ကြိုဆိုစကား
Vol. 87 Ch. 1211
“ကောင်းပြီ။ ကျုပ် ပြောမယ်။ ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့” သူလျှိုက မျှော်လင့်ချက် ကင်းမဲ့နေသည့် အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။ ယခုအခါ သူ လိုချင်သည့် တစ်ခုတည်းသော အရာက ချိုမြိန်သည့် သေခြင်းတရားသာ ဖြစ်၏။ နှမြောစရာကောင်းလှစွာဖြင့် ထိုနတ်ဆိုးသည် သူ ထုတ်မပြောသရွေ့ သူ့ဆန္ဒကို ဖြည့်စည်းပေးမည် မဟုတ်ကြောင်း သိလေသည်။ ကံကောင်းစွာဖြင့် ပြောလိုက်ခြင်းက သူ့ဆန္ဒကို ဖြည့်စည်းပေးမည့် နောက်ထပ် နည်းလမ်းတစ်ခု ဖြစ်ပေသည်။
“ကောင်းပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“မင်းကို မေးခွန်းတစ်ခု မေးမယ်။ ငါ မေးတဲ့အတိုင်း အတိအကျ ဖြေဖို့လိုတယ်။ နားလည်လား”
သူလျိုက ခေါင်းညိတ်လိုက်၏။
ကြည့်ရအောင်။ သူ့ကိုယ်သူ ပေါက်ကွဲတာမျိုး မဖြစ်ရအောင် အတားအဆီးကို မလှုံ့ဆော်မိအောင် ပါးပါးနပ်နပ် မေးဖို့လိုတယ်…
ဝမ်ဝေ့က တွေးလိုက်သည်။
အစီအစဉ်ချပြီးသည့်နောက်တွင် သူက ပါရှန်းလိပ်ခွံကို ဆင့်ခေါ်ပြီး သူ့ဂမ္ဘီရစွမ်းရည်ကို အားဖြည့်လိုက်သည်။ သူ့မျက်ဝန်းက မီးခိုးရောင် ပြောင်းလဲသွားပြီး ကံကြမ္မာစွမ်းအားကို ထုတ်သုံးလိုက်၏။
တကယ်လို့ သူက ဘယ်အဖွဲ့အစည်းအတွက် အလုပ်လုပ်နေတာလဲလို့ မေးရင် သူ ပေါက်ထွက်သွားမှာလား
အင်း
အသုံးမဝင်တာမျိုး ဒါမှမဟုတ် စွန့်ပစ်ထားတဲ့ စခန်းရဲ့ နာမည်အကြောင်းဆိုရင်ရော
အင်း
သူ့အလုပ်ရှင်နဲ့ ပတ်သက်ပြီးမေးရင်ရော
အင်း
တကယ်လို့ သူ့ရဲ့ အမည်ဝှက်အကြောင်း မေးရင်ရော
ဖြစ်နိုင်တယ်တဲ့လား
ဝမ်ဝေ့က အာရုံစိုက်လိုက်သည်။
ထိုခွေးကောင်က တမင်တကာ စကားကို ရွေးချယ်သုံးပြီး သူ့ကိုယ်သူ သတ်သေချင်နေတာလား…
အဲဒါဆိုရင်တော့ အဲဒီအတွက်လည်း သေချာစောင့်ကြည့်ဖို့ လိုတယ်…
သူက ဂမ္ဘီရစွမ်းရည်ကို စက္ကန့်ပိုင်းကြာ အသုံးပြုပြီးနောက် ပထမမေးခွန်းကို ထုတ်မေးလိုက်သည်။
“ဒီငါတို့ အခြေစိုက်စခန်းကို မလာခင် ဘယ်နေရာတွေ ရောက်ခဲ့လဲဆိုတာကို ပြော။ အတိအကျဖြစ်ဖို့ မလိုဘူး။ ယေဘုယျနေရာမြို့ကိုပဲ ပြောရုံပဲ”
ထိုထူးထူးဆန်းဆန်းမေးခွန်းက သူလျှိုကို ယာယီ လမ်းပျောက်သွားစေသည်။ သို့သော် သူက ပြန်ဖြေလိုက်၏။
“ဒီအခြေစိုက်စခန်းကို မရောက်ခင် ကျုပ်က နေဝင်မြို့မှာ ရှိခဲ့တာ”
ဝမ်ဝေ့က ထိုအမျိုးသားကို သေချာလေ့လာရင်း ခေါင်းညိတ်လိုက်သည်။ နေဝင်မြို့က ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များအား အဖွဲ့သားအသစ်များကို လက်ခံနေသည့် နေရာတစ်ခုလည်း ဖြစ်ပေသည်။
“အဲဒီမတိုင်ခင် ကျုပ်က အနက်ရောင်ကုန်းမြေပေါ်မှာရှိခဲ့တာ။ အဲဒီမှာ လျို့ ….”
“တော်စမ်း” ဝမ်ဝေ့က ဖြတ်ပြောလိုက်သည်။
“မင်းက စတုတ္ထအကြိမ် ခံစားချင်နေတာလား”
သူလျှိုက ပါးစပ်ပိတ်လိုက်ရင်း ခန္ဓာကိုယ်က တုန်တုန်ယင်ယင်ဖြစ်သွားလေ၏။ သူက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် ဝမ်ဝေ့၏ မျက်ဝန်းကို မြင်လိုက်သည့်အခါ ဤနေရာ ရောက်မလာခင် နောက်ဆုံးရောက်ခဲ့သည့် နေရာနှစ်ခုအကြောင်း ပြောပြလိုက်၏။
တကယ်လို့ သူ့လမ်းကြောင်းအတိုင်း လိုက်မယ်ဆိုရင် သူက တာအိုဘာသာ ပိုင်နက်တစ်ခုထဲက ရောက်လာတာပဲ။ အဲဒါဆိုတော့ သူက ချီတင်းရဲ့ လက်အောက်ကလား။ ဒါမှမဟုတ်ဘူးဆိုရင် အန္တိမသဟဇာတရဲ့ ပင်မအဖွဲ့ရဲ့ လက်အောက်ကလား…
ဝမ်ဝေ့က အတွေးနက်နေရင်း ဒုတိယမေးခွန်းကို ဆက်မေးလိုက်သည်။
“မင်းနဲ့ မင်းရဲ့ လက်အောက်ငယ်သားတွေ ပုံမှန်ပြောလေ့ပြောထရှိတဲ့ စကားဝိုင်းကို ပြန်ပြောပြ။ အသေးစိတ်ဖြစ်ဖို့ မလိုဘူး” သူလျှိုက ထပ်မံ တွေဝေသွားပြန်သည်။ သို့သော် သူက အမိန့်အတိုင်း လုပ်ဆောင်လိုက်၏။ စကားဝိုင်းတစ်ခုကို ပြန်လည်ပြောဆိုဖို့ရာ ထူးဆန်းသော်လည်း ထိုအရာက သူ့ကို ဒုက္ခမခံစားရအောင် ကာကွယ်ပေးထားနိုင်သည်။
အဲဒါဆိုတော့ သူ့အဆင့်အတန်းက ဒုခေါင်းဆောင်ပဲ…
ဝမ်ဝေ့က ပြန်ပြောဆိုရာမှ သတင်းကို ကောက်ချက်ချလိုက်သည်။
ပြီးတော့ တစ်ယောက်ထက် ပိုတယ်…
“မင်းဘဝမှာ ကောင်းကင်ဘုံအဆင့် ဘယ်နှစ်ယောက်နဲ့ တွေ့ဖူးလဲ”
“အဲဒါက ကျုပ် မသိဘူး”
“မြန်မြန်ပြောစမ်း”
“၁၂၅ ယောက်ပါ”
“အဲဒီ၁၂၅ယောက်ထဲမှာ မင်း လုပ်ကြံသတ်ဖြတ်ဖို့ အောင်မြင်ခဲ့တာ ဘယ်နှစ်ယောက်လဲ”
“ကျုပ်က ၃၄ယောက်ကို သတ်ခဲ့ပြီးတော့ ၆ကြိမ် ကျရှုံးခဲ့တယ်”
“မင်းက မိတ်ဖြစ်ဆွေဖြစ် လက်ရည်စမ်းတာရော ဘယ်နှစ်ကြိမ် လုပ်ဖူးလဲ။ ဘယ်သူ နိုင်သွားတာလဲ။ မင်းက ဘာလို့ရှုံးသွားတာလဲ” ဝမ်ဝေ့က ဆက်မေးလိုက်သည်။ ထိုအဖြေကိုကြားကာ ဝမ်ဝေ့က တွေးလိုက်၏။
နောက်ထပ် ဒုခေါင်းဆောင် အယောက်နှစ်ဆယ် ရှိတယ်။ အားလုံးက ဒုခေါင်းဆောင်အဆင့်ပဲ။ အခု အဲဒီရာထူးမှာ တာအိုအုပ်ချုပ်သူနဲ့ ထာဝရအုပ်ချုပ်သူ ရှိလားဆိုတာကို စစ်ဆေးကြည့်ရမယ်…
သူက တခြားလမ်းစဉ်များအကြောင်း မေးခွန်းများ မေးခဲ့ပြီး သူလျှို လေးစားသည့်သူများအကြောင်းပင် ထပ်မေးခဲ့သည်။
အဲဒါဆိုတော့ ဒုခေါင်းဆောင် ၃၃ ယောက်နဲ့ ခေါင်းဆောင်၅ယောက်ပေါ့။ တချို့တစ်ဝက်က ထာဝရကောင်းကင်ဘုံအဆင့်ပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။
သူ့ဆီကနေ သူတို့အဖွဲ့အစည်းရဲ့ တည်ဆောက်ပုံကို ကောက်ချက်ချနိုင်မလားဆိုတာကို ကြည့်ရအောင်…
ဝမ်ဝေ့က ပါးစပ်ဟကာ တစ်စုံတစ်ခုကို မေးတော့မည့်ဆဲဆဲတွင် ရုတ်ချည်း ရပ်တန့်လိုက်သည်။ သူက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။
ရောက်လာကြပြီလား။ သူတို့က ငါ ထင်ထားတာထက် ပိုမြန်နေတာပဲ…
သူက သူလျှိုကို ကြည့်ကာ တုံ့ဆိုင်းနေခြင်း မရှိဘဲ ခေါင်းကို ဖြတ်ချလိုက်ပြီး ဝိညာဉ်ကို ပျက်သုဉ်းသွားစေသည်။
ထို့နောက် ဝမ်ဝေ့က ပျောက်ကွယ်သွားပြီး ခေါင်းပြတ်ခန္ဓာကိုယ်သာ ချန်ထားခဲ့၏။ ထို့နောက် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငါးယောက်က ပေါ်ထွက်လာသည်။
“ဒီခန္ဓာကိုယ်ရဲ့ ပုံစံအရ ဒုခေါင်းဆောင် အာ့ရှစ်(၂၀)ပဲ” သူလျှိုတစ်ယောက်က ပြောလိုက်သည်။ သူတို့၏ ခေါင်းဆောင်က အနက်ရောင်အစင်း ၂၄ခု ပါသည့်သူ ဖြစ်၏။
ထိုသူက အားလုံးကို တည်တည်ငြိမ်ငြိမ် စောင့်ကြည့်နေသည်။
“သူက ဆိုးဆိုးရွားရွား သေဆုံးသွားတယ်ဆိုတာကို မယုံနိုင်သေးဘူး”
“သူက ကံကြမ္မာပါတဲ့သူကို သွားပြီးတော့ စစ်ဆေးတာ မဟုတ်ဘူးလား။ ဒါက သူ့အဆုံးသတ် ဖြစ်သွားမယ်လို့ ထင်မသွားမိဘူး”
“ကြယ်တာရာစူးစိုက် မျှော်နန်းဆောင်ကလူတွေက တာဝန်ရဲ့ အခက်အခဲကို သတိပေးသင့်တယ်။ ဒုခေါင်းဆောင် အာ့ရှစ်က အထက်အလယ်အလတ် လမင်းခေါင်းဆောင်တစ်ယောက်ပဲလေ။ သူ့ကို ဆုံးရှုံးတာက ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ”
သူတို့၏ ခေါင်းဆောင်က အလောင်းကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်ချည်းဆိုသလို ခံစားမိနေသော်လည်း အတိအကျကိုမူ မသိသေးပေ။
“တိတ်တိတ်နေကြစမ်း”
သူက အမိန့်ပေးပြီး ထိုစကားဝိုင်းကို ဖြတ်တောက်လိုက်၏။
“သူ့တာအိုအမှတ်အသား အကောင်းအတိုင်း ရှိသေးလားဆိုတာကို ပြန်ပြီးတော့ စစ်ဆေးကြည့်”
“ဟုတ်ကဲ့။ ဒုခေါင်းဆောင် အာ့စစ်(၂၄) .. ကျွန်တော်…”
ဘန်း
သံကြိုးများက တစ်နေရာမှ ထွက်ပေါ်လာကာ ခေါင်းဆောင်ကလွဲ၍ အားလုံးကို ဖမ်းဆီးခဲ့သည်။ ခေါင်းဆောင်ဝန်းကျင်တွင် ဒိုင်းကာတစ်ခု ပေါ်ထွက်လာပြီး ဝမ်ဝေ့၏ တိုက်ကွက်ကို တားဆီးထားလေ၏။
“မင်းပဲ”
အာ့စစ်က ဝမ်ဝေ့၏ တကယ့်မျက်နှာကို မြင်တွေ့ပြီးသည့်နောက်တွင် ပြောလိုက်သည်။ သူက သူ့အလိုလိုသိစိတ်သည် သတိပေးနေရသည့် အကြောင်းအရင်းကို နားလည်သွားလေ၏။ သူ့လူများက ဤထက် ပိုမိုကောင်းမွန်စွာ လေ့ကျင့်ထားပြီး အဖွဲ့အစည်း၏ သတင်းကို ဘေးကင်းသည့်နေရာတွင် ရှိနေလျှင်ပင် ပွင့်လင်းစွာ ဆွေးနွေးကြမည် မဟုတ်ပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က စိတ်ဝိညာဉ် လွှမ်းမိုးမှုနည်းစနစ်ကို သူတို့အပေါ် အသုံးပြုထားပြီး သတင်းအချက်အလက်များကို ထုတ်ဖော်နေကြောင်း သတိထားမိခဲ့၏။
“အဲဒါဆိုတော့ ငါ့ကို သိနေတာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
ခေါင်းဆောင်က မှန်ကန်နေ၏။ သူက စကားဝိုင်းမှ သိသာသည့် သတင်းအချက်အလက်ကို စုစည်းနိုင်ခဲ့သည်။
နံပါတ်၂၄တဲ့လား။ အဲဒါဆို သူက အဆင့်နိမ့် အထက်လမင်းဖြစ်လောက်တယ်။ တကယ်လို့ နံပါတ် ၂၄နဲ့သူက ငါနဲ့ ကျင့်ကြံဆင့်တူတယ်ဆိုရင် အားအကောင်းဆုံး ၃၃ ကတော့ ထိပ်သီးကောင်းကင်ဘုံအဆင့် ဖြစ်နိုင်တယ်…
ဝမ်ဝေ့၏ အကြည့်က ထိုအမျိုးသား၏ ဒိုင်းကာဆီ ကျရောက်လာ၏။ ထိုအရာက အာ့စစ်၏ စွမ်းအား မဟုတ်ဘဲ အားကောင်းသည့် အဆောင်တစ်ခုသာ ဖြစ်၏။
“မင်းကို သနားမိသား” အာ့စစ်က ရုတ်ချည်းဆိုသလို ပြောလိုက်သည်။
“ငါတို့ရဲ့ ထိပ်သီးအုပ်ချုပ်သူတွေကို ဆန့်ကျင်ရင် ဘယ်လိုကံကြမ္မာက စောင့်ကြိုနေတယ်ဆိုတာကို သိလား။ ငါ ပြောတာကို…”
ဝမ်ဝေ့က သူ့စကားဆုံးအောင်အထိ နားမထောင်ဘဲ လက်သီးကို ဆုပ်လိုက်သည်။ ထို့နောက် ဒိုင်းကာကို ကျိုးပျက်သွားစေ၏။
အာ့စစ်က ဓာတ်ငါးပါးတာအိုကို လှုံ့ဆော်လိုက်ရင်း အမူအရာ ပျက်ယွင်းသွားလေ၏။ သူ့အတွက် နှမြောဖို့ကောင်းသည်က ဝမ်ဝေ့သည် သူ့အတွေးတစ်ချက်ဖြင့် သူ့ကို ချိတ်ပိတ်လိုက်နိုင်သည်။
ဒုခေါင်းဆောင် အာ့စစ်၏ မျက်ဝန်းအထက် ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားကာ သူ့ခေါင်းမှ ဓားငယ်လေးတစ်ချောင်း ထွက်ပေါ်လာပြီး တောက်ပသည့် ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်လာသည်။
အာ့စစ်က သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားသော်လည်း အသက်ရှင်နေကြောင်း သိသည့်အခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိလိုက်သည်။ သူ့သတ်သေသည့် အပြုအမူက သူ့ဘဝကို ယူဆောင်သွားသင့်၏။ သူက ပြီးပြည့်စုံစွာ အကောင်းတိုင်းရှိနေသည့် ဝမ်ဝေ့ကို ကြည့်လိုက်သည်။
“မင်းက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ”
သူက ကံကြမ္မာဖန်သည့်သူသည် ယခုလေးမှ တက်လှမ်းကာစဖြစ်ကြောင်း သိထားသောကြောင့် ဤမျှအားကောင်းလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
“သိပ်မကြာခင် သိလိမ့်မယ်” ဝမ်ဝေ့က ကံကြမ္မာရုပ်သေးရုပ် နည်းစနစ်ကို ထုတ်သုံးကာ ပြန်ဖြေလိုက်၏။ သူ့လက်ချောင်းမှ ခဲဖြူရောင်ကြိုးမျှင်များ ထွက်ပေါ်လာကာ အာ့စစ်၏ ခန္ဓာကိုယ်တွင် ချိတ်တွယ်သွားသည်။ သူက သူ့ဝိညာဉ်ကို မထိဘဲ ခန္ဓာကိုယ်ကိုသာ ထိန်းချုပ်ခဲ့၏။
အရင်ဆုံး ကြိုဆိုစကား ပို့ပေးရတာပေါ့…
ဝမ်ဝေ့က တွေးလိုက်သည်။
သူက အာသီသအဆင့်နှင့် မဟာတာအိုအရင်းအမြစ်ရှိ သူ့တာအို အမှတ်အသားကိုရှာကာ မှန်ကန်သည့်အချိန်တွင် ဖယ်ရှားပစ်နိုင်အောင် အစစ်အမှန်စိတ်ဆန္ဒကို ထားရှိခဲ့သည်။ နောက်တဆင့်ကမူ အာ့ရှစ်၏ တာအိုအမှတ်အသားကို ရှာဖို့ရာ ဖြစ်၏။ သူက သေဆုံးသွားပြီဖြစ်သည့်အတွက် ရှာဖို့ရာ အချိန်တစ်ခုကြာမြင့်ခဲ့သည်။ ကံကောင်းစွာဖြင့် သူက အရွေ့စွမ်းရည်ကို အသုံးမပြုနိုင်ခင် သေဆုံးသွားခဲ့၏။ ထို့ကြောင့် ဝမ်ဝေ့က ကံတာအို၊ ဂမ္ဘီရနှင့် သူ့တာအိုဆန္ဒတို့မှ ဇုံပိုင်းခြားခြင်းတို့ကို အသုံးပြုကာ ရှာဖွေခဲ့သည်။
အာ့ရှစ်ကို သတ်ပြီးသည့်နောက်တွင် သူက သာမန်အဖွဲ့ဝင်၏ ဝိညာဉ်ကို စစ်ဆေးကြည့်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
အဲဒီအတားအဆီးတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခုတော့ လုပ်ဖို့လိုနေပြီ။ မဟုတ်ရင် အန္တိမသဟဇာတက သူကိုယ်တိုင်အစား ချီတင်းကို ဒီအတားအဆီးတွေကို တာဝန်ပေးခဲ့မယ် ထင်တယ်။ ဒါက သူ့လက်အောက်မှာများ ရှိနေတာလား။ ဒီလိုလျှို့ဝှက်ချက်မျိုးက ကာကွယ်ဖို့လား…
ဝမ်ဝေ့က ကိစ္စတချို့သည် တာအိုဘာသာ အာဏာရှင်၏ အဟန့်အတားကို ကိုယ်တိုင်ထားရှိထားကြောင်း သတိပေးနေသည်ကို မြင်လိုက်ရသည်။ ထိုအရာက သူ့အနေဖြင့် မေတ္တယျဆီမှ ဖုံးကွယ်လိုသည့် တစ်စုံတစ်ခုလည်း ဖြစ်နေနိုင်သည်။
ဝမ်ဝေ့က အတားအဆီးများကို အသက်သွင်းမိကာ ထိုသာမန်အဖွဲ့သားများ ပေါက်ကွဲထွက်သွားသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် သူက ပျောက်ကွယ်သွားပြီး တစ်ဦးတည်းသော အသက်ရှင်ကျန်သူ အာ့စစ် … ထွက်ပြေးသွားသည့်နောက်မှ လိုက်ပါလာသည်။ သူ့အရှိန်အဝါက စက္ကန့်ပိုင်းနှင့်အမျှ ပိုမိုအားနည်းလာသည်။ မိနစ်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် နောက်ထပ် တစ်ဖွဲ့က သူ့ကို အရင်းအမြစ်ချီ နေရာလွတ်အတွင်း ရှာတွေ့သွားကြ၏။
“မြန်မြန်အရေးကြီးတယ်။ ကံကြမ္မာပါတဲ့သူ ...”
အာ့စစ်က ရေရွတ်ပြီးသည့်နောက်တွင် မေ့မြောသွား၏။ အဖွဲ့က တုန်လှုပ်သွားပြီးသည့်နောက်တွင် ကုသရေးဆေးလုံးကို တိုက်ကျွေးခဲ့သည်။ သို့သော်လည်း သူက နိုးထမလာသည့်အတွက် အခြေစိုက်စခန်းဆီ ပြန်သွားပြီး သူ ရယူထားသည့် သတင်းအချက်အလက်များကို ရဖို့ရာ နိုးထစေဖို့ မျှော်လင့်နေကြသည်။
ဝုန်း
အာ့စစ်၏ ခန္ဓာကိုယ်က အခြေစိုက်စခန်းအတွင်း ရောက်ရှိသည်နှင့် ပေါက်ကွဲထွက်သွား၏။ သူက ကောင်းကင်ဘုံအဆင့်ဖြစ်သည့်အတွက် ထိုပေါက်ကွဲမှုက ပြင်းထန်လွန်းလှသည်။ သို့သော်လည်း ပေါက်ကွဲမှုမှ ဖန်တီးသည့် အပျက်အစီးကမူ မရှိသလောက်နီးပါး ဖြစ်၏။ သူ့ခန္ဓာကိုယ်ကို သယ်ဆောင်ထားသည့်သူက ဒဏ်ရာအပြင်းအထန် ရရှိသွားသော်လည်း မည်သူမှ မသေဆုံးခဲ့ပေ။ အကြောင်းအရင်းကမူ သူတို့အခြေစိုက်စခန်းရှိ စံပြအစီအရင်က အလိုလိုအသက်ဝင်လာပြီး ပေါက်ကွဲမှုကို ပိုင်းခြားလိုက်၍ ဖြစ်သည်။
တကယ်တော့ ဝမ်ဝေ့က ထိုရလဒ်ကို မှန်းဆထားပြီးသား ဖြစ်၏။ အာ့စစ်က အခြေစိုက်စခန်းရောက်ရှိပြီးသည့်နောက် ပေါက်ကွဲထွက်သွားသည်မှာ သူ ထိန်းချုပ်ခံနေရကြောင်း အာရုံခံနိုင်သည့် အစီအရင်တစ်ခုရှိနေ၍ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူ့ရည်ရွယ်ချက်က သတင်းစကားပေးပို့ပြီး ထိုသူများက ချီတင်း၏ အင်အားစုဖြစ်ကြောင်း အတည်ပြုဖို့ရာ ဖြစ်သည့်အတွက် ဂရုမစိုက်ပေ။
ထိုအရာများ ပြီးဆုံးသွားသည်နှင့် သူက အာ့စစ်၏ အမှတ်အသားကို ဖယ်ရှားပြီးသည့်နောက် သူ့အခြေစိုက်စခန်းဆီ ပြန်လာခဲ့လိုက်သည်။