← Chapters

ကျောင်းပွဲတော်

Vol. 11 Ch. 1

ကျောင်းပွဲတော်

Vol. 11 Ch. 1

“သခင်မလေး ဖရာလီတာရှင့်၊ ကျောင်းအစည်းအဝေးသွားဖို့ အချိန်နီးပါပြီ။”

စည်းချက်မှန်မှန်ထွက်ပေါ်လာတဲ့ တံခါးခေါက်သံနဲ့အတူ အေမီရဲ့ချိုမြတဲ့ စကားလုံးတွေက တံခါးကိုဖြတ်သန်းပြီး အခန်းထဲကို ဝင်ရောက်လာတယ်။ ဒီဇိုင်းစာရွက်ပုံကြီးကြားထဲမှာ နစ်ဝင်အိပ်ပျော်နေတဲ့ ဖရာလီတာကတော့ မျက်လုံးဖွင့်ပြီး နာရီကို ကြည့်လိုက်တာပေါ့။

“ရှစ်နာရီထိုးသွားပြီလား။ နာရီအလန်းမြည်တာတောင် မနိုးလောက်အောင် အိပ်ပျော်သွားတာပဲ။”

အဲဒီနောက်တော့ ဖရာလီတာက ရေမိုးချိုးကိုယ်လက်သန့်စင်၊ အဝတ်လဲပြီးတော့ ကျောင်းမှာရှိတဲ့ သူ့ကိုယ်ပိုင်အခန်းထဲက ထွက်လာခဲ့တယ်။ နောက်တော့ နယ်ဆင်သင်္ဘောပျံကြီး ရပ်ထားတဲ့နေရာကို ကြည့်လိုက်ပါတယ်။ တံခါးအပြင်ဘက်မှာ အသင့်စောင့်နေတဲ့ အေမီက ဖရာလီတာစိတ်မပူစေဖို့အတွက် အခြေအနေကို အစီအရင်ခံတင်ပြတယ်။

“မမလေးက အိပ်မောကျနေတုန်းပါပဲ။ ဒါပေမဲ့ အားလုံး အခြေအနေကောင်းပါတယ်။ သူ့ခန္ဓာကိုယ်က ပြီးပြည့်စုံခါနီးနေ​ပါပြီ။ ကျွန်မတို့ ဉာဏ်ရည်မြင့်စက်ယန္တရားတွေက သခင်မလေးကို ကြိုဆိုဖို့အတွက် နန်းတက်ဝတ်စုံကို ပြင်ဆင်နေကြပါတယ်။ ဒီီဇိုင်းအတွက် ပူးပေါင်းပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ဖရာလီတာက နန်းတက်ဝတ်စုံဆိုတဲ့ ထူးဆန်းတဲ့စကားရပ်ကို လစ်လျူရှုထားလိုက်တယ်။ ဒါကလည်း အေမီကိုယုံကြည်ဖို့ ဆုံးဖြတ်ထားတာကြောင့်ပါ။ မက်ဒါနာအိပ်မောကျသွားပြီးနောက်မှာ စက်ယန္တရားတွေက အရေးကြီးကိစ္စမရှိဘဲ မက်ဒါနာရဲ့ခန္ဓာကိုယ်တည်ဆောက်နေတဲ့နေရာကို ဝင်ခွင့်မပေးတော့ဘူး။ သူက ဖရာလီတာဖြစ်နေပြီး မက်ဒါနာနဲ့တူညီတဲ့ ရင်းမြစ်စွမ်းအားကို ပိုင်ဆိုင်ထားတာတောင်မှပေါ့။

“ကောင်းပြီလေ၊ နင့်ကိုပဲ အပ်ထားလိုက်မယ်။ အခုတော့ အစည်းအဝေးကိုသွားကြတာပေါ့။”

ဖရာလီတာက အေမီကိုကျော်ပြီးတော့ ကျောင်းရဲ့အစည်းအဝေးခန်းရှိရာဆီကို လျှောက်သွားလိုက်တယ်။ မက်ဒါနာသတိမေ့ပြီးကတည်းက သူက ဒီနေရာမှာ ယာယီကျောင်းအုပ်အဖြစ် တာဝန်ယူထားတာ။

...

“ယာယီကျောင်းအုပ်။” ကျောင်းက ဆရာတွေအားလုံးက ဖရာလီတာအစည်းအဝေးခန်းထဲဝင်လာတာနဲ့ ထိုင်ခုံကနေထပြီး ကြိုဆိုလိုက်ကြတယ်။ ဖရာလီတာကတော့ ပျင်းရိစွာနဲ့ လေပူတွေကို မှုတ်ထုတ်လို့။

“ ကျောင်းအစည်းအဝေးတဲ့၊ မဟာမိတ်မစ်ရှင်အဖွဲ့ရဲ့အစည်းအဝေးထက် ပိုပျင်းဖို့ကောင်းမယ့်ပုံပဲ။”

ဖရာလီတာက တည့်ကြီးပြောချလိုက်တော့ ဆရာမဘရီစာက သူ့နဖူးကြောသူ လက်နဲ့ဖိကိုင်ထားရင်း ပြောလိုက်လေရဲ့။

“ဒီကလေးမနဲ့တော့၊ ကျောင်းအုပ်ကို ကမ္ဘာ့အထူးဆန်းဆုံး ကျောင်းအုပ်ဖြစ်ပြီမှတ်နေတာ ဒီကလေးမကလည်း သူ့နီးနီးထူးဆန်းနေတာပဲ။ လုံးဝ ကျောင်းကိစ္စကို စိတ်မဝင်စားဘူး။”

ဖရာလီတာကတော့ လက်ကိုပိုက်ပြီး ဘရီစာကို ဘာဖြစ်ချင်တုန်းဆိုတဲ့ပုံစံနဲ့ မေးငေါ့ပြပါတယ်။ တစ်ကိုယ်လုံးပက်တီးတွေအပြည့်နဲ့ အစည်းအဝေးလာတက်နေတဲ့ နတ်သူငယ်ကောင်အီဂိုကတော့ ချောင်းဟန့်လိုက်ပါတယ်။

“အဟမ်း၊ အချိန်လည်းသိပ်မရဘူးဆိုတော့ လိုရင်းကိစ္စကိုပဲ အရင်ပြောရအောင်။ အခုလက ဘာလလည်းသိကြလား။”

“စက်တင်ဘာလေ၊ လတောင်ကုန်တော့မယ်။ ဒီက ကြီးမြတ်တဲ့ သခင်မလေးက အခုဘာလမှန်းမသိရလောက်အောင် တုံးအတယ်လို့များထင်နေလား ဂြိုဟ်သားကောင်ရဲ့။”

“အောင်မလေးဗျာ၊ နတ်သမီးလေးနဲ့ခန္ဓာကိုယ်အချိုးအစားချင်းတူလို့ ချစ်စရာကောင်းလိုက်တာလို့တွေးနေတာ။ လက်စသတ်တော့ စွာတေးလန်မလေးပါလား။ ကျွန်တော့်အိပ်မက်တွေ ကျိုးပဲ့ကုန်ပါပြီ။”

ဖရာလီတာအော်တာခံရတော့ အီဂိုက သူ့ကိုယ်သူဖက်ပြီး နားမခံနိုင်တဲ့ပုံစံနဲ့ ညည်းပြတယ်။ သူပြောတဲ့ နတ်သမီးလေးဆိုတာကို သဘောပေါက်တဲ့ တခြားဆရာတွေကတော့ အီဂိုကို ရွံရှာတဲ့အကြည့်နဲ့ ကြည့်လိုက်ကြတယ်။

“အီဂို...” ဆရာမဘရီစာက စုပ်တစ်ချက်သက်လိုက်ရင်း နာမည်ကိုခေါ်လိုက်တယ်။

“ငါတို့ဆရာတစ်ယောက်က လိုလီကွန်းဖြစ်နေတာ လူတွေသိရင် ကျောင်းသိက္ခာကျကုန်မယ်။” ဆရာအာသာက အထင်သေးတဲ့လေသံနဲ့ ပြောလိုက်တယ်။

“အောင်မလေး၊ နတ်သူငယ်မျိုးနွယ်ရဲ့သခင်လေးက ကျွန်မတို့လိုအရွယ်ရောက်ပြီးတဲ့သူတွေကို စိတ်မဝင်စားတဲ့ နှာဘူးအကြီးစားတဲ့။ စိတ်ကူးယဥ်ထားတာတွေ ကုန်ပါပြီ၊ အီးဟီးဟီး...” ဒါကတော့ နတ်သူငယ်အတွင်းရေးမှူးမလေးက ငိုပြီးညည်းနေတာ။

“.....” အီဂိုကတော့ တခြားသူတွေ ဘာပြောနေမှန်း နားလည်ပုံမရဘူး။ စက္ကန့်အနည်းငယ်လောက်ကြောင်သွားပေမဲ့ လည်ချောင်းထပ်ရှင်းလိုက်ပြီး ပြောပါတယ်။

“အဟမ်းအဟမ်း... အဓိကကိစ္စကို အာရုံစိုက်ကြပါနော်။ စက်တင်ဘာဆိုတာက ဒီနိုင်ငံမှာရှိသမျှကျောင်းတွေအကုန်လုံး ပွဲတော်ကျင်းပကြတဲ့လလေ။ အခုဆိုရင် လကုန်တော့မယ်၊ ကျုပ်တို့ နယူးယောက်ဟီးရိုးကျောင်းက ကျောင်းပွဲတော်အတွက် ဘာမှမပြင်ဆင်ရသေးဘူး။”

ဖရာလီတာက ခေါင်းခါလိုက်တယ်။ မစ်ရှင်အဖွဲ့က တစ်လလုံး ပိုးကောင်တွေရဲ့ကျူးကျော်စစ်ကို တွန်းလှန်နေခဲ့တာမလို့ ကျောင်းပွဲတော်ကိစ္စကို အာရုံမရောက်ခဲ့တာ။ ခုတော့ ကမ္ဘာမြေပေါ်က ကျောင်းပွဲတော်ကို တစ်ခါမှဖြတ်သန်းဖူးပုံမပေါ်တဲ့ အီဂိုပြောမှပဲ သူတို့သတိရတော့တာ။

“ကမ္ဘာပေါ်က ကျောင်းပွဲတော်တွေက သိပ်ပျော်စရာကောင်းတာလို့ မန်ဂါတွေမှာ ဖတ်ရလို့ မျှော်လင့်နေတာ။ အမေရိကန်ကျောင်းပွဲတော်တော့ မမြင်ဖူးပေမဲ့ ဂျပန်ကျောင်းပွဲတော်တွေကိုတော့ Anime ထဲမှာ ကြည့်ရသား။ ကိုယ့်ချစ်သူလက်ကိုချိတ်ပြီးတော့ ကျောင်းပွဲတော်မှာလျှောက်လည်ရတာ အကောင်းဆုံးပဲ။ အား... ငါလည်း နတ်သမီးလေးနဲ့လျှောက်လည်ချင်လိုက်တာ။”

ကျောင်းဆရာတွေအကုန်လုံးက အီဂိုရဲ့ဆန္ဒအစစ်အမှန်ကို ကြားပြီးတဲ့နောက် သူ့ကို ပိုပြီးရွံရှာတဲ့အကြည့်တွေနဲ့ ကြည့်လိုက်ကြပြန်တယ်။ ဖရာလီတာကတော့ လေပူတွေမှုတ်ထုတ်လိုက်ပြီးပြောတယ်။

“ဒီကောင့်ကို ဆာဂီဖစ်ဆိုတဲ့ငနှဲက ဘာလို့အသေမသတ်ဘဲ ရှိသမျှအရိုးတွေကျိုးအောင်ပဲ ချိုးလိုက်တာပါလိမ့်။ ကျောင်းစာမေးပွဲနေ့ကတည်းက အသက်ပျောက်သွားသင့်တာ။” ကျန်တဲ့ကျောင်းဆရာတွေကလည်း ခေါင်းညိတ်ပြီး တိတ်တဆိတ်ထောက်ခံကြတယ်။

...

နျူရေက လက်ထဲရောက်လာတဲ့ ကြော်ငြာလက်ကမ်းစာစောင်လေးကို မေးထောက်ပြီး ကြည့်နေတယ်။ လက်ကမ်းစာစောင်က တခြားတော့မဟုတ်ဘူး။ အစည်းအဝေးပြီးနောက်မှာ ဖရာလီတာက ချက်ချင်းဒီဇိုင်းဆွဲထုတ်ပေးလိုက်တဲ့ ကျောင်းပွဲတော်ကြော်ငြာစာရွက်။ ဆရာအီဂိုကတော့ အတန်းရှေ့မှာ ကျောင်းပွဲတော်အကြောင်းကို အာပေါင်အာရင်းသန်သန်နဲ့ရှင်းပြလို့ရယ်။

“အားလုံးပဲ၊ အတန်းတိုင်းက ကျောင်းပွဲတော်နေ့မှာ ဆိုင်တစ်ဆိုင်စီဖွင့်ပြီး ပူးပေါင်းပါဝင်ကြမှာဆိုပေမဲ့ ဆရာတို့အထူးတန်းကတော့ ဒီနှစ်ပြဇာတ်ကကြမယ်။ ကျောင်းပွဲတော်ဆိုတာက ဆိုင်တွေအပြင်ကို အခုလိုမျိုး ဖျော်ဖြေရေးအစီအစဥ်တစ်ခုခုပါမှ ပွဲစည်တာမျိုး။”

အီဗန်ကတော့ ပြဇာတ်ဆိုတဲ့စကားကြားတာနဲ့ မျက်နှာကြီးမဲ့လို့။ သူက လက်ထောင်ပြီးပြောလိုက်ပါတယ်။

“ဆရာ၊ ဖြစ်ပါ့မလား။ ကျွန်တော်တို့တစ်တန်းလုံးက တစ်ခါမှ သရုပ်ဆောင်လုပ်ဖူးတဲ့သူတွေမဟုတ်ဘူးလေ။ ရယ်စရာကြီးဖြစ်နေရင် မခက်ဘူးလား။”

“ကိစ္စမရှိဘူး၊ ကိစ္စမရှိဘူး။ မင်းတို့တွေအားလုံးက အတိုက်အခိုက်ပညာတွေကိုတောင် ခဏလေးတတ်လာတဲ့ အထူးတန်းကျောင်းသားတွေပဲ။ လေ့ကျင့်လိုက်ရင်ဖြစ်သွားမှာ။”

အီဗန်နောက်မှာထိုင်နေတဲ့ လီဆာကတော့ မထင်ဆိုတဲ့ပုံစံနဲ့ မျက်ဖြူလှန်ပြလိုက်တယ်။ မိရိုင်ဘေးမှာထိုင်နေတဲ့ ယုဆကတော့ လီဆာလုပ်နေတဲ့ပုံကိုကြည့်ပြီး တခိခိအူတက်နေတယ်။

“ဒါပေမဲ့ ကျွန်မတို့က ဘာပြဇာတ်ကရမှာလဲ။ စင်ဒရဲလားဆိုရင်တော့ လုံးဝပဲနော်။ ဒီကျောင်းပထမတစ်ခါ တိုက်ခိုက်မခံရခင်ကတည်းက နှစ်တိုင်းနှစ်တိုင်း စင်ဒရဲလားပြဇာတ်ချည်းပဲကနေတာ။ ကဇာတ်အသင်းက ဖန်ဖိနပ်တောင် အစင်းကြောင်းရာတွေထင်နေပြီ။”

ဘယ်လာက ပြောလိုက်တယ်။ ဂိုးလ်ကလည်း ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။ လူသေမျက်နှာနဲ့ထိုင်နေတဲ့ လီနာတောင်မှ စင်ဒရဲလားအသံကြားတာနဲ့ တစ်ချက်တွန့်သွားတာမြင်တော့ အီဂိုလည်း အထူးတန်းကျောင်းသားတွေကို ဖိအားမပေးရဲတော့ဘူး။ ကျောင်းသားတွေမကျေနပ်လို့ သူ့ကိုလေ့ကျင့်ရေးကွင်းမှာ စိန်ခေါ်ချနေရင် ဘယ်လိုလုပ်မတုန်း။ သူလည်း ဒီကလေးတွေကို နိုင်တာမဟုတ်။

“ကောင်းပြီကောင်းပြီ၊ ဒါပေမဲ့မင်းတို့တွေက လက်သစ်သရုပ်ဆောင်တွေဆိုတော့ နတ်သမီးပုံပြင်တွေကိုတောင် မနည်းဇာတ်ကကြရမှာ။ ဒါကြောင့် စင်ဒရဲလားမကချင်ရင် စနိုးဝှိုက်ကကြ။ အဲဒါလည်းမကြိုက်ဘူးဆိုရင် ရာပန်ဆဲလ်တို့ ငန်းဖြူမလေးတို့ ရွေးလို့ရမယ်။”

“စနိုးဝှိုက်ပဲရွေးမယ်။”

“ကျန်တာတွေက ပျင်းစရာကြီး။” အဲဒါနဲ့ အထူးတန်းက စနိုးဝှိုက်ပြဇာတ်ကဖို့ဖြစ်လာတယ်။ ဆရာအီဂိုကတော့ မျက်နှာကြီးဖြီးလို့ရယ်။ နောက်တော့ သူက လက်ကာပြလိုက်ပြီး အတန်းသားတွေကို ပြောပါတယ်။

“ကောင်းပြီ၊ အီဗန်ကို မင်းသားနေရာမှာ သရုပ်ဆောင်ခိုင်းဖို့အတွက် အားလုံးသဘောတူကြလား။”

“သဘောတူပါတယ်။”

“ဘယ်... ဘယ်လိုလုပ်ပြီးတော့ မဲမနှိုက်ရသေးဘဲနဲ့ ကျွန်တော်က မင်းသားဖြစ်သွားတာတုန်း။”

အီဗန်က ဖြူဖျော့နေတဲ့မျက်နှာနဲ့ မေးလိုက်တယ်။ ပြောရမယ်ဆိုရင် အီဗန်က ပြဇာတ်ထဲ ပါချင်တာတောင်မဟုတ်ဘူး။ တွေးကြည့်တာနဲ့တင် ချက်ချင်းထွက်ပြေးချင်နေတာ။ အတန်းသားတွေက ငြင်းမနေဘဲ သဘောတူချလိုက်တာတွေ့တော့ နဖူးပေါ်မှာ ချွေးစက်တွေနဲ့ပြည့်လာရော။

“အီဗန်က ငါတို့အတန်းရဲ့တိုက်ပွဲချန်ပီယံ၊ ပြီးတော့ ချောလည်းချောတာဆိုတော့ ဒီကောင်မင်းသားလုပ်မှ စနိုးဝှိုက်လုပ်မယ့်သူအတွက် တရားမျှတမှာပေါ့။ ဆရာတွေ ပြဇာတ်မှာမပါရလို့၊ ဖြစ်နိုင်ရင် ငါက မင်းသားလုပ်ချင်တာ ငီးငီး။”

ကျောင်းသားတွေအားလုံးက ဆရာအီဂိုကို သံသယနဲ့ ကြည့်လိုက်ကြတယ်။ စလာကတည်းက စနိုးဝှိုက်ပုံပြင်ကို ရေလာမြောင်းပေးနေပုံထောက်တော့ သွေးရိုးသားရိုးမှမဟုတ်တာ။ နောက်တော့ နျူရေက ချက်ဆို နားကွက်က မီးတောက်သွားပြီး

“ဟုတ်သားပဲ၊ စနှိုးဝိုက်က မူလ Grimm Brothers ပုံပြင်စာအုပ်ထဲမှာ ခုနစ်နှစ်သမီးလေးလေ။”

ကျောင်းသားတွေအကုန်လုံးက ဆရာအီဂိုကို ရွံရှာတဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်ကြတယ်။ မိရိုင်ဆိုရင် လက်ထဲမှာ ကြယ်မီးတောက်တောင်ဖန်ဆင်းပြီးနေပြီ။

“ဒီလိုလီကွန်း၊ နှာဘူးဆရာကတော့...”

အီဂိုကတော့ အစော်ခံရတော့မယ့်ကိစ္စကိုတွေးမိပြီး ချက်ချင်းမဲစာလိပ်တွေထည့်ထားတဲ့ ဖန်ခွက်လေးကို စားပွဲပေါ်တင်ကာ အကြောက်ကြောက်အလန့်လန့်နဲ့ ပြောလိုက်တယ်။ ဖန်ခွက်မှာ အမျိုးသမီးသရုပ်ဆောင်မဲနှိုက်ရန်ဆိုပြီးရေးထားတယ်။

“အီဗန်ရဲ့စနိုးဝှိုက်လေးဖြစ်ချင်တဲ့သူတွေ မဲလာနှိုက်ကြ။” အီဂိုစကားတောင်မဆုံးသေးဘူး နျူရေက ချက်ချင်းဆိုသလို ထိုင်ခုံကနေ အပြေးထလာပြီး မဲစာလိပ်တစ်လိပ်နှိုက်ယူသွားတယ်။ သူက ဆရာအီဂိုကိုကြည့်ပြီးပြောလိုက်သေးတယ်။

“ဆရာအီဂို၊ ရှင်အလျှောက်ကောင်းလို့နော်။”

ဘယ်လာကတော့ ဒုတိယ။ လီဆာက တတိယနဲ့ မိရိုင်နဲ့ယုဆတို့က စတုတ္ထနဲ့ပဥ္စမ မဲနှိုက်ကြတယ်။ ထုံးစံအတိုင်း မျက်နှာသေနဲ့လီနာကတော့ နောက်ဆုံးမှ။

နျူရေကတော့ မဲလိပ်ကို အရင်ဖြေကြည့်လိုက်ပြီး စိတ်ညစ်သွားတယ်။ “ဘာလို့ဗီလိန်ဇာတ်ရုပ်ကြီးလဲ၊ ဖာ့ခ်” ဆိုပြီးတော့ ကျိန်ဆဲမိတဲ့အထိပဲ။ မဲလိပ်မှာရေးထားတာက “ဘုရင်မဆိုးကြီး။”တဲ့။

မိရိုင်ကတော့ သက်ပြင်းချလိုက်ပါတယ်။ “တော်သေးတာပေါ့၊ မင်းသမီးဖြစ်မသွားတာ။” ဆိုပြီး ပြောနေသေးတယ်။ သူရတာက “ မှော်ဝင်မှန်။” လေ။ ယုဆကလည်း သူရထားတဲ့စာရွက်ကို ထောင်ပြတယ်။ “တေးသီငှက်ကလေး။ ၁”လို့ ရေးထားတယ်။ ဘယ်လာကတော့ တေးသီငှက် ၂ ရသွားတယ်။

“ဒါဆို စနှိုးဝှိုက်ဖြစ်သွားတာက။” နျူရေက မနာလိုစိတ်အပြည့်နဲ့ လီနာကို ကြည့်လိုက်တယ်။ လီနာကတော့ မျက်နှာသေကြီးနဲ့ “စနိုးဝှိုက်”လို့ရေးထားတဲ့ စာရွက်ကို ငုံကြည့်လို့။

“ဆရာ၊ ဘာလို့မဲစာလိပ်နှိုက်မယ့်ခွက်ကို တစ်ခွက်တည်းယူလာတာလဲ။ ကျွန်တော်တို့အတွက်ကရော။” ဂရေဟမ်က မကျေမနပ်နဲ့ လက်ထောင်ပြပြီးမေးတယ်။ မဲမနှိုက်ရသေးတဲ့ ယောက်ျားလေးတွေဖြစ်တဲ့ ဂိုးလ်နဲ့ဂျိုနသန်တို့ကလည်း ခေါင်းညိတ်ပြကြတယ်။

“မင်းတို့က မဲနှိုက်စရာမှမလိုတာ၊ စကားများတဲ့ ဂရေဟမ်။ မင်းက မုဆိုးလုပ်။ ကျန်တဲ့နှစ်ကောင်က လူပုလေးတွေလုပ်။”

“ဆရာ၊ လူပုလေးက ခုနစ်ယောက်ရှိရမှာလေ။”

“ငါတို့လူကုန်က ဒါပဲဟ။ လူပုလေးခုနစ်ယောက်ကို လူပုအမြွှာနှစ်ယောက်ဆိုပြီး ဇာတ်ညွန်းမှာပြင်လိုက်မယ်ကွာ။”

“ဆရာအီဂို၊ တစ်သက်လုံးလူပျိုကြီးဖြစ်ပါစေ။”

အထူးတန်းရဲ့ယောက်ျားလေးတွေက မကျေမနပ်ဖြစ်နေကြပြီး ဆရာအီဂိုကို ဝိုင်းမေတ္တာပို့နေကြတယ်။

....

ပထမနှစ်တွေရဲ့အတန်းမှာတော့ ဖီးလစ်က သင်ပုန်းပေါ်မှာရှိနေတဲ့ အတန်းအတွက်အစီအစဥ်ရွေးချယ်ခြင်းဆိုတာကို မကျေမနပ်နဲ့ကြည့်နေပါတယ်။ လွန်ခဲ့တဲ့မိနစ်အနည်းငယ်တုန်းက သူတို့အတန်းပိုင်ဆရာအာသာက ကျောင်းသားတွေဆီကနေ အကြံဉာဏ်တောင်းပြီးတော့ မဲပေးစနစ်နဲ့သူတို့အတန်း ဒီနှစ်လုပ်ရမယ့်ကိစ္စကို ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့တာ။

“ဘာလို့အဲဒါက မဲအများဆုံးရတာလဲ၊ လုံးဝ သောက်အဓိပ္ပါယ်မရှိတာ။”

ဖီးလစ်ကလည်း တခြားကျောင်းသားတွေလိုပဲ သူ့အကြံကို ထုတ်ပြောခဲ့ပြီး ကျောက်သင်ပုန်းပေါ် သူ့အကြံရောက်သွားတယ်။ သူ့အကြံက “စူပါဟီးရိုး အာကိုင်းဂါမီအတွက် ပြတိုက်အငယ်စားလေးဖွင့်ရန်” ဆိုတာပါ။ ဒါပေမဲ့ မဲက တစ်မဲပဲရပြီး မဲအများစုကိုတော့ Crossdress Maid Cafe ဖွင့်ဖို့အကြံက ရသွားတယ်။ တစ်နည်းအားဖြင့် တစ်တန်းလုံးက ယောက်ျားလေးတွေအကုန်လုံး အိမ်ဖော် မိန်းကလေးလိုဝတ်ပြီးတော့ လာသမျှဧည့်သည်တွေကို “အိမ်ကနေ ပြန်လည်ကြိုဆိုပါတယ် သခင်ကြီး။ သခင်မကြီး။” စသည်ဖြင့် ဧည့်ခံရတော့မှာ။

“ မင်းတို့အားလုံးကို မကျေနပ်ဘူးဟေ့။ အတန်းထဲက သောက်ကောင်မတွေ။ ဒီလောက်အကြံတွေအများကြီးရှိတာကို ဘာလို့အဲဒီတစ်ခုတည်းကို မဲအများကြီးစုပေးရတာလဲဟ။” ဒါပေါ့၊ အဲဒီအကြံကို လူများစုဖြစ်နေတဲ့ အတန်းထဲက မိန်းကလေးတွေက ဝိုင်းမဲထည့်ခဲ့ကြတာ။

...

တခြားပထမတန်းက အခန်းထဲမှာတော့ ယုတိုက သက်ပြင်းချလိုက်တယ်။ သူတို့အခန်းထဲမှာလည်း Crossdress အိမ်စေကဖေးဖွင့်ရန်အကြံကြီးပေါ်လာပေမဲ့ ဖီးလစ်တို့အခန်းက အဲဒါဖွင့်မယ်ဆိုတဲ့သတင်းဝင်လာလို့ သူတို့အတန်းပိုင်ဆရာမဟဲရိုးက ဒုတိယမဲအများဆုံးဟာကို ရွေးလိုက်ကြတာ။ အဲဒီအကြံက နည်းနည်းလေးသာမန်ဆန်ပေမဲ့ မဆိုးလှတဲ့ ရွေးချယ်မှုပါ။

ဘုန်း... ဘုန်း... ဘုန်း...

ဆရာမဟဲရိုးက သစ်သားပေတံနဲ့ကျောင်းဆရာစားပွဲကို ရိုက်လိုက်ပြီး ဆူညံ့နေတဲ့ ကျောင်းသားတွေကို ငြိမ်ခိုင်းလိုက်တယ်။

“ဒါဆိုရင် အဆုံးအဖြတ်က အတည်ဖြစ်သွားပြီ။ ကျောင်းပွဲတော်နေ့ကျရင် တာလီယာနဲ့ယုတိုက ဟော့ဒေါ့ဆိုင်ဖွင့်ပြီး အရောင်းစာရေးလုပ်ရမယ်။ ကျန်တဲ့ကျောင်းသားတွေကတော့ ဆိုင်အတွက်လိုအပ်တဲ့ပစ္စည်းတွေ ပြင်ဆင်တာနဲ့ ကုန်ကြမ်းတွေဝယ်တာလုပ်ရမယ်။ ဟုတ်ပြီလား။”

တာလီယာကတော့ ယုတိုကို နောက်ခုံကနေ မေးထောက်ကြည့်နေပြီး ခေါင်းခါလိုက်တယ်။ “ သေးသေးသွယ်သွယ်ယုတိုလေး အိမ်စေဝတ်စုံဝတ်ထားတာ မြင်ဖူးချင်ပါတယ်ဆိုမှ။” ဆိုပြီး ရေရွတ်လိုက်သေး။ အဲဒီအကြံကိုပေးလိုက်တာက သူကိုး။

All Chapters