"ကြောက်မက်ဖွယ် ရွှမ်းကယ်"
Vol. 52 Ch. 801
သုံးမိနစ်ခန့်ကြာသည့်အချိန်တွင် သာမန် ကြယ်အဆင့်သိုင်းဆရာများ၊ မှော်ဆရာများပင် တောင်ဘက်မှလာနေသည့် များပြားလှသည့်စွမ်းအင်အရှိန်၀ါများကိုအာရုံခံလိုက်မိသည်။ စွမ်းအားမြင့်မားကာ လျှင်မြန်သည့်အရာတစ်ခုသည် နတ်ဘုရားတစ်ပါးဆင်းသက်လာသလို ကောင်းကင်ပေါ်မှ ပျံသန်းလာနေသည့်အတွက်ပင်။
"ဘာကြီးလဲ..." လူတိုင်းအံ့သြသွားကြသည်။ ထိုအရှိန်၀ါသည် လူတစ်ဦးထံမှရရှိနေခြင်းမဟုတ်ပေ။ ထိုအစား ကြီးမားသည့်မှော်အစီရင်ကြီးတစ်ခုရွေ့လျားလာနေသလိုဖြစ်နေသည့်အတွက်ကြောင့် ထူးဆန်းသည်ထက်ပင်ကျော်လွန်နေ၏။
စက္ကန့်ပေါင်းများစွာကျော်လွန်သွားသည့်အချိန်တွင် ဖှေး၏အမူယာသည်လည်း ရုတ်တရက်ပြောင်းလဲသွားကာ တုန်လှုပ်သွားသည့်ဟန်ရှိ၏။
သူ၏လက်ကို၀ှေ့ရမ်းလိုက်သည့်အချိန်တွင် ချမ်းဘော့ဒ်သိုင်းဆရာများသူဆိုလိုသည်ကို နားလည်သွားကြ၏။ သူတို့သည် ခုခံခြင်းပုစံကိုအသင့်ပြင်လိုက်ကြပြီး အန်ဂျယ်လာအား အလည်တွင်ထားကာကာကွယ်လိုက်သည်။
နောက်အခိုက်တန့်တွင် အနက်ရောင်၊ အစိမ်းရောင်မီးရောင်များလွှမ်းခြုံထားသော ကြီးမားသည့်အရိပ်ကြီးတစ်ခုကို တောင်ဘက်ကောင်းကင်ပေါ်တွင်မြင်လိုက်ရသည်။
"ဒါကြီးက..."
လူတိုင်းပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူတို့စကားတစ်ခွန်းမှမပြောနိုင်တော့ပေ။ မိုးကြိုးအပစ်ခံလိုက်ရသလိုပင်။
ကြီးမားသည့် စစ်သင်္ဘောကဲ့သို့သော ဖောင်ကြီးတစ်ခုသည် ညကောင်းကင်ရံပေါ်တွင် ပျံသန်းလာနေသည့်အတွက်ပင်။
ကောင်းကင်ပေါ်တွင်ပျံသန်းနေသည့် စစ်သင်္ဘောကြီးတစ်ခုပင်။
ထိုစစ်သင်္ဘောကြီးသည် မီတာ၅၀၀ခန့်ရှည်လျားကာ၊ ၂၀၀မီတာခန့်ကျယ်၀န်းပြီး အနက်ရောင်ဖြစ်၏။
သင်္ဘောပေါ်တွင်ပါရှိသည့် အနက်ရောင်ရွက်တိုင်များသည် လေထဲတွင် ကြမ်းတမ်းစွာလွှင့်ပျံနေပြီး ကောင်းကင်အား နှစ်ခြမ်းပိုင်းတော့မည့်ဓားသွားများလိုပင်။ ထို့အပြင် သင်္ဘောပေါ်တွင်လျို့၀ှက်သည့် မှော်အစီရင်များစွာရေးထိုးထားပြီး အစိမ်းရောင်အလင်းတန်းများတောက်ပနေကြသည်။
သင်္ဘော၏ အောက်ခြေတွင် အစိမ်းရောင်လေဂုဏ်သတ္တိစွမ်းအင်များစီးဆင်းနေပြီး ကြီးမားသည့် စစ်သင်္ဘောကြီးကို လေပေါ်တွင်ပျံနိုင်အောင် ထိုစွမ်းအင်များမှ ပင့်တင်ပေးထားပြီး ချမ်းဘော့ဒ်တိုင်းပြည်ထံသို့ ဦးတည်ကာ ပျံသန်းလာနေ၏။
မှော်ပညာဖြင့် တီထွင်ဖန်တီးထားသောကြောက်မက်ဖွယ် ယန္တရားကြီးတစ်ခုပင်။
ဖှေးလုံး၀ပင် ထိတ်လန့်တုန်လှုပ်သွား၏။
သူသည် အေဇာရုတိုက်သို့ ရောက်ပြီးကတည်းက ပထမဆုံးအနေဖြင့် ဤကဲ့သို့ မယုံနိုင်ဖွယ် မှော်ယန္တရားကြီးအားမြင်တွေ့ဖူးခြင်းပင်။
ကောင်းကင်ပေါ်တွင် ပျံသန်းရွေ့လျားနိုင်သည့် စစ်သင်္ဘောကြီးသည် သူအရင်ဘ၀နေထိုင်ခဲ့သော မြေကမ္ဘာမှ လေယာဥ်ပျံများထက်ပင် ပို၍စွမ်းအားမြင့်မားနေသည့် အတွက်ပင်။ မာဗယ်ရုတ်ရှင်ဇာတ်ကားများထဲမှ လေယာဥ်တင်သင်္ဘောကြီးကိုပင် သူသတိရလိုက်မိပြီး အိမ်မက်မက်နေသလိုခံစားနေရ၏။
[ဘုရင်အလတ်ဇန္ဒား]ဟုအမည်ပေးထားသည့် ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်သင်္ဘောသည် ဒဏာရီလာနတ်ဘုရားများခေတ်မှ သင်္ဘောအား မှီငြိမ်း၍တည်ဆောက်ထားခြင်းဖြစ်သည်။ မှော်ပညာလူ့အဖွဲ့စည်းမှ နည်းလမ်းများကိုအသုံးပြုထားပြီး ရေပေါ်တွင်ရွေ့လျားနိုင်သလို ရေအောက်တွင်လည်းရေငုပ်သင်္ဘောတစ်ခုကဲ့သို့သွားလာနိုင်၏။ ထိုသင်္ဘောသည် ဖှေး၏ ဂုဏ်ယူရသော တီထွင်မှုတစ်ခုပင်။
သို့သော် လက်ရှိ ကောင်းကင်ပေါ်တွင် ပျံသန်းနေသည့် စစ်သင်္ဘောကြီးနှင့်နှိုင်းယှဥ်ပါက ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်သင်္ဘောသည် နိမ့်ကျနေ၏။
ဖှေးသည်သာမက ပီတာနှင့် ဒရော့ဂ်ဘာတို့သည်လည်းတုန်လှုပ်နေကြသည်။ သူတို့သည်လည်း ပထမဆုံးအနေဖြင့် ဤကဲ့သို့ကြီးကျယ်ခမ်းနားသည့် ကောင်းကင်ခံတပ်ကြီးကိုမြင်တွေ့ဖူးသည့်အတွက်ပင်။
"အဲ့တာက ရွှမ်းကယ်ပဲ အော်မွန်းအင်ပါယာက ရွှမ်းကယ်စစ်သင်္ဘောကကြီးက ဒီမှာဘာလာလုပ်နေတာလဲ။ ဒီကိုဘာကြောင့် ရောက်လာတာလဲ..." တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် ချမ်းဘော့ဒ်တိုင်းပြည်၏ ဗျူဟာမှူးနှင့်စစ်ရေးအကြံပေး အဖိုးကြီး အာရန်းမှ ထအော်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် နားလည်ရခက်သည့်အမူယာတစ်ခုပေါ်လာပြီး သူပြင်းထန်စွာတုန်ယင်နေသည်။ သူသည် ဒေါသဖြစ်နေခြင်းလား၊ ကြောက်လန့်နေခြင်းလားဖြစ်သည်ကိုမူ မည်သူမှ မသိနိုင်ပေ။
"ရွှမ်းကယ်ဟုတ်လား..." ဖှေးတစ်စုံတစ်ခုအား စဥ်းစားလိုက်မိကာ မေးလိုက်သည်။
အဖိုးကြီးအားရန်းသည် ခေါင်းငြိမ့်ကာ ဖြေးဖြေးခြင်းပြောလိုက်သည်။ "ဟုတ်တယ်...လယ်ဗယ်၇အင်ပါယာတစ်ခုဖြစ်တဲ့ အော်မွန်းအင်ပါယာမှာ ရွှမ်းကယ်လို့ အမည်ပေးထားတဲ့ ပျံသန်းနိုင်တဲ့စစ်သင်္ဘောတွေရှိတယ် အရှင်မင်းကြီး။ ဒီစစ်သင်္ဘောတွေကို သံမဏိသစ်လို့ခေါ်တဲ့ ထူးခြားတဲ့သစ်သားတွေနဲ့လုပ်ထားတယ်။ အဲ့သစ်တွေက သံမဏိထက်ပိုမာကြောပြီးတော့ သစ်သားထက်ပိုပေါ့တယ်။ အဲ့တာတွေအပြင် မှော်စွမ်းရည်ကို ကောင်းကောင်းမွန်မွန်စီးဆင်းစေနိုင်တယ်။ အော်မွန်းအင်ပါယာရဲ့ ထူးခြားချက်ပဲ။ မျိုးဆက်အဆင့်ဆင့် လေ့လာတီထွင်စမ်းသပ်ပြီးတဲ့နောက်မှာ ဒီပျံသန်းနိုင်တဲ့ စစ်သင်္ဘောကြီးတွေကို တီထွင်နိုင်ခဲ့တာပဲ။ ဒီစစ်သင်္ဘောကြီးတွေကြောင့် အော်မွန်းအင်ပါယာက စူပါပါ၀ါအင်ပါယာတစ်ခုဖြစ်လာခဲ့တယ်။ စစ်ပွဲတွေအများကြီးကိုလည်းအနိုင်ရခဲ့တယ်...ကောင်းကင်ကို အစစ်မှန်စိုးမိုးနိုင်တဲ့လူတွေပဲ..."
ရှင်းပြသည်ကိုနားထောင်ပြီးသည့်နောက်တွင် ပျံသန်းနေသည့် အနက်ရောင်စစ်သင်္ဘောကြီးအကြောင်းကို လူများနားလည်သွားကြသည်။
"အော်မွန်းအင်ပါယာဟုတ်လား...လယ်ဗယ်၇ဟုတ်လား..." ဖှေးမျက်မှော်ကြုံ့ကာတွေးလိုက်မိသည်။ "ဇီးနစ်က လယ်ဗယ်၁ပဲရှိတဲ့ အင်ပါယာအသေးလေးတစ်ခုပဲ။ ဇီးနစ်အင်ပါယာတစ်၀ိုက်ကီလိုမီတာ၅၀၀၀၀၀မှာ အင်အားအကြီးဆုံးအင်ပါယာဖြစ်တဲ့ လီယွန်အင်ပါယာတောင် လယ်ဗယ်၆အင်ပါယာပဲရှိတယ်။ အဲ့လိုဆိုရင်တော့ ဒီရွှမ်းကယ်က ကီလိုမီတာတစ်သန်းလောက် ခရီးနှင်လာတာပဲ။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့လာတာတော့ မဟုတ်လောက်ဘူး..."
"ဟီးဟီး သေစမ်းကွာ...အော်မွန်းအင်ပါယာရော ဒီရွှမ်းကယ်ဆိုတာကိုရော စောက်ဂရုမစိုက်ဘူး။ ဒီကောင်တွေက ချမ်းဘော့ဒ်ပိုင်နက်ထဲမှာ ဖင်လာယားရဲတာပဲ။ အရှင်မင်းကြီး ကျွန်တော့ကို ရှင်းလင်းခွင့်ပေးလိုက်ပါ။ ဒီရွှမ်းကယ်ကိုအရှင်မင်းကြီးအတွက် မင်္ဂလာလက်ဆောင်အနေနဲ့ ဆက်သပါ့မယ်။ အရှင်မင်းကြီးနောက်ကျရင် ဟိုနားဒီနားစီးလို့ရတာပေါ့..."
ဒရော့ဂ်ဘာသည် သူ၏မေးစေ့ကို ပွတ်သပ်ကာရယ်မောလိုက်သည်။ သူနှင့် ပီးရာ့စ်တို့သည် သင်္ဘောကိုတိုက်ခိုက်ရန်အတွက် ဖှေးထံမှ ခွင့်ပြုချက်တောင်းလိုက်ကြသည်။
"ဒီရွှမ်းကယ်ကို အထင်မသေးကြနဲ့...မီတာငါးရာလောက်ရှည်တော့ ရွှမ်းကယ်တပ်ဖွဲ့ရဲ့အကြီးဆုံးစစ်သင်္ဘောတစ်ခုပဲ။ လအဆင့်သိုင်းဆရာတစ်ယောက်နှစ်ယောက်လောက်က ဖျက်ဆီးနိုင်မှာမဟုတ်ဘူး..." ဖှေးသည် ရန်သူအား လျှော့တွက်မည်စိုးသောကြောင့် အဖိုးကြီးအာရန်းသည် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့ကို ရပ်တန့်လိုက်သည်။
ဖှေးသည် အဖိုးကြီးအာရန်းအား ကြည့်ကာတွေးလိုက်မိသည်။ "ဒီငါ့ရဲ့ ဗျူဟာမှူးမှာလည်း သူ့နောက်ကြောင်းနဲ့သူရှိတာပဲ။ သူကအော်မွန်းအင်ပါယာအကြောင်းကို ကောင်းကောင်းသိတဲ့ပုံပဲ။ ဆက်နွယ်မှုတွေရှိခဲ့ပုံရတယ်..."
ချမ်းဘော့ဒ်သားများအခြင်းခြင်းစကားပြောနေသည့်အချိန်တွင် ကြီးမားသည့်ရွှမ်းကယ်သည် ချမ်းဘော့ဒ်မြို့ပြင်နားသို့ပင်ရောက်ရှိလာပြီဖြစ်သည်။
ဤအခိုက်တန့်တွင် အချက်ပြသကဲ့သို့ ရွှမ်းကယ်ထံမှ အနီရောင်အလင်းတန်းများတောက်ပလာပြီး အမဲရောက်ရွက်များကိုနှိမ့်ချလိုက်သည်။ ထိုစစ်သင်္ဘောကြီးသည်လည်း ရပ်တန့်သွားပြီး ကောင်းကင်ပေါ်တွင် တောင်ကြီးတစ်လုံးကဲ့သို့ ပျံသန်းနေကာ မွမ်းကြပ်သည့်ခံစားချက်တစ်ခုကို ပေးနေလျှက်ရှိသည်။
ဖှေး၏မျက်လုံးများလင်းလက်လာပြီး သူသည် ကောင်းကင်ပေါ်တွင်ပျံသန်းနေသည့် ရွှမ်းကယ်အားကောင်းမွန်စွာမြင်တွေ့နိုင်လိုက်သည်။ ကုန်းဘက်ပေါ်တွင် လူပေါင်းများစွာပြေးလွှားကာအလုပ်များနေကြသည့်ပုံပင်။ အလွန်၀ေးသည့်နေရာတွင်ရှိနေသည့်အတွက်ကြောင့် လူများသည် ပုရွတ်ဆိတ်များလိုပင်။ ကုန်းဘက်ပေါ်တွင် လူများအနည်းဆုံး၃၀၀ ၄၀၀ခန့်ရှိနေပြီး အတူပူးပေါင်းဆောင်ရွက်ကာ ရွှမ်းကယ်အားမောင်းနှင်ထိန်းချုပ်နေကြသည်။
ဖှေးသူ၏လက်ကို၀ှေ့ရမ်းကာ အချက်ပြလိုက်သည်။
"၀ှစ်..."
သူ၏ ကိုယ်ရံတော် တိုးရိစ်သည် လေးကြိုးတင်ကာ မီးမြှားတစ်ချောင်းကို ပစ်လွှတ်လိုက်၏။
"ရွှမ်းကယ်ပေါ်ကလူတွေ ထွက်လာပြီးတော့ မေးတာကိုဖြေပါ။ ချမ်းဘော့ဒ်ပိုင်နက်ထဲကို ဘာအကြောင်းရင်းကြောင့် ခွင့်ပြုချက်မရှိပဲ ၀င်လာတာလဲ..." တိုးရိစ်အသံထဲတွင် အတွင်းအားစွမ်းအင်များစွာပါ၀င်နေသည့်အတွက်ကြောင့် မိုးချုန်းသံလိုပင်။
တစ်ချိန်တည်းမှာပင် ချမ်းဘော့ဒ်ခံတပ်တွင် တပ်ဆင်ထားသည့် နဂါးသတ်ဒူးလေးကြီးများသည်လည်းလည်း ကောင်းကင်ပေါ်သို့ ဦးတည်ကာ ရွှမ်းကယ်အားချိန်ရွယ်ထားလိုက်သည်။
သို့သော် ရွှမ်းကယ်ထံမှ တုန့်ပြန်မှုတစ်စုံတစ်ရာထွက်ပေါ်လာခြင်းမရှိပေ။
အနီရောင်အလင်းတန်းများသာလျှင်တောက်ပနေ၏။
"ဒီရွှမ်းကယ်က သူ့မှာတပ်ဆင်ထားတဲ့ မှော်အမြှောက်လက်နက်တွေကိုအားသွင်းနေတာပဲ။ တိုက်ခိုက်တော့မယ်..." အဖိုးကြီးအာရန်းသည် ရုတ်တရက်ထိတ်လန့်သွား၏။
သို့သော် သူ၏စကားမဆုံးသေးခင်မှာပင် အားသွင်းနေသကဲ့သို့ လိမ္မော်ရောင်အလင်းတန်းများသည် စစ်သင်္ဘော၏ ထိပ်တွင်စုပြုံလာတော့သည်။ ထို့နောက်တွင် စစ်သင်္ဘောကြီးသည် အော်ဟစ်နေသည့် သားရဲကောင်တစ်ကောင်ကဲ့သို့ တုန်ခါသွားကာ အချင်း၁၀မီတာခန့်ရှိသည့် မီးတန်းတစ်ခုကို သင်္ဘောပဲ့ပိုင်းမှပစ်လွှတ်လိုက်ပြီး ချမ်းဘော့ဒ်ခံတပ်နံရံများထံသို့ တိတ်ဆိတ်စွာ ပျံသန်းလာတော့သည်။
ချမ်းဘော့ဒ်သားများမတုန့်ပြန်နိုင်သေးခင်မှာပင် ပေါက်ကွဲသံများစွာထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံးငလျင်လှုပ်သလိုတုန်ခါသွားတော့သည်။ ထို့နောက်တွင် မီတာ၄၀ခန့်ရှည်လျားသော ခံတပ်နံရံ၏ တစ်စိတ်တစ်ပိုင်းသည်လည်း သဲရုပ်တစ်ခုလိုပြိုလဲသွားတော့သည်။ မှော်အစီရင်များဖြင့် ထောက်ပံ့ထားသည့် ချမ်းဘော့ဒ်ခံတပ်နံရံသည် အပျက်ဆီးပုံအဖြစ်သို့ ရောက်ရှိသွားတော့၏။
လျှင်မြန်လှသည့် တိုက်ခိုက်နှုန်းပင်။
မျက်စိတမှိတ်အတွင်းမှာပင် ချမ်းဘော့ဒမြို့တော်၏ ခံတပ်နံရံသည် ပွင့်ထွက်သွားပြီဖြစ်သည်။ ချမ်းဘော့ဒ်တိုင်းပြည်သည် လက်ရှိအခိုက်တန့်တွင် သမိုင်း၀င်လောက်သည့်တိုက်ပွဲအား အောင်နိုင်ထားသော်လည်း အခြေအနေအား အချိန်မှီတုန့်ပြန်ကာကယ်တင်နိုင်လိုက်ခြင်းမရှိပေ။
"သေစမ်း...ခံတပ်နံရံပေါ်မှာ ငါတို့ညီအကိုတွေရှိနေတယ်..." ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့ ထိတ်လန့်သွားကြသည်။ သူတို့နှစ်ယောက်လုံး ပျက်ဆီးသွားသည့် ခံတပ်နံရံထံသို့ ပြေးသွားကြ၏။