ခရမ်းရောင်ဝိညာဉ်ခန်းမထဲမှရှေးဟောင်းပုံရိပ်
Vol. 90 Ch. 1256
အခန်း (၁၂၅၆) ခရမ်းရောင်ဝိညာဉ်ခန်းမထဲမှရှေးဟောင်းပုံရိပ်
“ခန်းမဝိညာဉ်…”
ရန်ကျောက်ကဲ ခဏမျှ မှင်တက်သွားသော်လည်း လျှင်မြန်စွာပင် သတိပြန်ဝင်လာသည်။
သူက ခေါင်းညိတ်ရင်း...
“ဟုတ်တယ်... ပုံမှန်ဆို သူ ဒီမှာပဲရှိသင့်တာ...”
မဟာကပ်ဘေးကြီးမတိုင်ခင်က မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်၏ ပင်မအဆာက်အဦအနည်းငယ်တွင် နေ့စဉ်လည်ပတ်မှုကို ထိန်းသိမ်းရန်အတွက် အသုံးပြုထားသည့် ကိုယ်ပိုင်ခန်းမဝိညာဉ်များ ရှိကြသည်။ ထိုခန်းမဝိညာဉ်များကြောင့် မိုးကောင်းကင်ခုံရုံးမှ တန်ခိုးစွမ်းအားရှင်များက ခန်းမများ၏ နေ့စဉ်အလုပ်များကို တမင်တကာ စောင့်ကြည့်ရန် မလိုအပ်ခဲ့ပေ။
ခန်းမဝိညာဉ်က သိစိတ်ရှိသော်လည်း အသိဉာဏ် မရှိပေ။
သူတို့က ကိုယ်ပိုင်အသိဉာဏ် ၊ အတွေးအခေါ်နှင့် မှတ်ဉာဏ်များရှိသော အသိဉာဏ်ရှိသည့်သက်ရှိများနှင့် တူညီခြင်း မရှိပေ။ ခန်းမဝိညာဉ်က ကိစ္စရပ်များကို သိရုံသာသိသော စက်ရုပ်တစ်ရုပ်နှင့်ဆင်တူသည်။
တိမ်လွှာခွင်းဧကရာဇ်က တစ်စုံတစ်ခုကိုတွေးတောနေဟန် အတွေးထဲနက်မျောလျက် ရှိသည်။
ရန်ကျောက်ကဲက ခန်းမထဲတွင်လျှောက်သွားနေပြီး သူ၏လက်ချောင်းများက စားပွဲများနှင့် ကုလားထိုင်များထက်တွင် ညင်သာစွာ ပွတ်ဆွဲလိုက်သည်။
ထို့နောက် သူက လေထဲတွင် အင်းသင်္ကေတများ တစ်ခုပြီးတစ်ခု ရေးဆွဲလိုက်သည်။ ထိုအင်းသင်္ကေတများက ခန်းမ၏ဗလာနယ်လေထုထဲသို့ နစ်မြုပ်သွားပြီး အဆောက်အဦနှင့် ဆက်သွယ်နိုင်ခြင်းမရှိဘဲ ပျောက်ကွယ်သွားသည်။
တိမ်လွှာဧကရာဇ်နှင့် ဟယ်မြန်တို့က ရန်ကျောက်ကဲ၏လုပ်ရပ်ကို နှောက်ယှက်ခြင်းမပြုဘဲ တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
အတန်ကြာမှ ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်ဖို့အတွက် ကျွန်တော် ဒီနေရာကို သန့်စင်လို့မရဘူး ၊ ကျွန်တော့်လမ်းကြောင်းကို ပိတ်ဆို့ထားတဲ့ အလွှာတစ်ခုရှိနေတယ် ၊ နည်းနည်းပါးပါးတော့ အလုပ်ဖြစ်သလိုရှိပေမယ့် အောင်မြင်ဖို့တော့ အရမ်းအလှမ်းဝေးနေသေးတယ်”
သူက ဆက်ပြောသည်။
“ခန်းမဝိညာဉ်ပျက်ဆီးသွားပြီဆိုရင်တော့ အချိန်နဲ့အားစိုက်ထုတ်မှု အများကြီးအသုံးပြုနိုင်ရင် အောင်မြင်နိုင်ခြေ ရှိတယ်”
တိမ်လွှာဧကရာဇ်က...
“အခု ဒီခန်းမကို မင်းမသန့်စင်နိုင်ဘူးဆိုတော့... ကြည့်ရတာ ခန်းမဝိညာဉ် ရှိနေသေးတယ်ထင်တယ်
ထိုစကားကြားတော့ ဟယ်မြန်က မျက်မှောင်ကျုံ့ရင်း...
“ဒါပေမဲ့ ခန်းမဝိညာဉ်က ဒီခန်းမထဲမှာ မရှိဘူး ၊ ကြည့်ရတာ ဒဏ်ရာအပြင်းအထန်ရပြီး တံခါးပိတ်ကျင့်ကြံနေတာလား ၊ ဒါမှမဟုတ် ခရမ်းရောင်ဝိညာဉ်ခန်းမက ထွက်ခွာသွားတာလား”
ဟယ်မြန်က ဆရာဖြစ်သူကို မရေရာသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
တိမ်လွှာဧကရာဇ်က ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...
“အမှန်ပဲ ၊ ဒါပေမဲ့ ပုံမှန်အခြေအနေဆိုရင် ဒါမျိုးက လုံးဝ မဖြစ်သင့်ဘူး”
သူက ဆက်ပြောသည်။
“အဂ္ဂိရတ်ခန်းမနဲ့ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်လို့ စောစောက မင်းပြောခဲ့တယ်မဟုတ်လား ၊ ကြည့်ရတာ အဲဒါ တကယ်ဖြစ်နေပုံရတယ်”
ရန်ကျောက်ကဲက တိတ်တဆိတ်စဉ်းစားရင်း ခေါင်းမော့ပြီး ခန်းမအပေါ်ပိုင်းသို့ ကြည့်လိုက်သည်။
သူ ဘာတွေးသည်ကို ဟယ်မြန်သဘောပေါက်သွားပြီး မျက်နှာထက် မယုံကြည်နိုင်သော အရိပ်အယောင်များ ထွက်ပေါ်လာသည်။
သူက...
“အဂ္ဂိရတ်ခန်းမရဲ့ ခန်းမဝိညာဉ်မှာ ကိုယ်ပိုင်အသိစိတ် ရှိနေတာများလား...”
ရန်ကျောက်ကဲက...
“သူ့မှာ အသိဉာဏ်ရှိရုံတင်မကဘူး စိတ်ဝိညာဉ်တောင်ဖြစ်တည်နေပြီ ၊ သူက နေ့ဘက်တွေမှာ သူ့ “စိတ်” ထဲကနေ ထွက်ပြီး အပြင်ဘက်မှာ လှည့်လည်သွားလာနေခဲ့တာ”
သူ ပြောသည့် “စိတ်” ဆိုသည်မှာ ယခု သူတို့ (၃)ယောက် ရောက်ရှိနေသော ခရမ်းရောင်ဝိညာဉ်ခန်းမကို ဆိုလိုခြင်း ဖြစ်သည်။
တိမ်လွှာဧကရာဇ်က သက်ပြင်းချရင်း...
“အဲဒီခန်းမဝိညာဉ်က ခရမ်းရောင်ဝိညာဉ်ခန်းမက ထွက်သွားနိုင်ပေမယ့် အဂ္ဂိရတ်ခန်းမ ဧရိယာကတော့ ထွက်သွားလို့ မရနိုင်သေးဘူး ၊ သူက ခန်းမအတွင်းပိုင်း စကြာဝဠာထဲမှာပဲ လှုပ်ရှားနိုင်လိမ့်မယ်”
သူက ဆက်ပြောသည်။
“လက်စသတ်တော့ ငါတို့အရင် ဒီနေရာမှာရှိနေတဲ့သူက မဟာကပ်ဘေးကြီးမတိုင်ခင် ကောင်းကင်ဘုံနန်းတော်က အသက်ရှင်ကျန်ရစ်ခဲ့သူလည်းမဟုတ်သလို ငါတို့လိုမျိုး အပြင်ဘက်ကဝင်ရောက်လာတဲ့သူလည်း မဟုတ်ဘူး”
ဟုတ်ပေ၏။
ထိုအရာများဖြစ်မည့်အစား အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်ဖြစ်နေပြီး ထိုအရာက ကိုယ်ပိုင်အသိစိတ်ပင် ရှိနေခဲ့သည်။
အကြောင်းအရာများကို ဆက်စပ်တွေးတောပြီးနောက် ဟယ်မြန်က နက်ရှိုင်းသည့်အသံဖြင့်...
“ရှောက်ပိုင်တောင်ထွတ်က လူ (၃)ယောက် ပျောက်ကွယ်သွားတာ ဒီ ခန်းမဝိညာဉ်ကြောင့်လား”
တိမ်လွှာဧကရာဇ်က ခေါင်းညိတ်ရင်း...
“အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမှားအယွင်းမရှိသင့်ဘူး ၊ ဒါပေမဲ့ သူတို့အသက်သေလား ရှင်လား မသိရသေးဘူး ၊ သူတို့ကို ခန်းမဝိညာဉ်က ဖမ်းဆီးထားတာလည်း ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲက တိုးလျသည့်အသံဖြင့်...
“သူတို့ (၃)ယောက်ရော မြောက်ဖေးတောင်ထွတ်က ပျောက်နေတဲ့ (၃)ယောက်ရော သေသွားကြပါပြီ”
တိမ်လွှာဧကရာဇ်နဲ့ ဟယ်မြန် သူ့ကိုလှမ်းကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲက...
“သူတို့ရဲ့အလောင်း (၅)လောင်းကို ကျွန်တော် ယူလာပါတယ်”
တိမ်လွှာဧကရာဇ်နှင့် ဟယ်မြန်တို့က ရွှမ်ဟွမ်မဧကရီ၏အဆက်အနွယ်များနှင့် သိပ်မတည့်သော်လည်း နှစ်ယောက်လုံး ခေါင်းညိတ်လျှက် ကျေးဇူးတင်စကားဆိုလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် ကောင်းကင်ဘုံက ဆင်းသက်လာတဲ့နတ်ဘုရား”
ရန်ကျောက်ကဲက မည်သည့်စကားမှမဆိုဘဲ ခန်းမပတ်ပတ်လည်သို့ လမ်းဆက်လျှောက်သွားသည်။
“အဂ္ဂိရတ်ခန်းမရဲ့ ခန်းမဝိညာဉ်က ကိုယ်ပိုင်အသိဉာဏ်ရှိပြီး ကျွန်တော်တို့ကို အခက်တွေ့အောင်လုပ်ချင်တယ်ဆိုရင် အရမ်းလွယ်ကူတယ် ၊ အခု ကျွန်တော်တို့က ခြင်္သေ့ရဲ့သားရဲတွင်းထဲမှာ လမ်းလျှောက်နေသလိုမျိုးပဲလေ”
သူက ဆက်ပြောသည်။
“ခန်းမဝိညာဉ်က ခရမ်းရောင်ဝိညာဉ်ခန်းမက ထွက်ခွာသွားရင် အဂ္ဂိရတ်ခန်းမအပေါ် ထိန်းချုပ်နိုင်စွမ်းလည်း လျော့နည်းသွားလိမ့်မယ်”
ရန်ကျောက်ကဲက ခေါင်းကိုနောက်သို့လှည့်မကြည့်ဘဲ စကားဆိုရင်း ခန်းမထဲတွင် ရှေ့ဆက်လမ်းလျှောက်သွားသည်။
ထိုစကားကိုကြားတော့ ဟယ်မြန်တွေးလိုက်သည်။
ထိုသို့ဆိုလျှင် ခန်းမဝိညာဉ်က အဘယ့်ကြောင့် အဂ္ဂိရတ်ခန်းမ၏ဗဟိုချက်ဖြစ်သော ခရမ်းရောင်ဝိညာဉ်ခန်းမမှ ထွက်ခွာလိုရပါသနည်း။
ရန်ကျောက်ကဲ ဖြည်းဖြည်းချင်း ရှေ့ဆက်သွားနေပြီး ရုတ်တရက် သူ၏လက်တစ်ဖက်ကို လေထုထဲသို့ ဆန့်ထုတ်လိုက်၏။
ကျန်လက်တစ်ဖက်ထက်မှာတော့ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို့ ပေါ်လာသည်။
ကြီးမားသော မီးဖိုကြီးက ကျုံ့ဝင်သွားပြီး ရန်ကျောက်ကဲ၏ လက်ဖဝါးထက်သို့ ကျဆင်းသွားကာ အလင်းတန်းများ ထွက်ပေါ်လာသည်။
ခဏအကြာတွင် ရန်ကျောက်ကဲက လေထုထဲသို့ ဆန့်ထုတ်ထားသောလက်ကို ဖြည်းညင်းစွာ ပြန်လည်ရုတ်သိမ်းလိုက်သည်။
သူ့လက်ထဲတွင် အလင်းတန်းအလွှာများ လှည့်ပတ်နေသည်ကို တွေ့ရသည်။
ရန်ကျောက်ကဲက ထိုအလင်းတန်းများကို ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုထဲသို့ ထည့်သွင်းလိုက်လေရာ မီးပြင်းဖိုအတွင်းမှ ‘ဝုန်း’ ကနဲ အသံတစ်သံ ထွက်ပေါ်လာသည်။
မီးပြင်းဖိုအဖုံးအား ဖွင့်လိုက်သည့်အခါ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေသည့် ကျောက်စိမ်းပြားလေးတစ်ခုကို တွေ့ရ၏။
ရန်ကျောက်ကဲက ကျောက်စိမ်းပြားလေးကိုယူလိုက်ပြီး သူ၏လက်ငါးချောင်း အားအပြည့်သုံးကာ ထိုကျောက်စိမ်းပြားကို အပိုင်းပိုင်းအက်ကွဲသွားအောင် ဆုပ်ချေပစ်လိုက်သည်။
သူ၏လုပ်ရပ်များ ပြီးဆုံးသွားသည်နှင့် ခန်းမကြီးက ရုတ်တရက် တုန်ခါလာသည်။
ခန်းမ၏ အလယ်ဗဟို ၊ တောင်ဘက် ၊ အနောက်ဘက် ၊ အရှေ့မြောက်ဘက် ၊ အနောက်မြောက်ဘက်တို့မှ အလင်းတန်းများ ဖြာလင်းထွက်ပေါ်လာသည်။ အရပ်မျက်နှာတစ်ခုချင်းစီတိုင်း၏ အလင်းတန်းများအလယ်တွင် ယာဇ်ပလ္လင်တစ်ခုစီ ပေါ်လာသည်။
ထိုအချိန် ရန်ကျောက်ကဲ ၊ တိမ်လွှာဧကရာဇ်နှင့် ဟယ်မြန်တို့အားလုံး ကျောရိုးထဲ စိမ့်သွားသည့်ပမာ ခံစားလိုက်ရပြီး သူတို့စိတ်အစဉ်သည်လည်း ရေခဲပမာ အေးစက်သွားရသည်။
သူတို့ကို အေးစက်သည့်မျက်ဝန်းတစ်စုံက စိုက်ကြည့်နေသည့်အလားပင်။
ရန်ကျောက်ကဲက ထိုအရာကို မသိချင်ယောင်ဆောင်လိုက်ပြီး ရှေ့သို့ဆက်သွားကာ အခန်း အလယ်ဗဟိုရှိ ယာဇ်ပလ္လင်ဆီသို့ လျှောက်သွားလိုက်သည်။
ထို့နောက် ယာဇ်ပလ္လင်ထက်တွင် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို တင်လိုက်၏။
ထိုအခါ ယာဇ်ပလ္လင်ထက်တွင် အလင်းနှင့်အရိပ်များ အပြောင်းအလဲ ဖြစ်ပေါ်သွားပြီး ၊ အဆုံးသတ်မှာတော့ ဗလာနယ်ထဲတွင်ရေးထိုးသားသည့် ရှေးဟောင်းစာလုံးများအဖြစ် သိပ်သည်းပြောင်းလဲသွားသည်။
“ငါ့အချိန်က နီးကပ်လာပြီ ၊ စိတ်မကောင်းစရာက ငါ့အတွက် ပြင်ဆင်မှုတွေက မပြီးပြတ်သေးဘူး ၊ ငါ အောင်မြင်မလား ကျရှုံးမလား မသိနိုင်သေးဘူး ၊ အခုတော့ စွန့်စားရတော့မှာပဲ ၊ ငါက သေဖို့တော့ ထိုင်စောင့်နေမှာမဟုတ်ဘူး ၊ ငါသာ အောင်မြင်လို့ကတော့ ငါ့မီးပြင်းဖိုကိုခိုးပြီး ငါ့အကြံအစည်တွေကို ပျက်အောင်လုပ်တဲ့ အဲဒီကောင်ကို သတ်ပစ်ဦးမယ်”
တိမ်လွှာဧကရာဇ် ရန်ကျောက်ကဲအနားသို့ လျှောက်လာသည်။ သူသည်လည်း ရှေးဟောင်းစာပေ တတ်ကျွမ်းသည်ဖြစ်ရာ လေထုထဲတွင်ရေးသားထားသောစာလုံး အများစုကို နားလည်လေသည်။
ထိုစာကိုဖတ်ပြီးသည်နှင့် သူ့အကြည့်က ရန်ကျောက်ကဲဆီ ရွေ့လျားသွားသည်။
ထိုစကားများကို ချန်ထားခဲ့သူက ခန်းမဝိညာဉ်ပင် ဖြစ်ရပေမည်။ သူ အမုန်းတီးဆုံးလူက ယခု ခန်းမအတွင်းမှ ယာဇ်ပလ္လင်ရှေ့တွင်ရှိနေသော ရန်ကျောက်ကဲပင် ဖြစ်သည်။
ရန်ကျောက်ကဲ စတင် စဉ်းစားလိုက်သည်။
သူက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို သိမ်းယူသွားသည့်အတွက် ခန်းမဝိညာဉ်အနေဖြင့် ထိပ်တန်းအဆင့်ကျင့်ကြံသူများကို ဖြားယောင်းသွေးဆောင်ကာ ဖမ်းဆီးနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြီးပြည့်စုံခြင်းမရှိဘဲ သူ အောင်မြင်မည်လား မသိနိုင်ဟု ဆိုလိုခြင်းဖြစ်သည်။
ခန်းမဝိညာဉ်က ကိစ္စရပ်များနှေးကွေးသွားသဖြင့် အခြားအစီအစဉ်တစ်ခုကို စဉ်းစားမည် ဖြစ်သည်။ ပြင်ဆင်မှုများမပြီးမချင်း သူ့အနေဖြင့် လှုပ်ရှားနိုင်မည် မဟုတ်ပေ။
သို့သော် မုယောက်ကြယ်စင်ထက်ယံအရှင်သခင် ‘ရှောက်ကျွင်းဟွမ်’ က အဂ္ဂိရတ်ခန်းမဆီသို့ လမ်းကြောင်းတစ်ခု ဖွင့်လှစ်နိုင်ခဲ့သည်။
မီးလျှံထက်ယံအရှင်သခင်’စောမင်ကျန့်’ ကြောင့်လည်း အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်မှာ ကြီးမားသောအန္တရယ်နှင့် အရေးပေါ်ကြုံတွေ့ခဲ့ရသည်။
ထို့ကြောင့် ခန်းမဝိညာဉ်က သူ၏အကြံအစည်များ ပြီးပြည့်စုံခြင်းမရှိသေးခင် စောစီးစွာ အကောင်အထည်ဖော်လိုက်ရပြီး ဤသို့ပြုလုပ်လိုက်ရသည်က သူ့အတွက် အလွန်အန္တရယ်များစေသည်။
ထို့ကြောင့် သူက ခရမ်းရောင်ဝိညာဉ်ခန်းမမှ ထွက်ခွာသွားခြင်းဖြစ်သည်။ စောမင်ကျန့် သို့မဟုတ် ရန်ကျောက်ကဲနှင့်အခြားသူများရောက်မလာခင် သူ၏အစီအစဉ်ပြီးမြောက်ရန် မျှော်လင့်ခဲ့ဟန်ပင်။
စောမင်ကျန့် မည်သည့်အချိန်တွင်ရောက်လာမည်ကို မသိရှိသည်ဖြစ်ရာ သူက ပြင်ဆင်မှုများကို တတ်နိုင်သမျှ မြန်မြန် ပြီးမြောက်ချင်သည်။
ရန်ကျောက်ကဲက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ပြန်ယူလိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူက တောင်ဘက်မှ ယာဇ်ပလ္လင်ဆီသို့ ထွက်ခွာလာသည်။
ဤရှေးဟောင်းစာပိုဒ်များက ခန်းမဝိညာဉ် ခရမ်းရောင်ဝိညာဉ်ခန်းမမှ မထွက်ခွာမီ နောက်ဆုံးထားခဲ့သော စိတ်ခံစားချက် အငွေ့အသက်များ ဖြစ်ဟန်တူသည်။
ခန်းမဝိညာဉ်က ထိုစာကြောင်းများကို တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့ခြင်း မဟုတ်ပေ။ သူ၏ အငြိုးတရားများ ပြင်းထန်ကြီးမားလွန်းသဖြင့် ခန်းမထဲတွင် ရေးထိုးထားသည့်ပမာ ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။
ယခု ရန်ကျောက်ကဲက ထိပ်တန်းပညာရပ်အသုံးပြုလိုက်သည့်အခါ ထိုစာကြောင်းများ ထွက်ပေါ်လာခြင်း ဖြစ်၏။
ဤနေရာတွင် ခန်းမဝိညာဉ်၏ ခံစားချက်အငွေ့အသက်များ တစ်ခုထက်မက ရှိနေလေသည်။
အလယ်ဗဟိုရှိ ယာဇ်ပလ္လင်ထက်မှ စာပိုဒ်က နောက်ဆုံးစာပိုဒ်ဖြစ်သလို ပဉ္စမမြောက်စာပိုဒ်လည်း ဖြစ်သည်။ သို့ဆိုလျှင် တောင်ဘက်ရှိယာဇ်ပလ္လင်ထက်တွင် ပထမစာပိုဒ် ရှိနိုင်သည်။
ယာဇ်ပလ္လင်များတည်ရှိသည့်ပုံစံအနေအထားက ‘လိုစုရင်ပြင်’ ပုံစံကို အခြေခံထားခြင်းပင်။
ပထမဆုံးစာပိုဒ်က တောင်ဘက်တွင်ရှိပြီး ဒုတိယစာပိုဒ်က အရှေ့မြောက်ဘက်တွင် ဖြစ်သည်။ တတိယစာပိုဒ်က အနောက်မြေက်တွင်ဖြစ်ပြီး စတုတ္ထစာပိုဒ်က အနောက်မြောက်ဘက်တွင် ရှိသည်။ နော်ကဆုံးစာပိုဒ်ကတော့ အလယ်ဗဟိုတွင် ရှိမည်ပင်။
ရန်ကျောက်ကဲ၏မျက်နှာအမူအရာက မည်သည့်ခံစားချက်မှမရှိဘဲ တည်ငြိမ်နေသည်။
ထို့နောက် သူက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို တောင်ဘက်ရှိယာဇ်ပလ္လင်ထက်သို့ တင်လိုက်လေ၏။