"လူထူးဆန်းနှစ်ယောက်"
Vol. 52 Ch. 812
"မင်း...မင်းဘယ်သူလဲ"
အသက်သုံးဆယ်ခန့်အရွယ်ရှိသည့် သင်္ဘောကျွန်တစ်ယောက်သည် တုန်ယင်သောအသံဖြင့်မေးလိုက်သည်။ ထိုလူသည် ၀ဖိုင့်ဖိုင့်နှင့် အနည်းငယ်ညစ်ပတ်နေသည်။ သူ၏ညာဘက်ခြေထောက်သည် ဒူးအောက်မှနေ၍ မရှိတော့ပဲ သတ္တုခြေထောက်တစ်ခုဖြင့် အစားထိုးထား၏။
ဤသင်္ဘောကျွန်သည် အားအင်ချိနဲ့သည့်လူမဟုတ်ပဲ ကြယ်ခြောက်လုံးအဆင့်ခန့်အစွမ်းရှိသော်လည်း သူ၏ အတွင်းအားစွမ်းအင်များအားလုံးသည် ဖှေး၏လက်ချောင်းဖြင့်ထိခြင်းခံလိုက်ရသည့်အချိန်တွင် ပိတ်လှောင်သွား၏။
ဖှေး၏ ရွှေရောင်အတွင်းအားစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲတွင်ရှိသည့် အတွင်းအားစွမ်းအင်လမ်းကြောင်းများကို ပိတ်ဆို့ထား၏။ မည်မျှပင်ကြိုးစားရုန်းကန်စေကာမူ အသုံးမ၀င်လှပေ။
ထိုလူ၏ဘေးတွင် အရပ်ရှည်ရှည်သန်မာထွားကျိုင်းသည့်လူတစ်ယောက်ရှိနေ၏။ သူ၏အနက်ရောင်ဆံပင်ရှည်များကို ဆံကျစ်ကျစ်ထားပြီး နဖူးပေါ်တွင်အနီရောင်ခေါင်းစည်းတစ်ခုကိုပတ်ထား၏။ မျက်ကွင်းများညိုနေသောကြောင့် ပန်ဒါ၀တ်၀ံတစ်ကောင်လိုပင်။ သူသည် လှုပ်ရှားခြင်းမရှိသော်လည်း မျက်လုံးများသည် လှည့်ပတ်ကြည့်ရှုနေလေရာ ဉာဏ်နီဉာဏ်နက်များသည့်လူတစ်ယောက်ကဲ့သို့ပင်။
ထိုလူ၏စွမ်းအားသည် ခြေတုနှင့်လူထက်ပို၍မြင့်မားပြီး ကြယ်ခြောက်လုံးအမြင့်ဆုံးအဆင့်ရှိ၏။
ဖှေး သူတို့နှစ်ယောက်လုံးကို လျစ်လျူရှုလိုက်သည်။
အဖိုးကြီးအာရန်း၏လမ်းညွှန်မှုအောက်တွင် သူသည် သာမန်ဟုထင်ရသည့် မောင်းနှင်ခန်း၏ထောင့်တစ်နေရာသို့ရောက်ရှိသွား၏။
"၀ှစ်.."
ဖှေး၏ ၀ိဉာဥ်စွမ်းအားများထွက်ပေါ်လာပြီး အခန်းတစ်ခုလုံးကိုလွှမ်းခြုံသွား၏။
တစ်မိနစ်ခန့်ကြာသည့်အချိန်တွင် ဘုရင်သည် အသက်ရှူထုတ်လိုက်ပြီး လက်ဖ၀ါးအရွယ်စားခန့်ရှိကာအနီရောင်မီးများလင်းလက်နေသည့် မှော်အစီရင်တစ်ခုကို ပိတ်လိုက်သည်။
ထို့နောက်တွင် သူသည် မှော်အစီရင်အားဖုံးအုပ်ထားသည့်အဖုံးအား သူ၏လက်ချောင်းများဖြင့် မလိုက်ပြီး လက်ဖ၀ါးအရွယ်စားခန့်ရှိသည့် အဖြူရောင်ကျောက်တုံးတစ်ခုထွက်ပေါ်လာ၏။
ထိုကျောက်တုံးပေါ်တွင် ဆံချည်မျှင်ကဲ့သို့သော မှော်စီးကြောင်းများစွာနှင့်ပြည့်နှက်နေပြီး သွေးကဲ့သို့နီရဲနေသည့် အနီရောင်စွမ်းအင်မီးတောက်များသည် ထိုစီးကြောင်းများထံမှ ထွက်ပေါ်နေလျှက်ရှိသည်။
"မဟုတ်ဘူး..." အဖိုးကြီးအာရန်းသည် ဤအရာကိုမြင်လိုက်ရသည့်အတွက်အံ့သြသွား၏။ သူအော်ဟစ်လိုက်သည်။ "တစ်ယောက်ယောက်က ရွှမ်းကယ်ရဲ့ဖျက်ဆီးခြင်းမှော်အစီရင်ကို အသက်သွင်းလိုက်တာပဲ..."
အော်မွန်းအင်ပါယာတည်ဆောက်ထားသည့် ရွှမ်းကယ်တိုင်းတွင် ကိုယ်တိုင်ဖျက်ဆီးခြင်းမှော်အစီရင်စနစ်များထည့်သွင်းထား၏။ အကယ်၍ ရန်သူများရွှမ်းကယ်အား သိမ်းပိုက်လိုက်ပါက ဖျက်ဆီးပစ်ပြီး ရန်သူလက်သို့မကျရောက်စေရန်ဖြစ်သည်။ ရွှမ်းကယ်အား တည်ဆောက်ထားသည့် ကုန်ကြမ်းပစ္စည်းများနှင့် နည်းပညာတို့သည် အော်မွန်းအင်ပါယာ၏ ထိပ်တန်းလျို့၀ှက်ချက်များဖြစ်သည့်အတွက် ရန်သူများအားလေ့လာ၍ ရွှမ်းကယ်အား လိုက်လံတုပဖန်တီးနိုင်သည့် အခွင့်ရေးမျိုးပေးလိမ့်မဟုတ်သောကြောင့်ပင်။
"ဟားဟားဟား မင်းတို့လို ညစ်ပတ်တဲ့မြို့ခံကောင်တွေက ဒီရွှမ်းကယ်ကို ထိန်းချုပ်နိုင်ပြီလို့ထင်နေတာလား။ အိမ်မက်ထဲမှာပဲရလိမ့်မယ်ကွ..." ဖှေးဖိနှိပ်ထားသည့် အဆင့်နိမ့်အရာရှိတစ်ယောက်သည် ဤအရာကိုမြင်သည့်အတွက် ရူးသွပ်စွာရယ်မောလိုက်သည်။ "ကြီးမြတ်တဲ့အော်မွန်းအင်ပါယာက ဒီလိုရွှမ်းကယ်ကို ရန်သူလက်ထဲလွယ်လွယ်ထည့်ပေးလိုက်မယ်ဆိုရင် တိုက်ကြီးတစ်ခုလုံးကို စိုးမိုးနေနိုင်မှာမဟုတ်ဘူး။ ကြိုးစားမနေနဲ့တော့ ညစ်ပတ်တဲ့မြို့ခံကောင်တွေ ဒီရွှမ်းကယ်နဲ့အတူ မင်းတို့ပါသေရလိမ့်မယ်..."
သူပြောလိုက်သည့်အရာကြောင့် သင်္ဘောကျွန်များပါ ဒေါသဖြစ်ကာထိတ်လန့်သွားကြပြီး သူတို့အားလုံး ပြာယာခတ်သွားကြသည်။ မျက်ကွင်းများညိုနေသည့် သင်္ဘောကျွန်ပင် စိုးရိမ်လာ၏။ သို့သော် သူတို့မည်မျှပင် ရုန်းကန်စေကာမူ ဖှေး၏ ဖိအားများအောက်မှ ရုန်းထွက်နိုင်ခြင်းမရှိပေ။
နှိုင်းယှဥ်ကြည့်ပါက အော်မွန်းအင်ပါယာမှ ခေါင်းဆောင်တစ်ချို့သည် အသက်မရှင်နိုင်မှန်းသိသည့်အတွက် သူတို့သည် ရွှမ်းကယ်ပေါ်တွင် ရန်သူများနှင့်အတူ သေဆုံးရမည်ကို ဂုဏ်ယူနေသည့်အတိုင်းပင်။
လယ်ဗယ်၇အင်ပါယာ၏ ကျွမ်းကျင်စစ်သည်များနှင့် ခေါင်းဆောင်များသည် အစစ်မှန်ပင် ရဲရင့်ကာ အကြောက်တရားကင်းမဲ့လှသည်။
ဖှေးသည် ဘာမှမပြောပဲ သူ၏မျက်လုံးများကို မှိတ်ကာ ၀ိဉာဥ်စွမ်းအားများကို ထက်မံထုတ်လွှတ်လိုက်သည်။
သူ၏ ၀ိဉာဥ်စွမ်းအားများသည် တိတ်ဆိတ်စွာပင် ဆံချည်မျှင်များကဲ့သို့အစိုင်ခဲအဖြစ်သို့ သိပ်သည်းသွား၏။ ထို့နောက်တွင် ဖျက်ဆီးခြင်းမှော်အစီရင်ပေါ်တွင်ရှိသည့် မှော်စွမ်းအင်စီးကြောင်းများနှင့်ပေါင်းစည်းသွားတော့သည်။
အာကာရာနှင့်ကိန်းတို့၏ သင်ပြမှုအောက်တွင် မှော်အစီရင်အမျိုးမျိုးကိုလေ့လာခဲ့ခြင်း၊ ဒဏာရီလာနတ်ဘုရားများခေတ်မှ ကျင့်ကြံခြင်းစွယ်စုံကျမ်းဖြစ်သည့် နတ်ဆိုးဘုရင်၏ဓားစာအုပ်ကိုဖတ်ရှုခြင်းတို့ကြောင့် ဖှေးသည် မှော်အစီရင်များ၊ သိုင်းကွက်များနှင့် ပတ်သက်သည့်နေရာတွင် ဆရာတစ်စူပင်။ လူရိုင်းဇာတ်ကောင်သည် မှော်ပညာကျွမ်းကျင်ခြင်းမရှိသော်လည်း ဖှေးအတွက်မူ ချွင်းချက်ပင်။
ထို့အပြင် ဘုရင်၏ ၀ိဉာဥ်စွမ်းအားသည်လည်း ခရမ်းရောင်စာလိပ်ထဲမှ ကျင့်စဥ်များကိုကျင့်ကြံပြီးသည့်နောက်တွင် နှိုင်းယှဥ်၍မရနိုင်သည့် အဆင့်တစ်ခုသို့ရောက်ရှိနေပြီး သူသည် လျို့၀ှက်သော၀ိဉာဥ်စွမ်းအားနည်းပညာများစွာကိုသိရှိထား၏။
အချိန်လုံလုံလောက်လောက်ရှိပါက ဖှေးအတွက် ဖျက်ဆီးခြင်းမှော်အစီရင်အား ပိတ်ချရန်မှာခက်ခဲသည့်အလုပ်တစ်ခုမဟုတ်ပေ။
ဆယ်စက္ကန့်ခန့်ကြာသည့်အချိန်တွင် အော်မွန်းအင်ပါယာမှ ခေါင်းဆောင်များ၏မျက်လုံးများပြူးကျယ်ကာ မြင်နေရသည့်အရာအားမယုံနိုင်သလိုဖြစ်နေ၏။ အဖြူရောင်ကျောက်တုံးပေါ်တွင် လင်းလတ်နေသည့် အနီရောင်အလင်းတန်းများသည် မှေးမှိန်ကာပျောက်ကွယ်သွားသည့်အတွက်ပင်။
"ဒါမဖြစ်နိုင်ဘူး..." အော်မွန်းအင်ပါယာမှ ခေါင်းဆောင်များသည် ဖြူဖက်ဖြူယော်မျက်နှာများဖြင့် ရေရွတ်လိုက်ကြသည်။
"အမလေးတော်သေးတာပေါ့...ဘုရားရေ...ငါတို့မသေတော့ဘူး.." ခြေတုနှင့်လူနှင့် မျက်ကွင်းများညိုနေသည့် လူတို့သည်လည်း သူတို့၏နဖူးများပေါ်တွင်စီးကျနေသည့် ချွေးစက်များကိုသုပ်ကာ ရယ်မောလိုက်ကြသည်။
ယခုအချိန်တွင် ဖှေးသည် ရွှမ်းကယ်၏ မောင်းနှင်ခန်းကို အသေချာကြည့်ရှုနိုင်ပြီဖြစ်သည်။
အခန်းသည် ၁၀၀စတုရန်းမီတာခန့်ကျယ်၀န်းကာ နံရံပေါ်တွင် မှော်အစီရင်များစွာတို့ဖြင့် ပြည့်နှက်နေ၏။
ဖှေးထိုအစီရင်များကို တစ်ချက်ကြည့်လိုက်ပြီး သူတို့၏လုပ်ငန်းများကို ချက်ချင်းနားလည်သွား၏။ တစ်ချို့အစီရင်များသည် နံရံများကို ပို၍ ကြံ့ခိုင်အောင်လုပ်ရန်ဖြစ်သည်။ တစ်ချို့သည် စွမ်းအင်ကူးပြောင်းရန်ဖြစ်ပြီး တစ်ချို့သည် အမိန့်များကိုသယ်ဆောင်ရန်ဖြစ်သည်။ မောင်းနှင်ခန်း၏အရှေ့ပိုင်းတွင် ငါးမီတာခန့်ကျယ်ကာ နှစ်မီတာခန့်မြင့်သည့် မှော်ဖန်သားပြင်တစ်ခုရှိနေပြီး မောင်းနှင်ခန်းထဲတွင်ရှိနေသောလူများအား ရွှမ်းကယ်ပတ်ပတ်လည်တွင်ရှိနေသည့်အရာများကို မြင်နိုင်အောင်ပြသထား၏။ ဖှေးထိုအရာများအားလုံးကိုကြည့်၍ အံ့သြသွားသည်။
မှော်အစီရင်များမှလွှဲ၍ တစ်ခြားရှိနေသည့် မှော်ယန္တရားများ၊ ပစ္စည်းများကို မှော်တလင်းကျောက်များဖြင့် စွမ်းအင်ထောက်ပံ့ထား၏။
သံမဏိသစ်သည် သတ္တုနှင့်တူညီသည့် ဂုဏ်သတ္တိရှိသည့်အတွက်ကြောင့် ထိုဂုဏ်သတ္တိများကို အမြင့်ဆုံးအသုံးပြုထားသည်။ ချောမွေ့သည့် နံရံများနှင့် ကြမ်းပြင်တို့သည် သတ္တုစပ်တို့ဖြင့်ပြုလုပ်ထားသလိုဖြစ်နေပြီး အခန်းတစ်ခုလုံးအား သန့်ရှင်းပြီး နည်းပညာမြင့်မားသည့်ဟန်ရှိစေ၏။
ရုတ်တရက် ထိန်းချုပ်ခန်းတစ်ခုလုံးပြင်းထန်စွာလှုပ်ခါလာတော့သည်။
နောက်အခိုက်တန့်တွင် သင်္ဘောကြီးတစ်ခုလုံးတုန်ခါနေသည်ကို ရွှမ်းကယ်ပေါ်တွင်ရှိနေသည့် လူများအားလုံးခံစားလိုက်ရသည်။
မှော်ဖန်သားပြင်မှတဆင့် ရွှမ်းကယ်ကြီးသည် မြေပြင်ပေါ်သို့ ထိုးဆင်းနေသည်ကို ဖှေးမြင်လိုက်ရသည်။
အဖိုးကြီးအာရန်းထိတ်လန့်သွား၏။
သူသည် ဖန်သားပြင်၏အောက်တွင်ရှိသည့် ထိန်းချုပ်မှုယန္တယားများထံသို့ ပြေးသွားပြီး သေတ္တာတစ်ထုထဲမှ အရောင်အမျိုးမျိုးရှိသည့် မှော်တလင်းကျောက်များကိုထုတ်ယူလိုက်ကာ လက်ရှိယန္တရားများပေါ်တွင်တင်ထားသည့် မှော်တလင်းကျောက်များကိုအစားထိုးလိုက်သည်။
အစိမ်းရောင်စွမ်းအင်မီးတောက်များသည် ရွှမ်းကယ်ပတ်ပတ်လည်တွင်ပေါ်လာတော့၏။
အောက်သို့ကျဆင်းနေသည့် အရှိန်သည်လျှော့နည်းသွားသော်လည်း ရွှမ်းကယ်သည် လေပေါ်တွင်ဆက်လက်ပျံသန်းနိုင်ခြင်းမရှိတော့ပေ။
"အရှင်မင်းကြီး ကျွန်တော်တို့လုပ်နိုင်တာဘာမှမရှိတော့ဘူး။ ဒီရွှမ်းကယ်က တပ်ဖွဲ့ထဲမှာဆိုရင် အကြီးဆုံးရွှမ်းကယ်စာရင်း၀င်တယ်။ ကောင်းကင်ပေါ်မှာချောချောမွေ့မွေ့ ပျံသန်းဖို့အတွက် လူအယောက်၁၀၀လောက်ထိန်းချုပ်မောင်းနှင်ဖို့လိုတယ်။အခုဆိုရင် အော်မွန်းအင်ပါယာက မောင်းနှင်သူအားလုံးလိုလိုကို ပုန်ကန်တဲ့သင်္ဘောကျွန်တွေက သတ်ဖြတ်လိုက်ပြီ။ မောင်းနှင်သူလုံလုံလောက်လောက်မရှိတော့ ကျွန်တော်မျိုးလဲ ဒီရွှမ်းကယ်ကို တစ်ယောက်ထဲထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ မကြာမှီမှာပဲပျက်ကျတော့မယ်..." အဖိုးကြီးအာရန်းသည် ဖှေးအားလေးနက်စွာပြောလိုက်သည်။
"ဟိတ်ကောင်လေး မင်းငါတို့ကိုလွှတ်ပေးလိုက်..ငါတို့ ဒီသင်္ဘောကိုဘယ်လိုမောင်းရမလဲဆိုတာကိုသိတယ်..မသိဘူးဆိုရင် ငါတို့အော်မွန်းကခွေးသားတွေကို သတ်ပစ်မှာမဟုတ်ဘူး..." မျက်ကွင်းများညိုနေသည့် သင်္ဘောကျွန်သည်လှမ်းအော်ပြောလိုက်သည်။ သူ၏ဘေးတွင် ခြေတုနှင့်သင်္ဘောကျွန်သည်လည်း ၀င်ပြောလိုက်၏။
ဖှေးသည် မျက်ကွင်းများညိုနေသည့်လူကို တစ်ချက်လှမ်းကြည့်လိုက်ရုံဖြင့်ပင် ထိုလူသည် သောက်ကျင့်ကောင်းသည့်လူမဟုတ်မှန်းတန်းသိလိုက်၏။