အချစ်ကို ခွဲဝေခြင်း
Vol. 87 Ch. 1217
“ဘာလို့ ဒီမှာ ရှိနေသေးတာလဲ” ယန်းအိုက်က မေးလိုက်စဉ် ဝမ်ချီက မလုံမလဲသာ ပြုံးလိုက်သည်။
“ဘိုးဘေး ကျွန်တော်က ကိုယ့်ဘာသာကိုယ် ထွက်မသွားနိုင်ဘူးလေ” သူက ပြန်ဖြေလိုက်သည်။
“ပြီးတော့ ကျွန်တော် ဧကရီနဲ့ ဘိုးဘေးက ဂိုဏ်းချုပ်ဆီ ဘာများပြောခိုင်းဦးမလဲလို့ စောင့်နေတာပါ”
“သူ့ကို သတိထားဖို့သာ ပြောလိုက်။ ဒီကမ္ဘာကြီးက ဒိုင်မေးရှင်းအနိမ့်ထက် ပိုပြီးတော့ အန္တရာယ်များတယ်” ယန်းအိုက်က မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။ သူမက မသက်မသာဖြစ်စေသည့် တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရသွားသည့်အလား ဖြစ်၏။
“သူ့ကို ကာကွယ်မှုအတွက် ငါ့ရဲ့ ဓားကျွန်တချို့ကို ပေးလိုက်ရမလား။ မဖြစ်သေးပါဘူးလေ။ သူ့ရဲ့ ဘဝက အရမ်းကြီး သက်တောင့်သက်သာလည်း မဖြစ်သင့်ဘူး။ မဟုတ်ရင် အမှိုက် ဖြစ်သွားလိမ့်မယ်” ယန်းအိုက်က ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် သူမ၏ မိတ်ဆွေဟောင်းကို ကြည့်လိုက်သည်။
“ကျွန်မတို့တွေ ရှုကျင်းယောင်ရဲ့ ပွဲမှာတွေ့မယ်လို့ ပြောလိုက်” ဝူဟုန်က ပြောလိုက်သည်။
ဝမ်ချီ၏ ခန္ဓာကိုယ်က သိသိသာသာ တုံ့ဆိုင်းသွားလေ၏။
“ပြဿနာရှိလို့လား”
“မရှိပါဘူး မရှိပါဘူး” ဝမ်ချီက အလျင်အမြန် ပြောလိုက်သည်။
“သတင်းကို ကောင်းကောင်း ပြောလိုက်ပါ့မယ်”
ဝူဟုန်က သူ့ကို ခေတ္တမျှ စိုက်ကြည့်ပြီးသည့်နောက်တွင် ဘာမှမပြောတော့ဘဲ သူမက လက်ဝှေ့လိုက်သည့်အချိန် သူက အခန်းထဲမှ ပျောက်ကွယ်သွားခဲ့၏။
“အစ်မက သူ့ကို ဓားကျွန်တချို့ပေးဖို့ တကယ်ကြီး စဉ်းစားနေတာလား” ဝူဟုန်က မေးလိုက်သည်။
“ဘယ်တုန်းက အဲ့လောက် စိတ်ပျော့သွားရတာလဲ”
ဓားကျွန်များက တာအိုအခွင့်အလမ်းဂိုဏ်း၏ အကြီးမားဆုံး တပ်ဖွဲ့အင်အားဖြစ်သည်မှာ သံသယဖြစ်ဖို့ မလိုပေ။ ယန်းအိုက်က ကမ္ဘာတစ်ဝန်း ဓားရေးပါရမီရှိသည့်သူများကို စုစည်းပြီး သူမကိုယ်တိုင် လေ့ကျင့်ပေးခဲ့၏။
သို့သော် သူတို့က ဆိုးဝါးသည့်နာမည် ရှိသော်လည်း လွှမ်းမိုးနိုင်ကာ ကြောက်ဖို့ကောင်းသည့်အချက် မဟုတ်သေးပေ။ မျိုးနွယ်အမြောက်အများက တာအိုအခွင့်အလမ်းဂိုဏ်းဆီ တန်ကြေးပမာဏအမြောက်အများပေးကာ သူတို့၏ ဓားသမားများက ဓားကျွန်လေ့ကျင့်ရေးကို တွေ့ကြုံခံစားစေကြသည်။ ထို့အပြင် ယန်းအိုက်ကို ဓားတာအိုရာထူးအတွက် ဆင့်ခေါ်သည့် စိန်ခေါ်သူရှိတိုင်း ထိုသူ၏ အင်အားက သူမ၏ စံနှုန်းနှင့် မကိုက်ညီပါက ဓားကျွန်ထဲ ထည့်လေ့ရှိသည်။
အာဏာရှင် ၁၃ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ဓားလမ်းစဉ်မျိုးနွယ်က ဓားကျွန်များကို မုန်းတီးမှုရှိသလို သဘောလည်းကျကြသည်။ သူတို့က အလားအလာအကောင်းဆုံး ဓားကျင့်ကြံသူမျိုးဆက် ဖြစ်သင့်သော်လည်း ထိုချီးကျူးမှုအားလုံးက ဓားဧကရီဖြစ်သည့် ယန်းအိုက်ဆီသာ ရောက်ရှိသွားလေ့ရှိ၏။
ဓားကျွန်များက ယန်းအိုက်၏ စကားကိုသာ နားထောင်ကြသည်။ တာအိုအခွင့်အလမ်းဂိုဏ်း၏ သမိုင်းကြောင်းတစ်လျှောက်တွင် သူမက သူတို့၏ ပါရမီရှင်တစ်ယောက်ကို ကာကွယ်ဖို့အတွက် သူတို့ကို တစ်ခါမှအသုံးမပြုခဲ့ဖူးပေ။ သူမက တစ်စုံတစ်ခုအရေးကြီးတာ မဖြစ်ပျက်သရွေ့ သူတို့ကို အသုံးပြုခဲ၏။
“အဲဒါက အကြွင်းမဲ့တားမြစ်ချက် အဆုံးသတ်ခါနီးမှာ အစ်ကိုချီရှန်း ပြောခဲ့တဲ့စကားကြောင့်ပဲ” ယန်းအိုက်က ရှင်းပြလိုက်သည်။
“အိုး”
“တစ်နည်းနည်းနဲ့ သူက ဒီကလေး ရောက်ရှိလာမှာကို ခန့်မှန်းမိခဲ့တယ်” သူမက ဆက်ပြောလိုက်သည်။
ဝူဟုန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“သူက ဘာပြောခဲ့တာလဲ”
“သူက ကြမ္မာအဆုံးသတ်ကို ရောက်နေပြီတဲ့။ သူက ကမ္ဘာကြီးကို ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ရောက်အောင် ခေါ်ဆောင်နိုင်တယ်ဆိုပေမဲ့ နည်းလမ်းမမှန်ဘဲ ဖြစ်သွားခဲ့ရတယ်။ အဲဒါကြောင့် ရှေ့ဆက်ရမဲ့ လမ်းစဉ်က ဖြတ်တောက်ခံလိုက်ရပြီးတော့ ကြမ္မာက သူ့ဘက်မှာ မရှိတော့ဘူး”
ယန်းအိုက်က သက်ပြင်းချလိုက်သည်။
“သူက တခြားတစ်ယောက်က သူ စတင်ထားတဲ့အရာကို ကောင်းကောင်းမွန်မွန် အဆုံးသတ်လိမ့်မယ်လို့ မှန်းဆထားတာ။ ပြီးတော့ အဲဒီလူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ ပေါ်ထွက်လာပြီးတော့ ငါတို့မျိုးနွယ်ကနေ ပေါ်ထွက်လာနိုင်တဲ့ အခွင့်အရေး အနည်းငယ်လည်း ရှိတယ်”
“အဲဒါ သူလို့ ထင်တာလား”
“သဲလွန်စတွေအားလုံးကတော့ သူ ဖြစ်နေတယ်လို့ ပြနေတယ်” ယန်းအိုက်က ခေါင်းညိတ်လိုက်သည်။
“သူက သူ့ကံကြမ္မာကို ဘာလို့ အလွယ်တကူ လက်ခံလိုက်ရတယ်လို့ ထင်နေရတာလဲ” ဝူဟုန်က မေးလိုက်၏။
“အဲဒါကို အစ်ကိုချီရှန်းဆီ ပြောခဲ့သေးတယ်။ သူ့တုံ့ပြန်မှုကလေ စကြဝဠာကြီးရဲ့ သဘောအတိုင်းလိုက်တာက သူ့ဘဝကြီးကို ပိုပြီးတော့ လွယ်ကူသွားစေတယ်ဆိုရင် ဘာလို့မလုပ်ဘဲ နေရမှာလဲတဲ့လေ” ယန်းအိုက်က ပြန်ပြောလိုက်သည်။ သူမ၏ မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
“ကံကောင်းတာက သူ့အမွေအနှစ်ကို ဆက်ခံမဲ့သူက ငါတို့မျိုးနွယ်က ဖြစ်နေလို့ပဲ။ မဟုတ်ရင်တော့ နောက်ထပ် ပြဿနာတစ်ခု ရှိလာလိမ့်မယ်”
ဝူဟုန်က ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ။ အဲ့အကြောင်းမပြောနဲ့တော့။ ဒါနဲ့ ဒဏ်ရာကရော ဘယ်လိုနေသေးလဲ”
“ကောင်းကင်ဘုံအဆင့်ကို ပြန်ရောက်လာပြီးတော့ ခန္ဓာကိုယ်လည်း အားကောင်းလာတော့ အရင်ကထက်တော့ ကောင်းပါတယ်” ယန်းအိုက်က ပြန်ဖြေလိုက်သည်။
“အခု ပွဲအခမ်းအနားပြီးတာနဲ့ သီးသန့်ကျင့်ကြံရေး ဝင်ရောက်ဖို့လိုတယ်။ မင်းရော”
“ကျွန်မလည်း စံပြအဆင့်ကို ရောက်ဖို့ အတော်လေး နီးကပ်နေပြီလို့ ခံစားမိနေတယ်” ဝူဟုန်က ရှင်းပြလိုက်သည်။
“ဒါပေမဲ့ အစ်မသိတဲ့အတိုင်း ဒီလိုဒဏ်ရာမျိုးက အချိန်နဲ့အရင်းအမြစ်မြောက်များစွာ လိုတယ်လေ”
“ငါတို့မှာ အချိန်အများကြီး ရှိခဲ့ပေမဲ့…”
ယန်းအိုက်က အဝေးတစ်နေရာကို လှမ်းကြည့်ကာ…
“အပြင်ဘက်ကလူတွေကို ဘာမှမလုပ်တော့ဘူးလား”
“သူတို့ ကျူးကျော်တာက အရမ်းတော့ မဆိုးပါဘူး” ဝူဟုန်က ပြောလိုက်သည်။ သူမက ထိုနယ်ခြားများသည် ကမ္ဘာ၏ ခုခံမှုကို ချိုးဖောက်လိုက်လျှင် ကိစ္စနှစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သိလေသည်။ ပထမတစ်ခုက မေတ္တယျနှင့် အန္တိမသဟဇာတတို့က ဝင်ရောက်စွက်ဖက်ကာ ထိုခြိမ်းခြောက်မှုများကို ရှင်းပစ်လိုက်နိုင်သည်။ ဒုတိယအနေဖြင့် သူတို့က ကိစ္စများကို လွှတ်ထားပေးပြီး ကမ္ဘာကြီးထဲ လူတွေကို စတင်သောင်းကြမ်းစေလိမ့်မည်။ အကယ်၍ ဒုတိယတစ်ခုသာ ဖြစ်နေပါက သူတို့၏ ပင်မပစ်မှတ်က ထိုကပ်ပါးများ ဖြစ်နိုင်ကြောင်း သိထားလေသည်။ သူတို့က ကမ္ဘာ၏ အရင်းအမြစ်အများစုကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။
“နှမြောစရာပဲ။” ယန်းအိုက်က သက်ပြင်းချလိုက်၏။
“အဲဒီလူတွေက ငါတို့ကမ္ဘာရဲ့ နာမည်ကို ကြားရုံလောက်နဲ့ ဒူးတုန်ခဲ့ကြတာလေ။ အခုတော့ လက်အောက်ခံတွေကတောင် ငါတို့ကို ဖိအားပေးနေနိုင်ပြီလား”
“အဲဒါက ကမ္ဘာကြီးရဲ့ ဖြစ်ရိုးဖြစ်စဉ်ပဲ မဟုတ်ဘူးလား။ အမြဲတမ်း အတက်အကျနဲ့ပဲလေ”
သူတို့၏ ခေတ်ကာလက ရွှေရောင်တောက်ပခဲ့ပြီး ယခုအခါ သူတို့က မြေကြီးသို့ ပြန်လည်နိမ့်ကျသွားလေရာ ယခင်အမြင့်ကို ပြန်လည်ရောက်လိုပါက အစကနေ ပြန်လည်စတင်ရမည် ဖြစ်၏။
“ဒီဟာတွေ ပြောနေတာက စိတ်ဓာတ်ကျစေတာပဲ။ ငါ သွားပြီး လေ့ကျင့်တော့မယ်” ယန်းအိုက်က အခန်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ဝူဟုန်က ခေါင်းအသာယမ်းလိုက်ပြီး အဝေးတစ်နေရာကို လှမ်းကြည့်ပြီးသည့်နောက်တွင် သီးသန့်ကျင့်ကြံရေးထဲ ပြန်လည်ဝင်ရောက်သွားလေသည်။
……………………………………………………….
“ဂိုဏ်းချုပ် ကျွန်တော်ဆီမှာ သတင်းဆိုးနဲ့ သတင်းကောင်းဆိုပြီးတော့ ရှိတယ်” ဝမ်ချီက ပြန်ရောက်ရောက်လာချင်း ပြောလိုက်သည်။
“သတင်းဆိုးကို အရင်ပြော”
“ဂိုဏ်းချုပ်အတွက် သတင်းကောင်း နားထောင်တာ ပိုပြီးတော့ ကောင်းမယ်လို့ ထင်တယ်” ဝမ်ချီက ပြောလိုက်ပြီး ဝမ်ဝေ့ ပြန်မပြောနိုင်ခင် သူက ပြန်ပြောလိုက်သည်။
“သတင်းကောင်းက ကျွန်တော်တို့တွေ လက်ဆောင်တွေ ရလိုက်တယ်”
“လက်ဆောင်တွေတဲ့လား”
“အဲဒီမှာ ဖြစ်ခဲ့တာ ယုံမှာ မဟုတ်လောက်ဘူး။ တည်ထောင်သူဘိုးဘေးလည်း ရှိနေတာလေ။ အဲဒီမှာ သူမက တစ်ခုခု ပေးလိုက်တယ်”
“တည်ထောင်သူဘိုးဘေး။ ဓားဧကရီလား”
“ဟုတ်တယ်” ဝမ်ချီက အားလုံးကို ရှင်းပြရင်းဖြင့် ပစ္စည်းများကို ထုတ်ပေးလိုက်သည်။
ဝမ်ဝေ့က ဉာဏ်ပညာမက်မွန်သစ်ပင်အကြောင်း ကြားပြီးသည့်နောက်တွင် အကြည့်များ တောက်ပလာသည်။ သူ့ဗောဓိသစ်ပင်၏ စွမ်းအားဖြင့် သူ့တာအိုနားလည်နိုင်စွမ်း၏ အမြန်နှုန်းက သိသိသာသာ မြန်ဆန်လာမည်ဖြစ်ကာ ဗောဓိသစ်ပင်၏ အဆင့်ကို မြှင့်တင်နိုင်ပါက အကောင်းဆုံး ဖြစ်၏။
“အသေးစိတ်ဖြစ်ခဲ့တာကို ပြောစမ်းပါဦး”
“ဟုတ်ကဲ့” ဝမ်ချီက ဖြစ်ပျက်သမျှအရာအားလုံးကို ပြန်လည်ပြောပြလိုက်သည်။ ဝမ်ဝေ့က ဝူယွီဇာမဏီ၏ အပြုအမူအကြောင်းကြားပြီးသည့်နောက်တွင် ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားလေ၏။ ထို့နောက် သူက ချက်ချင်းဆိုသလို စိတ်ထိန်းလိုက်သည်။ သူက ဤကိစ္စအကြောင်း သေချာမှတ်ထားပြီး နောင်တစ်ချိန်မှ သေချာပြန်လည်ပေးဆပ်စေဖို့ ကြံရွယ်ထား၏။
ဝမ်ဝေ့က သေသေချာချာ နားထောင်နေသည်။ သူက သူမသည် သူ့ခင်ပွန်း မဟုတ်ကြောင်း ပြောသည့်စကားကိုကြားသည့်အခါ နှလုံးသား နာကျင်လာမိ၏။ သို့သော်လည်း ထိုအရာကို ထင်မှတ်ထားပြီးသား ဖြစ်သည်။ ကျေးဇူးတင်ဖို့ကောင်းသည်က ဘိုးဘေးသည် ဤလက်ထပ်ပွဲနှင့်ပတ်သက်ပြီး အတော်လေး ထောက်ခံအားပေးနေဟန်ပေါ်သည်။
“အချိန်စားသုံးသူက ၈ယောက်ထဲမှ အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်မယ်ဆိုတာကို သိထားပြီးသားဆိုပေမဲ့ ဘိုးဘေးက ဒီလိုကိစ္စမျိုး ပြောတယ်ဆိုတော့”
ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက ဓားသမားများ၏ အလိုလိုသိစိတ်သည် အားကောင်းကြောင်း သိထားလေ၏။ လူအားလုံးအနက် ဓားဧကရီက ပြောသည်ဖြစ်ရာ အချိန်စားသုံးသူ၏ ခြိမ်းခြောက်မှုအနေအထားကို အမြင့်ဆုံးအနေအထားအဖြစ် မှတ်ယူလိုက်သည်။
“သူတို့ရဲ့ စကားဝိုင်းက ငါ့ကို အမြင်မဖုံးလွှမ်းသွားစေဘဲနဲ့ အကြီးမားဆုံး အန္တရာယ်ဖြစ်တဲ့ အန္တိမသဟဇာတကို ဂရုစိုက်ဖို့ ပြောနေတာပဲ” ဝမ်ဝေ့က သူသည် ထိုကပ်ပါးများကို လျှော့မတွက်သင့်ကြောင်း သိထားသေးသည်။ မဟုတ်ပါက သူ့အနေဖြင့် ဆိုးဆိုးရွားရွား အဆုံးသတ်သွားနိုင်၏။ သို့သော်လည်း သူက တကယ့်ရန်သူကိုလည်း ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။
သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားလေ၏။ ထို့နောက် သူက ဝမ်ချီကို ကြည့်ကာ
“ဒါနဲ့ မင်း ရှောင်နေတဲ့ သတင်းဆိုးကဘာလဲ”
“ဂိုဏ်းချုပ်ကတော်က ရှုကျင်းယောင်ရဲ့ ပွဲအခမ်းအနားမှာ တွေ့မယ်လို့ ပြောလိုက်ပါတယ်”
“တကယ်လား” ဝမ်ဝေ့က မျက်လုံးပြူးမျက်ဆံပြူးဖြင့် မေးလိုက်သည်။
“ဟုတ်ပါတယ်”
“ကျစ်” သူက ကျိန်ဆဲလိုက်သည်။
“အဲဒါဆိုတော့ ကျွန်တော်မှန်းတာ မှန်နေတာလား” ဝမ်ချီက မေးလိုက်သည်။
“ဘာကိုလဲ”
“အဲဒီရှုကျင်းယောင်လို့ခေါ်တဲ့ အမျိုးသမီးနဲ့ တိတ်တဆိတ် ဆက်ဆံရေးမျိုး ရှိနေတဲ့အချက်လေ။ သူမက လူတွေပြောတာကနေ လှတယ်ဆိုတာကို သိပေမဲ့…”
“ခွေးကောင်” ဝမ်ဝေ့က လက်ကိုယမ်းကာ ဝမ်ချီ၏ နဖူးကို ရိုက်လိုက်သည်။ ထိုအရာတွင် စွမ်းအား မပါရှိသော်လည်း အနည်းငယ် နာကျင်စေနိုင်သည်။
“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့”
“ကျွန်တော်က အဓိပ္ပာယ်မရှိတာတွေ ပြောတယ်ဆိုရင် ဒီသတင်းကို ကြားပြီးတဲ့နောက်မှာ ဘာလို့ တုံ့ပြန်တာလဲ” ဝမ်ချီက နာကျင်နေရင်းဖြင့် မေးလိုက်သည်။
“ဂိုဏ်းချုပ်ကို ကျွန်တော် စိတ်ရောကိုယ်ပါ တကယ်လေးစားပြီးတော့ သဘောကျပါတယ်။ ဂိုဏ်းချုပ်အတွက်တောင် သေရဲတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်ကတော်ကို ဖောက်ပြန်တဲ့ကိစ္စမျိုးကိုတော့ ကူညီပေးမှာ မဟုတ်ဘူး”
“ဘာတွေထူးထူးဆန်းဆန်းတွေ လာပြောနေတာတုန်း” ဝမ်ဝေ့က ပြောလိုက်သည်။
“မင်းက ဘာလို့ အဲ့လိုဖြစ်နေရတာလဲ။ အမျိုးသားတစ်ယောက်အတွက် မောင်းမဆောင်ရှိတာ သာမန်ပဲ မဟုတ်ဘူးလား။ ငါ့လိုမျိုး အောင်မြင်ပြီး အားကောင်းတဲ့သူတစ်ယောက်အတွက် အလှပဂေး သုံးထောင် မရှိသင့်ဘူးလား”
“အဲ့လိုဆိုရင်တော့ ဂိုဏ်းချုပ်ကို တိတ်တဆိတ် စိတ်ပျက်မိလိမ့်မယ်” ဝမ်ချီက ပြန်ပြောလိုက်၏။
“တစ်စုံတစ်ယောက်ကို ချစ်တယ်လို့ ပြောပြီး အချစ်တွေကို လူအများကြီးနဲ့ ဘယ်လိုလုပ်မျှဝေနိုင်မှာလဲ”
“အဲ့လိုဆိုရင် မင်းက တစ်စုံတစ်ယောက်က လူတစ်ယောက်ထက်ပိုပြီး မချစ်နိုင်ဘူးလို့ ယုံနေတာလား”
“ဒါပေါ့” ဝမ်ချီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“တကယ်လို့ အဲ့လိုလုပ်နိုင်တယ်ဆိုရင် လက်တွဲဖော်အပေါ် ထင်ထားသလောက် မချစ်လို့။ ပိုပြီးတော့ ဆိုးရွားတာက သူတို့ကို ချစ်တယ်ဆိုပြီး ဒါက အလိုရမ္မက်တွေ ပါလာလိမ့်မယ်။ ဒီလိုလူစားမျိုးက လေးစားဖို့ မထိုက်တန်ဘူး”
“မင်းရဲ့ အိမ်ထောင်ရေးအပေါ်အမြင်က အစွန်းရောက်နေပါ့ရော” ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။
“ဒါပေမဲ့ မင်းကို လီကျွင်းနဲ့ တွေ့စေချင်တယ်။ အဲဒီစကားတွေကို သူ့မျက်နှာရှေ့ သွားပြောလေ။ လီလင်းကတော့ မင်းကို သဘောကျမှာ သေချာတယ်”
ဝမ်ချီက မျက်လုံးဝှေ့လိုက်ပြီး သူက လီမျိုးနွယ်ခေါင်းဆောင်ထံ ထိုစကားများကို ဘယ်တော့မှ ပြောမည် မဟုတ်ပေ။ သူက ဝမ်ဝေ့ကို ပြောသည်မှာ ထိုသူက သူ ခစားရသည့်သူဖြစ်၍ ဖြစ်သည်။
“ဂိုဏ်းချုပ် ခေါင်းစဉ်လွှဲပြီး မပြောပါနဲ့ဗျာ။ အဲဒီအမျိုးသမီးနဲ့ ဆက်ဆံရေးက တကယ်ဘာလဲ”