"နတ်ဆိုးဓားသွားစွမ်းအင်"
Vol. 52 Ch. 803
ရွှမ်းကယ်ပေါ်တွင် ကြီးမားသည့် စစ်သင်္ဘောကြီးပေါ်ကဲ့သို့ပင် အဆောက်ဦးများစွာရှိနေ၏။ ရွက်တိုင်ကြီးများ၊ ကြီးမားသည့် အမိန့်ပေးဌာတို့နှင့် ကျန်ရှိနေသည့် သားနားသည့်အဆောက်ဦးများစွာတို့ပါ၀င်သည်။
ကုန်းဘက်ပေါ်တွင် မှော်အစီရင်များစွာပြည့်နှက်နေပြီး အနက်ရောင်နှင့်အ၀ါရောင်ချပ်၀တ်များ၀တ်ဆင်ထားကြသည့် စစ်သည်ရာပေါင်းများစွာသည် ပြေးလွှားကာ ရွှမ်းကယ်၏ ယန္တရားများကိုမောင်းနှင်နေကြသည်။
ကြီးမားသည့်အနက်ရောင်မှော်အမြှောက်ကြီး၏ဘေးတွင်ရပ်နေကာ ဆွေးနွေးတိုင်ပင်နေကြသည့် ခေါင်းဆောင်ကဲ့သို့သော လူတစ်ချို့ကိုလည်းတွေ့နေရသည်။
သူတို့၏ဘေးတွင် လူထွားကြီးဆယ်ယောက်ခန့်ရှိနေ၏။ သူတို့၏ အရပ်သည် ဆယ်မီတာခန့်ရှည်ကာ သန်မာထွားကျိုင်းကြသည်။ အပေါ်ပိုင်းတွင် ဘာမ၀တ်ဆင်ထားခြင်းမရှိပဲ အောက်ပိုင်းတွင် အ၀ါရောင်ဘောင်းဘီတိုများကိုသာ၀တ်ဆင်ထားကြသည်။ ခန္ဓာကိုယ်ပေါ်တွင်လည်း အ၀ါရောင်အမွှေးမျှင်များဖြင့် ပြည့်နှက်နေပြီး မျောက်၀ံများကဲ့သို့ပင်။
စွမ်းအားမြင့်မားသည့် သားရဲကောင်ကြီးများလိုဖြစ်ပြီး အော်ဟစ်ကာ ကြီးမားသည့်အနက်ရောင်အမြှောက်ကြီးများကိုထိန်းချုပ်နေကြ၏။ အမြှောက်များ၏ တည်နေရာကိုပြောင်းလဲကာ ခေါင်းဆောင်များ၏အမိန့်အတိုင်းချိန်ရွယ်နေ၏။
သူတို့၏ဘေးတွင် ကြယ်၇လုံးအဆင့်မီးဂုဏ်သတ္တိစွမ်းရည်သုံးမှော်ဆရာလေးယောက်ရှိနေပြီး အမြှောက်များအတွင်းသို့ သူတို့၏ မှော်စွမ်းအင်များစီး၀င်စေလျှက်ရှိသည်။ မှော်စွမ်းအင်များသည် အမြှောက်အတွင်းသို့ စီး၀င်သွားပြီး အမြှောက်ကိုယ်ထည်ပေါ်တွင်ရှိနေသည့် မှော်ကျောက်တုံးများကိုလင်းလတ်လာစေသည်။ အမြှောက်၏ ဦးတည်နေရာကိုချိန်ရွယ်ပြီးပါက မှော်အစီရင်များကိုအသုံးပြု၍ နောက်တစ်ကြိမ်ထက်မံတိုက်ခိုက်ရန်ပြင်ဆင်နေ၏။
ချမ်းဘော့ဒ်သားများသည် ရွှမ်းကယ်၏ စွမ်းအင်အကာရံကို ဖြတ်ကျော်လာနိုင်လိမ့်မည်ဟု ရန်သူများထင်ထားပုံမရပေ။
ဖှေး၊ အဖိုးကြီးအာရန်းနှင့် ရော်ဘင်တို့ ကုန်းဘက်ပေါ်သို့ဆင်းသက်လာသည်ကိုတွေ့ရသည့်အချိန်တွင် ရွှမ်းကယ်ပေါ်တွင်ရှိနေသည့် လူများအားလုံးတုန်လှုပ်သွား၏။ ခေါင်းဆောင်တစ်ချို့သာလျှင်မြန်စွာတုန့်ပြန်၍ အမိန့်ပေးလိုက်သည်။ "အမြန်လုပ် ဒီမြို့ခံတွေကို ဖမ်းလိုက်ကြစမ်းကွာ..."
သူတို့သည် အော်ဟစ်ရင်းဖြင့် ဓားများကိုဆွဲထုတ်ကာ စစ်သည်များကို အမိန့်ပေး၍ ဖှေးထံသို့ ရေလှိုင်းများကဲ့သို့ ပြေး၀င်လာကြ၏။
"မင်းအဖေကို ကာကွယ်ထားလိုက်..."
ရော်ဘင်အားပြောလိုက်ပြီးနောက်တွင် ဖှေးသည် ကစဥ့်ကလျားပုလ္လင်ပေါ်မှ ဆင်းကာရန်သူများထံသို့ ပြေး၀င်သွားတော့သည်။
ဖှေးဘယ်လောက်စွမ်းအားကြီးမားသလဲ။ သာမန်စစ်သည်များသည် သူ့ပြိုင်ဘက်မဟုတ်ပေ။
သူရှေ့သို့ လက်သီးတစ်ကြိမ်ထိုးလိုက်သည့်အချိန်တွင် ကြီးမားသည့်အားတစ်ခုပျံသန်းသွားပြီး သူ့ထံပြေး၀င်လာနေသော အော်မွန်းအင်ပါယာ၏ ကျွမ်းကျင်စစ်သည်အယောက်၂၀ခန့်ကို ချက်ချင်းပင်ဖျက်ဆီးပစ်လိုက်သည်။
"ဖုန်း ဖုန်း ဖုန်း"
သူတို့အားလုံး သွေးမြူဆိုင်များအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
ရွှေရောင်စွမ်းအင်မီးတောက်များ ခြံရံလျှက် ဖှေးသည် ထည်၀ါကာ မြင့်မြတ်သည့်ပုံရှိနေသည်။ သိုးအုပ်အလည်မှ ကျားတစ်ကောင်လိုပင် ပြိုင်ဘက်ကင်းမဲ့နေ၏။ သူ၏ခန္ဓာကိုယ်အား လှုပ်ရှားလိုက်သည့်အချိန်တိုင်းတွင် ရန်သူတစ်ယောက် ကြိုးပြတ်သည့် စွန်တစ်ခုလို ကုန်းဘက်ပေါ်မှ ပြုတ်ကျသွားမည်ဖြစ်သည်။
"အားးးးး"
"မဟုတ်သေးဘူး၊ ကာကွယ်သူတွေကို ဆင့်ခေါ်မှရမယ်၊ ဒီမြို့ခံတွေကို ငါတို့သတ်ပစ်ရမယ်..." အ၀ါရောင်ချပ်၀တ်များ၀တ်ဆင်ထားသည့် စစ်သည်များမှ အော်ဟစ်လိုက်သည်။
ခေါင်းဆောင်တစ်ချို့သည် ဤမြင်ကွင်းကိုမြင်ရသည့်အတွက် ထိတ်လန့်တုန်လှုပ်နေကြသည်။ သူတို့အားလုံးသည် အင်ပါယာထဲတွင် စွမ်းအားမြင့်မားသည်ဟုယူဆနိုင်လောက်သည့် ကြယ်ကိုးလုံးအဆင့်သိုင်းဆရာများဖြစ်ကြသော်လည်း အချိန်မှီတုန့်ပြန်နိုင်လိုက်ခြင်းမရှိပေ။ သူတို့သည် ရွှေရောင်စွမ်းအင်များနှင့် အနည်းငယ်သာထိတွေ့လိုက်မိသော်လည်း ခန္ဓာကိုယ်များအက်ကွဲကုန်ကြ၏။
သူတို့သည် ဖှေးအား သာမန်လအဆင့်သိုင်းဆရာတစ်ယောက်ဟုသာထင်ထားသည့်အတွက် စွမ်းအားမြင့်သိုင်းဆရာများရောက်မလာခင်အချိန်ထိ ထိန်းထားနိုင်လိမ့်မည်ဟုထင်ထားခဲ့၏။ သို့သော် ဖှေး၏စွမ်းအားသည် သူတို့ကို အံ့သြစေပြီး ကြောက်လန့်သွားကြသည်။
စစ်သည်များ၏ ဘေးတွင် ပုန်းကွယ်နေကြသည့် လေးသည်တော်များလည်းရှိနေပြီး သူတို့သည် ဖှေးအား မြှားများဖြင့် ချောင်းမြောင်းပစ်ခတ်နေကြ၏။ သို့သော် လအဆင့်စစ်သည်များ၏ ခန္ဓာကိုယ်ကိုပင် ထိုးဖောက်နိုင်သည့်မှော်မြှားများသည် ဖှေး၏အနီးသို့ပင် ကပ်နိုင်ခြင်းမရှိပဲ ဖုန်မှုန့်များအဖြစ်သို့ပြောင်းလဲသွား၏။ တစ်ချို့မြှားများဆိုလျှင် အနောက်သို့ပင် ပြန်လွှင့်စင်သွားကြပြီး ပစ်လွှတ်လိုက်သည့် လေးသည်တော်များကိုပင် ပြန်လည်၍ ထိမှန်ကာသတ်ဖြတ်လိုက်သည်။
"ထွီ..ဘယ်သူက အားနည်းတဲ့ပိုးကောင်လဲ..." ဖှေးသည် အရှေ့တွင်ရှိနေသည့် ရန်သူများကို သတ်ဖြတ်နေရင်းဖြင့် အော်ဟစ်လိုက်သည်။
သူသည် ရန်သူများကို လွယ်ကူစွာလက်၀ှေ့ရမ်းရင်း သတ်ဖြတ်ကာ ရွှမ်းကယ်၍ အရှေ့တွင်ရှိသောကြီးမားသည့် အနက်ရောင်မှော်အမြှောက်ကြီးထံသို့ရောက်လာခဲ့သည်။
လက်ကိုနောက်တစ်ကြိမ်၀ှေ့ရမ်းကာ ဓားသွားစွမ်းအင်ဆယ်ခုထွက်ပေါ်လာပြီး အမြှောက်အားမောင်းနှင်ချိန်ရွယ်နေကြသည့် လူထွားကြီးဆယ်ယောက်ကိုလည်း နှစ်ပိုင်းဖြတ်ကာ သတ်ဖြတ်လိုက်သည်။
ကြယ်၇လုံးအဆင့်မှော်ဆရာလေးယောက်သည်လည်း မန္တန်များရေရွှတ်၍ ဖှေးအားမီးတောက်များဖြင့် တိုက်ခိုက်လိုက်၏။ မီးတောက်များသည် နဂါးပုံရိပ်တို့ဖြင့် ကြောက်မက်ဖွယ်ပင်။
သို့သော် ဖှေးသည် သူ၏လက်ဖ၀ါးကိုရှေ့သို့ တွန်းလိုက်ပြီး ရွှေရောင်စွမ်းအင်လှိုင်းများကျယ်ပြန့်သွားသည်။ ဟိန်းဟောက်နေကြသည့် မီးနဂါးများသည် အော်ဟစ်ကာအနောက်သို့ တွန်းထုတ်ခံလိုက်ရပြီး ချက်ချင်းပင် မှော်ဆရာလေးဦးကိုပြန်လည်လွှမ်းခြုံသွားတော့သည်။
အော်ဟစ်သံများစွာထွက်ပေါ်လာပြီး မီးလောင်ကုန်သည့် လူပေါင်းများစွာသည် ယိမ်းယိုင်ကာ ကုန်းပတ်ပေါ်မှ ပြုတ်ကျကုန်တော့သည်။ သူတို့သည် အောက်သို့ပြုတ်ကျနေရင်းဖြင့် မီးလောင်ထားသည့်အလောင်းများအဖြစ်သို့ ပြောင်းလဲကုန်ကြ၏။ မြေပြင်ပေါ်သို့ ကျသည့်အချိန်တွင် အသက်မရှိကြတော့ပေ။
ထိုမှော်ဆရာလေးယောက်သည် ကြယ်၇လုံးအဆင့်ရှိသူများဖြစ်ပြီး ဇီးနစ်အင်ပါယာထဲတွင် အဆင့်မြင့်ဆရာများဟုယူဆနိုင်၏။ သို့သော် သူတို့သည် ရဲရင့်သည့်စစ်သည်တော်နှင့် ကျင့်ကြံခြင်းပါရမီရှင်တစ်ယောက်ဖြစ်သော ဖှေးနှင့်ရင်ဆိုင်လိုက်ရပြီး ဖှေးသည် လက်ရှိအချိန်တွင် နတ်ဘုရားများအဆင့်နှင့်ပင်နီးကပ်သည့် နေအဆင့်သခင်တစ်ယောက်ဖြစ်နေပြီဖြစ်လေရာ သာမန်စစ်သည်တော်များ၊ မှော်ဆရာများသည် သူ့အတွက် ပုရွတ်ဆိတ်များလိုပင်။
ဖှေးသည် သူ၏စွမ်းအားကိုအသုံးပြု၍ စစ်သင်္ဘော၏အရှေ့တွင်ရှိသော မှော်အမြှောက်အားထိန်းချုပ်နေကြသည့်လူများကို သုတ်သင်ပစ်လိုက်သည်။ ထို့ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်အား စွမ်းအင်အလင်းတန်းများဖြင့် တိုက်ခိုက်မည်ကိုစိုးရိမ်စရာမလိုတော့ပေ။
ရယ်မောရင်းဖြင့် တစ်ဖက်သို့ လှည့်ကာ ရန်သူများထံသို့ ပြေး၀င်သွားတော့သည်။
ဘုရင်သည် ဤရန်သူများကို လုံး၀ပင်ညှာတာပေးလိမ့်မည်မဟုတ်ပေ။ သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်အား သတိမပေးပဲလာရောက်တိုက်ခိုက်ခဲ့ပြီး ချမ်းဘော့သားများကို သတ်ဖြတ်ကာ၊ ချမ်းဘော့ဒ်ပိုက်နက်ထဲတွင် ပျက်ဆီးမှုများဖြစ်ပေါ်စေခဲ့သည်။
ဖှေးသည် ရွှမ်းကယ်ပေါ်မှ ရန်သူ၁၀၀ကျော်ခန့်ကို လျှင်မြန်စွာသတ်ဖြတ်လိုက်သည်။
သူသည် ဤသင်္ဘောပေါ်တွင်ရှိသည် ရန်သူများအားလုံးကိုသတ်ဖြတ်၍ ရွှမ်းကယ်ကိုအပိုင်သိမ်းရန်စီစဥ်ထားသည်။
ပြိုင်ဘက်ကင်းမဲ့နေသည့် ဖှေးနှင့်ရင်ဆိုင်နေရသည့်အချိန်တွင် ရန်သူများသည် ရဲစွမ်းသတ္တိများပျောက်ဆုံးကုန်ကြပြီး ငါးမိနစ်ခန့်ကြာသည့်အချိန်တွင် အနောက်သို့သာ ဆုတ်ခွာနေကြတော့၏။
သိပ်မ၀ေးသည့်နေရာတွင် လူခြောက်ဆယ်ခန့်သည် ရော်ဘင်နှင့်အဖိုးကြီးအာရန်းတို့ကိုတိုက်ခိုက်ရန်ကြိုးစားနေ၏။ သို့သော် သူတို့နှစ်ယောက်သည် ကစဥ့်ကလျားပုလ္လင်ပေါ်တွင်ရပ်နေကြပြီး ငွေရောင်စွမ်းအင်အလွှာတစ်ခုသည် ကာကွယ်ပေးထားသည် ကစဥ့်ကလျားပုလ္လင်သည် သာမန်ခက်ခဲမှုအဆင့် [ကမ္ဘာကျောက်တုံး]၏ စွမ်းအင်တစ်၀က်ခန့်ကို စုပ်ယူထားသည့်အတွက်ကြောင့် ၄င်း၏ စွမ်းအင်အကာရံကို ပုပျက်ပျက်နှင့်လုပ်ကြံသတ်ဖြတ်သူပင် ထိုးဖောက်နိုင်ခဲ့ခြင်းမရှိပေ။ ရန်သူစစ်သည်များသည် ကြယ်အဆင့်သာရှိသေး၏။
ဤမြင်ကွင်းကြောင့် ဖှေးသည်အဖိုးကြီးအာရန်းတို့သားအဖနှစ်ယောက်ကို စိုးရိမ်ခြင်းမရှိတော့ပေ။ ထိုအစားသူသည် စစ်သင်္ဘော၏အလည်တွင်ရှိသည့် ပင်မထိန်းချုပ်ကွပ်ကဲရေးအဆောက်ဦးထံသို့ ဦးတည်သွားရင်းဖြင့် လမ်းတွင်ရှိနေသည့် ရန်သူများကိုသတ်ဖြတ်ခဲ့သည်။
ဖှေးသည် ဤရွှမ်းကယ်အား အပိုင်သိမ်းရန်စီစဥ်ထားသည့်အတွက်ကြောင့် သူ၏ စွမ်းအားများကို ထိန်းချုပ်၍အသုံးပြုကာ ရန်သူများကိုကာသတ်ဖြတ်ပြီး စစ်သင်္ဘောအား ဖျက်ဆီးခြင်းမရှိပေ။
သူသည် ထိန်းချုပ်းရေးအဆောက်အုံနှင့်အနီးကပ်လာသည့်အချိန်တွင် အဆောက်ဦးအားကာကွယ်နေကြသည့် ရန်သူများစွာသည် သွေးမြူစိုင်များအဖြစ်သို့ပြောင်းလဲသွားတော့၏။
နောက်စက္ကန့်တွင် သူသည် အဆောက်ဦးပေါ်သို့တက်သည့်လှေကားနားသို့ ရောက်လာခဲ့သည်။
သူအပေါ်သို့ မော့ကြည့်လိုက်သည့်အချိန်တွင် ဆွေကြီးမျိုးကြီးနှင့်သူသည့် လူတစ်ယောက်သည် သူ့အား ငုံ့ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ ထိုလူသည် စိုးရိမ်နေသည့်ပုံမရပေ။ ထိုအစားသူသည် ဖှေးအား အထင်သေးလှောင်ပြောင်သည့်ဟန်ဖြင့် ငုံ့ကြည့်နေ၏။
ဖှေးနှာခေါင်းရှုံ့ကာ တိုက်ခိုက်တော့မည့်အချိန်တွင် တစ်စုံတစ်ခုဖြစ်ပျက်သွားသည်။
ရုတ်တရက်ပင် စူးရှသည့်ဓားသွားစွမ်းအင်တစ်ခုသည် ထိန်းချုပ်ရေးအဆောက်ဦးပေါ်မှ ဆင်းသက်လာ၏။
ထိုဓားသွားစွမ်းအင်သည် အလွန်လျှင်မြန်သည့်အတွက်ကြောင့် မည်သည့်အချိန်မှပစ်လွှတ်လိုက်သည်ကို ဖှေးအာရုံခံလိုက်နိုင်ခြင်းမရှိပေ။ ထူးခြားသည့် နတ်ဆိုးအရှိန်၀ါတစ်ခုဖြင့် ဖှေးထံသို့ ပျံသန်းလာ၏။ အကယ်၍ ဤနေရာတွင်တစ်ခြားတစ်ယောက်ဆိုပါက ထိုဓားသွားစွမ်းအင်ပျံသန်းလာသည့်အချိန်မှာပင် ရှုံးနိမ့်သွားပြီဟုယူဆလိုက်မိကြမည်ဖြစ်သည်။ ဤသည်မှာ ထိုဓားသွားစွမ်းအင်မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ပင်။
"ဟားဟားဟား ငါမင်းကို စောင့်နေတာကြာပြီ..."
ထိုကဲ့သို့သော ဓားသွားစွမ်းအင်ကပင် ဖတ်တီးအိုလတ်ဂ်အား အနိုင်ယူခဲ့သည်။ လျှင်လျှင်မြန်မြန်ဖြင့် ဖြစ်ပျက်သွားခဲ့သော်လည်း ဖှေး၏စိတ်ထဲတွင် စွဲကျန်နေခဲ့သည်။ ထို့ကြောင့် ဖှေးသည် ရွှမ်းကယ်ပေါ်သို့ ရောက်စဥ်ကတည်းက ဤဓားသမားရှိနေသည်ကိုသိသည့်အတွက်ကြောင့် သတိကြီးကြီးထားကာ တိုက်ခိုက်ခံရမည့်အချိန်အတွက်ပြင်ဆင်နေခဲ့သည်။
ရယ်မောရင်းဖြင့် ဖှေးသူ၏လက်သီးကို အပေါ်သို့ ဆန့်တန်းလိုက်ပြီး ရွှေရောင်စွမ်းအင်လက်သီးသည် ထိုဓားသွားစွမ်းအင်နှင့်တိုက်ခတ်လိုက်၏။
"ဖုန်း..."
ရွှေရောင်နှင့် ငွေရောင်စွမ်းအင်များပေါက်ကွဲသွားပြီး စွမ်းအင်အကြွင်းကျန်များသည် အရပ်မျက်နှာပေါင်းစုံသို့ လွှင့်စင်သွားတော့သည်။
ဓားစွမ်းအင်အားဖျက်ဆီးလိုက်ပြီဖြစ်သော်လည်း လျို့၀ှက်ထားသော သေစေနိုင်သည့်စွမ်းအင်တစ်ခုသည် ဖှေး၏ ရွှေရောင်စွမ်းအင်မီးတောက်များကို ဖြတ်ကျော်ကာ သူ၏လည်ပင်းထံသို့ ချိန်ရွယ်ပျံသန်းလာ၏။ ထိုစွမ်းအင်သည် လျို့၀ှက်ကာ ရက်စက်ကြမ်းကြုတ်၏။ စွမ်းအားအဆင့်မှာ နေအဆင့်ထက်ပင်ကျော်လွန်နေသည့်အတွက်ကြောင့် ဤကမ္ဘာပေါ်တွင်မရှိသင့်ပဲ တားမြစ်ထားသည့်စွမ်းအင်တစ်ခုလိုပင်။
ဖှေးအနောက်သို့ ခြေလှမ်းများစွာဆုတ်လိုက်ရပြီး သူ၏လက်များကို မြှောက်လိုက်သည်။
[မသေမျိုးဘုရင်၏တူ]
ထိုတူအား တစ်ချက်၀ှေ့ရမ်းရုံဖြင့်ပင် ရာသီဥတုကို ပြောင်းလဲစေနိုင်၏။
ကမ္ဘာပေါ်တွင်ရှိသည့်အရာအားလုံးကို ဖျက်ဆီးနိုင်သည့် စစ်ပွဲသုံးတူသည် ထိုလျို့၀ှက်လက်နက်ပုန်းစွမ်းအင်အား လွယ်လွယ်ကူကူပင်ဖျက်ဆီးပစ်လိုက်သည်။
သို့သော် ဖှေးပြန်လည်တိုက်ခိုက်ခြင်းမပြုနိုင်သေးခင်မှာပင် ငွေရောင်ဓားစွမ်းအင်များစွာသည် သူ့အားရေလှိုင်းများကဲ့သို့ပင် ပျံသန်းလာပြီးထက်မံတိုက်ခိုက်တော့သည်။ ထိုဓားစွမ်းအင်များသည်လည်း လွန်စွာလျှင်မြန်လှ၏။
ဖှေးသည် သူ၏တူအား၀ှေ့ရမ်းကာ အနောက်သို့ ဆုတ်ခွာနေရင်းဖြင့် ဓားစွမ်းအင်များအားလုံးကို ဖျက်ဆီးနေလျှက်ရှိသည်။
အခြေအနေသည် အလွန်အန္တရာယ်များလှပြီး ဖှေးသည် ကြိုးတန်းပေါ်တွင်လမ်းလျှောက်နေရသလိုပင်။ ခြေလှမ်းမှားပါးသွားပါက ဓားစွမ်းအင်များထဲတွင်ပါ၀င်နေသည့် လျို့၀ှက်စွမ်းအင်များသည် သူ့အားထိမှန်သွားမည်ဖြစ်၏။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ဖှေးသည် စစ်သင်္ဘော၏ ပဲ့စွန်းသို့ရောက်သည်အထိပင်ဆုတ်ခွာသွားရ၏။
သို့သော် နတ်ဆိုးဓားစွမ်းအင်များသည် သူ့အား ဆက်တိုက်ပင် တိုက်ခိုက်နေလျှက်ရှိသည်။
နောက်ဆုံးတွင် ဖှေးသည် ရွှမ်းကယ်ပေါ်မှဆင်းလိုက်ရပြီး အစိမ်းရောင်စွမ်းအင်အကာရံ၏ အပြင်ဘက်သို့ပင်ရောက်သွား၏။
ထိုအချိန်မှသာလျှင် ဓားစွမ်းအင်တိုက်ခိုက်မှုများရပ်တန့်သွားတော့သည်။