← Chapters

အဘွား

Vol. 87 Ch. 1208

အဘွား

Vol. 87 Ch. 1208

“အားလုံးက သူ့အောက်မှာ ရှိနေသလိုမျိုး ပြုမူနေတာလေ။ သူ့စကားတွေအရတော့ ဒီလိုမျိုးနိမ့်ကျတဲ့လူတွေက သူ့ကို ကူညီပေးသင့်တယ်လို့ မထင်ဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်က သူ့ကို ခစားပြီးကိုးကွယ်ဖို့ပဲ” မေတ္တယျက ရှင်းပြလိုက်သည်။

“သူက အမြဲတမ်း အဲ့လိုဖြစ်ခဲ့ရတာလား။ ဒါမှမဟုတ်ဘူးဆိုရင် ပြောင်းလဲသွားခဲ့တာလား” ဝမ်ဝေ့က မေးလိုက်သည်။

“အဲဒါတော့ သေချာမသိဘူး။ အကြွင်းမဲ့တားမြစ်ချက် မတိုင်ခင်တုန်းက အန္တိမသဟဇာတက ထူးဆန်းတဲ့သူပဲ။ ဒါပေမဲ့ သူ့အကျင့်စရိုက် ဒီလိုသွေဖယ်တဲ့ လက္ခဏာမျိုးတော့ မပြဖူးဘူး။ ဆိုးတာက သူ အချိန်အကြာကြီး ဖုံးကွယ်ထားတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် သူ့ထူးဆန်းမှုကိုက ဒီလိုအပြောင်းအလဲမျိုး ဖြစ်သွားစေတာမျိုးပေါ့။ အခုတော့ အဲ့လိုကိစ္စတွေ မစဉ်းစားတော့ပါဘူး”

“ဟုတ်တယ်။ နောက်ထပ် မေးခွန်းတစ်ခုက အရှင့်ရဲ့ အဆင့်က ဘာလဲ။ ဘယ်လိုဖြစ်သွားတာလဲ” ဝမ်ဝေ့က ခေါင်းညိတ်ကာ မေးလိုက်သည်။

“ဒီအရှုပ်အထွေးတွေကို ရှင်းပြီးတော့ မင်း စံပြဖြစ်လာပြီးတဲ့နောက်မှာ ပြောပြမယ်”

“ကျွန်တော် အဲ့လိုတော့ ထင်ထားပြီးသားပါ”

“တချို့သတင်းအချက်အလက်တွေက မင်း သေချာတဲ့အနေအထား ဒါမှမဟုတ် စွမ်းအားအဆင့်တစ်ခုကို မရမချင်း ထိတွေ့လို့ မရဘူးလေ။ မင်းအတွက်တော့ မင်းက ကိုယ့်ဘာသာ လျှို့ဝှက်ချက်တွေကို ကောက်ချက်ချနိုင်စွမ်းရှိတော့ အဲဒီစည်းမျဉ်းက သိပ်မတင်းကြပ်ပေမဲ့ စည်းမျဉ်းစည်းကမ်းကတော့ ရှိနေတုန်းပဲ။”

ထိုစကားက ဝမ်ဝေ့အား ဒိုင်မေးရှင်းအနိမ့်တွင် သူ့ဇနီးအား မိုးမြေ၏ လျှို့ဝှက်ချက်များကို မေးစဉ်အခါကို ပြန်လည်သတိရသွားစေသည်။ တစ်ခါတစ်ရံတွင် ကောင်းကင်တာအို သို့မဟုတ် မဟာတာအိုက ပေါ်ထွက်လာကာ သူတို့၏ စကားဝိုင်းကို တားဆီးလေ့ ရှိ၏။ နှမြောစရာကောင်းလှစွာဖြင့် သူက သူမ ထွက်သွားပြီးသည့်နောက်တွင် ထိုလျှို့ဝှက်ချက်များကို ရဖို့ ဦးနှောက်ကိုသာ အားကိုးနိုင်သည်။

“နောက်ထပ် မေးစရာရှိသေးလား”

“နောက်ဆုံးမေးခွန်းက ကျွန်တော် အရှင့်ကို အဘွားလို့ ခေါ်လို့ရမလား။” ဝမ်ဝေ့က အရှက်မဲ့စွာ မေးလိုက်သည့်အတွက် မေတ္တယျက ပြုံးမိသွားသည်။

“အဘွား … ဟိုးတုန်းက ငါ သေမျိုးဖြစ်တုန်းက အမြဲတမ်း မိသားစုတစ်ခု လိုချင်ခဲ့တာ” သူမက ပြန်လည်တွေးတောရင်း ပြောလိုက်သည်။

“ဒါပေမဲ့ အဲ့လိုမျိုး သဘောတရားတွေကို စွန့်ပယ်ခဲ့တာ ကြာပါပြီလေ”

“အဲ့လိုဆိုတော့ မရဘူးလား”

“ငါ့ကို အဘွားလို့ ခေါ်ချင်တာလား”

“ဒီလိုအားကောင်းပြီး အလိုလိုက်တဲ့ အဘိုး၊ အဘွားမျိုးကို ဘယ်သူက မလိုချင်ဘဲ နေမှာလဲ။” ဝမ်ဝေ့က ပြောလိုက်သည်။

မေတ္တယျ၏ အပြုံးက ပိုမိုကြီးမားလာ၏။

“ငါတို့တွေ နီးကပ်သွားတာကို သဘောကျပေမဲ့ ငါတို့တွေ ဂုဏ်ပုဒ်ကိုတော့ မြောင်ရွက်အတွက် သိမ်းထားသင့်တယ်”

“ဟုတ်တယ်။ ဒါကို မလေးစားဘူးလို့ ထင်ရင်ထင်နေမှာ” ဝမ်ဝေ့က သဘောတူကာ ထိုအကြောင်းကို ထပ်မပြောတော့ပေ။

“အဲ့လိုဆိုရင် ငါ မင်းကို တစ်ခု မေးမယ်”

“အရှင့်လိုမျိုး အဆင့်က ကျင့်ကြံသူတွေအတွက် ကျုပ်က စာအုပ်တစ်အုပ် ထင်တယ်”

“အဲ့လိုပြောရရင်တော့ မင်းက လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပဲ” မေတ္တယျက ပြန်လည်ပြန်ဖြေလိုက်သည်။

“ဘယ်လိုလဲ။ ဘယ်လိုလုပ်ပြီးတော့လဲ”

“နမူနာအနေနဲ့ပြောရမယ်ဆိုရင် မင်းရဲ့ မွေးဖွားမှုအကြောင်းကို အခုထိ နားမလည်နိုင်သေးဘူး”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှပြန်မပြောပေ။

“မင်းက စံပြအဆင့် အရည်အချင်း၊ အရည်အသွေးရှိတဲ့ ဝိညာဉ်နဲ့ မွေးဖွားလာတယ်။ သူတို့က မင်းရဲ့ ပြန်လည်ဝင်စားမှုအတွင်း ချိတ်ပိတ်ခံရတယ်ဆိုရင်တောင် အန္တိမသဟဇာတနဲ့ ငါက မင်းရဲ့ မွေးဖွားမှုကို သတိမထားမိဘူးဆိုတာ မဖြစ်နိုင်ဘူး။ မင်းက မျှော်နန်းဆောင်ထဲမှာ နောက်ဆုံးစစ်ဆေးမှုကို မရောက်သရွေ့ ငါတို့တွေ ဘယ်သူမှ သတိမထားမိခဲ့ဘူး။ အဲဒါ ဘာလို့လဲ”

ဝမ်ဝေ့ကလည်း ထိုမေးခွန်းကြောင့် အံ့အားသင့်သွားလေ၏။

“ကျွန်တော်လည်း အဲဒါကိုတော့ မတွေးဖူးဘူး။ ကျွန်တော် ပေးနိုင်တဲ့ အကောင်းဆုံးအဖြေကတော့ ကံကြမ္မာက ကျွန်တော်ကို ကာကွယ်ပေးထားတယ်ဆိုတာပဲ။ ဒါပေမဲ့ အဲ့လောက်ကြီး မရိုးရှင်းဘူးဆိုတာကိုတော့ တစ်စုံတစ်ခုက ပြောနေတယ်”

“အမှန်ပဲ” မေတ္တယျက ခေါင်းညိတ်လိုက်၏။ သူမက ပါးစပ်ဟကာ တစ်စုံတစ်ခု ပြောတော့မည့်ဆဲဆဲတွင် သူမ၏ ခန္ဓာကိုယ်က တစ္ဆေတစ်ကောင်လို ကြည်လင်သွားလေသည်။ သူမက ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်၏။

“ကြည့်ရတာ ငါတို့တွေ စကားအကြာကြီး မပြောနိုင်တော့တဲ့ပုံပဲ”

“ငါ ထွက်မသွားခင် စကားနည်းနည်း ပြောခဲ့မယ်။ ပထမဦးဆုံး အန္တိမသဟဇာတက အရေးကြီးတဲ့ ကိစ္စတစ်ခုကို လုပ်လာလိမ့်မယ်။ အဲဒါက ဘာလဲဆိုတာကို မသိသေးဘူး။ သူ့တိတ်ဆိတ်နေမှုက စိုးရိမ်စရာပဲ။ ဒုတိယအနေနဲ့ အချိန်စားသုံးသူက မင်းရဲ့ အကြီးမားဆုံး အဟန့်အတားပဲ။ သူ စီစဉ်နေတဲ့ အရာကြောင့်တင်မကဘဲနဲ့ သူက ဒီကမ္ဘာမှာ ကောင်းကင်စာအုပ် စံပြချန်ထားခဲ့တဲ့ နယ်ရုပ်တစ်ရုပ် ဖြစ်နေလို့ပဲ။ အဲဒါကြောင့် သူက သူ့ကိုယ်သူ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားပြီလို့ ထင်နေပေမဲ့ တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် မင်းနဲ့ ရင်ဆိုင်ဖို့ သူ့ကံကြမ္မာကို လက်ခံလိုက်တာမျိုး ဖြစ်နေနိုင်တယ်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်ပြီး ဘာမှပြန်မပြောပေ။

“နောက်ဆုံးအနေနဲ့ ဝူဟုန်က အန္တရာယ်ကျရောက်နေတယ်” မေတ္တယျက ဆက်လက်ပြောရင်း သူမ၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားလုမတတ်ဖြစ်နေသည်။ ဝမ်ဝေ့၏ မျက်ဝန်းအထက် ခက်ထန်သည့် အလင်းတစ်ချက်ဖြတ်ပြေးသွား၏။

“သူမက သူ အရမ်းစိတ်ဝင်စားနေတဲ့ တစ်စုံတစ်ခုကို ဖန်တီးခဲ့တယ်။ ပြီးတော့ မင်းရဲ့ ဆက်နွယ်မှုကိုပါ ထည့်ပေါင်းလိုက်တယ်ဆိုရင် သူ့ကို လုပ်ဖို့က မင်းအပေါ်လည်း ထိနှက်ချက် ဖြစ်လာစေမှာဆိုတော့ ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို သတ်သလိုပဲ။ မင်းနဲ့ တွေ့ပြီးတဲ့နောက်မှာ မင်းတို့နှစ်ယောက်က တကယ့်ကို ပြိုင်ဘက်ကင်း ကြမ္မာ ပြိုင်ဆိုင်ထားတယ်ဆိုတာကို အတည်ပြုလိုက်နိုင်တယ်။ ဒါပေမဲ့ သူမအနေနဲ့ မင်း အဲဒီကြမ္မာကို လိုအပ်နေတဲ့ အခြေအနေမျိုး ကျရောက်နေတဲ့ပုံပဲ။

အတိအကျပြောရမယ်ဆိုရင် သူမက မင်းကို လိုအပ်နေတာ မဟုတ်ဘဲနဲ့ သူမတစ်ယောက်တည်း လုပ်ဖို့ အချိန်ကြာနေတာ။ ဒါပေမဲ့ အဲဒါက အဓိကအချက် မဟုတ်သေးဘူး။ အဓိကအချက်က မင်းက ကြမ္မာကနေ ကာကွယ်ပေးခံထားရတယ်ဆိုပေမဲ့ သူမက ကာကွယ်ပေးခြင်း မခံရဘူး။ အဲဒါကြောင့် သူမကို လက်ရှိအခြေအနေကနေ ဖယ်ရှားဖို့ အကြံပြုချင်တယ်”

မေတ္တယျက ပျောက်ကွယ်သွားပြီး ဝမ်ဝေ့ တစ်ယောက်တည်းကိုသာ အတွေးနက်အောင် ချန်ထားခဲ့သည်။ သူက မေတ္တယျအပေါ် အပြည့်အဝ မယုံကြည်သေးသော်လည်း ယခုအခါ သူမ၏ အလိုလိုသိစိတ်က သူမသည် သူ့ဘက်တွင် ရှိကြောင်း ပြောပြနေ၏။ သူက သူမ ပြောသည့်အရာများကို နှစ်ကြိမ်နှစ်ခါ စစ်ဆေးကြည့်ခဲ့သော်လည်း အများစုကိုမူ စိတ်အေးသွားမိသည်။ သို့သော်လည်း ဝူဟုန်အကြောင်း ပြောခဲ့သည့်အရာများနှင့် ပတ်သက်ပြီး စိုးရိမ်နေမိ၏။

ပြိုင်ဘက်ကင်း ကြမ္မာတဲ့လား…

သူမက ထူးကဲသာလွန်မှုလမ်းစဉ်ကို လျှောက်ဖို့ ကြမ္မာအကြောင်း ပြောတာဖြစ်နိုင်တယ်။ တကယ်လို့ အဲဒါသာ အမှန်ဖြစ်မယ်ဆိုရင် ဒါက အပြည့်အဝတော့ မမှန်နိုင်သေးဘူး။ အနာဂတ်ဟုန်အာက အချိန်စက်ဝန်းကို ပြောင်းပြီး အတိတ်ကို ကိုယ်ပွားတစ်ခု စေလွှတ်ခဲ့တာ။ ပြီးပြည့်စုံတဲ့နည်းလမ်းနဲ့ ထူးကဲသာလွန်တဲ့ကြမ္မာလို့ ခေါ်တဲ့အရာကို အသက်သွင်းနိုင်ခဲ့တာပဲ။

အဲဒါဆိုတော့ အခု သူမကို ဖျောင်းဖျပြီးတော့ ပြီးပြည့်စုံတဲ့အုတ်မြစ်ကို ဖန်တီးဖို့ လုပ်မယ်။ အဲဒါက မတည်ရှိတော့တဲ့ အလင်းမဲ့အမှန်တရားရဲ့ အကူအညီတောင် လိုလာနိုင်တယ်…

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

ခဏနေပါဦး။ ဒီကိစ္စက အလင်းမဲ့အမှန်တရားက ငါ့ရဲ့ အနာဂတ်ကိုယ်နဲ့ ဆက်နွယ်နေလားဆိုတာကို စမ်းသပ်ကြည့်ဖို့ အခွင့်ကောင်းပဲ…

အနာဂတ်ကိုယ်က အလင်းမဲ့အမှန်တရားကို ဒိုင်မေးရှင်းအမြင့်ဆီ ဖြန့်ကျက်ဖို့ အခွင့်အရေးကို ရှာဖွေလိမ့်မည်။

အလင်းမဲ့အမှန်တရားက သူမ၏ ထူးကဲသာလွန်ကြမ္မာကို အသက်သွင်းဖို့ အကောင်းဆုံးနည်းလမ်း သာမကဘဲ လက်ရှိဆိုးဆိုးရွားရွားအခြေအနေတွင် ပုန်းအောင်းပြီး ကာကွယ်ပေးထားနိုင်သည်။ သူမ အောင်မြင်သွားသည်နှင့် မေတ္တယျ အကြံပြုသကဲ့သို့ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ဆီမှ ကြမ္မာကာကွယ်မှုကို လက်ခံရရှိလိမ့်မည်။

ဝမ်ဝေ့က တောက်တောက်ပပ အပြုံးမျိုး ရှိလာသည်။ သူက အလင်းမဲ့အမှန်တရားသည် ဤနေရာတွင် ရှိနေသေးလား အတည်ပြုဖို့ လိုအပ်နေသေးသော်လည်း သူ့သတ်မှတ်ချက်အပေါ် ယုံကြည်ချက် ရှိ၏။ ကံဆိုးစွာဖြင့် သူက သဘောပေါက်သွားခဲ့သည်။

သူမက ငါ့ရဲ့ ဇနီးမှ မဟုတ်တော့တာ…

သူက တွေးရင်း နာကျင်လာမိသည်။

တကယ်လို့ ငါ သူမကို ထပ်ပြီးတော့ မပိုးပန်းနိုင်တော့ရင် ဘယ်လိုလုပ်မလဲ။ သူမက ငါတို့ရဲ့ ဆက်နွယ်မှုကို ဖြတ်တောက်လိုက်တယ်ဆိုရင်ရော…

ကြမ္မာနှင့် ကံကြမ္မာတို့က မည်မျှပင် အားကောင်းစေကာမူ သူတို့၏ ကျင့်ကြံဆင့်တွင် ရှိနေသည့်သူများအား တစ်သတ်မှတ်တည်းထား၍ မရပေ။ သူတို့ ရွေးချယ်မှုများစွာရှိပြီး လွတ်လပ်ခွင့်လည်း ရှိသည့်အတွက် သူနှင့် ဝူဟုန်တို့က အတူတကွ အဆုံးသတ်မသွားနိုင်သည့် ဖြစ်နိုင်ချေလည်း ရှိပေသည်။

စိတ်ငြိမ်ငြိမ်ထား…

ဝမ်ဝေ့ မင်းက ချောတယ်၊ အကျင့်စရိုက်ကောင်းတယ်၊ ပြီးတော့ ကောင်းတာတော့ မဟုတ်ပေမဲ့ ဆွဲဆောင်မှုလည်း ရှိတယ်လေ။ ပြီးတော့ အလားအလာကောင်းလည်း ရှိသေးတယ်။ သူမကို အခွင့်အရေးတစ်ခုတော့ ပေးမှာပါ…

သူက သူ့ကိုယ်ကို ဖျောင်းဖျပြီးသည့်နောက်တွင် စိတ်အေးသွားမိသည်။ မည်မျှပင်လိုလားစေကာမူ ယခုအခါ သူမနှင့်တွေ့ဆုံဖို့ အခိုက်အတန့် မဟုတ်သေးပေ။

အရင်ဆုံးအဘိုးကို သွားပြီး စစ်ဆေးကြည့်ရအောင်…

သူက သံသရာဆီ အာကာပြင်မုခ်ပေါက်ကို ဖွင့်လှစ်လိုက်၏။

ဝမ်ဝေ့က ကြောက်မက်ဖို့ကောင်းသည့် မဟူရာမြစ်ကြောင်းအထက် တည်ရှိနေသည့် တံတားနှစ်စင်းအထက် မျောလွင့်နေသည်ကို မြင်တွေ့လိုက်ရသည်။ တံတားတစ်စင်းကမူ သာမန်ဖြစ်ကာ တခြားတစ်စင်းကမူ ရွှေရောင် ဖြစ်၏။ သာမန်က သာမန်ဝိညာဉ်များအတွက် လမ်းကြောင်းဖြစ်ကာ ရွှေရောင်ကမူ မသေမျိုးဝိညာဉ်များအတွက် ဖြစ်၏။ သို့သော်လည်း နှစ်ခုလုံးက ဝိညာဉ်များအပြည့် သွားလာနေကြသည်။

 သူ သတိထားမိသည့် ဒုတိယအရာက ဤအရာသည် အင်မတန် တည်ငြိမ်နေခြင်းဖြစ်၏။ သူက သူ့စွမ်းအားအပြည့်သုံးလျှင်ပင် ဤနေရာရှိ အာကာပြင်ကို မချိုးဖောက်နိုင်ကြောင်း သဘောပေါက်သွားသည့်အခါ ပို၍ပင် အံ့အားသင့်သွားမိသည်။ သူက ကူးသန်းသွားလာနိုင်သော်လည်း ဤသည်ကို ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပေ။

ထို့နောက် ဝမ်ဝေ့က အားကောင်းသည့် အကြည့်များ သူ့ဆီ ကျရောက်လာသည်ကို ခံစားမိ၍ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သူတို့က သူ့လောကသုံးပါးဧကရာဇ် အဆင့်အတန်းကို အာရုံခံမိပြီးသည့်နောက်တွင် စိတ်အေးသွားကြဟန်ပေါ်သည်။ သူက သူ့ကိုယ်သူ ထိန်းချုပ်ပြီး ရေရွတ်လိုက်၏။

“အဘွား။ ကျွန်တော် လာတွေ့တာ”

သို့သော်လည်း မိနစ်ပိုင်းကြာမြင့်ပြီးသည်အထိ ဘာမှဖြစ်ပျက်မလာပေ။ ထို့ကြောင့် ဝမ်ဝေ့က ပြောလိုက်၏။

“အဘွားက အလုပ်ရှုပ်နေတယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ အဘိုးက ပြန်လည်ဝင်စားရင်း ပျောက်ကွယ်သွားတာဆိုတော့ ကျွန်တော် မဟုတ်သေးဘူး မိသားစုက သူ့အကြောင်း စိုးရိမ်နေကြတယ်”

ဝမ်ဝေ့က သက်ပြင်းချသံကို ကြားပြီးသည့်နောက်တွင် အားကောင်းကာ ငြိမ်းအေးသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

“သူမက မင်းကို ပြောလိုက်တာလား”

“ဟုတ်ပါတယ်”

“ဒါက သူမ ပြောရမဲ့ ကိစ္စ မဟုတ်ဘူးလေ”

“အဲ့လိုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါက သူ့အပေါ်မှာ ကျွန်တော်ရဲ့ သတိထားမှုကို လျှော့ချဖို့ အကောင်းဆုံး နည်းလမ်းပဲလေ” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်၏။

“မင်းအဘိုးက အဆင်ပြေပါတယ်” မြောင်ယွဲ့က ဆက်ပြောလိုက်သည်။

“ငါ့ရဲ့ လေ့ကျင့်မှုအောက်မှာ သူက မင်း သူ့အပေါ် ထားတဲ့ မျှော်လင့်ချက်အတိုင်း နေနိုင်လိမ့်မယ်”

“အဲ့လိုဆို ကောင်းတာပေါ့”

“ဒါပေမဲ့ မင်းကို အခုတော့ အကူအညီ မပေးနိုင်သေးသလို မတွေ့နိုင်သေးဘူး”

“သံသရာထဲမှာ တင်းကြပ်တဲ့ စည်းမျဉ်းဥပဒေသတွေရှိတယ်ဆိုတာကို သိပါတယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။ သူက အကူအညီကို မျှော်လင့်ထားခြင်း မရှိပေ။

“ကျွန်တော်က အဘိုးကို လာပြီးစစ်ဆေးကြည့်ပြီးတော့ မေတ္တယျအပေါ်မှာ ထားတဲ့အမြင်ကို သိချင်လို့ပါ”

“သတိဝီရိယရှိတာ ကောင်းတယ်” မြောင်ယွဲ့က ချီးကျူးလိုက်သည်။

“သူမကတော့ ဗုဒ္ဓဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တဲ့သူပါ။ ဒါပေမဲ့ သူမရဲ့ အပြုအမူတွေကတော့ ဗုဒ္ဓဘာသာနဲ့ ကျင့်ကြံရေးကြားက ပဋိပက္ခတွေရဲ့ ရလဒ်ပေါ့။ ဗုဒ္ဓဘာသာက ကြင်နာငြိမ်းအေးတတ်တဲ့ စိတ်သဘောထားမျိုး လိုအပ်တယ်။ ဒါပေမဲ့ ကျင့်ကြံရေးမှာကျတော့ အာဏာ၊ ဝါစဉ်နဲ့ တောတွင်းဥပဒေသတွေကို လိုက်နာရတယ်လေ။ မေတ္တယျက ဗုဒ္ဓအစား ကျင့်ကြံသူတစ်ယောက်ရဲ့ အလိုလိုသိစိတ်အနောက်ကို လိုက်ခဲ့တယ်။ အဲဒါကြောင့် သူမရဲ့ ရွေးချယ်မှုအတွက် အကျိုးဆက်တွေကို ပြန်လည်ပေးဆပ်ရင်းနဲ့ နောင်တတွေနဲ့ ရှင်သန်နေတာ”

ဝမ်ဝေ့က စဉ်းစားလိုက်သည်။ သူ့အဘွား၏ စကားများက သူ မေတ္တယျအပေါ် ထားရှိသည့် အချက်အလက်များကို ပိုမိုပြီးပြည့်စုံသွားစေသည်။

All Chapters