"မိတ်ဆွေဟောင်းများ ပြန်တွေ့ခြင်း"
Vol. 52 Ch. 804
ဤကဲ့သို့သမိုင်း၀င်နိုင်လောက်သည့်တိုက်ပွဲကိုမြင်တွေ့လိုက်ရသည့်အတွက် ရွှမ်းကယ်ပေါ်တွင်ရှိနေသည့်လူများနှင့် ချမ်းဘော့ဒ်တိုင်းပြည်မှလူများ အံ့သြတုန်လှုပ်သွားကြသည်။
ဟိုတယ်များ၊ သံတမန်အဖွဲ့များနေထိုင်နေသည့်နေရာများတွင်ရှိနေကြသည့် ပတ်၀န်းကျင်အင်ပါယာများမှ သံတမန်များ၊ ဧည့်သည်တော်များသည် ကောင်းကင်ပေါ်တွင်ရှိနေသည့်တိုက်ပွဲကို ကြည့်ရင်းဖြင့် သူတို့၏ တုန်လှုပ်မှုများကို ထိန်းချုပ်ထားနိုင်ခြင်းမရှိပေ။
"သူကဘယ်သူလဲ။ ဒီကောင်က ချမ်းဘော့ဒ်ဘုရင်ကိုတောင် ဒီအတိုင်းတာထိဖိအားပေးနိုင်တာပဲ.."
လက်ရှိအခိုက်တန့်တွင် ဇီးနစ်အင်ပါယာမှ သံတမန်အဖွဲ့သည်လည်း ချမ်းဘော့ဒ်တိုင်းပြည်ထဲမှ မထွက်ခွာရသေးပေ။ ဒုတိယမင်းသားဒိုမင်းဂူသည် မြင်းပေါ်သို့ ခုန်တက်နေရင်းဖြင့် သူ၏ ဦးဆောင်းကိုလှန်ကာကောင်းကင်ပေါ်သို့ ကြည့်လိုက်မိသည်။ ကောင်းကင်ပေါ်တွင် တောက်ပနေသည့် ဓားစွမ်းအင်အလင်းရောင်များသည် သူ၏ခန့်ညားသည့်မျက်နှာပေါ်သို့ ကျရောက်လာ၏။
သူ၏မျက်နှာအားသေချာစိုက်ကြည့်ပါက ပုံမှန်အားဖြင့်တည်တည်ငြိမ်ငြိမ်နေတတ်သည့် ဇီးနစ်အင်ပါယာ၏ ဒုတိယမင်းသား၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သည့် အမူယာကိုမြင်နေရ၏။
"အခြေအနေက ဒီလောက်တောင်ဆိုး၀ါးနေပြီလား...ရန်သူတွေက အင်ပါယာနယ်နိမိတ်အတွင်းမှာ စည်းမရှိ၀င်ထွက်နိုင်နေပြီလား..."
ဒိုမင်းဂူခေါင်းငုံ့ကာ သက်ပြင်းချလိုက်သည်။
သို့သော် သူသည် တစ်စုံတစ်ရာကိုစဥ်းစားလိုက်မိပြီး သူ၏မျက်လုံးများသည် ပြန်လည်တောက်ပလာ၏။ မြင်းအား ကြာပွတ်ဖြင့်ရိုက်လိုက်ပြီး ချမ်းဘော့ဒ်မြို့တော်ဂိတ်တံခါး၀သို့ ဦးတည်ရင်းဖြင့် အော်ဟစ်လိုက်သည်။ "အားလုံးပဲ လိုက်ခဲ့ကြ ငါတို့ဒီနေ့ညထွက်ပြီးတော့ မြို့တော်စိန့်ပီတာစဘာ့တ်ကို မနက်ဖြန်မနက်ရောက်မှဖြစ်မယ် ဒါက အရေးကြီးအမိန့်ပဲ..."
"အရှင့်သား ကျွန်တော်တို့ ဂရုစိုက်မှဖြစ်မယ်...အခြေအနေက အတော်လေး၀ရုန်းသုန်းကားဆန်နေပြီ။ ချမ်းဘော့ဒ်တိုင်းပြည်တောင် စစ်ပွဲထဲ၀င်နေရပြီ။ ချမ်းဘော့ဒ်ဘုရင်ရဲ့တိုက်ပွဲပြီးတော့မှ ကျွန်တော်တို့ထွက်ခွာတာမကောင်းဘူးလား..." အဖွဲ့ထဲမှ တစ်စုံတစ်ယောက်အကြံပေးလိုက်သည်။
"ငါတို့အခုထွက်မှရမယ်...ငါ့အမိန့်အတိုင်းမလိုက်နာတဲ့လူမှန်သမျှကို ချက်ချင်းကွပ်မျက်ပစ်မယ်..ငါသေရမယ်ဆိုရင်တောင် မြို့တော်မှာပဲသေချင်တယ်..."
အမိန့်ပေးပြီးသည်နှင့်တပြိုင်နှက် ဒိုမင်းဂူသည် အရှေ့သို့ စီးနှင်ကာ အမှောင်ထုထဲတွင်ပျောက်ကွယ်သွားတော့သည်။
နတ်ဆိုးအမျိုးသမီး ပဲရစ်နှင့် မုတ်ဆိတ်နီဂရန်နယ်လိုတို့လဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး စိုးရိမ်မှုများကိုမြင်တွေ့လိုက်ရသည်။ သူတို့သည် ခါးသက်စွာပြုံးလိုက်ကြပြီး ဂရန်နယ်လိုမှ အော်ဟစ်လိုက်သည်။ "အားလုံးပဲ သွားကြမယ်ဟေ့ ငါတို့အရှင့်သားကိုကာကွယ်ပေးရမယ်..."
မြင်းခွာသံများစွာထွက်ပေါ်လာပြီး ကျွမ်းကျင်မြင်းစစ်သည်အယောက်၂၀ခန့်သည် ချက်ချင်းပင် ဒိုမင်းဂူ၏အနောက်မှ လိုက်ပါသွားကြတော့သည်။ ထို့နောက်တွင် အဖွဲ့သည် ချမ်းဘော့ဒ်မြို့တော်ခံတပ်နံရံများကို ကျော်လွန်၍ ဇူလီမြစ်အားဖြတ်ကျော်ကာ တစ်ဖက်ကမ်းတွင်စောင့််နေကြသည့် သူတို့၏လူများဖြင့်ပေါင်းစည်းရန်စီစဥ်ထား၏။
"[ဓားတစ်လက်သူရဲကောင်း] ခွေးသားသစ္စာဖောက်ထွက်ခဲ့စမ်း..."
လေပေါ်တွင်ရပ်နေရင်းဖြင့် ဖှေးသည် တူကိုကိုင်ဆောင်ကာ ရွှမ်းကယ်ထံသို့ အော်ဟစ်လိုက်သည်။
သူ၏အသံသည် ကောင်းကင်ပေါ်တွင်ပဲ့တင်သွား၏။
"မတွေ့တာကြာပြီပဲ ဘုရင်အလတ်ဇန္ဒား..." ပိန်ပိန်ပါးပါးလူတစ်ယောက်သည် ရွှမ်းကယ်၏ အရှေ့သို့ ရောက်ရှိလာ၏။
ထိုလူသည် သားနားသည့်အနက်ရောင်နှင့်အ၀ါရောင်ချပ်၀တ်စုံကို၀တ်ဆင်ထားပြီး ထိုချပ်၀တ်ပေါ်တွင်ကြောက်မက်ဖွယ် မှော်စွမ်းအင်များစီး၀င်နေ၏။ သူ၏ကြောပြင်တွင်လွယ်ထားသည့် ဓားမှာ ကျယ်ပြန့်ပြီး တလင်းကျောက်တစ်ခုလိုတောက်ပနေ၏။ အ၀ေးမှကြည့်ပါက သူသည် ကြယ်အလင်းရောင်တစ်ခုအားလွယ်ထားသလိုပင်။
သူသည် အရပ်မရှည်လွန်း၊ မပုလွန်းဖြစ်ပြီး အညိုရောင်ဆံနွယ်များသည် လေထဲတွင်လွှင့်ပျံနေလျှက်ရှိသည်။ သူ၏မျက်လုံးများထဲတွင် နီရဲသည့် အရိပ်ယောင်များရှိနေပြီး ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ပင်။ လူသားများအား ၀ါးမျိုစားသောက်တော့မည့် ရှေးမျိုးနွယ်သားရဲကောင်တစ်ကောင်လိုပင်။
အ၀တ်စားများပြောင်းလဲသွားပြီး မျက်နှာအသွင်ပြင်အနည်းငယ်ပြောင်းလဲသွားသော်လည်း ဤလူသည် ယခင်က အဖွဲ့၀င်တိုင်းပြည်များထဲတွင် နံပါတ်၁သိုင်းဆရာဖြစ်သည့် ဓားတစ်လက်သူရဲကောင်းဖြစ်သည်ကို ဖှေးသိလိုက်၏။
"တကယ်မင်းပဲကိုး စိတ်ပျက်စရာပဲ..." ဖှေးသည် ထိုလူအားသေချာကြည့်လိုက်ပြီး စိတ်ပျက်သည့်အမူယာဖြင့်ပြောလိုက်သည်။
ဖှေးသည် လွန်ခဲ့သည့်ဆယ်မိနစ်ခန့်က ဓားစွမ်းအင်ကိုပထမဆုံးမြင်လိုက်ရသည့်အချိန်တွင် တစ်နေရာရာတွင်မြင်ခဲ့ဖူးသလိုခံစားလိုက်ရသည်။
ထိုစဥ်က သူသေချာမသိခဲ့သေးပေ။
ဓားစွမ်းအင်ပျံသန်းပုံနှင့် သိုင်းကွက်များသည် ဓားတစ်လက်သူရဲကောင်း၏ သိုင်းကွက်တို့နှင့်ဆင်သော်လည်း ဓား၀ိဉာဥ်နှင့် စွမ်းအင်တို့သည် မတူညီသည့်အတွက်ပင်။ လက်ရှိဓားစွမ်းအင်နှင့် အရှိန်၀ါတို့သည် နတ်ဆိုးဆန်နေသည်။ ယခင် ဓားတစ်လက်သူရဲကောင်း၏စွမ်းအင်အရှိန်၀ါသည် အထီးကျန်မှု၊ သီးခြားခံရမှု စသည့်ခံစားချက်တို့နှင့်ပြည့်နှက်နေသည့်အတွက်ပင်။
သို့သော် လက်ရှိအခိုက်တန့်တွင် ဖြစ်ပွားသွားခဲ့သည့်တိုက်ပွဲအရ ထိုလျို့၀ှက်သည့် သိုင်းဆရာသည် ဓားတစ်လက်သူရဲကောင်းဖြစ်ကြောင်းကို ဖှေးအတည်ပြုနိုင်လိုက်သည်။
ဤအချက်ကြောင့် ဖှေးစိတ်ပျက်သွားခဲ့သည်။
ဓားတစ်လက်သူရဲကောင်းသည် ယခင်ကဘုရင်၏ ပြိုင်ဘက်တစ်ယောက်ဖြစ်ခဲ့သော်လည်း သူသည် စွမ်းအားမြင့်မားကာ ဂုဏ်ယူ၀င့်ကြွားရသည့် သိုင်းဆရာနှင့် ဓားသမားအစစ်မှန်တစ်ယောက်ဖြစ်သည်။ သူသည် အရည်ချင်းရှိသည့် ပါရမီရှင်တစ်ယောက်ဖြစ်သည့်အတွက်ကြောင့် ဖှေးအတိုင်းတာတစ်ခုအထိလေးစားခဲ့သည်။
သို့သော် တစ်နှစ်မပြည့်သေးခင်မှာပင် ဓားတစ်လက်သူရဲကောင်းသည် စစ်သည်တော်တစ်ယောက်၏ ဂုဏ်သရေအား စွန့်လွှတ်ခဲ့သည်။ သူသည် ဇီးနစ်အင်ပါယာအား စွန့်ပစ်ခဲ့ရုံသာမကပဲအော်မိန်းအင်ပါယာနှင့် ပူးပေါင်း၍ ဇီးနစ်ကိုပါ ပြန်လည်တိုက်ခိုက်လာနေသောကြောင့်ပင်။
ဘာဖြစ်ခဲ့သည်ကို ဖှေးမသိသော်လည်း ဓားတစ်လက်သူရဲကောင်းသည် သူ၏အမိအင်ပါယာကို သစ္စာဖောက်ခြင်းသည် စိတ်ပျက်၀မ်းနည်းစရာပင်။
"စိတ်ပျက်စရာဟုတ်လား...ဘာလို့လဲ ငါ့ရဲ့ဓားသွားကမင်းအတွက် လုံလုံလောက်လောက်မထက်ဘူးလား..."
ဖှေး၏မျက်နှာပေါ်တွင်ရှိသည့် စိတ်ပျက်မှုတို့ကြောင့် ဒေါသဖြစ်သွားသည့်အတိုင်းပင်။ ဓားတစ်လက်သူရဲကောင်းသည် စက္ကန့်းအနည်းငယ်ခန့်ဒေါသဖြစ်သွားပြီး ခနအကြာတွင် မောက်မာစွာဖြင့် ရယ်မောလိုက်သည်။ "ဟားဟားဟား ချမ်းဘော့ဒ်ဘုရင် မင်းဘာသိလို့လဲ။ ငါက မင်းကိုအနိုင်မယူနိုင်ခဲ့တဲ့အရှုံးသမားတစ်ယောက်မဟုတ်တော့ဘူး။ ငါကနေအဆင့်သခင်တစ်ပါးဖြစ်နေပြီး လက်ရှိမှာဆိုရင် အော်မွန်းအင်ပါယာရဲ့ ပင်မတပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်ပဲ။ ငါ့လက်အောက်မှာ သိုင်းဆရာတွေအများကြီးရှိတယ်။ သိန်းနဲ့ချီတဲ့စစ်သည်တွေက င့ါအမိန့်ကိုနာခံကြတယ်။ ဟားဟားဟား ငါကအခုဆိုရင် အရှိန်၀ါကြီးမားတဲ့လူတစ်ယောက်ဖြစ်နေပြီး မင်းက နည်းနည်းပိုသန်မာတဲ့ ဇီးနစ်တောသားတစ်ယောက်ဖြစ်နေတုန်းပဲ။ အရှိန်၀ါအရရော စွမ်းအားအရရော မင်းင့ါကို မယှဥ်နိုင်တော့ဘူး။ မင်းကိုယ်မင်း င့ါထက်သာတယ်ထင်နေတုန်းလား..."
"ဇီးနစ်တောသားတစ်ယောက်ဟုတ်လား..." ဖှေးသည် သနားသည့်အမူယာတစ်ခုဖြင့် သူ၏ခေါင်းကို ခါရမ်းလိုက်သည်။ သူသည် တစ်စုံတစ်ခုကို စဥ်းစားလိုက်မိပြီး မေးလိုက်သည်။ "မင်းက စိတ်ဖောက်ပြန်ပြီးတော့ မင်းရဲ့ဇာတိကို မေ့သွားတဲ့ပုံပဲ။ ရုတ်တရက်စစ်ပွဲတွေဖြစ်လာတယ်။ ဇီးနစ်အင်ပါယာက ပြိုလဲခါနီးအခြေအနေကိုရောက်နေတယ်။ လီယွန်အင်ပါယာနဲ့ အော်မွန်းအင်ပါယာက ပူးပေါင်းတိုက်ခိုက်ပြီးတော့ သူတို့စစ်သည်တွေကအကုန်လုံးကိုကျော်ဖြတ်လာပြီး မြို့တော်စိန့်ပီတာစဘာ့တ်ထဲကိုပါ၀င်လာကြပြီး ဒါတွေအကုန်လုံးမင်းကြောင့်ပဲမလား..."
"ဟမ်...မင်းက ဒါတွေအကုန်သိထားတာလား..." ဓားတစ်လက်သူရဲကောင်းသည် အနည်းငယ်အံ့သြသွားသည့်ပုံပင်။ ထို့နောက်တွင် သူထက်မံ၍ မောက်မာစွာရယ်မောလိုက်ပြန်သည်။ "ဟားဟားဟား ကောင်းတယ်။ ဇီးနစ်အင်ပါယာပြိုလဲတော့မယ်ဆိုတာ အမှန်ပဲ မြို့တော်စိန့်ပီတာစဘာ့တ်တောင် အခုချိန်မှာအသိမ်းခံနေရလောက်ပြီ...ဟားဟား ဇီးနစ်အင်ပါယာတော်၀င်မိသားစုလည်း ပြိုလဲတော့မယ်။ ချမ်းဘော့ဒ်ဘုရင် မင်းင့ါရှေ့မာဒူးထောက်ပြီးတော့ တောင်းပန်မယ်ဆိုရင် မင်းကို င့ါအမိန့်ပေးတဲ့ပင်မတပ်ဖွဲ့ထဲမှာ အဖွဲ့ခေါင်းဆောင်ရာထူးပေးမယ်...လယ်ဗယ်၇အင်ပါယာမှာ အဖွဲ့၁၀၀ပါတဲ့တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်လုပ်ရတာက အဖွဲ့၀င်တိုင်းပြည်တစ်ခုရဲ့ ဘုရင်တစ်ပါးဖြစ်ရတာထက်တော့သာပါတယ်...ဟားဟား မင်းဘာပြောမလဲ..."
"ဘာမှမသိတဲ့လူက မင်းပဲ..." ဖှေးသည် သူ၏ခေါင်းကို ခါရမ်းကာပြောလိုက်သည်။ သူသည် ဆက်လက်ပြောရန်ကိုပင် ပင်ပန်းနေသလိုပင်။
နှစ်၀က်အတွင်းမှာပင် ဓားတစ်လက်သူရဲကောင်းသည် များစွာပြောင်းလဲသွားခဲ့သည်။
သူသည် အထီးကျန်ဆန်ကာ စွမ်းအားမြင့်မားသည့် ဓားတစ်ပါးတစ်ယောက်လိုမဟုတ်တော့ပေ။ ထိုအစားသူသည် မောက်မာသည့် နတ်ဆိုးတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားခဲ့၏။ မျက်လုံးများထဲတွင် အနီရင့်ရောင်မီးတောက်များတောက်ပနေပြီး သူသည် သွေးဆာနေသည့် ရှေးမျိုးနွယ်သားရဲတစ်ကောင်လိုပင်။ တည်တည်ငြိမ်ငြိမ်ဉာဏ်ရည်မြင့်မားသည့်ပုံမရှိတော့ပဲ သူသည် ဒေါသဖြစ်လွယ်တတ်သည့်လူတစ်ယောက်ဖြစ်လာခဲ့၏။
သူ၏သံချေးတတ်သည့် ဓားကိုစွန့်လွှတ်ကာ တောက်ပနေသည့်ဓားတစ်လက်ကိုပြောင်းကိုင်ခဲ့သည်။ ကြမ်းတမ်းသည့်၀တ်ရုံသည်လည်း သားသားနားနားချပ်၀တ်တစ်စုံအဖြစ်သို့ပြောင်းလဲသွား၏။ မျက်နှာမှလွှဲ၍ ကျန်ရှိနေသည့် အရှိန်၀ါ၊ စိတ်ပိုင်းဆိုင်ရာများအားလုံး ပြောင်းလဲသွား၏။
ဤအခိုက်တန့်တွင် ရွှမ်းကယ်၏ ထိန်းချုပ်ရေးအဆောက်ဦးထံမှ စူးရှသည့်အသံတစ်ခုထွက်ပေါ်လာသည်။ ထိုလူသည် စိတ်မရှည်တော့သည့်ဟန်ပင်။
"ခေါင်းဆောင်ဓားတစ်လက်သူရဲကောင်း မင်းဘာလို့ ဒီလိုညစ်ပတ်တဲ့မြို့ခံနဲ့ အချိန်ဖြုန်းနေတာလဲ။ သူ့ကို အမြန်သတ်လိုက်တော့ ချမ်းဘော့ဒ်တိုင်းပြည်မှာ အန်ဂျယ်လာလို့ခေါ်တဲ့ ရှားပါးတဲ့မိန်းမလေးရှိတယ်လို့ မင်းင့ါကို ပြောထားတယ်လေ။ ငါမစောင့်နိုင်တော့ဘူး ချမ်းဘော့ဒ်သားတွေအားလုံးကိုသတ်ပြီးတော့ မင်းလက်စားချေစရာရှိတာချေတော့...ငါတော့ အဲ့မိန်းမလှလေးကိုပဲလိုချင်တယ် ဟားဟား..."
"အရှင့်သား မင်းသားရှန်ချူအာ မစိုးရိမ်ပါနဲ့။ အန်ဂျယ်လာလို့ ခေါ်တဲ့ မိန်းမက အရှင့်အပိုင်ပါ..." ဓားတစ်လက်သူရဲကောင်းသည် အနောက်သို့လှည့်၍ တလေးတစားပြန်ဖြေလိုက်သည်။ ထို့နောက်တွင် ဖှေးဘက်သို့ပြန်လှည့်ကာ ရန်စသည့်အနေဖြင့် ရယ်မောလိုက်သည်။
သို့သော် ဖှေးသည် သူထင်သလိုဒေါသဖြစ်ခြင်းမရှိပေ။ ထိုအစား ချမ်းဘော့ဒ်ဘုရင်သည် တည်ငြိမ်နေ၏။ သူသည် ဖြေးညှင်းစွာပြောလိုက်သည်။ "လာခဲ့ပါ တိုက်ခိုက်ကြစို့ သနားစရာကောင်းပြီးတော့ ရွံ့ရှာစရာကောင်းတဲ့ သစ္စာဖောက်ပဲ။ အရင်တုန်းကမင်းရဲ့ပြိုင်ဘက်ဖြစ်တဲ့ငါက မင်းရဲ့ကျဆုံးသွားတဲ့ ဂုဏ်သရေကို အနားယူခွင့်ပေးလိုက်မယ်..."
ဖှေးထိုကဲ့သို့ပြောရင်းဖြင့် အပေါ်သို့မော့ကြည့်လိုက်သည်။ သတ်ဖြတ်လိုသည့်ဆန္ဒများသည် သူ၏မျက်လုံးများထဲတွင် အတိုင်းသားပေါ်လွင်နေ၏။