← Chapters

စမ်းသပ်မှုတစ်

Vol. 65 Ch. 900

စမ်းသပ်မှုတစ်

Vol. 65 Ch. 900

ယဲ့ချန်၊ နင်အာနှင့် ခြင်္သေ့ကြီးသည် တိတ်တဆိတ် စောင့်ဆိုင်းနေကြပြီး အခြားသူများကဲ့သို့ မဟာမိတ်များရှာဖွေခြင်းမရှိဘဲ အလွန်တည်ငြိမ်နေကာ အသံချင်းဆက်သွယ်၍ သေမင်းအကြောင်း ဆွေးနွေးနေကြသည်။

"မင်းတို့က မဟာမိတ် မရှာတော့ဘူးလား"

မိုပင်းသည် ဤအချက်ကို သတိထားမိသောကြောင့် မေးလိုက်ခြင်း ဖြစ်သည်။

"မလိုအပ်ဘူး။ မင်းအတွက် အုပ်စုတစ်ခု လိုတယ်ဆိုရင် သွားပါ"

တစ်ဖက်လူက သူ့နောက်လိုက်လျှင် မလုံခြုံဟု ထင်နေပုံရသောကြောင့် ယဲ့ချန်က ခေါင်းယမ်းကာ ပြောလိုက်သည်။

"ငါသွားရင်တောင် ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ မင်းတို့နောက်ကို လိုက်ရတာလည်း မဆိုးပါဘူး"

မိုပင်းက တစ်ချက်ပြုံး၍ ပခုံးတွန့်ပြလိုက်သည်။ အခြားမျိုးနွယ်ဝင်များကြားတွင် သူ့အောက်မနိမ့်သော အရှိန်အဝါအချို့ကို ယဲ့ချန်က အာရုံခံနိုင်ခဲ့သည်။ အခြားမျိုးနွယ်ဝင်များကို ကောင်းကင်က ချီးမြှောက်ထားကာ အမိဝမ်းမှ လွတ်ထွက်လာချိန်တွင် ကျင့်ကြံခြင်းအဆင့်တစ်ခုကို ရရှိထားကြသည်။ လူသားများစွာက တစ်ဘဝလုံး ကျင့်ကြံလျှင်ပင် စစ်ဧကရာဇ်အဆင့်သို့ မရောက်နိုင်သော်လည်း သူတို့က မွေးမွေးချင်းမှာ အနိမ့်ဆုံး စစ်ဧကရာဇ်များ ဖြစ်နေခဲ့သည်။ အဆင့်နိမ့်ကြယ်သခင်များက အုပ်စုများ ဖွဲ့လိုက်သောအခါ ယဲ့ချန်တို့လေးယောက်သည် ကျီးကန်းများအကြား ရောက်နေသော ဒေါင်းပမာ ထီးထီးကြီး ထင်ပေါ်နေခဲ့သည်။ တည်ငြိမ်လွန်းသော အမူအရာက သူတို့ကို အံ့သြစေခဲ့ပြီး ယဲ့ချန်တို့သုံးယောက်၏ အရှိန်အဝါက သာမန်အဆင့်သုံးမျိုးနွယ်များထက် သာလွန်ကြောင်း ခံစားနိုင်သော ရှီကြွယ်က လျှောက်လှမ်းလာခဲ့သည်။

"မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်။ ငါ့ကို သခင်အဖြစ် ခစားရင် သွေးနတ်ဆိုးခန္ဓာ ပေးမယ်။ မင်းတို့က အားနည်းတဲ့ အဆင့်သုံးမျိုးနွယ်အဖြစ်ကနေ လွတ်မြောက်နိုင်လိမ့်မယ်"

သူ၏အမြင်တွင် အဆင့်သုံးမျိုးနွယ်ဝင်တိုင်းသည် အဆင့်နှစ်ရုပ်ခန္ဓာကို တပ်မက်ကြသောကြောင့် အလွန်မောက်မာစွာ ပြောလိုက်ပြီး တစ်ဖက်လူက အပျော်လွန်သွားမည်ဟု ထင်မှတ်နေခဲ့သည်။ သွေးနတ်ဆိုးခန္ဓာသည် အဆင့်နှစ်မျိုးနွယ်များတွင် ထိပ်တန်းအဆင့်ဖြစ်သောကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ဖားယားလာစေနိုင်သည်။

"စိတ်မဝင်စားဘူး"

သို့သော် ယဲ့ချန်သည် ရှီကြွယ်ကို ရူးနေလားဟူသော အကြည့်မျိုးဖြင့် ပြန်ကြည့်လာကာ စိတ်ပျက်စွာ ခေါင်းယမ်းလိုက်၏။ ခြင်္သေ့ကြီးက ပြန်ဖြေရန် ပျင်းရိလွန်းနေဟန်ဖြင့် သမ်းဝေနေကာ နင်အာက ကြည့်ပင်မကြည့်ချေ။ မိုပင်းသည် သေခြင်းရှင်ခြင်းကိုပင် ဂရုမစိုက်သောကြောင့် သွေးနတ်ဆိုးခန္ဓာ၏ ဆွဲဆောင်အားကို အလွယ်တကူ လက်ခံမည် မဟုတ်သော်လည်း သူတို့၏သဘောထားကြောင့် အံ့သြနေသည်။ သူတို့က ရှီကြွယ်ကို အလွန်အထင်သေးနေကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူက ပြောနိုင်သည်။ အကယ်၍ ရှီကြွယ်သာ အခြားအဆင့်သုံးမျိုးနွယ်ဝင်များကို ဤသို့ကမ်းလှမ်းလျှင် ချက်ချင်း ဖိနပ်လျှက်ပေးကြမည် ဖြစ်သော်လည်း အထင်နှင့် အမြင် လွဲမှားသွားခဲ့သည်။

"မကြာခင် ရွေးချယ်မှု စတင်တော့မယ်။ ပထမအကြိမ်မှာ မရှုံးစေနဲ့။ ငါသိသလောက်ဆိုရင် သေသွားတာတွေ အများကြီး ရှိတယ်"

"မင်းကိုယ်မင်းလည်း ဂရုစိုက်သင့်တယ်"

သူက ဒေါသဖြင့် ခြိမ်းခြောက်လိုက်သော်လည်း ယဲ့ချန်က အေးစက်စက် ပြန်ပြောလိုက်သည်။ သူက ဒေါသထွက်လွန်းသဖြင့် မျက်နှာတွင် သွေးကြောများ ဖောင်းကားနေကာ စကြဝဠာအတွင်း နတ်ပြည်ထောင်တစ်ခု တည်ထောင်ပြီး အဆင့်တစ်မျိုးနွယ်များအောက် မနိမ့်ကျသော သွေးနတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက် ဖြစ်သောကြောင့် လူသားတစ်ယောက်၏ အထင်သေးခြင်းကို သည်းမခံနိုင်ပေ။ သွေးပြည်ထောင်၌ လူသားများက ကျွန်များသာဖြစ်ပြီး သွေးနတ်ဆိုးများ စေခိုင်းသမျှကို လုပ်ကိုင်ကြရသည်။

"မင်း တော်တော်ခေါင်းမာနေပါလား။ အထဲကိုရောက်ရင် မင်းခေါင်းက ဘယ်လောက်မာနိုင်မှာမို့လို့လဲ"

အမှန်တကယ် ဒေါသထွက်သွားသော ရှီကြွယ်က နှာခေါင်းတစ်ချက်ရှုံ့ကာ လှည့်ထွက်သွားခဲ့သည်။ ဤမြင်ကွင်းကြောင့် အခြားကြယ်သခင်များမှာ မင်သက်သွားကြပြီး အုပ်စုခေါင်းဆောင်များမှာ ယဲ့ချန်ထံ အကြည့်ရောက်လာခဲ့သော်လည်း လျစ်လျူရှုလိုက်ကြသည်။ အမှောင်မြို့၏ ရွေးချယ်ပွဲတွင် အဆင့်သုံးမျိုးနွယ်ဝင်များ ပါဝင်တတ်သော်လည်း မြေစာပင်အဖြစ် အဆုံးသတ်ရပြီး အနည်းငယ်သာ ရှင်ကျန်ရစ်သည်။ သူတို့၏အမြင်၌ မောက်မာနေသော ယဲ့ချန်တို့သည် စမ်းသပ်မှုစတင်လျှင် အပိုးကျိုးသွား​ပေလိမ့်မည်။ ထိုအချိန်၌ ခန်းမ၏တစ်နေရာတွင် လူသားမျိုးနွယ်ဝင် အဆင့်နိမ့် ကြယ်သခင်၄၀ ကျော် စုဝေးနေပြီး နတ်ဆိုးအရှိန်အဝါကိုယ်စီ ပိုင်ဆိုင်ထားကြသည်။

"ဒါက နန်းတော်သခင် ရှာခိုင်းလိုက်တဲ့ ယဲ့ချန်မလား"

"တစ်ယောက်က သတင်းပို့ဖို့ ပြန်သွားရမယ်။ ကျန်တဲ့လူတွေက သူ့ကို သတ်ကြ"

သူတို့က မီးတောက်နီနန်းတော်၏ ဂိုဏ်းဝင်များဖြစ်ကာ ယဲ့ချန်ကို ရှာဖွေသတ်ဖြတ်ရန် အမိန့်ရထားကြ၏။ အချိန်ခဏအကြာတွင် ကောင်းကင်နတ်ဆိုးက အမိန့်တစ်ခု ရရှိလိုက်ပုံပေါ်ကာ စကားသံ ထွက်ပေါ်လာခဲ့သည်။

"စမ်းသပ်မှု အမှတ်တစ် စတင်မယ်။ မင်းတို့အားလုံး စတင်ဝင်ရောက်နိုင်ပေမယ့် သတ်ဖြတ်ခြင်းကို ခွင့်မပြုဘူး"

ခန်းမ၏ထောင့်တစ်နေရာရှိ တံခါးတစ်ချပ် ပွင့်လာသောအခါ ကြယ်သခင်များစွာ ပြေးဝင်သွားကြပြီး ပိုမိုကျယ်ဝန်းသော ခန်းမထံ ရောက်ရှိသွားကာ အရေအတွက် သန်းချီသော အခေါင်းများက စီးကြိုနေ၏။ ထို့ကြောင့် ယဲ့ချန်က ဝိညာဥ်နတ်ဘုရားကုန်းမြေကို ချက်ချင်းအမှတ်ရလိုက်သည်။

"မင်းတို့ရဲ့ ဝိညာဥ်ခွန်အားကို စမ်းသပ်မယ်။ အခေါင်းထဲကို ဝင်လိုက်ရင် ဝိညာဥ်နယ်မြေတစ်ခုကို ရောက်သွားလိမ့်မယ်။ တစ်ယောက်သတ်နိုင်ရင် တစ်မှတ်ရမှာဖြစ်ပြီး သတ်လိုက်တဲ့သူရဲ့ အမှတ်ကိုလည်း ရမယ်။ ဒီနယ်မြေကို အစွမ်းထက်ကျင့်ကြံသူတစ်ယောက် စောင့်ကြပ်ပြီး မင်းတို့ရဲ့ ဝိညာဥ်ခွန်အားကို တွက်ချက်လိမ့်မယ်"

ကောင်းကင်နတ်ဆိုး၏ အသံက အားလုံး၏နားအတွင်း ဝင်ရောက်သွားပြီး မကြာခင်မှာပင် အခေါင်းများအတွင်း အလျှိုလျှို ဝင်ရောက်သွားခဲ့ကြသည်။

"ယဲ့ချန် ဒီပွဲမှာ မင်းကို အားကိုးလိုက်မယ်"

ယဲ့ချန်တို့သုံး​ယောက်က အကြည့်ချင်း ဖလှယ်လိုက်ပြီး ခြင်္သေ့ကြီးက ရယ်မောနေခဲ့သည်။ ယဲ့ချန်၏ဝိညာဥ် အစွမ်းထက်ပုံကို သူက လက်တွေ့မြင်ဖူးသောကြောင့် သံသယဝင်စရာ မရှိချေ။ ဤနယ်မြေက ဝိညာဥ်နတ်ဘုရားကုန်းမြေနှင့် တူညီနေမည်လားဟု ယဲ့ချန်က တွေးနေခဲ့သည်။ ၎င်းက သူ၏အားသာချက်ဖြစ်ကာ နင်အာ၏ဝိညာဥ်ကလည်း သန်မာပေသည်။ သို့သော် ဤစမ်းသပ်ချက်က ရုပ်ခွန်အားသန်မာသော်လည်း ဝိညာဥ်အသိစိတ် အားနည်းသည့် မိုပင်းအတွက် ခက်ခဲနေသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ရုပ်ခွန်အားရော ဝိညာဥ်အသိစိတ်ပါ သူက အဆင့်နှစ်မျိုးနွယ်ဝင်များအောက် နိမ့်ကျ၏။ ယဲ့ချန်နှင့် နင်အာက ပေါ့ပေါ့ပါးပါးဖြစ်နေပြီး ခြင်္သေ့ကြီးက ရယ်မောနေသောအခါ သူက တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။

"သွားကြစို့"

ယဲ့ချန်၏ စကားအဆုံးတွင် သူတို့လေးယောက်က အခေါင်းတစ်လုံးစီ ရွေးချယ်ဝင်ရောက်လိုက်ကြသည်။ သွေးနတ်ဆိုးများလည်း အခေါင်းများအတွင်း ဝင်ရောက်နေပြီး နတ်ဆိုးသဘာဝအရ လွန်စွာကြမ်းကြုတ်သော ရှီကြွယ်က သူတို့ကို စိုက်ကြည့်သွားခဲ့သည်။ စမ်းသပ်ချက်တွင် သတ်ဖြတ်ခြင်းကို ခွင့်မပြုထားသောကြောင့် သူက မကျေမနပ်ဖြစ်နေကာ သွေးနတ်ဆိုးမျိုးနွယ်၏ သန်မာအစွမ်းထက်သော ဝိညာဥ်ဖြင့် ယဲ့ချန်ကို သတ်ချင်နေသည်။ သူတို့က ရေခဲဖြင့် ပြုလုပ်ထား၍ ဖောက်ထွင်းမြင်ရသော အခေါင်းများအတွင်း လှဲချလိုက်ပြီး မျက်လုံးများ မှိတ်လိုက်သောအခါ နယ်မြေတစ်ခုသို့ ရောက်ရှိသွားသည်။ ၎င်းက ဝိညာဥ်နတ်ဘုရားကုန်းမြေကဲ့သို့ အလွန်ကျယ်ဝန်းပြီး ကောင်းကင်က အညိုရောင်ဖြစ်ကာ ဝင်ရောက်ယှဥ်ပြိုင်သူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာနေသည်။ လက်ရှိတွင် သူ၏ဝိညာဥ်အသိစိတ်က အံ့သြစရာကောင်းလောက်အောင် သန်မာနေပြီဖြစ်ပြီး ဝိညာဥ်နတ်ဘုရားအဖြစ် အသွင်ပြောင်းနိုင်သည်။ ဝိညာဥ်နတ်ဘုရားကုန်းမြေတွင် ၎င်း၏အစွမ်းက အဆင့်မြင့်ကြယ်သခင်အောက် မနိမ့်ပေ။ လက်ရှိတွင် သူ၏ကျင့်ကြံဆင့်က တိုးတက်လာသောအခါ ဝိညာဥ်နယ်မြေများတွင် သူ၏ခွန်အားက သန်မာလွန်းပြီး ထိပ်တန်းကြယ်သခင်တစ်ယောက်ကိုပင် အနိုင်ယူနိုင်၏။

အဆင့်နှစ်နှင့်အထက် မျိုးနွယ်များသည် လက်ရှိကျင့်ကြံဆင့်ထက် သာလွန်၍ ဝိညာဥ်အစွမ်းထက်သော်လည်း အများဆုံးမှ အဆင့်မြင့်ကြယ်သခင်သာ ဖြစ်နိုင်သည်။ ဝိညာဥ်နယ်မြေတွင် ယဲ့ချန်ကို တိုက်ခိုက်လိုလျှင် ကိုယ့်သေတွင်းကိုယ် တူးမိမည်နှင့် မခြားနားပေ။ သူက အတွေးတစ်ချက်ဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သောအခါ နင်အာ၊ ခြင်္သေ့ကြီးနှင့် မိုပင်းတို့ တိုက်ခိုက်ခံနေရကြောင်း တွေ့လိုက်သည်။ သို့သော် နင်အာ၏ဝိညာဥ်က အဆင့်မြင့်ကြယ်သခင်ပမာ သန်မာသောကြောင့် ပြိုင်ဖက်များအနက် ငါးယောက်ကို ချက်ချင်းသတ်ပစ်ခဲ့သည်။

"ဒီမြေခွေးရဲ့ ဝိညာဥ်စွမ်းအားက သန်မာတယ်"

တိုက်ခိုက်သူများကို ဦးဆောင်လာသူမှာ ရှီကြွယ်၏ နောက်လိုက်တစ်ဦးဖြစ်ကာ နင်အာကို သတ်ဖြတ်ရန် အဆင့်နှစ်မျိုးနွယ်ဝင်များကို ခိုင်းစေခဲ့သော်လည်း ကျရှုံးခဲ့ရသည်။ သူက ဒေါသတကြီးကြုံးဝါး၍ သွေးချီများလောင်ကျွမ်းကာ သွေးနတ်ဆိုးမျိုးနွယ်၏ လျှို့ဝှက်ဝိညာဥ်ကျင့်စဥ်ကို အသက်သွင်းခဲ့သည်။ သူ၏ခွန်အားက လေးငါးဆင့်ဆက်တိုက် မြင့်တက်လာကာ နင်အာကို ဖိနှိပ်လိုက်သောကြောင့် ကျန်​ပြိုင်ဘက်များမှာ အလန့်တကြား နောက်ဆုတ်သွား၍ စောင့်ကြည့်နေခဲ့ကြသည်။ နင်အာ၏မျက်လုံးများက ပြတ်သားတင်းမာနေကာ ပုံရိပ်ယောင်ချီများ ဖော်ထုတ်၍ ရန်သူနှင့် ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။

"မင်းက နင်အာကို အနိုင်ကျင့်ချင်နေတာလား။ သေစမ်း"

ထိုအချိန်မှာပင် ဧရာမလက်ကြီးတစ်ဖက် ရောက်ရှိလာကာ သွေးနတ်ဆိုးအား ဆုပ်ကိုင်လိုက်ပြီး အေးစက်စက် စကားသံတစ်ခု ပဲ့တင်ထပ်သွားလေသည်။

All Chapters