ခွေးထက်ဆိုး! လျိုယီရဲ့တောင်းဆိုချက်! ၂
Vol. 25 Ch. 373
''ခွေးနာမည်ဝမ်ချိုင်ပါ... သူဌေးနဲ့ရန်ဖြစ်ပြီး သူဌေးပေးတဲ့အစားအစာကိုမစားချင်ပါဘူး... သူ့ကိုယ်ပိုင်ခွေးစာအတွက် ဝင်ငွေရှာချင်လို့ပါ... တစ်ပဲနိပေးပြီး ဓာတ်ပုံအတူရိုက်နိုင်ပါတယ်!''
ဒီခွေးကပိုက်ဆံလိုချင်တယ်တဲ့။
ဒါပေမဲ့ ခွေးက သူဌေးနဲ့ရန်ဖြစ်ထားတယ်ဆိုတာ ဘာသဘောလဲ?
သူဘယ်တုန်းက ခွေးနဲ့ရန်ဖြစ်လို့လဲ?
သူကခွေးနဲ့သွားပြီး ရန်ဖြစ်ရမှာလား?
ဒါပေမဲ့ ခွေးရဲ့မျှော်လင့်တကြီးမျက်လုံးတွေကိုကြည့်လိုက်ရင် အခြေအနေကောင်းတာအသိသာကြီး။
ပိုက်ဆံတောင်းတယ်ဆိုတဲ့အဓိပ္ပါယ်ကို ခွေးတွေကမသိတတ်။ သို့သော် သင်ပေးလျှင် ခွေးလိုတိရစ္ဆာန်တွေက တချို့အရာများတွင်ပါဝင်လုပ်ဆောင်နိုင်သည်။
ခွေးကဉာဏ်ကောင်းလေလေ ပိုကစားချင်လေလေပင်။ သူ့သခင်ကိုသူနှင့်ကစားပေးဖို့ မကြာခဏကပ်တတ်သည်။
ဒါကြောင့်လည်း လူတွေက သူတို့ခြေထောက်နား ဖိနပ်သယ်လာပေးဖို့ ခွေးကိုသင်ပေးရတာ သဘောကျခြင်းဖြစ်သည်။ ခွေးများအတွက်တော့ သူတို့သခင်နှင့်ဆော့ခြင်းပင်။


သတိပေးသည်အနေနှင့် စွတ်ဖားဆွဲခွေးတစ်ကောင်က အိမ်ကိုဖျက်ဆီးနေသည်ကိုတွေ့လျှင် ပြင်းပြင်းထန်ထန်ရိုက်ပေးရသည်။
ဆူရုံသာဆူပြီး ပြင်းပြင်းထန်ထန်မရိုက်လျှင် သူ့ပိုင်ရှင်က သူနှင့်ဆော့နေသည်ဟုထင်သွားလိမ့်မည်။
ထို့ကြောင့် စွတ်ဖားဆွဲခွေး၏မျက်လုံးထဲတွင် ဖျက်ဆီးခြင်း = ပိုင်ရှင်က သူနှင့်ကစားလိမ့်မည်။
ချင်လင်တွေးတောနေစဉ် ခွေးက QR ကုတ်ဖတ်ပြီးသည်ကိုတွေ့ပြီး မြူးတူး၍ပြေးထွက်သွားသည်။ မကြာမီ ရှဉ့်လေးမွေးနီကိုတွေ့သည်။
မွေးနီက QR ကုတ်ကိုင်ထားပြီး မိန်းကလေးနှစ်ဦးကိုလက်ဆောင်ပေးနေသည်။
ထိုမြင်ကွင်းကြောင့် ခွေးကသူ့လည်ပင်းမှ QR ကုတ်ကိုကိုက်ပြီး ပြေးသွား၏။
မိန်းကလေးနှစ်ဦးက ရှဉ့်လေး၏ QR ကုတ်ကို သူတို့ဖုန်းနှင့်စကင်န်ဖတ်ပြီး ခဏအကြာကံကောင်းသောကြောင့် ဝမ်းသာအားရခုန်ပေါက်နေကြသည်။
ဒီနေ့ ရှဉ့်လေးက သူတို့ကိုအလှအပဥနှစ်လုံးပေးလိုက်ပြီ။
မိန်းကလေးနှစ်ဦးပျော်ရွှင်နေစဉ် ရုတ်တရက်သူတို့ရှေ့၌ ခွေးတစ်ကောင်လာထိုင်သည်ကိုတွေ့လိုက်ရသည်။ သူကလည်း QR ကုတ်ကိုက်ထား၏။
မိန်းကလေးများ၏မျက်လုံးများဝင်းလက်သွားသည်။ လက်ဆောင်ပေးတဲ့တခြားတိရစ္ဆာန်ရှိသေးတာလား?
မိန်းကလေးတစ်ဦးကချက်ချင်းဖုန်းထုတ်ပြီး ခွေးပါးစပ်မှ QR ကုတ်ကိုမျှော်လင့်တကြီးစကင်န်ဖတ်လိုက်သည်။ ထို့နောက် ပေါ်လာသောမြင်ကွင်းကြောင့် မိန်းကလေးနှစ်ဦးကြောင်သွားသည်။
ငွေပေးချေမှုအသိပေးချက်နှင့် ငွေပေးချေရမည့် QR ကုတ်ဖြစ်သည်:
''ခွေးနာမည်ဝမ်ချိုင်ပါ... သူဌေးနဲ့ရန်ဖြစ်ပြီး သူဌေးပေးတဲ့အစားအစာကိုမစားချင်ပါဘူး... သူ့ကိုယ်ပိုင်ခွေးစာအတွက် ဝင်ငွေရှာချင်လို့ပါ... တစ်ပဲနိပေးပြီး ဓာတ်ပုံအတူရိုက်နိုင်ပါတယ်!''
ဒီအသိပေးစာက ချင်လင်အတွက်မကျေနပ်ချင်စရာဖြစ်သော်လည်း ခရီးသည်များအတွက်မူ အလွန်စိတ်ဝင်စားဖို့ကောင်းသည်။ သူ့သခင်နှင့်ရန်ဖြစ်ပြီး အလှူခံထွက်သောခွေးကို ကာတွန်းအဖြစ်တောင်မြင်ယောင်မိကြသည်။
''ခွေးကသနားစရာလေး... တကယ် သူ့ဘာသာခွေးစာရှာချင်တာပေါ့'' မိန်းကလေးတစ်ယောက်ကစာနာစိတ်ဖြစ်သွားပြီး ခွေးကိုယွမ် ၅၀ တန်းပေးလိုက်သည်။
''ငါတို့အခု သူနဲ့ဓာတ်ပုံရိုက်လို့ရပြီလား?'' တခြားမိန်းကလေးကမေးလိုက်သည်။
မိန်းကလေးနှစ်ဦးက ဆယ်လ်ဖီဓာတ်ပုံရိုက်ရန် ခွေးတစ်ဖက်တချက်တွင် ကျုံ့ကျုံ့ကလေးဝင်ထိုင်ဖို့လုပ်လိုက်သော်လည်း ခွေးကအံ့ဩဖို့ကောင်းအောင်ပူးပေါင်းနေပေး၍ အံ့အားသင့်သွားကြသည်။ မျက်နှာချို၊ ရုပ်ပြောင်၊ ခပ်မိုက်မိုက်၊ ကင်မရာကိုအလိုက်သင့်မျိုးစုံလုပ်ပြသည်။
ထို့ကြောင့် မိန်းကလေးနှစ်ဦးအံ့ဩသွားသည်။
ဘာပဲဖြစ်ဖြစ် ဓာတ်ပုံနှင့်အလိုက်သင့်နေတတ်သည်မှာ ခွေး၏အရည်အချင်းပင်။ အရင် သူ့ကိုမွေးစားခါစက သူ့ပိုင်ရှင်ကတော်ကိုဖမ်းစားပြီး သူမ၏သဘောကျဖြစ်အောင်နေခဲ့သည်။ (အခန်း ၁၄)


ခွေးကိုစီးပွားရေးအတွက်ဖွင့်သည့်အတောအတွင်းမှာ လင်းလန်ဇီလည်း လင်းဖန်ကိုအကူအညီတောင်းပြီး ထိုအရာများသင်ပေးခိုင်းသည်။ ခွေးက သူမကိုအလွန်နာခံသည်။ တကယ်တော့ ခွေးရသောပိုက်ဆံများ၏တာဝန်ခံမှာ လင်းဖန်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဒါသူ့သမီးရတဲ့ပိုက်ဆံပဲလေ။
မိန်းကလေးနှစ်ဦးက ဝမ်ချိုင်၏ထူးခြားပုံကိုမြင်သောအခါ ချက်ချင်းစိတ်လှုပ်ရှားသွားပြီး ခွေးနှင့်ဓာတ်ပုံအများကြီးရိုက်လိုက်သည်။ အိမ်မွေးခွေးတစ်ကောင်ဝယ်ချင်စိတ်ပါပေါက်သွား၏။
ခဏအကြာ ခွေးက မိန်းကလေးများ၏လက်မှလွတ်မြောက်သွားပြီး နောက်ထပ်ချီဟွာဟွာကိုင်ထားသောစုံတွဲဆီသွားရန် မြန်မြန်ထွက်လာခဲ့သည်။
ခွေးမဲကြီးပြေးလာသည်ကိုမြင်လျှင် ချီဟွာဟွာခွေးလေးကိုင်ထားသောအမျိုးသမီးခရီးသည်က နည်းနည်းစိတ်ပူသွားသည်။ သူမချီဟွာဟွာဆီပြေးလာမှာစိုးမိသည်။
ဘာပဲဖြစ်ဖြစ် သူမရဲ့ချီဟွာဟွာက မင်းသမီးအချောလေးလေ။ အပြင်ထွက်တိုင်း ခွေးများ၏ပစ်မှတ်ထားခံရသည်။
သို့သော် အမျိုးသမီးကချီဟွာဟွာကိုကောက်ကိုင်ကိုင်ချင်း ခွေးမဲကြီးမှာ ရန်လိုစိတ်မရှိမှန်းသိသွားသည်။ သူက QR ကုတ်ကြီးတစ်ခုကိုက်ထားပြီး သူမနှင့်သူမအမျိုးသားကိုကြည့်နေသည်။
ခွေးနက်၏မျက်လုံးထဲတွင် မျှော်လင့်ချက်ကိုပါတွေ့လိုက်ရသည်။
သူမက သိချင်စိတ်နှင့်မေးလိုက်၏_ ''ယောက်ျား... သူက တို့ကို QR ကုတ်စကင်န်ဖတ်ခိုင်းနေတာလား? စံအိမ်မှာလက်ဆောင်ပေးတဲ့ရှဉ့်လေးတွေရှိတယ်လို့ကြားဖူးတယ်... ဒီခွေးကလည်း လက်ဆောင်ပေးတာလား?''
အမျိုးသားက သူ့မိန်းမစကားကြားလျှင် ဖုန်းထုတ်ပြီး မျှော်လင့်တကြီးနှင့် QR ကုတ်စကင်န်ဖတ်လိုက်သည်။ ထို့နောက် သူကြောင်သွား၏။
သူပုံစံထူးဆန်းနေ၍ အမျိုးသမီးကစူးစမ်းမေးလိုက်သည်_ ''ယောက်ျား... ဘာဖြစ်လို့လဲ?''
အမျိုးသားကပြုံးပြီး သူ့မိန်းမလက်ထဲဖုန်းထည့်ပေးလိုက်သည်။
အမျိုးသမီးက အသိပေးစာကိုမြင်လျှင် ကြမ်းကြမ်းတမ်းတမ်းပြောပစ်လိုက်၏_ ''ဒီစံအိမ်ပိုင်ရှင်က ဘာလို့ဒီလိုလုပ်ရတာလဲ? သူ့ခွေးနဲ့ ဘယ်လိုလုပ်ရန်ဖြစ်တာလဲ? ပိုက်ဆံရှာဖို့တောင်ဖိအားပေးတယ်ပေါ့?''
''...'' သူ့မိန်းမ၏စကားများကိုကြားလျှင် အမျိုးသားမှာ သူ့မျက်နှာသူလက်နှင့်အုပ်ထားလိုက်ချင်တော့သည်။ ဒါစံအိမ်ကရေးထားတာလေ။ တကယ်ကြီး အတည်ယူနေတယ်ပေါ့။
သူ့မိန်းမက ခွေးကိုသနားပြီး အမှန်ပင်ယွမ် ၁၀၀ ပေးလိုက်သောအခါ သူခေါင်းခါမိသည်။ ဒီလိုနုံချာပြီးချိုသာတဲ့မိန်းမကိုသဘောကျဖို့ ဘယ်သူပြောလဲ?
ငွေပေးချေပြီး အမျိုးသမီးကချီဟွာဟွာကိုပိုက်၍ သနားစရာခွေးနှင့်ဓာတ်ပုံရိုက်ချင်သွားသည်။ ဝမ်ချိုင်ကအလိုက်သင့် ရှေ့ကိုမှီပေးလိုက်ပြန်၏။
အမျိုးသမီးအံ့ဩသွားသည်။ ဒီခွေးကဉာဏ်ကောင်းလွန်းတယ်မလား? ကင်မရာကိုသွားဖြဲကြည့်နိုင်ကြောင်းလည်း သူမသိသွားသည်။ ဉာဏ်ကောင်းလိုက်တာ။
အမျိုးသမီးက နောက်ထပ်ပုံစံတချို့စမ်းလုပ်ကြည့်သော်လည်း ခွေးကအမှန်ပင်ပူးပေါင်းနိုင်သည်။ လူဝင်စားသလိုတောင် ခံစားရ၏။
ဝု! ~
အမျိုးသမီးက ဓာတ်ပုံဆက်ရိုက်နေသည်ကို ဝမ်ချိုင်မြင်လျှင် ခဏအကြာအူလိုက်ပြီး အမျိုးသမီးလက်မှထွက်ပြေးကာ နောက်ထပ်ခရီးသည်သွားရှာလိုက်သည်။
အမျိုးသမီးက လုံးဝမကျေနပ်။ သူမရိုက်ထားသောဓာတ်ပုံများကိုကြည့်လိုက်သည်။ ခွေးက တကယ်ဉာဏ်ကောင်းပြီး နာခံတတ်သည်။ စံအိမ်ပိုင်ရှင်က သူနဲ့ဘယ်လိုလုပ်ရန်ဖြစ်ရတာတဲ့လဲ?