့်များနှင့်ကြိုးကြာဝါနှစ်ထုပ်ပါဝယ်သွားသလိုပင်။
ဒါကလည်း ချင်းလင်လက်ဖက်ရည်၏လူဝင်မှုအကျိုးအမြတ်ပင်။
ချင်းလင်လက်ဖက်ရည်မရှိဟုပြန်ပြောခဲ့လျှင် လူငယ်တွေကနောက်တစ်ဆိုင်ကိုထွက်သွားမှာ ရှင်းနေသည်။ သူ့ဆီကမုန့်နှင့်စီးကရက်များဝယ်မည်မဟုတ်ပေ။
ဒီလိုနာမည်ကြီးထုတ်ကုန်မျိုးကိုပြင်ဆင်ထားရသည်။ မဟုတ်ရင် လူဝင်မှုကိုသက်ရောက်မှုရှိသွားလိမ့်မည်။ ကိုယ့်ဆိုင်မှာမရှိရင် သူများဆိုင်တွေလောက်လူမများနိုင်။ ဒါဆိုရင် စီးပွားရေးလုံးဝကောင်းမည်မဟုတ်ပေ။
ဒီလက်ဖက်ရည်ထုတ်နိုင်စွမ်းက သိပ်မရှိသဖြင့် အော်ဒါကချက်ချင်းရောက်မလာနိုင်။ အခုသူမှာထားသောပါကင် ၃၀ မှာကုန်လုပြီ။ အရင်ကများများမမှာခဲ့တာ နောင်တရမိသည်။
တစ်ဖက်မှာ Red Bull၊ Pulse နှင့် East Roc အော်ဒါကိုလျှော့မှာရမည်။ သူတို့က အရင်လောက်ရောင်းမကောင်း။
ချန်ချွမ်းကျန်းတွေးတောနေစဉ် ရုတ်တရက်ဖုန်းဝင်လာသည်။ နံပါတ်ကို 'Red Bull ပစ္စည်းပို့'ဟု မှတ်ထား၏။ Red Bull တင်သွင်းသူပင်။
ချန်ချွမ်းကျန်းကဖုန်းကိုင်လိုက်ရာ အသံကကဆုန်ပေါက်ဝင်လာသည်_ ''ဟယ်လို... လူကြီးမင်းချန်... ခင်ဗျားအတွက်သတင်းကောင်းရှိတယ်... အခုကစပြီး Red Bull က ခင်ဗျားရဲ့လက်လီအရောင်းအတွက် တစ်ယွမ်နှုန်းပေးတော့မှာပါ''
ထိုသတင်းကြားသောအခါ ချန်ချွမ်းကျန်းပြုံးလိုက်သည်။ Red Bull က သူ့ကိုလုံးဝအသာစီးပေးနေပြီ။ ကြည့်ရတာ ချင်းလင်လက်ဖက်ရည်ရဲ့ခြိမ်းခြောက်မှုကိုသိတဲ့ပုံပဲ။
သို့သော် တစ်ဖက်လူဆက်ပြောလိုက်သောစကားကြောင့် သူကြောင်သွားသည်_ ''လူကြီးမင်းချန်... ကျွန်တော်တို့ Red Bull ရဲ့အကျိုးအမြတ်ကိုသဘောကျရင် ကျွန်တော်တို့ Red Bull နဲ့တစ်ဖက်တည်းရပ်တည်ရပါမယ်... သဘောက ချင်းလင်လက်ဖက်ရည်နဲ့ ကျွန်တော်တို့ Red Bull ကို တစ်စင်တည်းထားခွင့်မပြုပါဘူး''
ထိုစကားများကြောင့် ချန်ချွမ်းကျန်းအံ့ဩသွား၏။ Red Bull က ဘယ်လိုကျဉ်းထဲကြပ်ထဲရောက်အောင်လုပ်နေတာလဲ?
ထိုအချိန်မှာပဲ Pulse နှင့် East Roc အထူးဖျော်ရည်တို့မှဖုန်းများဆက်တိုက်ဝင်လာသည်။ သူတို့ကလည်း သူတို့လက်လီရောင်းချသူများကိုလျှော့စျေးပေးမည်၊ သို့သော် တောင်းဆိုချက်ကလည်း သည်အတိုင်းပင်။
ချင်းလင်လက်ဖက်ရည်ကို စင်ပေါ်မတင်ရတဲ့။