"ဓားသမားတစ်ယောက်၏ ဂုဏ်သရေ"
Vol. 52 Ch. 809
"ဓားတစ်လက်သူရဲကောင်း မင်းဘာလုပ်နေတာလဲ သစ္စာဖောက်နေတာလား"
ထိန်းချုပ်ခြင်းအဆောက်ဦးပေါ်တွင်ရပ်နေသည့် မင်းသားရှန်ချူအာသည် ဒေါသကြီးစွာဖြင့်အော်ဟစ်လိုက်သည်။
"မင်းလည်း ညစ်ပတ်တဲ့မြို့ခံတစ်ယောက်ပဲ။ သစ္စာမရှိတဲ့ခွေးတစ်ကောင်ပဲ အဲ့ကောင်ကို သတ်ကြစမ်းကွာ..."
"မောက်မာလှချည်လား ညစ်ပတ်တဲ့မြို့ခံကောင်"
"ဟားဟားဟား ငါဓားသိုင်းလေ့ကျင့်နေခဲ့တာ ၂၉နှစ်လောက်ရှိပြီ။ အခုချိန်မှာ ဓားကိုင်ပြီးတိုက်ခိုက်ရတာင့ါအတွက် စိတ်ကျေနပ်စရာအကောင်းဆုံးပဲ...ဟားဟားဟား...ရန်သူတွေအကုန်လုံးကိုသတ်ပစ်ကြစို့..."
ဓားတစ်လက်သူရဲကောင်းသည် အော်မွန်းအင်ပါယာ၏ မင်းသားရှန်ချူအာအော်ဟစ်နေသည်ကို လျစ်လျူရှုကာ ဓားတစ်လက်ဖြင့်ပြေးလွှားတိုက်ခိုက်နေ၏။
အညှာတာကင်းမဲ့စွာဖြင့် ဓားတစ်ချက်၀ှေ့ရမ်းလိုက်သည့်အချိန်တိုင်းတွင် အော်မွန်းအင်ပါယာမှ စစ်သည်များစွာကိုသတ်ဖြတ်နေလျှက်ရှိသည်။
ယခုအချိန်တွင် သူထံမှ ရှားပါးသည့် ရက်စက်ကြမ်းကြုတ်ကာယောက်ျားဆန်သည့်အရှိန်၀ါတစ်ခုကို ခံစားနေရသည်။ သူသည် ပုံမှန်အားဖြင့် အေးတိအေးစက်တိတ်တိတ်ဆိတ်ဆိတ်နေတတ်သည့်လူတစ်ယောက်ဖြစ်သောကြောင့်ပင်။
တနည်းတစ်ဖုံဖြင့် သူ၏အရှိန်၀ါသည် ပို၍စိုးမိုးနိုင်လာပြီး ဖှေး၏အရှိန်၀ါနှင့်တူလာ၏။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ဓားတစ်လက်သူရဲကောင်းသည်အော်မွန်းအင်ပါယာမှ စစ်သည်များစွာကို ဖြတ်ကျော်၍ ထိန်းချုပ်ခြင်းအဆောက်ဦး၏အရှေ့သို့ရောက်ရှိသွားသည်။
ဖှေးသည် လေပေါ်တွင်ရပ်နေရင်းဖြင့် သက်ပြင်းချလိုက်သည်။
ဘုရင်၏နားလည်မှုအရ ဓားတစ်လက်သူရဲကောင်းသည် ဘ၀၏နောက်ဆုံးအချိန်သို့ရောက်ရှိနေပြီး သူ၏ စိတ်စွမ်းအားဖြင့်သာအသက်ဆက်နေခြင်းပင်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် ရုတ်တရက်ထွက်ပေါ်လာသည့် နတ်ဆိုးစွမ်းအားများသည် ရွှေရောင်အရိုးစုနတ်ဆိုး၏ စွမ်းအားအကြွင်းကျန်များဖြစ်နေနိုင်ပြီး ကျန်ရှိနေသည့်စွမ်းအားများသည် သူ၏အသက်စွမ်းအင်နှင့် ၀ိဉာဥ်တို့ကို လောင်ကျွမ်းစေလိုက်သည့်အတွက်ကြောင့် ရရှိလာခဲ့ခြင်းပင်။
ထိုအရာများအားလုံးကို စုပေါင်း၍ သူ၏စွမ်းအားများသည် ရွှေရောင်အရိုးစုနတ်ဆိုးထွက်ခွာသွားသော်လည်း အဆင့်နိမ့်မနက်ခင်းနေအဆင့်သို့ရောက်ရှိနေဆဲပင်။
ဓားတစ်လက်သူရဲကောင်းသည် သေရတော့မည်ကိုသိသည့်အတွက်ကြောင့် အရာအားလုံးကို လောင်မြိုက်စေကာ စွမ်းအားများပို၍တိုးပွားလာစေလျှက်ရှိသည်။
သူသည် ယခုအချိန်မှစ၍ ဆယ်မိနစ်ကျော်ခန့်သာအသက်ရှင်နေနိုင်တော့၏။
ဘ၀၏ နောက်ဆုံးအချိန်တွင် ဓားတစ်လက်သူရဲကောင်းသည် ကျူးလွန်ခဲ့မိသည့်အမှားအတွက် ယောက်ျားပီပီသသတာ၀န်ယူခဲ့သည်။ သူသည် ငိုကြွေးခြင်း၊ အပြစ်တင်ခြင်းမရှိပေ။ ထိုအစား သူသည် စစ်သည်တော်အစစ်မှန်၏ ဂုဏ်သရေတို့ကို ပြသခဲ့ပြီး ဘ၀၏ နောက်ဆုံးမိနစ်အနည်းငယ်ခန့်ကို အမှားအတွက် ပြန်လည်ပေးဆပ်နိုင်ရန်အတွက် အသုံးပြုနေ၏။
ဓားတစ်လက်သူရဲကောင်းသည် ဂုဏ်ယူ၀င့်ကြွားသည့် ပါရမီရှင်တစ်ယောက်ဖြစ်နေဆဲပင်။
ဖှေးသည် သူ၏ ဟူလန်တိုင်းပြည်ကိုကာကွယ်ပေးမည်ဟုကတိပေးထားသော်လည်း ဓားတစ်လက်သူရဲကောင်းသည် ဘုရင်အားအကြွေးတင်လိုခြင်းမရှိပေ။
သူပေးမည်ဟုဆိုခဲ့သည့် လက်ဆောင်သည် ရွှမ်းကယ်ဖြစ်သည်။ သူသည် ဤစစ်သင်္ဘောပေါ်တွင်ရှိနေသည့် အော်မွန်းအင်ပါယာမှလူများအားလုံးကို သတ်ဖြတ်၍ ဖှေးအားလက်ဆောင်အဖြစ်ပေးမည်ဖြစ်သည်။
ဓားတစ်လက်သူရဲကောင်း၏ နှလုံးသားထဲတွင်ရှိသည့် ဂုဏ်သရေကို ဖှေးအာရုံခံလိုက်မိသည်။
ဤသည်မှာ ပါရမီရှင်ဓားသမားတစ်ယောက်၏ နောက်ဆုံးဂုဏ်သရေပင်။
ထို့ကြောင့် ဘုရင်သည် ၀င်ရောက်ကူညီခြင်းမရှိပေ။
"သေစမ်းကွာ..."
ဓားတစ်လက်သူရဲကောင်းသည် ရူးသွပ်စွာရယ်မောရင်းဖြင့် သူ၏သံချေးတက်နေသည့်ဓားကိုခါရမ်းလိုက်ရာ ဓားစွမ်းအင်တစ်ခုထွက်ပေါ်လာပြီး သူ၏လမ်းကြောင်းအားပိတ်ဆို့ထားသည့် အော်မွန်းအင်ပါယာမှ စစ်သည်များကိုသတ်ဖြတ်လိုက်သည်။ ထို့နောက်တွင် သူသည် လေပေါ်သို့ခုန်တက်လိုက်ပြီး ထိန်းချုပ်ရေးအဆောက်ဦးပေါ်တွင်ရှိနေသည့် မင်းသားရှန်ချူအာထံသို့ပျံသန်းသွားလိုက်သည်။ တစ်ချိန်ညတ်းမှာပင် သူ၏ဓားဖြင့်ထိုးနှက်ကာ တောက်ပနေသည့် ဓားစွမ်းအင်များစွာကိုပစ်လွှတ်လိုက်သည်။
ဓားစွမ်းအင်များသည် မင်းသားရှန်ချူအာထံသို့ မိုးစက်များကဲ့သို့ပင်ပျံသန်းလာတော့သည်။
"အား...ကယ်ကြပါဦး..." မင်းသားရှန်ချူအာ၏ဘေးတွင်ရပ်နေသည့် သားသားနားနား၀တ်ဆင်ထားသော လူငယ်များကြောက်လန့်ကုန်ကြသည်။ သူတို့၏မျက်နှာများဖြူဖက်ဖြူယော်ဖြစ်နေပြီး ဟိုပြေးဒီပြေးလုပ်နေကြ၏။ သူတို့သည် မင်းသားအား ဆက်လက်မြှောက်ပင့်ရန်မကြိုးစားတော့ပေ။
စက္ကန့်အနည်းငယ်အတွင်းမှာပင် အညှာတာကင်းမဲ့သည့်ဓားစွမ်းအင်များသည် သူတို့ထံသို့ရောက်ရှိလာ၏။
"ဟမ်...မင်းကများ.."
ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် ဆံပင်ရွှေရောင်နှင့်ပီဒစ်သည် အရေးကြီးသည့်အချိန်တွင် ကြုံး၀ါးကာ လှုပ်ရှားလိုက်သည်။ လက်ထဲတွင်ကိုင်ထားသည့် ဓားကို၀ှေ့ရမ်း၏ ဓားများဖြင့်ပြုလုပ်ထားသည့် နံရံတစ်ခုကို ဖန်တီးလိုက်သည်။
"ချွင် ချွင် ချွင်"
သူ၏ဓားချက်သည် ဓားတစ်လက်သူရဲကောင်းပစ်လွှတ်လိုက်သည့် စွမ်းအင်များအားလုံးကိုကာရံလိုက်သည်။
"ချွတ် ချွတ် ချွတ်"
ဓားစွမ်းအင်များကိုကာရံလိုက်ပြီးနောက်တွင် ပီဒစ်၏မျက်နှာအမူယာပြောင်းလဲသွားသည်။ သူ၏မျက်နှာသည် ချက်ချင်းပင် နီရဲသွားပြီး လက်ကောက်၀တ်များထုံကျင်သွား၏။
သူ၏ဓားသည်ပြင်းထန်စွာတုန်ခါသွားပြီး ကြီးမားသည့်တွန်းကန်အားကြောင့်အနောက်သို့ ခြေလှမ်းများစွာဆုတ်ခွာသွား၏။
ဓားတစ်လက်သူရဲကောင်းသည် နေအဆင့်တွင်ရှိနေပြီး ပီဒစ်သည် လပြည့်နောက်ဆုံးအဆင့်တွင်သာရှိသေးသည်။ လက်ထဲတွင်လက်စွဲတော်လက်နက်တစ်ခုကိုကိုင်ထားသော်လည်း သူသည် နေအဆင့်နှင့်နီးကပ်မှုမရှိသေးပေ။ ဓားစွမ်းအင်များကို ကာရံလိုက်နိုင်ခြင်းကပင် အထင်ကြီးဖွယ်ကောင်းနေ၏။
"အရှင့်သား ရှန်ချူအာကို ကာကွယ်ကြ.."
ဤကဲ့သို့သော အရေးကြီးသည့်အချိန်တွင် ပီဒစ်သည် သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အတွင်းအားစွမ်းအင်များကို ပြန်လည်တည်ငြိမ်အောင်ထိန်းချုပ်နိုင်ချိန်မရှိပဲ မင်းသားရှန်ချူအာထံသို့ ပြေးသွားကာ သူ၏ဘေးတွင်ရပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သစ္စာရှိကိုယ်ရံတော်စစ်သည်များစွာသည်လည်း လေပေါ်သို့ ခုန်ပျံလာပြီး သတ်ဖြတ်လိုနေသည့် ဓားတစ်လက်သူရဲကောင်းအား အသက်ဖြင့်ရင်းကာ တားဆီးရန်အတွက် အကြောက်တရားမရှိပဲ ကြိုးစားလိုက်သည်။
"ရှပ်..."
ဓားကိုအနည်းငယ်၀ှေ့ရမ်းလိုက်ပြီး ဓားတစ်လက်သူရဲကောင်းသည် ထိုကိုယ်ရံတော်စစ်သည်များကို အသားစများအဖြစ်သို့ပြောင်းလဲလိုက်သည်။ ဤသည်မှာ သူ့အတွက် လွယ်ကူလွန်းလှ၏။
သူသည် တာ၀န်တစ်ခုထမ်းဆောင်နေခြင်းဖြစ်ပြီး သူ့အားမည်သူမှ ရပ်တန့်နိုင်လိမ့်မည်မဟုတ်ပေ။
စက္ကန့်အနည်းငယ်အတွင်းမှာပင် သူသည် ထိန်းချုပ်ရေးအဆောက်ဦးပေါ်သို့ရောက်ရှိသွား၏။
"၀ှစ် ၀ှစ် ၀ှစ်"
သူသည် ရပ်တန့်ခြင်းမရှိပဲ ရွှေရောင်ပုလ္လင်၏အရှေ့တွင်ရပ်နေသည့် မင်းသားရှန်ချူအာထံသို့ ပြေးသွားလိုက်သည်။
"ချွင် ချွင် ချွင်"
သတ္တုခြင်းရိုက်ခတ်သံများထွက်ပေါ်လာပြီး မီးပွားစများသည် အရပ်မျက်နှာအနှံ့သို့လွှင့်စင်ကုန်၏။
ရှန်ချူအာအားအလွန်သစ္စာရှိသည့် ပီဒစ်သည် မင်းသား၏အရှေ့မှ ၀င်ရပ်ကာ ဓားစွမ်းအင်တစ်ချို့ကို ကာရံလိုက်ပြီးအော်ဟစ်လိုက်သည်။ "ဒီလူကရူးနေပြီ...ဒီလူစိတ်ဖောက်သွားပြီ အရှင့်သား...ကျေးဇူးပြုပြီး ဆုတ်ခွာပါတော့..."
ထို့နောက်တွင် သူ၏ကြီးမားသည့် ဓားကြီးကို ၀ှေ့ရမ်း၍ ဓားစွမ်းအင်များကို ကာရံကာအရှေ့သို့ ခုန်သွားလိုက်သည်။
သူသည် ယာယီအားဖြင့် ဓားတစ်လက်သူရဲကောင်းအား ရပ်တန့်လိုက်နိုင်၏။
"ဟုတ်တယ် ဒီမှာ အန္တရာယ်များလွန်းတယ်..."
"ကျွန်တော်တို့ဆုတ်ခွာတာကောင်းမယ် အရှင့်သား...ဒီညစ်ပတ်တဲ့မြို့ခံကောင်က စိတ်ဖောက်ပြန်သွားပြီ။ အရှင့်သားက အရှိန်၀ါကြီးမားတဲ့လူပဲ ဒဏ်ရာမရသင့်ဘူး..."
"ဟုတ်တယ် အရှင့်သား ကျွန်တော်တို့အရှင့်သားကိုကာကွယ်ပေးပါ့မယ်..တယ်လီပေါ့တ်မှော်အစီရင်သုံးပြီးတော့ ဒီနေရာကနေထွက်သွားရအောင်..."
အားအင်ချိနဲ့သည့် ဆွေကြီးမျိုးကြီးလူငယ်များသည် နေရာအနှံ့မှ မင်းသားထံသို့ ပြေးလာကာ စိုးရိမ်ပူပန်သည့်အမူယာများဖြင့်ပြောလိုက်ကြသည်။
သူတို့သည် မင်းသားအတွက် အမှန်တကယ်ပင် စိုးရိမ်ပူပန်သည့်အတွက်ကြောင့် ဆုတ်ခွာထွက်ပြေးရန်အကြံပြုနေသလိုပင်။
တကယ်တန်းတွင် အော်မွန်းအင်ပါယာ၏ မင်းသားများသာလျှင် တယ်လီပေါ့တ်မှော်အစီရင်ကိုအသုံးပြုနိုင်ကြသည်။ ဤကဲ့သို့ဖြစ်သောကြောင့်သာ ထိုလူငယ်များသည် မင်းသားအနားသို့ကပ်နေကြခြင်းဖြစ်သည်။ သို့မဟုတ်ပါက ရောက်တက်ရာထွက်ပြေးလာလောက်ပြီးဖြစ်၏။
ဤကဲ့သို့သော အန္တရာယ်များသည့်အချိန်တွင် မင်းသားရှန်ချူအာသည် ကြောက်လန့်ခြင်းမရှိပေ။ ထိုအစားသူသည် သူ၏မျက်နှာပေါ်တွင်တည်ငြိမ်သည့်အပြုံးတစ်ခုပင်ရှိနေ၏။
ဘေးတွင် ကစားဖော်များကိုမြင်နေရသည်အတွက်ကြောင့် သူရယ်မော၍ ဖြေးညှင်းစွာပြောလိုက်သည်။ "မင်းတို့ကောင်တွေက င့ါကို အတော်လေးဂရုစိုက်တယ်ဆိုတာကိုသိရတော့ ငါတကယ်ကို၀မ်းသာမိတယ်။ ဒီလိုအန္တရာယ်ရှိတဲ့အချိန်မှာ ငါတို့ဆက်မနေသင့်တော့ဘူး။ ဒါပေမယ့် င့ါအပေါ်မှာသစ္စာရှိတဲ့ မင်းတို့ကို ဒီညစ်ပတ်တဲ့မြို့ခံကောင်က သတ်မှာကို ငါမကြည့်ရက်ဘူး.."
"အရှင့်သား ကြင်နာတတ်လိုက်တာ..."
"အရှင့်သားက ကျွန်တော်တို့အပေါ်တကယ်ကောင်းတာပဲ..."
လူငယ်များသည် ရှန်ချူအာ၏စကားကိုကြားသည့်အချိန်တွင် စိတ်အေး၀မ်းသာသွားကြသည်။
သို့သော် နောက်အခိုက်တန့်တွင် ရှန်ချူအာ၏မျက်နှာအမူယာပြောင်းလဲသွား၏။ အေးစက်သည့်အသံတစ်ခုဖြင့် သူပြောလိုက်သည်။ "မင်းတို့ကောင်တွေတစ်ကောင်မှ မလွတ်မြောက်နိုင်တော့ဘူးဆိုတော့ မင်းတို့ကို ညစ်ပတ်တဲ့မြို့ခံကောင်သတ်တာခံရပြီးတော့ အော်မွန်းအင်ပါယာရဲ့ ဂုဏ်သရေငြိုးနွမ်းအောင်လုပ်မှာကို ငါခွင့်မပြုနိုင်ဘူး။ အဲ့တာကြောင့် မင်းတို့ကို ငါကိုယ်တိုင်ပဲ ကောင်းကင်ဘုံပို့ပေးမယ်.."
ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် သူ၏ဓားကိုဆွဲထုတ်ကာ အလင်းတန်းတစ်ခုတောက်ပသွား၏။
သွေးများပန်းထွက်လာပြီး လူငယ်များမတုန့်ပြန်နိုင်သေးခင်မှာပင် ဓားဖြင့်ပိုင်းဖြတ်ခြင်းကို ခံလိုက်ရတော့သည်။
မျက်နှာပေါ်တွင်အေးစက်သည့်အမူယာတစ်ခုနှင့် ရှန်ချူအာ၏အရှိန်၀ါသည် ရက်စက်ကြမ်းကြုတ်ကာ စိုးမိုးသည့်အသွင်သို့ကူးပြောင်းလာ၏။ ဓားပေါ်တွင်ရှိနေသည့် သွေးများကိုဖိနပ်ဖြင့် သုပ်လိုက်ပြီး ဘေးတွင်ရှိနေသည့် အလောင်းများကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ "ကစားစရာတွေက အသက်ကြီးရင်ပျော်ဖို့မကောင်းတော့ဘူးပဲ..."
လူပေါင်းများစွာကိုလွယ်ကူစွာသတ်ဖြတ်လိုက်သည့်အတွက်ကြောင့် အော်မွန်းအင်ပါယာ၏မင်းသားရှန်ချူအာသည်လည်း သိုင်းဆရာတစ်ယောက်ပင်။
ယခုအချိန်တွင် သူ၏ စွမ်းအင်အရှိန်၀ါသည် ခေါင်းဆောင်ပီဒစ်ထက်မနိမ့်ကျပဲ ပို၍ပင် စွမ်းအားမြင့်မားနေသေး၏။